ဓမ္မရာဇဝင်စတုတ္ထစောင် - ၆

ပုဆိန်ကိုပြန်လည်ရရှိခြင်း
1ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသောအရပ်သည် ကျဉ်းမြောင်းပါ၏။ 2အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေစရာဖို့လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်းလျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။ 3အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော်ကျွန်တို့နှင့် ကြွတော်မူပါဟုတောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊ 4သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ၏။ 5တစ်ယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှားခဲ့သောဥစ္စာဖြစ်ပါ၏ဟု အော်ဟစ်လျှင်၊ 6ဘုရားသခင်၏လူက၊ အဘယ်မှာကျသနည်းဟုမေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ တုတ်ကိုခုတ်၍ ထိုအရပ်၌ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။ 7ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့်သည် လက်ကိုဆန့်၍ ဆယ်ယူ၏။
ရှုရိတပ်မတော်အရေးနိမ့်သွားခြင်း
8တစ်ဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရပ်၌ ငါတို့သည် တပ်ချကြကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ၊ 9ဘုရားသခင်၏လူသည် ဣသရေလရှင်ဘုရင်ထံသို့ လူကိုစေလွှတ်၍၊ ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု၊ 10သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင်သည် လူကိုစေလွှတ်၍ တစ်ကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။ 11ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ်ပူပန်၍ ကျွန်တို့ကိုခေါ်ပြီးလျှင်၊ ငါတို့တွင် အဘယ်သူသည် ဣသရေလရှင်ဘုရင်ဘက်၌နေသည်ကို ငါ့အားမပြဘဲနေကြသနည်းဟုမေးသော်၊ 12ကျွန်တစ်ယောက်က၊ ထိုသို့မဟုတ်ပါ အရှင်မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသောစကားကိုပင်၊ ဣသရေလပြည်၌ရှိသော ပရောဖက်ဧလိရှဲသည်၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည်ဟု လျှောက်လေ၏။ 13ရှင်ဘုရင်ကလည်း၊ သူသည် အဘယ်အရပ်၌ရှိသည်ကိုသွား၍ ချောင်းကြည့်လော့။ သူ့ကိုဖမ်းဆီးစေခြင်းငှာ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့၌ရှိပါသည်ဟု လျှောက်လေ၏။ 14ထိုမြို့သို့ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများကိုစေလွှတ်သဖြင့်၊ ညအခါရောက်၍ မြို့ကိုဝိုင်းကြ၏။ 15နံနက်စောစော ဘုရားသခင့်လူ၏ကျွန်သည်ထ၍ ပြင်သို့ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကိုဝိုင်းလျက် ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အားဆို၏။ 16ဧလိရှဲက မစိုးရိမ်နှင့်။ ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက် သာ၍များကြသည်ဟုဆိုလျက်၊ 17အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏မျက်စိကိုဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ထာဝရဘုရားသည် ထိုလုလင်၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တစ်တောင်လုံးသည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။ 18ရှုရိလူတို့သည် ရောက်လာသောအခါ၊ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှာ၊ ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ဒဏ်ခတ်တော်မူ၏။ 19ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်။ ဤမြို့လည်းမဟုတ်။ ငါ့နောက်သို့ လိုက်ကြ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်ဟုဆိုလျက် ရှမာရိမြို့သို့ ပို့လေ၏။ 20မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏မျက်စိကိုဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ သူတို့သည်မြင်၍ ရှမာရိမြို့ထဲမှာ ရှိသည်ဟုသိကြ၏။ 21ဣသရေလရှင်ဘုရင်ကလည်း၊ အဘ၊ ထိုသူတို့ကို ဓားနှင့်သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင်၊ 22မသတ်ပါနှင့်။ ဓားနှင့်ခုတ်လျက်၊ လေးနှင့်ပစ်လျက် စစ်တိုက်၍ ဖမ်းမိသောသူတို့ကို သတ်ရမည်လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့်၍ သူတို့သည် စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေဟုဆိုလျှင်၊ 23များစွာသော စားစရာကို ပြင်ဆင်၍ စားသောက်စေပြီးမှ လွှတ်လိုက်သဖြင့်၊ သူတို့သည် မိမိတို့သခင်ထံသို့ ပြန်သွားကြ၏။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ဣသရေလပြည်သို့ မလာကြ။
ရှမာရိမြို့ကိုဝိုင်းရံထားခြင်း
24နောက်တစ်ဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းထား၏။ 25ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတစ်လုံးကို ငွေရှစ်ဆယ်နှင့်လည်းကောင်း၊ ပဲကြမ်းတစ်ပြည်ကို ငွေငါးကျပ်နှင့်လည်းကောင်း ရောင်းရ၏။ 26ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ လျှောက်သွားစဉ်၊ မိန်းမတစ်ယောက်က အရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။ 27ရှင်ဘုရင်က၊ ထာဝရဘုရားကယ်မတော်မမူလျှင်၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း။ စပါးနယ်ရာတလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက ကယ်မနိုင်မည်လောဟူ၍လည်းကောင်း၊ 28သင်၌ အဘယ်သို့ ဖြစ်သနည်းဟူ၍လည်းကောင်း မေးလျှင်၊ မိန်းမက၊ ဤမိန်းမသည် ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဖို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း၊ 29ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန်နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဖို့အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။ 30ရှင်ဘုရင်သည် ထိုမိန်းမ၏စကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်လေ၏။ မြို့ရိုးပေါ်မှာလျှောက်သွားစဉ် လူတို့သည်ကြည့်၍၊ အတွင်း၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ၏။ 31ရှင်ဘုရင်ကလည်း၊ ရှာဖတ်သားဧလိရှဲ၏ဦးခေါင်းသည် ယနေ့ သူ့ကိုယ်နှင့် မကွာဘဲနေလျှင်၊ ထာဝရဘုရားသည် ထိုမျှမက၊ ငါ၌ပြုတော်မူပါစေသောဟု ဆို၏။ 32ဧလိရှဲသည် မိမိအိမ်၌ထိုင်၍ အသက်ကြီးသူတို့သည် သူနှင့်အတူ ထိုင်ကြစဉ်၊ ရှင်ဘုရင်သည် မိမိရှေ့မှာ လူတစ်ယောက်ကို စေလွှတ်၏။ ထိုတမန်မရောက်မီ ဧလိရှဲက၊ လူသတ်၏သားသည် ငါ့လည်ပင်းကို ဖြတ်စေခြင်းငှာ၊ စေလွှတ်သည်ကို သိမြင်ကြသလော။ ထိုတမန်ရောက်သောအခါ၊ တံခါးကိုပိတ်၍၊ တံခါးနားမှာသူ့ကို ဆီးတားကြလော့။ သူ့နောက်မှာသူ့သခင် ခြေသံမမြည်သလောဟု၊ 33အသက်ကြီးသူတို့အား ပြောစဉ်တွင်၊ ထိုတမန်သည် ရောက်လာ၏။ ရှင်ဘုရင်ကိုယ်တိုင်ရောက်လျှင်၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ်၏။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မျှော်လင့်ရသေးသနည်းဟုဆိုသော်၊

ဓမ္မရာဇဝင်စတုတ္ထစောင် - ၆ (အနက်ဖွင့်)

 အံ့ဖွယ်ပုဆိန်သွား (:)

:  ပရောဖက်၏သားများဆိုသည်မှာ ဧလိရှဲနှင့်နေဖို့ အိမ်ဆောက်လုပ်ကြသော ယေရိခေါ သို့မဟုတ် ဂိလဂါလမှ လူများဖြစ်သည်။ ထို့ကြောင့် ပရောဖက် ဧလိရှဲ၏ ခွင့်ပြုချက်ဖြင့် ယော်ဒန်မြစ်ဘေးတွင် သစ်ဝါးသွားခုတ်ကြသည်။ ထိုသို့ သစ်ခုတ်လှဲနေကြစဉ် တဦးသည် ပုဆိန်ရိုးကျွတ်သွား၍ ယော်ဒန်မြစ်ထဲသို့ ပုဆိန်သွား ကျသွားသည်။ စိုးရိမ်အားငယ် နေသောသူအား ဧလိရှဲက နှစ်သိမ့်လိုက်သည်။ ပုဆိန်သွားကျသွား သည့် နေရာသို့ သစ်ကိုင်းထိုးချရာ သစ်ကိုင်းထိပ်တွင် ပုဆိန်သွားကပ်ပါလာသည်။

၉။ အံ့သြဖွယ်စစ်အင်အား  (:၂၃)

:၂၃  ဧလိရှဲ၏အခြားအံ့ဘွယ်ရာ တန်ခိုးများမှာ ရန်သူစစ်စခန်းချရာ နေရာများ ဇဝေဇဝါ ဖြစ်အောင် ရွေ့လျား စစ်ကစားစေခြင်း ဖြစ်သည်။ ရှုရိဘုရင်၏ စစ်ရေးစီမံချက်ဟူသမျှသည် ဣသရေလ တပ်များက အကုန်ကြိုတင်သိရှိကြသည်။ ထို့ကြောင့် တပ်ဖွဲ့ထဲတွင် ဣသရေလ စစ်သူလျှိုရှိမည် ဟု သံသယဖြစ်လာသည်။ အကြားအမြင်ပေါက်သော ပရောဖက်ဧလိရှဲက ဣသရေလဘုရင်အား အကြံပေးကြောင်း သိရှိသောအခါ ဧလိရှဲကို အရင်ဖမ်းဆီးရန် ကြိုးပမ်းသည်။ ရှုရိမြောက်ဘက်ရှိ ဒေါသန်မြို့၌ ဧလိရှဲရောက်ရှိကြောင်း သတင်းရသောအခါ ညတွင်းချင်း စစ်တပ်စေလွှတ်၍ ဒေါသန်မြို့အား ဝိုင်းစေသည်။ နံနက်မိုးလင်း၍ ရှုရိတပ်သားများက မြို့အားဝိုင်းထားကြောင်း တွေ့ရသောအခါ ဧလိရှဲတပည့်သည် ကြောက်လန့်သွားသည်။ ဧလိရှဲက ဘုရားသခင်ထံ စစ်အင်အား ဆုတောင်းသောအခါ ရှုရိစစ်သားများထက် မိမိတို့ စစ်သားအင်အား ကြီးမားနေကြောင့် တွေ့မြင်ရပြန်သည်။

ဧလိရှဲက ရှုရိစစ်သားများအား မျက်စိကမ်းစေရန် ဘုရားသခင်ထံသို့ တဖန်ဆုတောင်းသည်။ ဆုတောင်းသည့်အတိုင်း မျက်စိကန်းသွားကြ၍ လမ်းမမြင်ကြတော့ သောကြောင့် ဧလိရှဲက ရှမာရိသို့ လမ်းပြ ခေါ်ဆောင်သွားသည်။ ဣသရေလ ဘုရင်က ထိုမျက်ကန်းများအား သုတ်သင်ပစ်ရမည်လား ဟု မေးသော အခါတိုက်ပွဲတွင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို အသက်ချမ်းသာပေးလျှင် ဤမမြင်ကန်းသူများကို သတ်ပစ်သင့်သလော့။ ထို့ထက်စာလျှင် ထမင်းကျွေး၍ သူတို့သခင်ထံပြန် လွှတ်လိုက်ပါဟု ဆိုသည်။ မိမိအားအဆိုးဖြင့် ဆက်ဆံသူများအား အကောင်းဖြင့် တုံ့ပြန်သောအခါ စစ်ပြေငြိမ်းသွားသည်။ ထိုအချိန်မှစ၍ ရှုရိလူများသည် ဣသရေလတို့ကို ရန်မူခြင်းမပြုကြတော့ပါ။

အပိုဒ်ငယ်(၁၆)သည် “သင်တို့ဘက်၌ ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးမြတ်၏” (၁ယော ၄:၄)ကို မီးမောင်းထိုးပြသည်။ ဝိညာဉ်တိုက်ပွဲသည် မကောင်းဆိုးဝါး၊ နတ်ဆိုးများနှင့် လက်နက်ချင်းဆိုင် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြစ်သည်။ ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် မြင်တတ်သော မျက်စီ၊ ပြည့်ဝသော စိတ်နှလုံး ဘုရားရှင် ပေးပါသည်။ စာတန်၏ ထိုးနှက်တိုက်ခိုက်ခြင်းမှ ကွယ်ကာလုံခြုံစေပါသည်။

၁၀။ ရှမာရိတွင် အစာရေစာငတ်မွတ်ခေါင်းပါးခြင်း (:၂၄:၂၀)

:၂၄၃၁  ဤငတ်မွတ်ခေါင်းပါးခြင်းသည် ဘေးအန္တရာယ်အရ ကြုံတွေ့ခြင်းမဟုတ်ပါ။ ရှရိဘုရင် ဗင်္ဟာဒဒ်က ရှမာရိပြည်အား နှစ်လရှည်ကြာ ဝိုင်းရံထားသောကြောင့် လုပ်ကိုင်စားသောက်၍ မရသဖြင့် အစာရေစာ ရှားပါးခြင်း ဖြစ်သည်။ (အကယ်၍ ဤကပ်ဆိုးသည် ၈:၁-၂ တွင် ပါရှိသည့် ခုနှစ်နှစ်ဘေး ဒဏ်ကာလနောက်မှ အဖြစ်အပျက်ဆိုလျှင် အဘယ်မျှဆိုးဝါးမည်နည်း)။ စားစရာမရှိသဖြင့် မစင်ကြယ်သော တိရိစ္ဆာန်များကို (မြင်းခေါင်း) စားရသည်။ ကေသရာဇာခြင်္သေ့မင်း မြက်စားရကိန်း ဖြစ်သည်။ ပဲကြမ်း ဆိုသည်မှာ အလေ့ကျပေါက်သော အပင်ဖြစ်သည်။ ဤဆင်းရဲငတ်မွတ်ခြင်း ဒုက္ခကို ဘုရားသခင်မှ တပါး မည်သည့်လူသားကမှ မကယ်နိုင်ဟု ဣသရေလဘုရင် သိရှိသည်။ ပြည်သူလူထု၏ ငတ်မွတ် ဆင်းရဲခြင်းကို သိရှိ၍ စိတ်မချမ်းမြေ့နိုင်။ တချို့က ဧလိရှဲအား မကယ်ဆယ်ရကောင်းလားဟု အပြစ်ဆိုကြသည်။

:၃၂၃၃  ထာဝရဘုရားသခင်ထံတော်မှ သတင်းစကား ဧလိရှဲရရှိသောကြောင့်၊ ဣသရေလ သက်ကြီးသူများနှင့် တိုင်ပင်ဆွေးနွေးနေကြစဉ် ဣသရေလဘုရင်ရှေ့မှ ရှေ့တော်ပြေးရောက်လာကြောင်း သိရှိသည်။ ထိုသူအား လက်မခံ ငြင်းပယ်ပေးကြရန် ပြောနေစဉ် ဘုရင့်ရှေ့တော်ပြေးသည် တံခါးဝသို့ ရောက်ရှိနေပြီ။ ရှေ့တော်ပြေးနှင့် ဘုရင်သည် ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကြသည်။ ဘာမှမတတ်စွမ်းနိုင်တော့ သဖြင့် အညံ့ခံလိုက်ရသည်။ မင်းကြီးက ဤကပ်ဒုက္ခသည် ဘုရားသခင်ထံမှ လာသည်ဆိုလျှင် အဘယ်ကြောင့် မျှော်လင့်ချက်ထားရဦးမည်နည်း ဟု ဆိုသည်။ “ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ဖြစ်၍၊ အလိုတော်ရှိသည် အတိုင်း လှည့်စေတော်မူ၏” (သု ၂၁:၁)။

ဣသရေလဘုရင်၏ အမည်နာမကို မထုတ်ဖေါ်ပါ။ အခန်း ၄-၈ တွင် မှတ်တမ်းမှတ်ရာ မတွေ့သော်လည်း ကျမ်းစာပညာရှင်အများစုကမူ ယောရံ (Jehoram – Joram) ဖြစ်သည်ဟု ဆိုကြသည်။ နန်းစံသက်နှင့် ရေတွက်၍ ဆိုခြင်းဖြစ်သော်လည်း မှန်ကန်သည်ဟု အတိအကျမပြောနိုင်ပါ။ ဧလိရှဲ၏ အမှုတော်ဆောင်ကာလသည် နှစ်ပေါင်း (၅၀) ခန့် ကြာ၍ မင်းဆက် (၄)ပါးရှိသည်။ ထို့ကြောင့် သမိုင်းစဉ်လာအရ အတိအကျမပြောနိုင်ပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။