ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၃

ဣသရေလဘုရင်ယောခတ်
1ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံ နှစ်ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။ 2ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကိုမရှောင်၊ လိုက်လေ၏။ 3ထိုကြောင့် ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်းလက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့် သူ၏သားဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။ 4တစ်ဖန် ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလအမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည်မြင်၍ ယောခတ်စကားကို နားထောင်တော်မူ၏။ 5ထိုကြောင့် ထာဝရဘုရားသည် ကယ်တင်သောသခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့သည် ရှုရိလူတို့လက်မှ ထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။ 6သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကိုမရှောင်၊ လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။ 7ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး၍၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စေသဖြင့်၊ မြင်းစီးသူရဲ ငါးကျိပ်၊ ရထားတစ်ဆယ်၊ ခြေသည်သူရဲတစ်သောင်းကိုသာ ယောခတ်၌ကြွင်းစေ၏။ 8ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 9ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ဣသရေလဘုရင်ယဟောရှ
10ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ်တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ် စိုးစံ၏။ 11ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သားယေရောဗောင်၏ ဒုစရိုက်အပြစ်ကိုမရှောင်၊ အကုန်အစင်လိုက်လေ၏။ 12ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင်၊ တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 13ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ဧလိရှဲကွယ်လွန်ခြင်း
14ထိုအခါ ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ်တွင်၊ ဣသရေလရှင်ဘုရင်ယဟောရှသည် လာ၍ သူ့ရှေ့မှာငိုကြွေးလျက် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဆို၏။ 15ဧလိရှဲကလည်း၊ လေးနှင့် မြားတို့ကို ယူလော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်ယူ၏။ 16လေးကိုတင်လော့ဟု တစ်ဖန်ဆိုသည်အတိုင်း လေးကိုတင်၍၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင်လက်ပေါ်မှာ တင်လျက်၊ 17အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို၍ ဖွင့်လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရဘုရား ကယ်တင်တော်မူရာမြား၊ ရှုရိမင်းလက်မှ ကယ်နုတ်ရာမြားဖြစ်၏။ အာဖက်မြို့၌ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့်မည်ဟု ဆို၏။ 18မြားတို့ကိုယူဦးလော့ဟု တစ်ဖန်ဆိုသည်အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ်ရိုက်လေ၏။ 19ထိုအခါ ဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ် မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင် လုပ်ကြံရလိမ့်မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို၏။ 20ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ်တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။ 21ဣသရေလလူတို့သည် လူတစ်ယောက်ကို သင်္ဂြိုဟ်စဉ်တွင်၊ မောဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။
ဣသရေလနှင့်ရှုရိပြည်အကြားစစ်ပွဲ
22ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ်လက်ထက် ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ၏။ 23ထာဝရဘုရားသည် သူတို့ကိုသနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှ မနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။ 24ရှုရိရှင်ဘုရင်ဟာဇေလသေ၍၊ သားတော်ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ 25ဟာဇေလသည်စစ်တိုက်၍ ယောခတ်မင်းလက်မှ နုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟောရှသည် ဟာဇေလသားဗင်္ဟာဒဒ်လက်မှ တစ်ဖန်နုတ်ယူ၏။ သုံးကြိမ်တိုင်အောင် ယဟောရှသည်နိုင်၍ ဣသရေလမြို့ရွာတို့ကို ရပြန်လေ၏။

ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၃ (အနက်ဖွင့်)

(ဣသရေလဘုရင် ယောခတ် (၁၃:)

ယောဟု၏ သား ယောခတ် သည် ဘီစီ ၈၁၄/၁၃၇၉၈ ထိ နှစ်ပေါင်း (၁၇နှစ်ကြာ ဣသရေလဘုရင်အဖြစ် စိုးစံခဲ့သည်။

၁၃:  ယောခတ်မင်းသည် ယေရောဗောင်မင်း ကဲ့သို့ပင် ယေဟောဝါဘုရားနှင့် အာရှရပင် ရောနှောကိုးကွယ်စေသည် (ငယ် ၆)။ ထို့ကြောင့် ဣသရေလလူများကို ရှုရိလူများဖြင့် ဘုရားသခင်က အပြစ်ဒဏ်ပေး အရေးယူသည်။ ယောခတ်မင်းက ဘုရားသခင်အား တောင်းပန်သောကြောင့် မြင်းစီးစစ်သည်တော် ၅၀ နှင့် မြင်းရထား ဆယ်စင်း၊ ခြေလျင်စစ်သည် တစ်သောင်းကိုသာ လက်ကျန်ထား ခွင့်ပြုသည်။ ရှုရိလူများလက်ထဲမှ ဘုရားသခင်က ကယ်နုတ်ထားခြင်း ဖြစ်သည်။ ဣသရေလများအား ကယ်ထုတ်ပေးသူမှာ အာရှုရိဘုရင် တတိယမြောက် အဒဒ်နာနီမင်း ဟုဆိုသည်။ အချို့က ဧလိရှဲဖြစ်သည် ဟု ယူဆကြသည်။ အချို့ကမူ အပိုဒ်ငယ် (၅) သည် အငယ် ၂၅ ရှိ ယဟောရှမင်း သို့မဟုတ် ၁၄:၂၆-၂၇ တွင် ပါရှိသည့် ဒုတိယယေရောဗောင်မင်း ဟုဆိုကြသည်။ အပိုဒ်ငယ် ၂၃ တွင် ဘုရားသခင်က ယောခတ်မင်း ၏ ဆုတောင်းခြင်း လက်ခံရသည့် အကြောင်းရင်း ရှင်းပြထားသည်။ အဘယ်ကြောင့်ဆိုသော် အာဗြဟံ၊ ဣဇက်၊ ယာကုပ် သို့ပြုထားသော ကတိတော်ကို ငဲ့ညှာခြင်းဖြစ်သည် ဟု ဆိုသည်။

အပိုဒ်ငယ် ၅ နှင့် ၆ သည် စကားညှပ်ဖြစ်သည်။ ဣသရေလတို့သည် ယေရောဗောင်မင်း ပြုသော ဒုစရိုက်ကြောင့် ရာစုနှစ်ချီ၍ အပြစ်ဒုစရိုက်ထဲမှာ နွံနစ်ဒုက္ခခံခဲ့ရသည်။ ယောခတ်မင်း၏ ဝန်ချတောင်းပန် ခြင်းကို ဘုရားသခင်က နားညောင်း၍ ကယ်တင်ရှင် လွတ်ပေးသည်။ ယေရောဗောင်ပြုသော ဒုစရိုက်ကို မရှောင်ကြည်ကြသော်လည်း ဘုရားသခင်သည် ဣသရေလများနှင့် အတူရှိတော်မူသည်။

 

(ဣသရေလဘုရင် ယောရှ (၁၃:၁၀၁၃)

ယောခတ်၏သား ယဟောရှ သို့ ယောရှ (Jehoash or Joash ) သည် ဘီစီ ၇၉၈၇၈၂ ထိ (၁၆နှစ်ကြာ  ဣသရေလဘုရင် အဖြစ် စိုးစံသည်။ (၆ရာ ၁၃:၁၀-၁၄:၁၆ နှင့် ယှဉ်ဖတ်ပါ)။

၁၃:၁၀၁၃  ယုဒဘုရင်နှင့် နာမည်တူသော ဣသရေလဘုရင် ယောရှသည်လည်း ယုဒဘုရင်နှင့် ခေတ်ပြိုင်နန်းတက်သည်။ ယောရှမင်းသည်လည်း နေဗက်၏သား ယေရောဗောင်မင်း၏ ခြေရာနင်း၍ ဆိုးယုတ်သည်။ ဤကျမ်းချက်တွင် ယောရှမင်း၏ နန်းစံကာလကို မှတ်တမ်းတင်ခြင်းသာ တွေ့ရသည်။ ဘုရင်ဖြစ်လာသည်။ ဘုရားသခင်၏ ဆန့်ကျင်ဘက်တွင် ရှိသည်။ ပြီးတော့ သေသည်။ ထိုမျှသာရှိသည်။ သူနှင့် ပတ်သက်သော ယုဒရှင်ဘုရင် အာမဇိ (Amaziah) အကြောင်းကို ၁၄:၇-၁ တွင် တွေ့ရမည်။

(ဧလိရှဲ၏ အမှုတော်ပြီးဆုံးခြင်း (၁၃:၁၄၂၅)

၁၃:၁၄၁၉  အပိုဒ်ငယ် ၁၄-၂၅ သည် ယောရှမင်း လက်ထက်၌ ဧလိရှဲသေဆုံးမည့် အကြောင်း ပရောဖက်ပြုချက်များဖြစ်သည်။ ဧလိရှဲသေခါနီးတွင် ယောရှမင်း သွားရောက်ကြည့်ရှုပြီး ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမင်းပါတကား” ဟု ငိုကြွေးသည်။ ဆိုလိုသည်မှာ ဧလိရှဲသည် ဣသရေလတို့၏ ယုံကြည်ရာနှင့် အကောင်းဆုံးအကွယ်အကာ ဖြစ်သည်။ ထိုစကားများကို ဧလိယအား  နှုတ်ဆက်စဉ် ဧလိရှဲက ဆိုခဲ့သည် (၂:၁၂)။ ဧလိရှဲကွယ်လွန်ခြင်းသည် ဣသရေလလူမျိုး၏ ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။ အိပ်ယာထဲမှာ ဧလိရှဲက ယောရှမင်းအား အရှေ့ဘက် အရပ်သို့ မြားတစင်းပစ်ခိုင်းသည်။ နောက်ကြမ်းပြင် ပေါ်သို့ ရိုက်ချခိုင်းသည်။ အရှေ့အရပ်သို့ မြှားပစ်ခိုင်းခြင်းမှာ ယော်ဒန်မြစ် အရှေ့ဘက်ရှိ ရှုရိလူများအား အောင်မြင်မည့် နိမိတ်လက္ခဏာ ဖြစ်သည်။ ကြမ်းပြင်အား ရိုက်ခိုင်းရာ ယောရှမင်းက (၃)ကြိမ် ရိုက်သဖြင့် သုံးကြိမ်သာနိုင်မည်။ ငါးခါခြောက်ခါရိုက်လျှင် တသက်လုံးနိုင်မည်ဟု ဆိုသည်။ သို့သော်လည်း ဘုရားသခင်၏ စကားတော် နာခံဖို့ လိုသည်ဟု မှာသည်။ ယောရှမင်း၏ လုပ်ဆောင်မှုများသည် အနာဂတ် လမ်းညွှန်ချက် ဖြစ်သည်။ ဧလိရှဲကွယ်လွန်ခြင်းသည် မြောက်ပိုင်းနိုင်ငံ၏ ကံကြမ္မာ ပြိုလဲပျက်စီး ခြင်းဖြစ်သည်။

၁၃:၂၀၂၁  ဧလိရှဲကွယ်လွန်ပြီးအခါလည်သော နွေဦးကာလတွင် မောဘလူများက ဣသရေလပြည်ကို ကျူးကျော်တိုက် ခိုက်လာကြသည်။ ဣသရေလ လူများသည် အလောင်းတလောင်းအား သင်္ဂြိုဟ်စဉ် မောဘကျူးကျော်တပ်များ ဝင်လာ၍ ထိုအလောင်းကောင်အား ဧလိရှဲ၏ အုတ်ဂူဟောင်းထဲသို့ ပစ်ချကြသည်။ ထိုလူသေကောင်သည် ဧလိရှဲ၏ အရိုးစုနှင့် ထိတွေ့သောအခါ အသက်ပြန်ရှင်ပြီး မတ်တပ်ရပ် နေသည်။

၁၃:၂၂၂၅  ဤကျမ်းချက်တွင် ဧလိရှဲ၏  နှောင်းပိုင်းဘဝ အနှစ်ငါးဆယ်၊ ယေဟုအား ဘီစီ ၈၄၁ ခုနှစ်တွင် ဘိသိက်ပေးခြင်း (အခန်း ၉) မှ ဘီစီ ၇၉၅ ခုနှစ်တွင် ကွယ်လွန်သည့် အချိန်ထိ ကာလကို ပြန်လည် စားမြုံ့ပြန်ခြင်းဖြစ်သည်။ သူ၏ နောက်ဆုံးပရောဖက် ပြုချက်မှာ သေလုနီးခုတင်ပေါ်မှ စစ်အောင်မြင်မည့် အကြောင်း (အငယ် ၂၇)ဖြစ်သည်။ နောက်ဆုံး အံ့ဖွယ်နိမိတ်လက္ခဏာမှာ သူသေလွန်ပြီးမှ အရိုးစုက ပြန်လည် ထမြောက်စေခြင်း (အငယ် ၂) ဖြစ်သည်။ ဧလိရှဲ၏ ပရောဖက်ပြုချက်များသည် ပြည့်စုံခဲ့သည်။ ယောရှမြို့ကြီးများ ဟာဇေလက ဣသရေလများ လက်ထဲမှ ပြန်လည်နှုတ်ယူခြင်းများ ပြည့်စုံခဲ့သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။