ရာဇဝင်ချုပ်ဒုတိယစောင် - ၃၅

ပသခါပွဲတော်ကျင်းပခြင်း
(၄ရာ၊ ၂၃:၂၁-၂၃)
1တစ်ဖန် ယောရှိမင်းသည် ယေရုရှလင်မြို့၌ ထာဝရဘုရားအဖို့ ပသခါပွဲကိုခံတော်မူ၍ ပထမလ တစ်ဆယ်လေးရက်နေ့တွင်၊ ပသခါသိုးသငယ်ကို သတ်ကြ၏။ 2ယဇ်ပုရောဟိတ်တို့ကို မိမိတို့အရာ၌ခန့်ထား၍၊ ဗိမာန်တော်အမှုကို စောင့်စေခြင်းငှာ နှိုးဆော်တော်မူ၏။ 3ဣသရေလအမျိုး ရှိသမျှကိုသွန်သင်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းသော လေဝိသားတို့ကိုခေါ်၍၊ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန်တည်ဆောက်သောအိမ်၌ သန့်ရှင်းသောသေတ္တာတော်ကို သွင်းထားကြလော့။ နောက်တစ်ဖန် သေတ္တာတော်ကိုမထမ်းဘဲ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏အမှု၊ ဘုရားသခင်၏လူ ဣသရေလအမျိုး၏အမှုကို ထမ်းကြလော့။ 4ဣသရေလ ရှင်ဘုရင်ဒါဝိဒ်မှတ်စာ၊ သားတော်ရှောလမုန်မှတ်စာနှင့်အညီ သင်းဖွဲ့သည်အတိုင်း၊ အဆွေအမျိုးအလိုက် ကိုယ်ကိုပြင်ဆင်၍၊ 5ပြည်သူပြည်သားဖြစ်သော သင်တို့ညီအစ်ကို အဘတို့အဆွေအမျိုးနှင့် လေဝိသားအဆွေအမျိုးအသီးအသီး နေရာရှိသည်အတိုင်း၊ သန့်ရှင်းရာဌာနတော်၌ ရပ်နေကြလော့။ 6ထိုသို့ ပသခါသိုးသငယ်ကို သတ်၍ ကိုယ်ကို သန့်ရှင်းစေကြလော့။ သင်တို့ညီအစ်ကိုတို့သည် မောရှေအားဖြင့် ထာဝရဘုရားမှာထားတော်မူသည် အတိုင်းပြုစေခြင်းငှာ၊ သူတို့ကိုလည်း ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။ 7စည်းဝေးသောသူအပေါင်းတို့သည် ပသခါပွဲခံစရာဖို့၊ ယောရှိမင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ်သငယ်သုံးသောင်းနှင့် နွားသုံးထောင်ကို ပေးတော်မူ၏။ 8မှူးမတ်တို့သည်လည်း၊ စေတနာစိတ်ရှိ၍ လူများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့အားပေးကြ၏။ ဗိမာန်တော်မှူးဟိလခိ၊ ဇာခရိ၊ ယေဟေလသည်လည်း၊ ပသခါပွဲ ခံစရာဖို့ သိုးဆိတ် နှစ်ထောင်ခြောက်ရာနှင့် နွားသုံးရာကို ယဇ်ပုရောဟိတ်တို့အား ပေးကြ၏။ 9လေဝိသားအကြီးအကဲ၊ ကောနနိ၊ ရှေမာယ၊ ဟာရှဘိ၊ ယေယေလ၊ ယောဇဗဒ်၊ နာသနေလနှင့် သူ၏ညီများတို့သည်လည်း၊ ပသခါပွဲခံစရာဖို့ သိုးဆိတ်ငါးထောင်နှင့် နွားငါးရာကို လေဝိသားတို့အား ပေးကြ၏။ 10ထိုသို့ ရှင်ဘုရင်အမိန့်တော်အတိုင်း၊ ဝတ်ပြုစရာပြင်ဆင်၍ ယဇ်ပုရောဟိတ်တို့သည် မိမိတို့နေရာ၌ရပ်၍၊ လေဝိသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ကြ၏။ 11ပသခါသိုးသငယ်ကိုသတ်၍၊ ယဇ်ပုရောဟိတ်တို့သည် အသွေးကို လက်နှင့်ဖျန်းလျက်၊ လေဝိသားတို့သည် အရေကိုခွာလျက် ပြုကြ၏။ 12မောရှေကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ထာဝရဘုရားအားပူဇော်စရာဖို့ လူများအဆွေအမျိုးအလိုက် အသီးအသီးတို့အား ပေးဝေခြင်းငှာ၊ မီးရှို့ရာယဇ်များနှင့် နွားများကို ခွဲထားကြ၏။ 13ထုံးဖွဲ့တော်မူသည်အတိုင်း၊ ပသခါသိုးသငယ်ကို မီးနှင့်ကင်ကြ၏။ သန့်ရှင်းသောပူဇော်သကာ အခြားတို့ကို မြေအိုး၊ သံအိုး၊ သံကရား၌ပြုတ်၍ လူအပေါင်းတို့အား အလျင်အမြန် ဝေဖန်ကြ၏။ 14ထိုနောက်မှ ကိုယ်အဖို့နှင့် ယဇ်ပုရောဟိတ်အဖို့ကို ပြင်ဆင်ကြ၏။ အာရုန်သားယဇ်ပုရောဟိတ်တို့သည် ညဉ့်ဦးတိုင်အောင် မီးရှို့ရာယဇ်နှင့် ဆီဥကို ပူဇော်လျက်နေရသောကြောင့်၊ လေဝိသားတို့သည် ကိုယ်အဖို့ကိုလည်းကောင်း၊ အာရုန်သား ယဇ်ပုရောဟိတ် အဖို့ကိုလည်းကောင်း ပြင်ဆင်ကြ၏။ 15ဒါဝိဒ်နှင့် ရှင်ဘုရင်၏ပရောဖက် အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့ စီရင်သည်အတိုင်း၊ အာသပ်အမျိုးသား သီချင်းသည်တို့သည် မိမိတို့နေရာ၌ ရှိကြ၏။ တံခါးစောင့်တို့သည် မိမိတို့အမှုကိုမရှောင်၊ တံခါးရှိသမျှတို့ကို စောင့်ကြ၏။ သူတို့ညီအစ်ကို လေဝိသားတို့သည် သူတို့အဖို့ ပြင်ဆင်ကြ၏။ 16ထိုသို့ ယောရှိမင်းကြီး မိန့်တော်မူသည်အတိုင်း ပသခါပွဲကိုခံ၍ ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်းငှာ၊ ထာဝရဘုရားအား ပြုရသောဝတ်အလုံးစုံကို၊ ထိုနေ့ချင်းတွင် ပြင်ဆင်ကြ၏။ 17စည်းဝေးသော ဣသရေလအမျိုးသားတို့သည်၊ ထိုအခါ ပသခါပွဲကိုလည်းကောင်း၊ အဇုမပွဲကိုလည်းကောင်း၊ ခုနစ်ရက်ပတ်လုံး ခံကြ၏။ 18ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေဝိသား၊ စည်းဝေးသော ယုဒပြည်၊ ဣသရေလပြည်သား၊ ယေရုရှလင်မြို့သား အပေါင်းတို့ခံသော ထိုပသခါပွဲကဲ့သို့သောပွဲကို ပရောဖက်ရှမွေလလက်ထက်မှစ၍ ဣသရေလနိုင်ငံ၌မခံ။ ထိုသို့သောပသခါပွဲကို ဣသရေလရှင်ဘုရင် တစ်ယောက်မျှမခံ။ 19ယောရှိမင်းနန်းစံ ဆယ်ရှစ်နှစ်တွင်၊ ထိုပသခါပွဲကို ခံကြ၏။
ယောရှိမင်းနန်းသက်ကုန်ဆုံးခြင်း
(၄ရာ၊ ၂၃:၂၈-၃၀)
20ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင်ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင်၊ ယောရှိမင်းသည် ဆီးတားခြင်းငှာ ထွက်လေ၏။ 21အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒရှင်ဘုရင်၊ သင်သည် ငါနှင့်အဘယ်သို့ ဆိုင်သနည်း။ သင့်ကို ယနေ့ ငါစစ်ချီသည်မဟုတ်။ ငါနှင့် စစ်တိုက်ဖက် ဖြစ်သောအမျိုးကို စစ်ချီ၏။ ငါအလျင်အမြန် ပြုမည်အကြောင်း ဘုရားသခင် မှာထားတော်မူပြီ။ ငါ့ဘက်၌ရှိသော ဘုရားသခင်ကို ဆန့်ကျင်ဘက်မပြုဘဲ နေလော့။ သို့မဟုတ် သင့်ကို ဖျက်ဆီးတော်မူမည်ဟု သံတမန်ကိုစေလွှတ်၍ မှာလိုက်လေ၏။ 22သို့ရာတွင် ယောရှိသည် မလွှဲမရှောင်၊ နေခေါဆင့်ဆိုသော ဘုရားသခင်၏အမိန့်တော်ကို နားမထောင်၊ စစ်တိုက်ခြင်းငှာ ခြားနားသောအယောင်ကို ဆောင်လျက်၊ မေဂိဒ္ဒေါချိုင့်၌ စစ်ပွဲထဲသို့ ဝင်လေ၏။ 23လေးသူရဲတို့သည် ယောရှိမင်းကြီးကိုပစ်၍ မှန်သဖြင့်၊ မင်းကြီးက ငါ့ကိုဆောင်သွားလော့။ ပြင်းစွာ အထိအခိုက်ခံရသည်ဟု ကျွန်တို့အားဆိုလျှင်၊ 24ကျွန်တို့သည် ရထားတော်ပေါ်ကချ၍၊ ဒုတိယရထားတော်ပေါ်၌ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ၊ အနိစ္စရောက်၍ ဘိုးဘေးတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့သည်၊ ယောရှိမင်း အနိစ္စရောက်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။ 25ယေရမိသည်လည်း မြည်တမ်းသောစကားကို စီရင်၍ သီချင်းသည် ယောက်ျားမိန်းမရှိသမျှတို့သည်၊ ယနေ့တိုင်အောင် ယောရှိမင်းကို အောက်မေ့လျက်၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်းစာ၌ ရေးထားလျက်ရှိသတည်း။
26ယောရှိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့နှင့် ထာဝရဘုရား၏ပညတ္တိကျမ်း၌ ရေးထားသည်အတိုင်း ကျေးဇူးပြုခြင်း၊ 27အကျင့်ကျင့်ခြင်းအရာ အစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။

ရာဇဝင်ချုပ်ဒုတိယစောင် - ၃၅ (အနက်ဖွင့်)

၃၅: ဟေဇကိမင်းရှေ့က ပြသသွားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများကို ကိုယ်စီ တာဝန်ကျေပွန်ရန် ခန့်အပ်ကြပ်မတ်သည်။ ဗိမာန်တော်ရှိ ပဋိညာဉ်သေတ္တာတော်ကို သန့်ရှင်းစင်ကြယ်စေသည်။ ယဇ်ပုရောဟိတ်များသည်လည်း စည်းလုံးညီညွတ်စွာ ကိုယ်စီတာဝန် ထမ်းဆောင်ကြသည်။ ပသခါပွဲတော်ကျင်းပဖို့ ပြင်ဆင်ကြသည်။ ပဋိညာဉ်သေတ္တာအား ဗိမာန်တော်မှ ရွှေ့၍ပြန်သွင်းခြင်းသည် မေးစရာမေးခွန်းကြီး ဖြစ်ပါသည်။ ညစ်နွမ်းခြင်းမရှိအောင် ယဇ်ပုရောဟိတ်မင်းများက ပုခုံးထမ်း၍ တနေရာမှ တနေရာသို့ ဒေသစာရီလှည့်လည်ပေးခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် မနာရှေကသော်၎င်း၊ နေရာရွှေ့ခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်စေ ယောရှိမင်းက နေသားတကျ ဖြစ်အောင် ပြန်လည်ထားရှိပါသည်။

 ၃၅:၁၉ အာရှုရိဘေးရန်ကြောင့် တိုင်းပြည်ဆင်းရဲသော်လည်း၊ ယောရှိမင်းသည် ဘုရားတရားကိုင်းရှိုင်း၍ ပေးလှူခြင်းစေတနာသဒ္ဒါထက်သန်သူဖြစ်သောကြောင့် ပွဲတော်အတွက် ယဇ်ကောင်အမြောက်အမြားလှူဒါန်းသည်။ အခြားလူကြီးသူမ၊ မှူးကြီးမတ်ရာများကလည်း တတတ်တအားပါဝင်လှူဒါန်းကြသည်။ မောရှေစီရင်ရေးသားခဲ့သည့် ပသခါပွဲတော်ကျင်းပသည့် ပုံစံအတိုင်း တသွေမသိမ်းလိုက်ရာကျင်းပကြသည်။ လေဝိသားများက ချီးမွမ်းသီချင်း ကျူးဧပူဇော်ကြသည်။ ရှမွေလလက်ထက်တွင် နောက်ဆုံးကျင်းပခဲ့သည့် ပုံစံအတိုင်း ပသခါပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ဆင်နွဲကြသည်။ ထိုပွဲတော်သည် အကြီးအကျယ်ဆုံး၊ အခမ်းနားဆုံ:မဟုတ်သော်လည်း ယေဟောဝါဘုရားသခင်ရှေ့တော်၌ အပျော်ရွှင်ဆုံးပွဲတော်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူများ၏ ကိုးကွယ်ပူဇော်ခြင်းအတိုင်းအတာလေးနက်သည်။ထိုပသခါပွဲကဲ့သို့သော စည်းကားသည့်ပွဲမရှိစဘူး(ငယ် ၁၉ နှင့် ၃၄:၈တို့ကိုယှဉ်ဖတ်ပါ)။

၃၅:၂၀၂၄ နောက်ထပ်(၁၃)နှစ် နန်းစံကာလအကြောင်းမသိရပါ။ ယောရှိမင်းသက်တော်(၃၉)နှစ်တွင် အဲဂုတ္တုမင်းနေခေါဘုရင်နှင့် စစ်ဖြစ်သည်။ အဲဂုတ္တုစစ်တပ်သည် ဗာဗုလုန်ပြည်အားစစ်တိုက်ရန် အာရှုရိပြည်တလျှောက် ဖြတ်သန်းချီတက်ခြင်းဖြစ်သည်(၄ရာ ၂၃:၂၉)။ နေဇာဘုရင်နောက်ကွယ်တွင် ဝှက်ထားသော ဘုရားသခင်၏ လက်တော်ကို ယောရှိဘုရင်က မမြင်၊ ဘုရားသခင်ကိုလည်း ကြိုတင်မေးမြန်းတိုင်ပင်ခြင်းမပြုဘဲ ၊ ဖာရော့မင်းအဲဂုတ္တုဘုရင်ကို သွားတားသည်။ သို့ဖြင့် ယောရှိမင်းသည် အငှားဗိုက်ဖြင့် ဓါးထိုးခံရသည်။ တိုက်ပွဲတွင်ကျဆုံ:သည်။၂၈ဘုရားတရားသိသော ပြည့်ရှင်မင်းဆုံးရှုံးသောကြောင့် ယုဒပြည်သူများ ကြေကွဲဝမ်းနည်းကြသည်။ ဘုရားသခင်၏ အမျက်ဒေါသသင့်ခဲ့သည်(၃၄:၂၂-၂၈)။

ထိုအဖြစ်အပျက်ကို John Whitcombက ဤသို့မြင်သည်။

ဓမ္မဟောင်းကျမ်းတွင်အထူးခြားဆုံးဇာတ်ကွက်တခုဖြစ်သည်။ ဘုရားတရားမသိသော အဲဂုတ္တုဘုရင် ဒုတိယနေဇာမင်းက ဘုရားသခင်စေခိုင်းချက်အရ စစ်ချီသည်ဟုဆိုသော်လည်း ဘုရားသခင်၏ အစီအစဉ်ကိုဖျက်ဖို့ ကြိုးပမ်းသည်။ သို့ကြောင့်ဘုရားသခင်၏ ဖျက်ဆီးခြင်း ခံရသည်(၆ရာ ၃၅:၂၁)။ နေဇာမင်း၏ စကားကို ဝါဒဖြန့်ချီခြင်းဟု ထင်မှားကြသည်။ သမိုင်းရေးဆရာက ယောရှိမင်းသည် နေဇာမင်းပြောသော စကားအား  ဘုရားသခင်ထံမှ လာသောစကားမဟုတ်မှ အထင်လွဲပုံရသည်ဟုဆိုသည်။ နေဇာဘုရင်သည် ဘုရားသခင်၏ စကားကို ယုံကြည်သောကြောင့် ယောရှိမင်းအား သတ်ဖြတ်ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သဘောတူလက်ခံနိုင်ကြပါသလား။ မနာခံမှုကြောင့် ယောရှိမင်း၏ ကယ်တင်ခြင်း ဆုံးရှုံးခြင်းမဟုတ်ပါ။ ဘုရားသခင်သည် ရုပ်တုကိုးကွယ်သောမင်းများသို့ တိုက်ရိုက်စကားပြောလေ့မရှိပါ။ စိတ်နှလုံးပြောင်းဖို့သာလျှင် ပြောရိုးသာရှိသည်။ (က ၁၂:၁၇-၂၀၊ ၂၀:၃-၇ နှင့် ယှဉ်ကြည့်ပါ)။ ဘုရားသခင်က အဲဂု တ္တုစစ်တပ်အား ဥဖရတ်မြစ်ရိုးတစ်လျှောက်တွင် စစ်ကစားလှုပ်ရှားစေလိုသည်။ သို့မှသာလျှင်နေဗုခဒ်နေဇာမင်း အာရှုရိစစ်တပ်အား နှိမ်နှင်းအောင်မြင်နိုင်မည်။ လမ်းတလျှောက် ချီတက်လာ၍ ယုဒပြည်ကိုလည်း သိမ်းပိုက်နိုင်မည်(ယေ ၂၅:၈-၁၁ နှင့်ယှဉ်ဖတ်ပါ)။၂၉

၃၅:၂၅၂၇ ယောရှိမင်းသေဆုံးသောကြောင့် ပရောဖက်ယေရမိ ငိုကြွေးသည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံကြရသည့်နောက်ပိုင်းတွင်လည်း တေးကဗျာဆရာများက လွမ်းတေးသီဖွဲ့ စပ်ဆိုကြသည်။ ယောရှိမင်းသည် စာတတန်ပေတတန် ရေးမှတ်အပ်သော သူတထူးဖြစ်သည်။ ဘုရားသခင်၏ ပညတ်တော်များကို လေးစားကြည်ညိုသည်။ သူ၏ယုံကြည်သစ္စာသည် ဘုရားသခင်၏ ပညတ်တော်များကို လေးစားကြည်ညိုသည်။  သူ၏ ယုံကြည်ခြင်းသစ္စာသည် ဘုရားသခင်၏နှုတ်ကပတ်တော်၌ အမြဲရှင်သန်နေသည်။ ယေ ၂၂:၁၆ တွင် “သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏” ဟု ကျမ်းစကားထူထားသည်။ ယောရှိသည် ဘုရားသခင် သိကျွမ်းသူဖြစ်ကြောင်း ဘဝအသက်တာဖြင့် သက်သေပြသည်။ ငယ်ရွယ်နုပျိုစဉ် ကာလကပင် ဘုရားသခင်ကို ရှာဖွေသည်(၃၄:၃)။ ဘဝတသက်တွင်နာခံခြင်းဖြင့် အသက်ရှင်သည်။ “မောရှေတရား၌ ပါသမျှကို ကျင့်သဖြင့် စိတ်နှလုံးအကြွင်းမဲ့ စွမ်းသတ္တိရှိသမျှနှင့် ထာဝရထံတော်သို့ပြောင်းလဲ၍ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တပါးမှ မပေါ်စဘူး။ နောင်ကာလ၌လည်း မပေါ်မရှိ” (၄ရာ ၂၃:၂၅)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။