ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၁
ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၁ (အနက်ဖွင့်)
(ဈ) ယုဒပြည်တွင် အာသလိဘုရင်မ အာဏာသိမ်းယူခြင်း (အခန်း ၁၁)
အာဟပ်၏သမီး အာသလိဘုရင်မ သည် ဘီစီ ၈၄၁-၈၃၃ထိ ယုဒဘုရင်မ အဖြစ် (၆)နှစ်ကြာ နန်းစံခဲ့သည် (၆ရာ ၂၂:၁၀-၂၃:၂၁)။
၁၁:၁ ဣသရေလပြည် မြင်ကွင်းမှ ယုဒပြည်မြင်ကွင်းသို့ ပြကွက်ပြောင်းလိုက်ပြီ။ ယေဟုက သူ၏ သားတော် အာဇခိကို လုပ်ကြံကြောင်း သတင်းရသောအခါ မယ်တော်အာသလိသည် အာဏာထိန်းချုပ် လိုက်သည်။ အနှောင့်အယှက် အတားအဆီး မဝင်နိုင်ရန် ဘေးရန်ဖယ်ရှားလိုက်သည်။ အာဇခိ၏ သားများကိုလည်း သတ်ပစ်သည်။ (သူကိုယ်တိုင် ဖြစ်နိုင်သကဲ့သို့ အခါတော်ပေးများကြောင့်လည်း ဖြစ်နိုင်သည်)။ မိမိမြေးများကို သွေးအေးအေးဖြင့် ရက်စက်စွာ သတ်ဖြတ်ဝံ့ခြင်းသည် သူ့မိခင်ယေဇဗေလထံမှ ဝိညာဉ်ဆိုးကို အမွေခံခြင်းဖြစ်သည်။ သူ့ဖခင် အာဟပ်မင်း အပေါ် ကျိန်စာသင့်ခြင်းကိုလည်း မကျေနပ်နိုင် (၃ရာ ၂၁:၂၂)။
၁၁:၂–၃ ယောယဒ၏ မိန်းမ ယောရှေဘ (၆ရာ ၂၂:၁၁) နှင့် နို့ထိန်းသည်တို့တွင် အရဲစွန့်၍ ယောရှအမည်ရှိသော (Joash သို့မဟုတ် Jehoas) ကလေးကို အာသလိဘုရင်မ၏ ရက်စက်မှုဒဏ်မှ လွတ်မြောက်အောင် ခိုးထုတ်ကြသည်။ အာသလိဘုရင်မသည် နန်းသွေးနန်းလျာများကို လက်စတုံးအစ ဖျောက်ပစ်နေသည်။ သို့သော်လည်း ဘုရားသခင်သည် ဒါဝိဒ်နန်းဆက် ရှိစေမည်ဟု ကတိတော် ပြုထားသည့် အတိုင်း ယောရှကို သေကံမရောက် အသက်မပျောက်အောင် လွတ်မြောက်စေသည်။ နည်းပရိယာယ် အမျိုးမျိုးဖြင့် ကာလရှည်ကြာ ရမ်းကားသည်။ ထိုသို့ ရမ်းကားခြင်းသည် မေရှိယမျိုးနွယ် မဆင်းနိုင်ဆောင် စာတန်၏ ကြိုးပမ်းချက်ဖြစ်သည်။ ယောရှလေးကို နို့ထိန်းက အိပ်ခန်းတွင် ဝှက်ထားသည်။ အာသလိ ဘုရင်မနန်းစံသည့် (၆)နှစ်ကာလပတ်လုံး ဗိမာန်တော်အတွင်းတွင် ပုန်းခိုနေရသည်။
၁၁:၄–၁၁ သတ္တမနှစ်မြောက်တွင် ယဇ်ပုရောဟိတ်ကြီး ယောယဒက စစ်အင်အား တစ်ရာရှိသော အစောင့်အရှောက်ဖြင့် အာသလိ ဘုရင်မ၏ သရဖူအား ယောရှခေါင်းပေါ် ရောက်စေသည်။ ထိုအကြောင်းကို Williams က ဤသို့ဆိုသည်။
ယောယဒယဇ်ပုရောဟိတ်က နန်းတွင်းတော်လှန်ရေး လုပ်ခြင်းသည် စကားညှပ် ဖြစ်သည် (ငယ် ၄:၁၁)။ ရှင်ဘုရင်သစ်အတွက် အစောင့်အရှောက် ကိုယ်ရံတော် တပ်ချမှတ်ပေးသည်။ တပ်ရင်းတရင်းက ဘုရင့်အိမ်တော်ကို စောင့်ကြည့်ကြသည်။ တပ်ရင်းနှစ်ရင်းက ဗိမာန်တော်ရှေ့တွင် စစ်အင်အားပြကြသည်။ စစ်တပ်နားသို့ ချဉ်းကပ်လာသူ ဟူသမျှ သတ်ပစ်ခိုင်းသည်။ နောက်တနေ့တွင်လည်း စစ်သားများအား စစ်တန်းလျားသို့မလွှတ်။ အချိတ်အဆက် မလစ်ဟင်းရအောင် စစ်သားများကိုဘဲ၊ ဘုရင့်လုံခြုံရေးတပ် အဖြစ် စီမံသည်။၁၄
၁၁:၁၂ သို့ဖြင့် ယောရှသည် လူထုပရိတ်သတ်ရှေ့သို့ ပေါ်ထွက်လာသည်။ ယဇ်ပုရောဟိတ်ကြီးက ယောရှခေါင်းပေါ်သို့ သရဖူချီးမြင့်ပြီး၊ ဘုရင်အဖြစ် ဘိသိက် အပ်နှင်းသည်။ မင်းခမ်းမင်းနားသို့ ကြွရောက်လာသော လူထုပရိတ်သတ်က “ရှင်ဘုရင် သက်တော်ရာကျော်ရှည်ပါစေ” ဟု တခဲနက် ဟစ်အော် ကြွေးကြော်ကြသည်။
၁၁:၁၃–၁၆ ဗိမာန်တော်ဝင်းတွင် အုတ်အော်သောင်းတင်း၊ ပွတ်လောင်ဆူညံသံ မြင်ရသောအခါ အာသလိဘုရင်မသည် “ပုန်ကန်မှု၊ ပုန်ကန်မှု” ဟု အော်ဟစ်သည်။ ယောယဒယဇ် ပုရောဟိတ်က ဗိမာန်တော်ဝင်းအတွင်းတွင် သွေးမြေကျရန် အလိုမရှိသော ကြောင့် စစ်သားများအား ထို အာသလိဘုရင်မကို ဆွဲထုတ်စေပြီး မြို့ဝင်တံခါးလမ်းမတွင် ကွပ်မျက် စေသည်။
၁၁:၁၇–၂၁ ယောယဒယဇ် ပုရောဟိတ်က ရှင်ဘုရင်နှင့် ပြည်သူတို့ အား အချင်းချင်း သော်၎င်း ဘုရားသခင်နှင့် သော်၎င်း ပဋိညာဉ်ဖွဲ့ စေသည်။ ထိုသို့ ဘုရားသခင်နှင့် ပဋိညာဉ်ဖွဲ့ခြင်း အထိမ်းအမှတ် အဖြစ် အာသလိဘုရင်မ တည်ဆောက်ခဲ့သော ဗာလဘုရားများနှင့် ဗာလယဇ်ပုရောဟိတ် မဿန်ကို ဖျက်ဆီးသုတ်သင်ပစ်သည်။ ရှင်ဘုရင်ကိုမူ လုံလောက်သော အစောင့်အရှောက်ဖြင့် ရာဇပလ္လင်ပေါ် နန်းစံစေသည်။ အာသလိဘုရင်မ ကွပ်မျက်ခံရကြောင်း သတင်းပျံ့နှံ့သောအခါ တိုင်းသူပြည်သားများသည် ဝမ်းသာပျော်ရွှင်ကြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။