ရာဇဝင်ချုပ်ဒုတိယစောင် - ၁

ဉာဏ်ပညာကိုရှောလမုန်တောင်းခံခြင်း
(၃ရာ၊ ၃:၁-၁၅)
1ဒါဝိဒ်၏သားတော်ရှောလမုန်သည်၊ မိမိဘုရားသခင် ထာဝရဘုရားမစတော်မူခြင်း၊ အလွန်ချီးမြှောက်တော်မူခြင်း ကျေးဇူးကြောင့်၊ မိမိအာဏာတော်တည်ကြည်မြဲမြံသောအခါ၊ 2လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ တရားသူကြီး၊ ဣသရေလမင်းအပေါင်းတို့နှင့် အဆွေအမျိုးသူကြီး အစရှိသော ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်၍၊ 3တော၌ ထာဝရဘုရား၏ကျွန်မောရှေလုပ်ခဲ့သော ဘုရားသခင်၏ ပရိသတ်စည်းဝေးရာတဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ ရှိသည်ဖြစ်၍ ထိုအရပ်သို့ ပရိသတ်အပေါင်းတို့နှင့်အတူ သွားတော်မူ၏။ 4ဘုရားသခင်၏သေတ္တာတော်ကိုကား ဒါဝိဒ်ပြင်ဆင်သောအရပ်၊ ယေရုရှလင်မြို့၌ ဆောက်နှင့်သောတဲသို့ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့သော်လည်း၊ 5ဟုရသားဖြစ်သော ဥရိ၏သား ဗေဇလေလ လုပ်ခဲ့သော ကြေးဝါယဇ်ပလ္လင်ကို ထာဝရဘုရား၏တဲတော်ရှေ့မှာထားသောကြောင့်၊ ရှောလမုန်နှင့် ပရိသတ်တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။ 6ထိုသို့ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့၊ ထာဝရဘုရား ရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှောလမုန်ရောက်၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တစ်ထောင်ကို ပူဇော်လေ၏။
7ထိုညတွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ၏။ 8ရှောလမုန်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်အဘဒါဝိဒ်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ။ အဘအရာ၌လည်း အကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ။ 9ယခုမှာ အိုထာဝရအရှင် ဘုရားသခင်၊ မြေမှုန့်များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသောလူတို့၏ ရှင်ဘုရင်အရာ၌ အကျွန်ုပ်ကို ချီးမြှောက်တော်မူသောကြောင့် အဘဒါဝိဒ်၌ထားသော ကတိတော်ကို တည်စေတော်မူပါ။ 10အကျွန်ုပ်သည် ဤလူတို့ရှေ့မှာ ထွက်ဝင်နိုင်မည်အကြောင်း ဉာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။ 11ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက်မေ့၍ စည်းစိမ်ဥစ္စာ ဂုဏ်အသရေကိုမတောင်း၊ ရန်သူတို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သောအသက်ကိုလည်း မတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏လူမျိုးကို တရားစီရင်ခြင်းငှာ တတ်နိုင်သော ဉာဏ်ပညာကိုသာ ကိုယ်အဖို့တောင်းသောကြောင့်၊ 12ဉာဏ်ပညာကို ငါပေး၏။ ထိုမှတစ်ပါး သင့်ရှေ့မှာဖြစ်ဖူးသော ရှင်ဘုရင်နှင့် သင့်နောက်၌ ဖြစ်လတ္တံ့သော ရှင်ဘုရင်တစ်ယောက်မျှ မမီနိုင်မည်အကြောင်း၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
ရှောလမုန်၏တန်ခိုးနှင့်စည်းစိမ်
(၃ရာ၊ ၁၀:၂၆-၂၉)
13ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ရှိသော ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှသည် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ၏။
14ထိုနောက် ရှောလမုန်သည် ရထားများ၊ မြင်းစီးသူရဲများကို ဆည်းပူး၍၊ ရထား တစ်ထောင်နှင့်လေးရာ၊ မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌လည်းကောင်း၊ ယေရုရှလင်မြို့ အထံတော်၌လည်းကောင်း ထား၏။ 15ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့လည်းကောင်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့လည်းကောင်း များပြားစေ၏။ 16ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှ ဆောင်ခဲ့ရ၏။ ရှင်ဘုရင်ကုန်သည်တို့သည် အဖိုးပေးလျက်၊ ကောမြို့၌ ခံယူရကြ၏။ 17အဲဂုတ္တုပြည်မှ ရထားတစ်ခုကို ငွေခြောက်ပိဿာနှင့်လည်းကောင်း၊ မြင်းတစ်စီးကို တစ်ပိဿာငါးဆယ်နှင့်လည်းကောင်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့်၊ ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။

ရာဇဝင်ချုပ်ဒုတိယစောင် - ၁ (အနက်ဖွင့်)

၁။ရှောလမုန်ဘုရင်၏နိုင်ငံတော်(အခန်း၁)

(က)ရှောလမုန်၏ ယုံကြည်ကိုးကွယ်မှု၊ ဉာဏ်ပညာနှင့်ကြွယ်ဝချမ်းသာမှု (အခန်း )

 : ဒါဝိဒ်မင်း ကွယ်လွန်ရသည့်အကြောင်းကို ၁ရာ ၁-၃ တွင် ရှင်းပြပြီး၊ ရှောလမုန်မင်း နန်းဆက်ခံပုံကို ၅ရာ ၂၉တွင် ရှင်းပြထားသည်။ ရှောလမုန်နန်းတက်ဖို့ အရေးအခင်းတွင် အခေါနိယနှင့်စစ်သူကြီး ယွာဘတို့ အဓိကဂိုဏ်း ဖြစ်ခဲ့ကြပြီး (၅ရာ ၂၂:၉-၁ဝ) ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း ရှောလမုန်က နန်းမွေဆက်ခံသည်။

ရှောလမုန်မင်းသည် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ငြိမ်ဝပ်ပိပြားဖို့ အကြီးအကဲများကို တဲတော်ရှိရာ ဂိဗောင်တွင် ကတိသစ္စာ ပြုစေသည်။

: ဒါဝိဒ် ပဋိညာဉ်သေတ္တာတော်အား ယေရုရှလင်သို့ ပင့်ဆောင်ပြီး ဖြစ်သော်လည်း (၅ရာ ၁၃-၁၅) အဓိကအသုံးအဆောင် တန်ဆာပလာများသည် ဂိဗောင်တွင် ကျန်ရှိနေသေးသည်။ ကြေးယဇ်ပလ္လင်မှစ၍ ပရိဘောဂများ ကျန်ရှိသည်။ ထိုယဇ်ပလ္လင်အား သွားရောက်ပင့်ဆောင်ရာတွင် ရှောလမုန်မင်းသည် ခမည်းတော် ဒါဝိဒ်မင်းနည်းတူ ယဇ်ကောင်တစ်ထောင်ဖြင့် ယေဟောဝါဘုရားသခင်အား ပူဇော်သည်။

:၁၂ ထိုနေ့ညတွင် ဘုရားသခင်သည် ရှောလမုန်ထံ မနိုးတဝက်နိုး တဝက်အိပ်မက်ပုံစံဖြင့် ရှောလမုန်မင်းထံ ကိုယ်ထင်ပြ၍ အလိုအပ်ဆုံးသော လက်ဆောင်ကို တောင်းခိုင်းသည်(ငယ်၇၊၃ရာ ၃:၅) ရှောလမုန်မင်းက တိုင်းသူပြည်သားများကို တရားတော်နှင့်အညီ အုပ်စိုးနိုင်မည့် ဉာဏ်ပညာ အမြော်အမြင် တောင်းဆိုသည်။ ဘုရားသခင်သည် ရှောလမုန်မင်း၏ တောင်းဆိုချက်အား ရွှေဘဝင်ကျတော်မူသောကြောင့် တောင်းဆိုသော ဆုလက်ဆောင်သာမက၊ ချမ်းသာကြွယ်ဝခြင်းနှင့် ဘုန်းတန်ခိုးပါ အပို ဆောင်းပေး လိုက်သည်။

:၁၃ ရှောလမုန်ဘုရင်သည် ယေရုရှလင်နန်းတော်သို့ ပြန်လာ၍ ဘုန်းတန်ခိုး ပြည့်စုံကြွယ်ဝ စွာစိုးစံသည်။ ဤကျမ်းချက်သည် ရှောလမုန်ဘုရင်၏ စီးသောရထား၊ မြင်းစစ်သည်တော်၊ ရွှေ၊ငွေ ကြွယ်ဝချမ်းသာပုံ  ဟိမဝန္တာချီးမွမ်းခန်း ဖြစ်သည်။ သို့သော် အလွန်အမင်းချမ်းသာ ကြွယ်ဝမှုသည် အသုံးမပြု တတ်လျှင် လမ်းမှားခဏခဏ ရောက်စေသည်။ ရှောလမုန်မင်းသည် လည်း ထိုလမ်းစဉ် အတိုင်းဖြစ်သည်။ လူသည် ဆင်းရဲခြင်းဒဏ်ကိုခံနိုင်ကြသော်လည်း ချမ်းသာခြင်း ဒဏ်ကို မခံစား တတ်ကြ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။