ဓမ္မရာဇဝင်စတုတ္ထစောင် - ၄

ဆင်းရဲသောမုဆိုးမကိုဧလိရှဲကူညီခြင်း
1ပရောဖက်အမျိုးသား၏ မယားတစ်ယောက်သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှာလာပါပြီဟု ကြွေးကြော်လေ၏။ 2ဧလိရှဲကလည်း၊ သင့်အဖို့ အဘယ်သို့ငါပြုရမည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတစ်လုံးမှတစ်ပါး အဘယ်ဥစ္စာမျှမရှိပါဟုပြောဆိုသော်၊ 3ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှားယူလော့။ များစွာသောအိုးတို့ကို ငှားယူလော့။ 4ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကိုခေါ်၍ တံခါးကိုပိတ်ပြီးမှ ငှားယူသော အိုးများအထဲသို့ ဆီကိုအပြည့်လောင်း၍ ထားလော့ဟု စီရင်သည်အတိုင်း၊ 5ထိုမိန်းမသည်သွား၍ သားတို့သည်အိုးများကိုယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကိုလောင်းလေ၏။ 6အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတစ်လုံးကိုယူခဲ့ဦးဟု သားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက်နေ၏။ 7ထိုမိန်းမသည်လာ၍ ဘုရားသခင်၏လူကိုကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကိုဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့်သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။
ဧလိရှဲနှင့်ချမ်းသာကြွယ်ဝသည့်ရှုနင်မြို့သူ
8တစ်နေ့သ၌ ဧလိရှဲသည် ရှုနင်မြို့သို့သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတစ်ယောက်သည် ဧလိရှဲကို ကျွေးခြင်းငှာ ခေါ်ပင့်လေ၏။ နောက်မှ ထိုလမ်းသို့သွားသောအခါခါ၊ ကျွေးခြင်းကိုခံအံ့သောငှာ ထိုအိမ်သို့ဝင်တတ်၏။ 9မိန်းမကလည်း၊ ငါတို့နေရာလမ်းဖြင့် အစဉ်သွားလာသော ဤသူသည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏။ 10ဝင်ရိုးအပေါ်မှာ အခန်းငယ်တစ်ခုကို လုပ်ကြကုန်အံ့။ သူ့အဖို့ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကိုထားကြကုန်အံ့။ သို့ဖြစ်၍၊ သူသည် ငါတို့ဆီသို့ရောက်သောအခါ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်ဟု မိမိခင်ပွန်းအား ဆို၏။ 11တစ်နေ့သ၌ ဧလိရှဲသည်ရောက်သဖြင့်၊ ထိုအခန်းထဲသို့ဝင်၍ အိပ်နေ၏။ 12ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန်ဂေဟာဇိအား ဆိုသည်အတိုင်းခေါ်၍၊ မိန်းမသည် ဧလိရှဲရှေ့မှာ ရပ်နေ၏။ 13ဧလိရှဲက၊ သင်သည်ငါတို့အဖို့ ဤမျှလောက်လုပ်ကြွေးပြုစုသည်အတွက်၊ သင့်အဖို့အဘယ်သို့ ပြုရမည်နည်း။ သင့်အဖို့ ရှင်ဘုရင်ထံ၊ ဗိုလ်ချုပ်မင်းထံ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင်သော်၊ မိန်းမက၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော၏။ 14ဧလိရှဲကလည်း၊ ဤမိန်းမအဖို့ အဘယ်သို့ ပြုစရာရှိသနည်းဟု မေးပြန်လျှင်၊ ဂေဟာဇိက၊ ဤမိန်းမ၌ သားသမီးမရှိပါ။ သူ့ခင်ပွန်းလည်း အိုလှပြီဟုဆိုသော်၊ 15တစ်ဖန်ခေါ်ဦးလော့ဟုဆိုသည်အတိုင်း ခေါ်၍၊ မိန်းမသည် တံခါးဝမှာရပ်နေ၏။ 16ဧလိရှဲကလည်း၊ သင်သည် နောင်နှစ်အချိန်အရွယ်စေ့သောအခါ သားကိုဖက်ယမ်းရလိမ့်မည်ဟု ဆိုလျှင်၊ မိန်းမက အိုအရှင်၊ ဘုရားသခင်၏လူ၊ ကိုယ်တော်ကျွန်မကို မုသားမသုံးပါနှင့်ဟု ပြန်ပြော၏။ 17ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ၍ ဧလိရှဲချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဖွားမြင်လေ၏။
18ထိုသားသည် နို့ကွာပြီးမှ၊ တစ်နေ့သ၌ စပါးရိတ်သောသူတို့ရှိရာ မိမိအဘထံသို့ သွား၍၊ 19ငါသည် ခေါင်းနာ၏။ ခေါင်းနာ၏ဟု အဘအားပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ယူသွားဟု လုလင်အားပြော၏။ 20လုလင်သည် အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ထိုင်၍ မွန်းတည့်အချိန်ရှိပြီးမှ သေ၏။ 21အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့်လူ၏ခုတင်ပေါ်မှာထားပြီးလျှင်၊ တံခါးကိုပိတ်ခဲ့၍ သွားလေ၏။ 22ခင်ပွန်းကိုလည်းခေါ်၍၊ ကျွန်ုပ်သည် ဘုရားသခင်၏လူထံသို့ပြေး၍ တစ်ဖန်ပြန်လာဦးမည်။ လုလင်တစ်ယောက်နှင့် မြည်းတစ်စီးကိုထည့်လိုက်ပါဟု ဆိုလျှင်၊ 23ခင်ပွန်းက၊ အဘယ်ကြောင့် ယနေ့သွားချင်သနည်း။ လဆန်းနေ့မဟုတ်၊ ဥပုသ်နေ့လည်းမဟုတ်ဟု ဆိုသော်၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏။ 24မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ်၍ နှင်သွားလော့။ ငါမပြောလျှင် ငါ့ကြောင့် အသွားမနှေးစေနှင့်ဟု ကျွန်အားမှာထားသဖြင့်၊ 25ခရီးသွား၍ ဘုရားသခင်၏လူရှိရာ၊ ကရမေလတောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင်၏လူသည် အဝေးကမြင်သောအခါ၊ မိမိကျွန်ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမလာ၏။ 26သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ၏လော။ ခင်ပွန်းမာ၏လော။ သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ မိန်းမက မာပါ၏ဟုဆို၏။ 27ဘုရားသခင်၏လူရှိရာ တောင်ပေါ်သို့ ရောက်သောအခါ၊ သူ၏ခြေတို့ကို ဖက်လေ၏။ ဂေဟာဇိသည် ဆီးတားခြင်းငှာ ချဉ်းလာလျှင်၊ ဘုရားသခင်၏လူက သူ့ကိုမဆီးတားနှင့်။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ၏။ ထိုအကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ၊ ဝှက်ထားတော်မူပြီဟု ဆို၏။ 28မိန်းမကလည်း၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကို တောင်းပါသလော။ ကျွန်မကိုမုသားမသုံးပါနှင့်ဟု လျှောက်ဆိုသည်မဟုတ်လောဟု ဆို၏။ 29ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍ သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝှေးကိုကိုင်၍ သွားလော့။ လမ်းမှာ သူတစ်ပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတစ်ပါးနှုတ်ဆက်လျှင် ပြန်၍မပြောနှင့်။ ငါ့တောင်ဝှေးကို သူငယ်၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။ 30အမိကလည်း၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက် ရှင်တော်မူသည်အတိုင်း၊ ကျွန်မသည် ကိုယ်တော်နှင့်ကွာ၍ မသွားနိုင်ပါဟုဆိုလျှင်၊ ဧလိရှဲသည်ထ၍ လိုက်လေ၏။ 31ဂေဟာဇိသည် အရင်သွား၍၊ တောင်ဝှေးကို သူငယ်၏မျက်နှာပေါ်မှာ တင်သော်လည်း၊ သူငယ်သည် အသံမပြု အမှုမထား။ ထိုကြောင့် ဂေဟာဇိသည် ဧလိရှဲကိုခရီးဦးကြိုပြု၍၊ သူငယ်သည်မနိုးပါဟု ပြန်ပြော၏။ 32ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ်သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊ 33အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှာ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။ 34သူငယ်၏အနီးအပါးသို့ချဉ်း၍၊ သူ့အပေါ်မှာအိပ်လျက် နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ်အသားသည် နွေးစရှိ၏။ 35တစ်ဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့်၊ သူငယ်သည် ခုနစ်ကြိမ်ချေဆတ်၍ မျက်စိကိုဖွင့်၏။ 36ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမကိုခေါ်လိုက်ဟု ဆိုသည်အတိုင်းခေါ်၍ သူသည် ရောက်လာသောအခါ၊ ဧလိရှဲက သင်၏သားကို ချီယူလော့ဟု ဆို၏။ 37မိန်းမသည်အထဲသို့ဝင်၍၊ မြေပေါ်မှာ ပျပ်ဝပ်ဦးချပြီးလျှင် သားကိုချီယူ၍ ထွက်သွား၏။
နောက်ထပ်ပြသည့်နိမိတ်လက္ခဏာနှစ်ရပ်
38တစ်ဖန် ဧလိရှဲသည် ဂိလဂါလမြို့သို့သွား၍၊ ထိုပြည်၌အစာခေါင်းပါး၏။ ပရောဖက်အမျိုးသားတို့သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ်၊ ပရောဖက်အမျိုးသားတို့အဖို့ ကြီးသောအိုးကင်းကိုပြင်၍ ဟင်းချက်လော့ဟု မိမိကျွန်အားဆို၏။ 39တစ်စုံတစ်ယောက်သော သူသည် ဟင်းသီးဟင်းရွက်ကိုဆွတ်ခြင်းငှာ လယ်ပြင်သို့သွား၍ တောနွယ်ပင်ကိုတွေ့လျှင်၊ တောဘူးသီးပိုက်နိုင်သမျှကို ဆွတ်ယူပြီးမှ၊ 40ထိုဘူးမျိုးကိုမသိဘဲ ဟင်းအိုးထဲသို့ခတ်လေ၏။ ဟင်းအိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း၍စားကြစဉ်တွင်၊ အိုဘုရားသခင်၏လူ၊ အိုးထဲ၌ သေဘေးရှိပါသည်ဟု အော်ဟစ်၍ မစားနိုင်ဘဲနေကြ၏။ 41ဧလိရှဲကလည်း၊ မုန့်ညက်ကိုယူခဲ့ဟုဆို၍ အိုးထဲမှာခတ်ပြီးလျှင်၊ လူများစားစရာဖို့ လောင်းဦးလော့ဟုဆိုပြန်သော်၊ အိုး၌ဘေးမရှိ။
42တစ်ဖန် ဗာလရှလိရှမြို့မှ လူတစ်ယောက်သည်လာ၍၊ အဦးသီးသော မုယောဆန်ဖြင့်လုပ်သော မုန့်လုံးနှစ်ဆယ်နှင့် အိတ်၌ထည့်သော အသီးအနှံများကို ဘုရားသခင်၏လူထံသို့ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူများကို ကျွေးလော့ဟုဆိုလျှင်၊ 43ကျွန်က အဘယ်သို့နည်း။ ကျွန်တော်သည် လူတစ်ရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟု မေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာစားကြသော်လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်းကိုပြောဆိုသော်၊ 44ကျွန်သည် လူများရှေ့မှာထည့်၍ ထာဝရဘုရား၏စကားတော်နှင့်အညီ ထိုသူတို့သည်ဝစွာစားကြ၍၊ စားစရာကျန်ကြွင်းလျက်ရှိ၏။

ဓမ္မရာဇဝင်စတုတ္ထစောင် - ၄ (အနက်ဖွင့်)

(ဧလိရှဲအံ့ဘွယ် နိမိတ်လက္ခဏာများ (::၁၅)

၁။ အံ့သြဘွယ်ရာ ဆီဖြည့်ဆည်းပေးခြင်း (အခန်း :)

:  ပရောဖက်တပါး၏ မယား၊ မုဆိုးမသည်  အကြွေးမဆပ်နိုင်သဖြင့် သားနှစ်ယောက် ကျွန်ခံရမည့် ကိန်း ဆိုက်နေသည်။ ပရောဖက် ဧလိရှဲနှင့် တွေ့သောအခါ ဧလိရှဲက ရှိသမျှအိုးအပြင် အိမ်နီးနားချင်းများ၏ အိုးများကို ငှါးစေပြီး ဆီဖြည့်ပေးသည်။ ထိုဆီများကို ရောင်းစားပြီး အကြွေးပြန်ဆပ်သည့်အပြင် ကျန်သေးသည့်ဆီဖြင့် အရင်းအနှီးပြုလုပ် ကိုင်စားသောက်ကြသည်။ ထိုပုံ ဥပမာသည်ကား ဘုရားသခင်၏ ကျေးဇူးတော်သည် ပစ္စုပန်လိုအပ်ချက်များ အပြင် အနာဂတ်အတွက်လည်း ယုံကြည်စိတ်ချမှုပေးထားကြောင်း သွန်သင်ခြင်းဖြစ်သည်။ အကြွေးတည်းဟူသော လောဘပြစ်သားများ၏ အကြောင်းကို အခမဲ့ဆပ်ပေး သည်သာမက အပြစ်၏ ကျေးကျွန်ခံရမည့် ဘဝမှ ရွေးနှုတ်ကာ အသက်တာသစ် ပေးသနားပါသည်။

 

၂။ အံ့သြဖွယ်ရာ သားသမီးရရှိစေခြင်း (:၁၇)

:၁၇  ရှုနင်မြို့သူ လူကုန်ထံမတဦးသည် အိမ်ရှေ့တွင် ဖြတ်သန်းသွားလေ့ရှိသော ဧလိရှဲအား ဘုရားသခင်၏လူမှန်း ရိပ်မိသဖြင့် အိမ်အပေါ်ထပ်တွင် သီးသန့် အခန်းပြုလုပ်ပေး၍ ဝင်ထွက်သွားလာနေ ထိုင်ခွင့်ပေးလိုက်သည်။ ဧလိရှဲက နန်းတော်မှာ ခစားချင်သလားဟု မေးမြန်းသောအခါ မိမိအိမ်တွင် ပျော်မွေ့ပါသည်ဟု ရိုကျိုးစွာ ဝန်ခံသည်။ ဧလိရှဲ၏တပည့် ဂေဟာဇိက သူ့တွင် သားမရှိကြောင်း ပြောပြသောအခါ သားကို ဘက်ယမ်းရမည်ဟု ပရောဖက်ပြုလိုက်သည်။ ပရောဖက်ပြုချက်အတိုင်း သားရတနာဖွားမြင်သည်။ အပြစ်ဒုစရိုက်တွင် ပေနေသော(အမြုံမ)သူသည် ဝိညာဉ်တော် အားဖြင့် ဘုရားသခင်၏ သားသမီးများအဖြစ် ဖွားခြင်းခံကြရပြီ (ဂလာ ၂:၁-၁၀)။

 

၃။ ရှနင်မြို့သူ၏ သားပြန်လည်ထမြောက်စေခြင်း (:၁၈၃၇)

:၁၈၂၅  တနေ့သောအခါ နို့ကွာစကလေးသူငယ် တစ်ယောက်သည် လယ်ကွင်းပြင်တွင် ရှိနေစဉ် လေသင်ဓုန်းဖြတ်၏။ သူ့မိခင်က ပွေ့ဖက်ရင်း အမိရင်ခွင်တွင် အသက်ပျောက်သွားသည်။ ထိုသား၏ မိခင်သည် ကလေးအလောင်းအား ပရောဖက် အခန်းတွင် ထားခဲ့ပြီး၊ ဘုရားသခင်၏ လူရှိရာ ကရမေလတောင်သို့ အပြေးနှင်မည့်အကြောင်း ခင်ပွန်းသည်ကို မှာလိုက်သည်။ ခင်ပွန်းသည်က ဥပုသ်နေ့ မဟုတ်သဖြင့် ဘုရားသခင်၏လူနှင့် တွေ့မည်မထင်ဟု တားသော်လည်း ရှိရှိမရှိရှိသွားမှာဘဲ ဟုဆိုသည်။ ဘုရားသခင်၏လူရှိရာ ကရမေလတောင်သို့ မြင်းဒုန်းစိုင်း နှင်သွားသည်။

:၂၆၂၈  ရှုနင်မြို့သူ အပြေးအလွှားလာသည်ကို အဝေးမှဧလိရှဲလှမ်းမြင်၍ တပည့်ဂေဟာဇိကို ခရီးဦးကြိုစေသည်။ ဂေဟာဇိက မိသားစု ကျမ်းမာကြပါသလားဟု လောကွတ်ပြု မေးမြန်းသောအခါ ‘ကောင်းပါသည်’ဟု အလွယ်တကူ ဖြေလိုက်သည်။ လာသည့်အကြောင်းရင်းကို ပြောပြ။ ဧလိရှဲထံသို့ ကိုယ်တိုင်လျှောက်လဲသည်။ ဂေဟာဇိက ဧလိရှဲအား မနှောင့်ယှက်ရန် တားသော်လည်း ဧလိရှဲက ရှုနင်သူသည် နှလုံးကြေကွဲ အကြံကုန်သောကြောင့် ရောက်လာခြင်း ဖြစ်၍ မတားမြစ်ရန်ပြောသည်။ ထိုအမူအရာကို ဘုရားသခင်က ဧလိရှဲအား နိမိတ်လက္ခဏာ ကြိုတင် ပြသခြင်းမရှိ။ မိသားစု နေကောင်းပါသည် ဟု နှုတ်ဖျား မှ ဆိုသော်လည်း ရှုနင်သူက ရင်နင့်စွာဖြင့် “သခင့်ထံမှ သားဆုပန်ခဲ့ပါတကား”ဟု စကားစသည်။ ကျွန်မကို မုသာမသုံးပါနှင့် ဟုသာ ပြောခဲ့ပါသည်။ တနည်းအားဖြင့် သူမအား လိမ်ညာပေးထားသည့် သားကို ပြန်ယူသွားရက်ပါတကားဟု အဓိပ္ပါယ်ရသည်။ ဧလိရှဲက သေငယ်ဇောမျောနေသည်ဟု ထင်ပုံရသည်။

:၂၉၃၁  ဦးစွာ ဧလိရှဲက သူ့တောင်းဝှေးကို တပည့် ဂေဟာဇိသို့ ပေးလိုက်ပြီး ကလေးအလောင်း ပေါ်တွင် တင်ထားခိုင်းသည်။ လမ်းတွင် တစုံတဦးနှင့်မှ စကားမပြောရဟု မှာလိုက်သည်။ ရှုနင်သူက ထိုမျှနှင့် မတင်းတိမ်နိုင်။ ဧလိရှဲကိုယ်တိုင်ကို ခေါ်ပင့်၏ အိမ်ရောက်သော် ဂေဟာဇိက ကလေးအလောင်းပေါ် တောင်ဝှေးတင်သော်လည်း မနိုးထကြောင်း ဧလိရှဲထံ ခရီးဦးကြိုသတင်းပို့သည်။

:၃၂၃၇  ဧလိရှဲသည် တံခါးပိတ်လျှက် ကလေးအလောင်းကို ပွေ့ဖက်သည်။ နှုတ်ခမ်းချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်အုပ်လျှက် ဘုရားသခင်ထံ ဆုတောင်းသည်။ ပရောဖက် ဧလိရှဲသည် ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက်ပြီး အထက်နည်းတူ တဖန်ထပ်လုပ်ပြန်သည်။ နောက်အကြိမ်တွင်မူ သေနေသော ကလေးသည် မျက်စိပေကလပ်ပေကလပ် ပြန်ပွင့်လာပြီး ခုနှစ်ခါနှာချေသည်။  မိခင်သည်လည်း သားအသက်ပြန်ရှင်လာသောကြောင့် ဝမ်းမြောက်ပျော်ရွှင်သည်။ ဤနေရာတွင် ဧလိရှဲ၏ တောင်ဝှေးတွင် တန်ခိုးမရှိ၊ အရေးမပါ၊ လက်ချင်းအုပ်ထပ်ခြင်းဖြင့် အသက်တစ်ချောင်းမျှဝေပေးခြင်းကို ပေါ်လွင်စေလိုခြင်း ဖြစ်သည်။

 

၄။ အစာအဆိပ်တောက်သူ အား ကျန်းမာစေခြင်း (:၃၈၄၁)

:၃၈၄၁  အံ့ဖွယ်နိမိတ်လက္ခဏာတခုကို ဂိလဂါလမှာ ပြသသည်။ အစာငတ်မွတ်ခေါင်းပါး ခြင်းကာလ (အခန်းကြီး ၈ တွင် ပါရှိသည့် ခုနှစ်နှစ်တာ အစာရေစာ ရှားပါးခြင်းဖြစ်နိုင်သည်) တွင် ဧလိရှဲ သည် သူ့တပည့်အား ပရောဖက်များ၏ သားများအတွက် အိုးကြီးဖြင့် ချက်ပြုတ်ခိုင်းသည်။ ရရာတောဟင်း သီးဟင်းရွက်များ ရောပြွမ်းချက်ပြုတ်ကြသဖြင့် အဆိပ်ပါသော တောဘူးသီး ရောချက်မိသည်။ ဝိုင်းစားသောက်ကြစဉ် အဆိပ်တောက်၍ ဝိုင်းအော်ကြရာ ဧလိရှဲက မုန့်ညက်ထည့်လိုက်၍ စားသောက်စရာ အားလုံးကောင်းသွားသည်။

 

၅။ မုန့်ကြွေးခြင်း (:၄၂၄၄)

:၄၂၄၄  တဖန်လူတယောက်ယူဆောင်လာပေးသော မုယောဆန်မုန့် အလုံး(၂၀)ဖြင့် လူတစ်ရာကို ကျွေးလိုက်သည်။ လူဦးရေက မုန့်အရေအတွက်ထက် မတန်တဆများ ပြားသော်လည်း ဝလင်စွာ စားကြသည့်အပြင် မုန့်များပိုလျှံနေသေးသည်။ ဧလိရှဲ၏ ကိုယ်ကျိုးမဖက် အတ္တစိတ် ကင်းမဲ့ပုံကို တွေ့ရသည်။ ယုံကြည်သူများသည်လည်း မိမိဥစ္စာပစ္စည်းများကို အခြားသူများအား ဝေငှပေးကမ်းလျှင် ထိုထက်မက ဝေငှပေးကမ်း နိုင်ဦးမည်။ “စွန့်ကြဲသော်လည်း ဥစ္စာတိုးပွားတက်သော သူရှိ၏။ အဆမတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သူလည်း ရှိ၏။ စွန့်ကြဲသောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်း ခံရမည်” (သု ၁၁:၂၄-၂၅)

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။