ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၅

ယုဒဘုရင်သြဇိ
(၆ရာ၊ ၂၆:၁-၂၃)
1ဣသရေလရှင်ဘုရင် ယေရောဗောင်နန်းစံနှစ်ဆယ်ခုနစ်နှစ်တွင်၊ 2ယုဒရှင်ဘုရင် အာမဇိသားဩဇိသည် အသက်တစ်ဆယ်ခြောက်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်နှစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယေခေါလိအမည်ရှိ၏။ 3ထိုမင်းသည် ခမည်းတော်အာမဇိ ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။ 4သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။ 5ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ရှင်ဘုရင်သည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနားသောနန်း၌ နေရ၏။ သားတော်ယောသံသည် နန်းတော်ကိုအုပ်၍ နိုင်ငံတော်မှုကို စီရင်ရ၏။ 6ဩဇိပြုမူသောအမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။ 7ဩဇိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော် ယောသံသည် ခမည်းတော်အရာ၌နန်းထိုင်၏။
ဣသရေလဘုရင်ဇာခရိ
8ယုဒရှင်ဘုရင်ဩဇိ နန်းစံသုံးဆယ်ရှစ်နှစ်တွင်၊ ယေရောဗောင်သားဇာခရိသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။ 9ထိုမင်းသည် ဘိုးဘေးပြုသည်အတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။ 10ယာဖက်သားရှလ္လုံသည် ဇာခရိမင်းတစ်ဖက်၌သင်းဖွဲ့၍ လူများရှေ့မှာ သေအောင်လုပ်ကြံပြီးလျှင် သူ၏အရာ၌ နန်းထိုင်၏။ 11ဇာခရိပြုမူသောအမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 12ထိုသို့ ထာဝရဘုရားက၊ သင်၏သားမြေးလေးဆက်တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူသောစကားတော်ပြည့်စုံသတည်း။
ဣသရေလဘုရင်ရှလ္လုံ
13ယုဒရှင်ဘုရင်ဩဇိ နန်းစံသုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည်နန်းထိုင်၍၊ ရှမာရိမြို့၌ တစ်လစိုးစံလေ၏။ 14ဂါဒိသားမေနဟင်သည် တိရဇမြို့မှ ရှမာရိမြို့သို့သွား၍၊ ယာဖက်သားရှလ္လုံကို သေအောင်လုပ်ကြံပြီးလျှင်၊ သူ၏အရာ၌ နန်းထိုင်၏။ 15ရှလ္လုံပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် သင်းဖွဲ့ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 16ထိုအခါ မေနဟင်သည် တိဖသမြို့နှင့်မြို့သားများ၊ တိရဇမြို့အလွန် တိဖသမြို့နယ်များတို့ကို လုပ်ကြံ၏။ မြို့တံခါးကို သူ့အား မဖွင့်သောကြောင့်လုပ်ကြံ၍ ကိုယ်ဝန်ဆောင်သော မိန်းမအပေါင်းတို့၏ ဝမ်းကိုခွဲလေ၏။
ဣသရေလဘုရင်မေနဟင်
17ယုဒရှင်ဘုရင်ဩဇိ နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ဂါဒိသားမေနဟင်သည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ဆယ်နှစ်စိုးစံလေ၏။ 18ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်သားယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။
19အာရှုရိရှင်ဘုရင်ပုလသည် ဣသရေလပြည်ကို တိုက်လာ၏။ မေနဟင်သည် မိမိအာဏာတည်စေမည်အကြောင်း၊ ပုလမင်းမစစေခြင်းငှာ၊ ငွေအခွက်တစ်သောင်းကိုဆက်ရ၏။ 20အာရှုရိရှင်ဘုရင်အား ဆက်စရာဖို့၊ မေနဟင်သည် ဣသရေလအမျိုး၌ ငွေခွဲ၍၊ ရတတ်သောသူတိုင်း အကျပ်ငါးဆယ်စီ ပေးရ၏။ ထိုကြောင့် အာရှုရိရှင်ဘုရင်သည် မနေ၊ မိမိပြည်သို့ပြန်သွား၏။ 21မေနဟင်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 22မေနဟင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ပေကဟိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ဣသရေလဘုရင်ပေကဟိ
23ယုဒရှင်ဘုရင်ဩဇိ နန်းစံငါးဆယ်တွင်၊ မေနဟင်သားပေကဟိသည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံလေ၏။ 24ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။ 25အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတစ်ဖက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌ နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏အရာ၌ နန်းထိုင်၏။ 26ပေကဟိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
ဣသရေလဘုရင်ပေကာ
27ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်နှစ်နှစ်တွင်၊ ရေမလိသားပေကာသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို အနှစ်နှစ်ဆယ် စိုးစံလေ၏။ 28ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သားယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲနေ၏။ 29ဣသရေလရှင်ဘုရင် ပေကာလက်ထက်၊ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့နှင့်တကွ ဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိပြည်သားအပေါင်းတို့ကို လုပ်ကြံ၍၊ အာရှုရိပြည်သို့ သိမ်းသွား၏။ 30ဩဇိသားယောသံ နန်းစံနှစ်ဆယ်တွင်၊ ဧလာသားဟောရှေသည် ရေမလိသား ပေကာမင်းတစ်ဖက်၌ သင်းဖွဲ့၍ သေအောင်လုပ်ကြံပြီးမှ၊ သူ၏အရာ၌ နန်းထိုင်၏။ 31ပေကာပြုမူသောအမှုအရာကြွင်းလေသမျှတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
ယုဒဘုရင်ယောသံ
(၆ရာ၊ ၂၇:၁-၉)
32ဣသရေလရှင်ဘုရင် ရေမလိသားပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊ 33ယေရုရှလင်မြို့၌ ဣသရေလနိုင်ငံကို တစ်ဆယ့်ခြောက်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။ 34ထိုမင်းသည် ခမည်းတော်ဩဇိကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ 35သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့ကြ၏။ ထိုမင်းသည် ဗိမာန်တော်အထက်တံခါးကိုလုပ်လေ၏။ 36ယောသံပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏၊ 37ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင်ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ်တော်မူ၏။ 38ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အာခတ်သည် ခမည်းတော်အရာ၌နန်းထိုင်၏။

ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၅ (အနက်ဖွင့်)

(ယုဒဘုရင် သြဇိ (အာဇရိ) (အဆက်) (၁၅:)

၁၅:  ယေဘူယျအားဖြင့် သြဇိမင်းကို မင်းကောင်းမင်းသန့်ဟု ဆိုနိုင်သည်။ အားနည်းချက် တစ်ခုမှာ တောင်ကုန်းများပေါ်၌ ဘုရားတု ဆက်လက်ထားရှိခွင့် ပြုခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ်များက တားမြစ်သည့်အကြားမှ ကိုယ်တိုင်ဗိမာန်တော် ထဲ၌ အမွှေးတိုင် ဝင်ရောက်ပူဇော်သောကြောင့် ဒဏ်ခတ်ခြင်း ခံရသည်။ နူနာစွဲ သောကြောင့် နန်းတော်တွင် စိုးစံခွင့် မရှိဘဲ၊ သီးသန့်အဆောင်တွင် ကွယ်လွန်ချိန်အထိ နန်းကျဘုရင် အဖြစ် စိုးစံရသည်။ (၆ရာ ၂၆:၁၆-၂၁)။ ပရောဖက် အာမုတ်သည် သြဇိမင်းလက်ထက်တွင် သေလွန်သည်။

(ဣသရေလဘုရင် ဇာခရိ (၁၅:၁၂)

၁၅:၁၂  ဒုတိယ ယေရောဗောင်၏သား ဇာခရိသည် ဘီစီ ၇၅၃-၇၅၂ ()လတာမျှ ဣသရေလ ဘုရင်အဖြစ် စိုးစံခဲ့သည်။

ဘိုးဘေးများလမ်းစဉ်အတိုင်း ဒန်မြို့နှင့် ဗေသလမြို့တို့တွင် ရွှေနွားရုပ်များကို ကိုးကွယ်စေသည်။ ယာဖက်သား ရှလ္လုံက လူပုံအလယ်မှာ လုပ်ကြံသဖြင့် (၆)လတာမျှသာ နန်းစံခဲ့သည်။ RSV ကျမ်းမူတွင်  LXX ကျမ်းအလိုအတိုင်းလိုက်၍ ယေဇရေလမြို့အနီး လွင်ပြင်ချိုင့်ဒေသ၊ ယေဟုက အာခဇိအား ကွပ်မျက် သည့်နေရာ (၉:၁၇) ဣဗလိမ်အရပ်တွင် လုပ်ကြံသည်ဟု ဆိုသည်။ ဇာခရိမင်း သေဆုံးခြင်းသည် ယေဟု၏သား မြေးစဉ်ဆက်မျိုးသုဉ်းခြင်းဖြစ်သည်။ ယေဟုအား သားစဉ်မြေဆက် (ဆက်တိုင်အောင် ဣသရေလ နန်းစံရမည် ဟူသော ကတိတော်ရှိခဲ့သည့် အတိုင်း ယေဟု (၄)ဆက်မြောက် ဇာခရိတွင် ရာဇပလ္လင်စွန့်လွှတ်ရသည်။ (ငယ် ၁၂ ကို ၁၀:၃၀ နှင့် ယှဉ်ဖတ်)။

()  ဣသရေလဘုရင် ရှလ္လုံ (၁၅:၁၃၁၅)

၁၅:၁၃၁၅  ယာဖက်၏သား ရှလ္လုံသည် ဘီစီ ၇၅၂ ခုနှစ်တွင် ဣသရေလဘုရင်အဖြစ် တလ နန်းစံခဲ့သည်။

လူမျိုး(၁၀)မျိုးတွင် နန်းစံသော ဆဌမလူမျိုး အဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့သည်။ သူတပါးကို လုပ်ကြံကွပ်မျက်၍ မတရားသဖြင့် အာဏာသိမ်းသကဲ့သို့ သူသည်လည်း မေနဟင်၏ လုပ်ကြံခြင်းခံရသဖြင့် ရှင်ဘုရင်တလမျှသာ လုပ်လိုက်ရသည်။ နန်းသက်တိုသော်လည်း လူမျိုးနွယ်အနေဖြင့် နန်းစံခဲ့ကြောင်း မော်ကွန်းထူခဲ့သည်။

(ဣသရေလဘုရင် မေနဟင် (၁၅:၁၆၂၂)

၁၅:၁၆၂၂  ဒါဝိဒ်၏သား မေနဟင်သည် ဘီစီ ၇၅၂-၇၄၂/၄၁ ထိ (၁၀)နှစ်ကြာ ဣသရေလ ဘုရင်အဖြစ် ထီးနန်းစံခဲ့သည်။

မေနဟင်သည် တိဖသမြို့ကို လုပ်ကြံသိမ်းပိုက်သည်။ ထိုတိဖသမြို့သည် ဥဖရတ်မြစ်ကမ်းရှိ မြို့မဟုတ်ပါ။ တိရဇမြို့အနီးရှိ နာမည်တူအခြားမြို့ တမြို့ဖြစ်သည်။ မြို့သူမြို့သားများက အညံ့မခံ၊ မြို့တံခါးမ ဖွင့်ပေးကြသောကြောင့် မရမက စီးနင်းသိမ်းပိုက်ပြီး မြို့သူမြို့သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြသည်။ ကိုယ်ဝန်သည်များကိုလည်း ဗိုက်ခွဲသတ်ပစ်သည်။

ထိုကာလတွင် ရှုရိရန်ငြိမ်းသော်လည်း အာရှုရိရန်  အမောက်ထောင်လာသည်။ ဣသရေလပြည်ကို ရန်ပြုလာသည်။ ထို့ကြောင့် မေနဟင်သည် အာရှုရိဘုရင် ပုလအား ငွေအခွက်တသောင်းဆက်သ၍ ငြိမ်းချမ်းရေး လုပ်ရသည်။ ထိုသို့ တဖက်ရန်သူကို အလျှော့ပေးခြင်းသည် မိမိတွင် အင်အားချိနဲ့ခြင်း၊ ပြည်တွင်း၌ စည်းလုံးညီညွတ်မှု မရှိခြင်းတို့ကြောင့် ပြုသမျှနုရခြင်း ဖြစ်သည်။ မေနဟင်သည် ထိုငွေအခွက်တသောင်း ရရှိရန် တိုင်းသူပြည်သားများအား လူတိုင်းငွေ အကျပ် ငါးဆယ်စီ လိုက်လံကောက်ခံသည် (ငယ် ၂၀)။ ထိုခေတ်ကာလတွင် အာရှုရိပြည်၌ ကျွန်တယောက် အရောင်းအဝယ်သည် ငွေအကျပ် ငါးဆယ် ရှိသည်။ မေနဟင်သည် မိမိတိုင်းသူပြည်သားများကို ပုလဘုရင်၏ ကျွန်အဖြစ် လိုလိုလားလား ဝန်ခံခဲ့သည်။ ပုလဘုရင်၏ နာမည် အပြည့်အစံမှာ တိဂလက်ပိလေသာ(ဖြစ်သည် (ငယ် ၂၉)။

(ဣသရေလဘုရင် ပေကဟိ၁၅:၂၃၂၆)

မေနဟင်၏သား ပေကဟိ သည် ဘီစီ ၇၄၂/၄၁-၇၄၀/၃၉ ထိ ()နှစ်ခန့် ဣသရေလဘုရင် အဖြစ် နန်းစံခဲ့သည်။

၁၅:၂၃၂၆  ထိုမင်းသည် ဆိုးသွမ်းဟော့ရမ်းသော မင်းဆိုးမင်းမိုက် ဖြစ်သောကြောင့် နန်းသက်မရှည်။ ပေကာ နှင့် ဂိလဒ်သား ငါးဆယ်တို့က ရှမာရိတွင် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ပေကဟိ သေဆုံးသောကြောင့် ဣသရေလတို့၏ (၇)ဆက်မြောက် နန်းဆက် နိဂုံးချုပ်ခဲ့သည်။ နှောင်းပိုင်းဣသရေလဘုရင်များတွင် ဘုရင်ကို မလုပ်ကြံဘဲ နန်းစံရသူ ဤပေကဟိ မင်းတပါးသာ ရှိသည်။ သို့သော် သူမူကား လက်အောက် အရာရှိက သတ်ဖြတ် အာဏာလုခံရသည်။

(ဣသရေလဘုရင် ပေကာ (၁၅:၂၇၃၁)

ရေမလိ၏သား ပေကာသည် ဘီစီ ၅၇၂-၇၃၂/၃၁ တိုင်အောင် နှစ်ပေါင်း (၂၀) ဣသရေလ ဘုရင်အဖြစ် ထီးနန်းစံခဲ့သည်။

၁၅:၂၇၃၁  ပေကာ သည် သူလုပ်ကြံခဲ့သော ပေကဟိမင်း၏ စစ်သူကြီးဖြစ်သည်။ အခြားကျမ်းစာများတွင် ပေကာသည် ယုဒပြည်ကို ကျူးကျော်သည်။ ရှုရိတို့ကို စစ်ကူပေး၍ ယုဒပြည်ကို တိုက်ခိုက်သည်ဟု ဆိုသည်။ ယုဒဘုရင် အာခတ်ကလည်း အာရှုရိမင်းကို စစ်ကူခေါ်သည်။ အာရှုရိဘုရင်သည် ရှုရိမင်းရေဇိန်ကို တိုက်ခိုက် သတ်ဖြတ်ပြီး ဣသရေလလူမျိုး နှစ်မျိုးနှင့် တဝက်ကို အောင်မြင်သည်။ လူများကို ကျေးကျွန်အဖြစ် ဖမ်းဆီးသည်။ ဤတိုက်ပွဲသည် အာရှုရိတို့၏ ပထမအကြိမ် ဖမ်းဆီးကျွန်ပြုခြင်း ဖြစ်သည်။ ပေကာနှင့် မေနဟင်လက်ထက်တွင် ဆယ်နှစ်၊ ပေကဟိလက်ထက် (၂)နှစ် စစ်သူကြီးလုပ်ခဲ့သမျှသော ဂုဏ်သိက္ခာသည် ကျဆင်းကုန်သည်။ အာရှုရိ၏ စစ်ကူအင်အားကြောင့် ဟောရှေက ပေကာကို အောင်မြင်၍ ထီးနန်း သိမ်းပိုက်သည်။ သို့ဖြင့် ဣသရေလတို့၏ (၈)ဆက်မြောက် နန်းစဉ် နိဂုံးချုပ်ပြန်သည်။

(ယုဒဘုရင် ယောသံ (၁၅:၃၂၃၈)

သြဇိ၏သား ယောသံ သည် ဖခမည်းတော်နှင့် တွဲဖက်ဘုရင် နန်းစံရသည့် (၄)နှစ် အပါအဝင် ဘီစီ ၇၅၀-၇၃၂/၃၁ ထိ နန်းသက်နှစ် (၂၀ယုဒဘုရင် အဖြစ် စိုးစံသည် (၆ရာ ၂၇ ကို ပြန်ကြည့်)။

၁၅:၃၂၃၈  ပထမပိုင်းနန်းစံနှစ်များသည် ခမည်းတော် သြဇိမင်းနှင့် တွဲဖက်နန်းစံသည်။ အချုပ်အချာ အာဏာပိုင် အဖြစ် နန်းစံနှစ်သည် ၁၆ နှစ်ဖြစ်သည်။ အခြားယုဒဘုရင်များထက် သာလွန်သော်လည်း တောင်ကုန်းများပေါ်ရှိ  ဘုရားတုကိုးကွယ်ခြင်းကို ဖယ်ရှားခြင်းမပြု။ ဗိမာန်တော် အထက်တံခါးကို ဆောက်လုပ်သည်။ နေရာဒေသအနှံ့ အပြားတွင် အဆောက်အဦး ဆောက်လုပ်ခြင်းများ အားပေးခဲ့သည်။ ယောသံမင်းလက်ထက်တွင် ပေကာနှင့် ရှုရိဘုရင် ရေဇိန်မင်းတို့က လာရောက်တိုက်ခိုက် ကြသည်။ ယောသံ မင်းလက်ထက်တွင် ပရောဖက် မိက္ခာ ပေါ်ထွန်းခဲ့သည်။

၂ရာ ၂၇:၆ တွင် ယောသံမင်းအကြောင်းကို “မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ မိမိအကျင့် တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွားသတည်း” ဟု မှတ်တမ်းတင်ခဲ့သည်။ သို့ကြောင့် ယေရောဗောင် လမ်းစဉ်လိုက်ကြသော ဣသရေလ ဘုရင်များနှင့် ဆန့်ကျင်ဘက် ရှိသည်ဟု ဆိုနိုင်သည်။

ယောရှဖတ်သည်လည်း ယောသံမင်းလမ်းစဉ် အတိုင်း ဘုရားတရား ကြည်ညိုသူဖြစ်သည်။၁၇

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။