တိမောသေဩဝါဒစာပထမစောင် - ၆

1ဘုရားသခင်၏ နာမတော်နှင့်တရားတော်သည် ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အစေခံကျွန် မည်သည်ကား၊ မိမိသခင်ကို အလွန်ရိုသေထိုက်သောသူ ဟူ၍ မှတ်စေ။- 2သခင်သည် ယုံကြည်သောသူဖြစ်လျှင်၊ ညီအစ်ကိုဖြစ်သည်ဟု စိတ်ထင်နှင့်၊ မခန့်မညားမပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရသောသူသည် ယုံကြည်သောသူ၊ ချစ်အပ်သောသူဖြစ်သောကြောင့် သာ၍ အစေခံစေ။ ဤသို့ဆုံးမဩဝါဒပေး၍ တိုက်တွန်းသွေးဆောင်လော့။
ခြားနားသောဩဝါဒနှင့်စစ်မှန်သောချမ်းသာ
3ခြားနားသောဩဝါဒကို သင်ပေး၍၊ ငါတို့သခင် ယေရှုခရစ်၏စကားတည်းဟူသော စင်ကြယ်သော စကားကိုလည်းကောင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒကိုလည်းကောင်း ဝန်မခံသောသူမည်သည်ကား၊- 4မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး၍ စကားကြောင့်သာ ငြင်းခုံသောအားဖြင့် စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ မနာလိုသော ကြံစည်ခြင်း၊- 5စိတ်နှလုံးယိုယွင်း၍၊ သမ္မာတရားနှင့်ကင်းသော သူတို့၏ အချည်းနှီးဆွေးနွေးခြင်း ဖြစ်တတ်၏။ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သောသူတို့ကို ရှောင်လော့။- 6ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။- 7အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။- 8သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။- 9ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။- 10အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ။
ကောင်းစွာသောတိုက်လှန်ခြင်း
11သို့ဖြစ်၍၊ အို ဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့။- 12ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကို ကိုင်ယူလော့။ ထိုအသက်ကိုရမည်အကြောင်း၊ သင်သည် ခေါ်တော်မူခြင်းကိုခံရ၍၊ သက်သေအများတို့ ရှေ့၌ ကောင်းမွန်စွာဝန်ခံပြီ။- 13ငါတို့သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည်တိုင်အောင်၊ သင်သည်အညစ်အကြေးနှင့် ကင်းစင်၍ အပြစ်တင်ခွင့် မရှိဘဲလျက်၊ ပညတ်တော်ကို စောင့်ရှောက်မည်အကြောင်း၊- 14အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင့်ရှေ့မှာလည်းကောင်း၊ ပုန္တိပိလတ်မင်းထံ ကောင်းသောဝန်ခံခြင်းဘက်၌ သက်သေခံတော်မူသော ယေရှုခရစ် ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကိုပညတ်ထား၏။- 15-16မရဏနှင့်ကင်းလွတ်သောသူ တစ်ပါးတည်းဖြစ်တော်မူထသော၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌နေတော်မူထသော အဘယ်သူမျှ မမြင်ဖူးရာ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော၊ မင်္ဂလာရှိသော တစ်ပါးတည်းသော အရှင်ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင်သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ ထိုဘုရားသခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။
17ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်းနှင့်၊- 18သူတစ်ပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သော စေတနာစိတ်ရှိခြင်း၊ အချင်းချင်း ဆက်ဆံခြင်း၊- 19မှန်သောအသက်ကို ဝင်စားလိုသောငှာ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။
20အို တိမောသေ၊ သင်၌အပ်ထားသော အရာကို စောင့်ရှောက်လော့။ တရားမဲ့ဖြစ်သော အချည်းနှီး စကားပြောခြင်းကိုလည်းကောင်း၊ သိပ္ပံအတတ်ဟူ၍ အလွဲခေါ်ဝေါ်သော သိပ္ပံအတတ် ဆီးတားနှောင့်ယှက်ခြင်းကိုလည်းကောင်း ရှောင်လော့။- 21ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့်၊ ယုံကြည်ခြင်းတရားလမ်းမှ လွဲကြပြီ။ သင်၌ကျေးဇူးတော် ရှိစေသတည်း။ အာမင်။
တိမောသေဩဝါဒစာပထမစောင်ပြီး၏။

တိမောသေဩဝါဒစာပထမစောင် - ၆ (အနက်ဖွင့်)

(အစေခံကျွန်များနှင့် သခင်များ (:)

: အစေခံကျွန်အကြောင်း ပြောကြရမည်။ အစေခံကျွန်သည် ထမ်းပိုးထမ်းသူများဖြစ်သည်။ ထို ထမ်းပိုးမှာ ကျွန်ဟူသောထမ်းပိုး ဖြစ်သည်။ ပထမဦးစွာ ကယ်တင်ခြင်းမရသော သခင်များအောက်ရှိ ကျွန်များအကြောင်း ပြောပြပါသည်။ ကယ်တင်ခြင်းမရသောသခင်များ ဖြစ်သောကြောင့် မထီမဲ့မြင်ပြုရမည်လား။ ကလန်ကဆန်လုပ်ရမည်လား။ သို့မဟုတ် ထွက်ပြေးရမည်လား။ ဝတ်ကျေတန်းကျေသာ လုပ်ရမည်လား။ ထိုသို့မဟုတ်ရပါ။ မိမိသခင်ကို ရိုသေထိုက်သမျှ ရိုသေရမည်။ လေးစားရမည်။ နာခံရမည်။ သစ္စာရှိရမည်။ တတ်စွမ်းသမျှ လုပ်ကျွေးရမည်။ အဓိကအချက်မှာ ခရစ်တော်၏ သက်သေခံကောင်းဖြစ်ကြောင်း ပြသရမည်။ ခရစ်ယာန်ကျွန်ဖြစ်လျက်နှင့်  မိမိသခင်အား မရိုမသေပြုလျှင် ဘုရားသခင်၏ နာမတော်အား ကဲ့ရဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းအား ပြက်ရယ်ပြုခြင်း ဖြစ်သည်။ ခရစ်ယာန်များသည် ကြွယ်ဝသော အသက်တာရှိသူများဖြစ်ကြောင်း သက်သေပြရသည်။

ကနဦးအသင်းတော်ကာလတွင် ကျွန်ဈေးကွက်၌ ခရစ်ယာန်ကျွန်များသည် အခြားကျွန်များထက် ဈေးကြီးကြသည်။ ခရစ်ယာန်မှန်းသိလျှင် အခြားမယုံကြည်သူကျွန်များထက် ဈေးပိုပေးရန် လက်မတွန့်ကြ။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်ကျွန်များသည် သစ္စာရှိကြသည်။ ခရစ်ယာန်ယုံကြည်ခြင်းကို တောက်ပစေသူများလည်း ဖြစ်သည်။

မည်သည့်အဆင့်အတန်းတွင် နိမ့်ကျဆင်းရဲသူ ဖြစ်စေကာမူ ခရစ်တော်၏နာမတော်၌ သက်သေခံနိုင်သော အခွင့်ထူးရှိသည်။

ဓမ္မသစ်ကျမ်းတွင် ကျေးကျွန်စနစ်အား ရှုတ်ချခြင်းမတွေ့ရပါ။ သို့သော် ခရစ်ယာန်ယုံကြည်ခြင်း သွန်သင်ရာတွင် ကျေးကျွန်များ ညှင်းပန်းနှိပ်စက်ခြင်းကို ပြစ်တင်ရှုတ်ချထားသည်။

စစ်မှန်သော ယုံကြည်သူတိုင်းက ထိုကျွန်သည် ခရစ်တော်၏ အစေခံကျွန်လည်းဖြစ်ကြောင်း သိမှတ်ကြသည်။ ခရစ်တော်က ဝယ်ယူထားပြီး ဖြစ်သောကြောင့် သူ့ကိုယ်သူလည်း မပိုင်ဆိုင်တော့ပါ။ ခရစ်တော်က ပိုင်ဆိုင်သည်။ ခန္ဓာ၊ စိတ်၊ ဝိညာဉ်အားလုံး အကောင်းဆုံးဖြစ်အောင် ပြုပြင်ပေးထားသည်။

: ယုံကြည်သူသခင်များနှင့် ဆက်ဆံခြင်းအကြောင်း ဖြစ်သည်။ ကျွန်များအတွက် အလွန်တင်းကြပ် ခက်ခဲသောဆက်ဆံရေး ဖြစ်သည်။ အသင်းတော်ဝတ်ပြု အစည်းအဝေး၌၎င်း၊ ပွဲတော်ဝင်ရာ၌၎င်း အတူတကွ တန်းတူဆက်ဆံပါဝင် (တ၂၀:၇)ကြရသည်။ ခရစ်ယာန်သခင်နှင့် ခရစ်ယာန်ကျွန်တို့ ခုံတလုံးတွင် တန်းတူထိုင်ကြရသည်။ စားပွဲတလုံးတွင် တဝိုင်းတည်းထိုင်ကြရသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်၌ ညီအကိုပေါင်းဖော်များ ဖြစ်ကြသည်။ ထိုသို့ပြုရာတွင် ကျွန်များသည် လူမှုပေါင်းသင်းဆက်ဆံရေးကို လစ်လျူမရှုသင့်။ သခင်လည်း ယုံကြည်သူခရစ်ယာန်ဖြစ်သည်ဟူ၍ တန်းတူရည်တူ သဘောမထားရ။ ကျွန်သည် ခရစ်ယာန်ပီသစွာ သခင်အား အစ်ကိုကြီးသဖွယ် ပိုမိုဂရုစိုက်၍ လေးစားရိုသေရသည်။

ခရစ်ယာန်သခင်များသည် ယုံကြည်သူညီအကိုများဖြစ်သည်သာမက၊ အချစ်ဆုံးလူ၊ အကျိုးပြုဆုံးသူ ဖြစ်သည်။ ထိုသို့ဖြင့် ကယ်တင်ခြင်း၏ ကောင်းကြီးမင်္ဂလာကို အချင်းချင်းဝေငှရသည်။ အပြောအဆိုချိုရုံသာမက သခင်နှင့်ကျွန် နှစ်ပါးစလုံးသည် ကောင်းသောအကျင့်ရှိသူများဖြစ်၍ အခြားသူများအား ကူညီမစရန် စိတ်တူကိုယ်တူရှိသူများလည်း ဖြစ်ရသည်။

သွန်သင်ခြင်းနှင့် တိုက်တွန်းခြင်းသည် ခရစ်ယာန်ကျွန်များအတွက် လိုအပ်သော လမ်းညွှန်ချက် ဖြစ်သည်။ ယနေ့ခေတ်ကာလတွင်မူ ကျွန်စနစ်မရှိသော်လည်း အလုပ်ရှင်နှင့် အလုပ်သမား အခြားဆက်ဆံရေးဟု မှတ်ယူရမည်။

၆။ မှားယွင်းသော သင်ဆရာများနှင့် ငွေကြေးတပ်မက်ခြင်း (:၁၁)

: အသင်းတော်၌ ထူးဆန်းသောတရားနှင့် တရားသစ် သွန်သင်ခြင်းအကြောင်းကို သတိပေးထားသည်။ ထိုမှားယွင်းသော ဆရာများသည် စင်ကြယ်သောတရားကို သွန်သင်ခြင်းမရှိကြ။ စင်ကြယ်သောတရားဆိုသည်မှာ သခင်ခရစ်တော်ဘုရား လူ့လောကတွင်ရှိနေစဉ် ဟောကြားတော်မူသော ဒေသနာများနှင့် ခရစ်ဝင်ကျမ်းသတင်းကောင်း ဖြစ်သည်။ ထိုတရားဒေသနာများသည် ဓမ္မသစ်ကျမ်း၏ အဓိကသွန်သင်ချက် ဖြစ်သည်။ ထိုတရားများသည် ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ညီသော ဩဝါဒများ ဖြစ်သည်။

: လူသည် ဉာဏ်ပညာတတ်လေလေ မာနထောင်လွှားလေလေ ဖြစ်သည်။ စင်စစ်တွင်မူ ထိုသူများသည် ဘာမှမသိကြပါ။ မည်သည့်အကြောင်းအရာ ပြောဆိုနေကြမှန်း မသိကြပါ။

ပုစ္ဆာအမေးအဖြေလုပ်၍ ငြင်းခုန်ကြသူများသာဖြစ်သည်။ ငြင်းခုန်ခြင်းသည် ရောဂါတမျိုးဖြစ်သည်။ ဝိညာဉ်ရေးရာ ရောဂါသည်များ ဖြစ်သည်။ အနာရောဂါဘယကင်းရှင်းကြောင်း ပြောဆိုမည့်အစား ဂီလာနများကို မွေးထုတ်ကြသည်။ ငြင်းခုန်ကြသောစကားများသည် ဝိညာဉ်ရေးရာ အသက်ရှည်ရာမဟုတ်ဘဲ စကားအရာ၌ အချင်းများခြင်းသာ ဖြစ်သည်။

သမ္မာကျမ်းစာ၌ အခြေမခံဘဲ၊ တောင်ပြောမြောက်ပြော ပြောဆိုကြသည်။ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ အသရေရှုတ်ချခြင်း၊ မနာလိုကြံစည်ခြင်း၊ စိတ်နှလုံးယိုယွင်းခြင်းသာ ဖြစ်သွားစေသည်။

ထိုအကြောင်းနှင့်ပတ်သက်၍ Lenski က ဤသို့ဆိုထားသည်။

သူတို့ပြောသောစကားလုံးများသည် လေတိုက်ပွဲဖြစ်၍ တစ်ဦးကိုတစ်ဦးငြူစူစေသည်။ တယောက်နှင့်တယောက် အငြင်းပွားစေသည်။ အကျိုးရလာဒ်မရှိပါ။ အပြစ်ဖို့ခြင်း၊ ကလဲ့စားချေခြင်း၊ နမင်းငဆပြောဆိုခြင်း၊ မဖွယ်မရာဆဲဆိုခြင်းဖြစ်သည်။၁၈

: ရုန့်ရင်းကြမ်းတမ်းသောစကားများသည် လူ၏ပျက်စီးခြင်းဖြစ်သည်။ စိတ်ရောဂါတမျိုး ဖြစ်သည်။

Lenski က ဤသို့ ပြစ်ပြစ်နှစ်နှစ် ဆိုထားသည်။ စိတ်ရောဂါဖြင့် ပျက်စီးခြင်းသည် အရှက်အကြောက်မဲ့ခြင်း ဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပုံမှန်အလုပ်မလုပ်ကြသောကြောင့် စိတ်နှင့်ဝိညာဉ်ထိပါးသည်။ သမ္မာတရားကို ဝေဖန်ပိုင်းခြင်း၊ လက်ခံခြင်းမပြုနိုင်သဖြင့် တုံ့ပြန်ခြင်းသည် အထူးသဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းတရားကို မခံယူနိုင်။ မှားယွင်းစွာ တုံ့ပြန်တတ်ကြ၍ သမ္မာတရားတွေ့သည့်အခါတွင်လည်း စိတ်အာရုံချို့ယွင်းနေသဖြင့် ထွက်ပြေးဖို့သာ ကြိုးပမ်းသည်။ ထိုသို့ဖြင့် ကြာလေဝေးလေဖြစ်သွားသည်။၁၉

ဤလူများသည် သမ္မာတရားကို သိရှိခဲ့ကြသော်လည်း ငြင်းပယ်ကြသည်။ သမ္မာတရားကို မခံစားနိုင်ကြ။

ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် စီးပွားဖြစ်နည်းလမ်းအဖြစ် ထင်မှတ်ကြသည်။ ထို့ကြောင့် ဘာသာရေးဆရာများအဖြစ် အသက်မွေးဝမ်းကြောင်းပြုရန် ဆက်ကပ်ကြသည်။ အကောင်းဆုံးသော ငွေရပေါက်ကြီးဟု ခံယူကြသည်။

ထိုသူများကို အငှားသိုးထိန်းများဟု ကျမ်းစာကဖော်ပြထားသည်။ ခရစ်ယာန်အမှုတော်ဆောင်များဟု ဆိုရသော်လည်း သမ္မာတရားကို အမှန်တကယ်မချစ်။ ခရစ်ယာန်လောကကို စီးပွားရေးစားကျက်မြေအဖြစ် သဘောထားသည်။ ကုန်ပစ္စည်းရောင်းဝယ်ရာ၊ လောင်းကစားရာ၊ ထီဖွင့်ရာအဖြစ် မြင်သည်။ ထို့ကြောင့် ထိုသူများနှင့် ကင်းကင်းရှင်းရှင်းနေပါ။ ထိုသို့သောသူကို ရှောင်လော့၂၀ဟု သတိပေးထားသည်။

: ယခင်ကျမ်းပိုဒ်တွင် အမှားသရုပ်ပြ ရှင်းပြခဲ့ပြီးနောက် ဤကျမ်းပိုဒ်တွင် သမ္မာသစ္စာစကား ဆိုထားသည်။ ဘုရားသခင်၏ အလိုတော်နှင့်အညီ တင်းတိမ်ရောင့်ရဲခြင်းသည် အကျိုးစီးပွားများသည် တင်းတိမ်ရောင့်ရဲခြင်းဖြစ်သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်မပါရှိလျှင် တလမ်းသွားစနစ်ဖြစ်သည်။ တင်းတိမ်ရောင့်ရဲမှုတိုင်းသည် ဘုရားသခင်၏ အလိုတော်မဟုတ်။ ဘုရားသခင်၌ တင်းတိမ်ရောင့်ရဲခြင်းသည် သုခချမ်းသာ ဧကန်အမှန်ဖြစ်သည်။ ငွေဖြင့်ဝယ်၍ မရနိုင်ပါ။ ရွှေထက်တန်ဖိုးကြီးသည်။

: ဤအခန်းသည်  သခင်ယေရှုခရစ်တော် ဟောကြားခဲ့သော တောင်ပေါ်ဒေသနာကို အတိုချုံး စုစည်းခြင်းဖြစ်သည်။ ကောင်းကင်ဘုံရှင်အဘ ဘုရားသခင်သည် လူ့လောကသားများ၏ နေ့စဉ်အသက်တာ လိုအပ်ချက်များကို ဖြည့်ဆည်းနေကြောင်း အပိုဒ်ငယ် (၇)တွင် ရှင်းပြထားသည်။

လူ့ဘဝအသက်တွင် လက်ချည်းဗလာကြုံတွေ့ရသော အချိန်အခါ (၃) ကြိမ် ရှိသည်။ မွေးဖွားချိန် ခရစ်တော်ထံသို့ရောက်လာချိန်နှင့် သေလွန်ချိန်တို့ ဖြစ်သည်။ ဤကျမ်းပိုဒ်တွင် ပထမအချိန်နှင့် တတိယအချိန်ကို သတိပေးထားသည်။ လူ့ဘဝသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း အဘယ်အရာကိုမျှယူ၍ မသွားနိုင်ဟု သတိပေးထားသည်။

မဟာအလက်ဇန္ဒြား မကွယ်လွန်မီ “ငါသေလျှင် အာခေါင်းပေါ်တင်သောအခါ ငါ့လက်ကို အဝတ်မအုပ်နှင့် အပြင်ထုတ်ထားပေးပါ။ အဘယ်ကြောင့်ဆိုသော် တမလွန်ဘဝသို့ မည်သည့်အရာမှ ယူဆောင်သွား၍ မရကြောင်း လူတွေသိစေချင်သည်”ဟုဆိုသည်။ Bates ကလည်း ဤသို့ထောက်ခံသည်။

မှန်ပါသည်။ လူ့ဘဝတွင် လူ့လက်ဖြင့် အရာဝတ္ထုများ လုပ်ကိုင်ထုတ်လုပ်ခဲ့ပါသည်။ အထက်မြတ်ဆုံးသော ဓားမဖြစ်ခဲ့သည်။ ရွှေ၊ ငွေ၊ အမြောက်အမြားရယူပိုင်ဆိုင်ခဲ့သည်။ သို့သော် ကွယ်လွန်သည့်အချိန်တွင်မူကား ဘာတခုမှပါမသွား။ အခွံချည်းသာ ဖြစ်သည်။

: တင်းတိမ်ရောင့်ရဲခြင်းတွင် မိမိဘဝကို ကျေနပ်ခြင်းသည် အခြေခံအကျဆုံး ဖြစ်သည်။ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် လူတို့၏ပဓာနလိုအပ်ချက် စားဝတ်နေရေးကို သိသည်နှင့်အညီ အစဉ်ဖြည့်ဆည်းထောက်ပံ့နေပါသည်။ မယုံကြည်သူများသည် နိစ္စဓူဝ စားဝတ်နေရေးတွင် လုံးပန်းရှင်သန်ကြသည်။ ယုံကြည်သူများသည် ဦးစွာ ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှာဖွေရသည်။ ထိုသို့ဖြင့် လူ့ဘဝအဓိပ္ပါယ်မရောက်ရအောင် ဘုရားသခင်က ဖြည့်ဆည်းပေးသည်။ ဘုရားသခင်က အသိအမှန်ပြုသည်။

ဤကျမ်းချက်မှ အဝတ်အစားဆိုသည်မှာ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ရသော အဝတ်အစားသာမဟုတ်ပါ။ နေစရာကွန်းခိုစရာ၊ နေအမိုးအကာလည်း အကြုံးတင်သည်။

: အပိုဒ်ငယ် ၉-၁၆ တွင် ချမ်းသာချင်သူများ၏ ရမ္မက်ကို သတိပေးထားသည်။ ထိုသို့ ချမ်းသာချင်ခြင်းသည် အပြစ်ဒုစရိုက်မဟုတ်ပါ။ လောကရမ္မက်ကြီးခြင်းသာလျှင် အပြစ်ဒုစရိုက် ဖြစ်စေသည်။ ချမ်းသာချင်သူများသည် အခြေခံစားဝတ်နေရေး လုံလောက်ပါလျက်နှင့် အပိုအလျှံ လိုအပ်ကြသည်။ အဝတ်အစား အနေအထိုင် ပိုမိုခံစားချင်ကြသည်။

ချမ်းသာကြွယ်ဝလိုခြင်းသည် စုံစမ်းခြင်းတမျိုး ဖြစ်သည်။  ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရန်  မရိုးသားမှု မတရားမှုပြုလုပ်လာသည်။ ရုန်းရင်းဆန်ခတ်မှု ကျူးလွန်လာသည်။ လောင်းကစားခြင်း၊ လှည့်ဖြားခြင်း၊ မျက်နှာလိုက်ခြင်း၊ ခိုးမှု၊ လူသတ်မှု အစရှိသဖြင့် တသီတတန်းကြီး ပြစ်မှုလိုက်လာသည်။ ထိုသူသည် တစထက်တစ အပြစ်စရိုက် ထောင်ချောက်ထဲသို့ ရောက်ရှိသည်။ လောကရမ္မက်ပြင်းထန်လာလျှင် မိမိကိုယ်ကိုမချုပ်တည်းနိုင်။ မထိန်းသိမ်း။ ငွေမည်မျှချမ်းသာလျှင် ရပ်နားပါတော့မည်ဟု မိမိကိုယ်ကို ကတိကဝတ်ပြုကောင်းပြုမည်။ သို့သော်လည်း လောဘအတောမသတ်နိုင်။ ရည်မှန်းချက်ရောက်လျှင်လည်း လောဘမသတ်နိုင်။ ထပ်လိုချင်သည်။ လောဘဟူသည်မှာ ရလေလိုလေ အိုတစ္ဆေဖြစ်သည်။ ငွေရတတ်ခြင်းသည်လည်း ငွေသာမက၊ သောကကိုလည်း တပါးတည်းယူဆောင်လာသည်။ ငွေကြေးချမ်းသာချင်လွန်းသူများသည် လောဘရမ္မက်မိုက်မဲခြင်း ဒုစရိုက်ကျင်းထဲသို့ ရောက်ရှိသူများ ဖြစ်သည်။ ထို့ကြောင့် ကွန်မြူနစ် လူ့အသိုင်းအဝိုင်းများတွင် ကြွယ်ဝချမ်းသာခြင်း၊ ဘူဇွာတော်လှန်ရေး မကြာခဏ ဆင်နွဲကြသည်ကိုလည်း တွေ့ရသည်။

လောကရမ္မက် တပ်မက်ကြခြင်းကြောင့် လူ့ခန္ဓာကိုယ်သည် အန္တရာယ်ကြုံတွေ့ရသည်။ လူ့ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ထိအောင် ထိခိုက်စေကြသည်။ စင်စစ်ထိုအပြုအမူ၊ အကျင့်အကြံသည် မိမိဘဝကို အဆုံးပို့ခြင်း ဖြစ်သည်။ ရွှေကိစ္စ၊ ငွေကိစ္စနောက်သို့ လိုက်ခြင်းဖြင့် ဝိညာဉ်ရေးရာကိစ္စ မေ့လျော့ကြသည်။ ထိုအကြောင်းကို Barn က ဤသို့ သတိပေးထားသည်။

ပျက်စီးရာတွင် လုံးဝပျက်စီးကြသည်။ ပျော်ရွှင်မှုဟူသမျှအကုန်လုံး၊ လူဘဝတန်ဖိုးအကြွင်းမဲ့၊ ဝိညာဉ်ရေးရာ အကုန်အစင် ပျောက်ဆုံးသည်။ ချမ်းသာခြင်းက လူ့ဘဝအား မိုက်မဲခြင်း၊ ပျက်စီးခြင်းသို့ ဦးဆောင်ကြောင်း ဤကျမ်းပိုဒ်က သတိပေးထားပါသည်။ အဘယ်မျှ များပြားသော အိမ်ထောင်မိသားစုများသည် အယူအဆလွဲ၍ ပျက်စီးခြင်းလမ်းသို့ လိုက်ကြပြီလဲ၂၂            

:၁၀ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ အပြစ်ဟူသမျှအားလုံးသည် ငွေတပ်မက်ခြင်းမှ ပေါ်ပေါက်ခြင်း မဟုတ်ပါ။ အပြစ်မြောက်မြားစွာတို့၏ ရေသောက်မြစ် ဖြစ်သည်။ ငွေတပ်မက်ခြင်းက မနာလိုခြင်း၊ ရန်ပြုခြင်း၊ ခိုးဝှက်ခြင်း၊ မရိုးသားခြင်း၊ စိတ်တိုခြင်း၊ ဘုရားတရားမေ့ခြင်း၊ အတ္တဆန်ခြင်း၊ စာရင်းဖယားလိမ်ပြခြင်း အစရှိသဖြင့် ပေါ်ပေါက်စေသည်။

ငွေကြေးတွင် အပြစ်မရှိပါ။ တပ်မက်ခြင်းကသာလျှင် အပြစ်ရှိပါသည်။ ငွေကို  ဘုရားအမှုတော် အပါအဝင် အခြားကောင်းသော အမှုလုပ်ငန်းများတွင် အသုံးဝင်သည်။ ဤကျမ်းပိုဒ်တွင်မူ ငွေကြေးလိုချင်လွန်းလျှင် အပြစ်နှင့် အရှက်ရစေသည်ဟု ဆိုပါသည်။

ငွေကြေးတပ်မက်ခြင်းသည် အပြစ်ဒုစရိုက်၏ အရင်းအမြစ်ဟု ဆိုပြီးသည့်နောက်၊ ခရစ်ယာန်ယုံကြည်သူများအား သတိပေးထားသည်။ ရွှေ၊ ငွေနောက်သို့လိုက်ခြင်းဖြင့် ဝိညာဉ်ရေးရာ ပျောက်ဆုံးတတ်ကြသည်။ ရွှေ ငွေ ရတနာများက ကယ်တင်ခြင်းမပေးနိုင်ကြောင်း ပြောလျှင်လည်း နားမဝင်ကြတော့ပါ။

ဝိညာဉ်ရေးရာ ဆုံးရှုံးသည်သာမက ကြီးစွာသော ဝမ်းနည်းခြင်းလည်း ဖြစ်ပေါ်စေသည်။ ငွေရတတ်သူများ၏ လောဘနှင့် ဝမ်းနည်းခြင်းသည် နီးစပ်နေသည်။ ဘဝအသက်တာတခုလုံး အချိန်ဖြုန်းကြသည်။ သားသမီးများ၏ အနာဂတ်ကမ္ဘာကို ဖျက်ဆီးကြသည်။ ထိုအသိတရားရရှိသောအခါ မချိတင်ကဲ ဝမ်းနည်းကြသည်။ ဘုရားသခင်နှင့် တွေ့ဆုံရန် ကြောက်ကြသည်။ ကယ်တင်ခြင်းမရသည့်အပြင် လည်ချည်းဗလာ ဖြစ်ခဲ့ရသည်။

ထိုအကြောင်းကို ဘုန်းတော်ကြီး J.C.Ryle က ဤသို့ဆိုထားသည်။

တကယ်တမ်းပြောရလျှင် ငွေသည် ပိုင်ဆိုင်နိုင်သောအရာမဟုတ်။ တန်ဖိုးထားစရာအရာများကို ယူဆောင်သွားတတ်သည်။ ပိုမိုမက်မောလေ၊ ပိုမိုယူဆောင်သွားလေ ဖြစ်သည်။ ငွေရဖို့ကလည်း အန္တရာယ်များသည်။ ထိန်းသိမ်းရာတွင်လည်း စိုးရိမ်ရသည်။ အသုံးပြုရာတွင်လည်း စုံစမ်းခြင်းဝင်နိုင်သည်။ ပြဿနာလည်း ဖြစ်စေတတ်သည်။ ပြောင်းပြန်လှန်လည်း ဝမ်းနည်းရသည်။ အလွန်ရှုပ်ထွေးသည်။ ပြဿနာပေါင်းစုံ၏၂/ သည် ငွေကြေးမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။၂၃

ကမ္ဘာ့အချမ်းသာဆုံးလူသည် တချိန်တည်းတွင် ရေနံတွင်းများ၊ ရေနံချက်စက်ရုံ စည်တိုင်ကီများ၊ ရေနံပိုက်လိုင်းများအပြင် ဟိုတယ်များ၊ အသက်အာမခံ ကုမ္ပဏီကြီးများ၊ ဘဏ်များနှင့် လေယာဉ်ကုမ္ပဏီများစွာ ရှိချင်ရှိမည်။ သူ့ပတ်လည်တွင် ကိုယ်ရံတော်သက်တော်စောင့် (၇၀၀)ခန့် ကင်းထောက်ခွေးများ၊ သံမဏိဒုတ်များ၊ အချက်ပြမီးများ၊ မီးမောင်းကြီးများနှင့် အချက်ပြကိရိယာများဖြင့် ဝိုင်းရံပါလိမ့်မည်။ ထို့အပြင် ကိုယ်ပိုင်လေယာဉ်ပျံ၊ သင်္ဘောနှင့် အမြန်ယာဉ်များ ထပ်ဆောင်းပါလိမ့်မည်။ သို့သော် အိုခြင်း၊ နာခြင်း၊ အဖော်မဲ့ခြင်းနှင့် သေခြင်းကိုမူ ကြောက်ရွံ့နေသည်။ ငွေကအရာရာကို မဝယ်ယူနိုင်ကြောင်း ပြသခြင်း ဖြစ်သည်။၂၄

၇။ တိမောသေသို့ နိဂုံးချုပ်မှာကြားချက် (:၁၁၂၁)

:၁၁ တိမောသေကို ဘုရားသခင်၏လူဟု လိပ်မူခေါ်ဆိုသည်။ အလိုတော်နှင့်အညီ ပြုမူကျင့်ကြံသောသူများနှင့် ပရောဖက်များအား ခေါ်ဆိုသည့် ဓမ္မဟောင်း အသုံးအနှုန်းစကားဖြစ်သည်။ တိမောသေလည်း ပရောဖက်ဆုကျေးဇူးရသူဟု ဆိုလိုခြင်း ဖြစ်နိုင်သည်။ ဘုရားသခင်၏လူ” ဆန့်ကျင်ဘက်စကားမှာ အပြစ်သား ဖြစ်ကြောင်း ၂သက်၂ တွင် တွေ့ရသည်။ အပြစ်သားဆိုသည်မှာ အပြစ်နွံနစ်သူဖြစ်သည်။ သူ့တွေးတောကြံစည်သမျှသည် အပြစ်ဒုစရိုက်အရေးဖြစ်သည်။ တိမောသေသည် ဘုရားသခင်၏လူ ဖြစ်သောကြောင့် ဘုရားသခင်နှင့် ဘုန်းတော်ထင်ရှားဖို့ရန်သာ တွေးဆကြံစည်သည်။

ခရစ်တော်၏ အမှုထမ်းရွက်ရာတင် အသားရေရှုတ်ချခြင်း(ငယ်၄)၊ မစင်ကြယ်ခြင်း (ငယ်၅)၊ မှားယွင်းသောဝိညာဉ်(ငယ်၆-၈)၊ လိုချင်တပ်မက်ခြင်း(ငယ်၉)၊ ငွေတပ်မက်ခြင်း(ငယ်၁၀)တို့နှင့် ကင်းရှင်းသည်။ ခရစ်ယာန်အကျင့်သိက္ခာကိုသာ ကျင့်ကြံအားထုတ်သည်။ ကောင်းကင်ခရီးလမ်းကိုသာ စိတ်ဝင်စားသည်။ ခရစ်ယာန်အကျင့်သိက္ခာဆိုသည်မှာ ဖြောင့်မတ်စင်ကြယ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ မေတ္တာရှိခြင်း၊ သည်းခံခွင့်လွှတ်ခြင်းနှင့် ယဉ်ကျေးသိမ်မွေ့ခြင်း ဖြစ်သည်။

ဖြောင့်မတ်စင်ကြယ်ခြင်း ဆိုသည်မှာ အချင်းချင်းမိဿဟာယဖွဲ့ရာတွင် တရားမျှတစွာနှင့် ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခြင်းဖြစ်သည်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းဆိုသည်မှာ သခင်ဘုရားကဲ့သို့ ကျင့်ကြံခြင်း ဖြစ်သည်။ ယုံကြည်ခြင်းဆိုသည်မှာ တွေဝေယိမ်းယိုင်ခြင်းမရှိဘဲ၊ တသမတ်တည်းရှိခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ ဘုရားသခင်နှင့် ယုံကြည်သူအချင်းချင်းအပေါ်တွင် ပြုမူရမည့် စိတ်သဘောထား ဖြစ်သည်။ သည်းခံခွင့်လွှတ်ခြင်းဆိုသည်မှာ စုံစမ်းနှောင့်ယှက်ခြင်း ရောက်သောအခါ ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ယဉ်ကျေးသိမ်မွေ့ခြင်းဆိုသည်မှာ အောက်ကျို့ခြင်းနှင့် သနားကြင်နာခြင်း ဖြစ်သည်။

:၁၂ တိမောသေအား ရှောင်ကြဉ်ခြင်း၊ လိုက်နာခြင်းသာမက တိုက်လှန်ဖို့လည်း ခိုင်းထားသည်။ တိုက်လှန်ခြင်းဆိုသည်မှာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ဖို့မဟုတ်။ ပြိုင်ဆိုင်ရုန်းကန်လှုပ်ရှားဖို့ ဖြစ်သည်။ စစ်မြေပြင်တွင် စစ်တိုက်သကဲ့သို့မဟုတ်ဘဲ၊ အားကစားပြိုင်ကွင်းတွင် အနိုင်ယူခြင်းမျိုးဖြစ်သည်။ ကောင်းသောတိုက်လှန်ခြင်းဆိုရာတွင် ခရစ်ယာန်ယုံကြည်ခြင်း၌ အပြေးသန်ခြင်း ဖြစ်သည်။ တိမောသေသည် အပြေးသန်သူ ဖြစ်သည်။ ထာဝရအသက်ကို ကိုင်သူဖြစ်သည်။ ထိုသို့ပြောရာတွင် ကယ်တင်ခြင်းရရှိသည်ဟု မဆိုလိုပါ။ ကယ်တင်ခြင်းရရှိဖို့ ကျိန်းသေခြင်းကို ဆိုလိုသည်။ နေ့စဉ်အသက်တာတွင် ထာဝရအသက်လမ်း၌ လျှောက်လှမ်းသောကြောင့် အဆင်သင့်ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။

အသက်တာပြောင်းလဲစဉ်က ထာဝရအသက်ကို ပိုင်ဆိုင်ခဲ့ပါသည်။ ထိုအသက်ကိုရမည့်အကြောင်း ခေါ်တော်မူခြင်းခံရ၍ သက်သေအများရှေ့၌ ကောင်းစွာဝန်ခံခဲ့သည်။ ထိုကျမ်းစကားသည် တိမောသေ၏ နှစ်ခြင်းမင်္ဂလာခံယူခြင်းကို ရည်ညွှန်းခြင်း ဖြစ်နိုင်သော်လည်း အသက်တာတလျှောက်တွင် သခင်ယေရှုခရစ်တော်၏ သက်သေခံကောင်းဖြစ်ခြင်းဖြင့် သက်သေထူနိုင်ပါသည်။

:၁၃ တိမောသေအား ကတိတော်နှင့်ဆိုင်သော အရေးကြီးတိုက်တွန်းချက်(၂)ခု ပေးထားသည်။ ပထမအချက်မှာ အရာခပ်သိမ်းကို ပေးသနားတော်မူသော ဘုရားသခင်ဘက်၌ အစဉ်ရပ်တည်ရန် ဖြစ်သည်။ တနေ့သောအခါ တိမောသေလဲကျမှာကို စိုးရိမ်သည်။ ထို့ကြောင့် အသက်အရွယ်နုနယ်သော တိမောသေအား အရာခပ်သိမ်းကို ပေးသနားတော်မူသော ဘုရားကို ကြောက်ရွံ့၍ အမြဲတမ်း ဆင်ခြင်ဖို့ သတိပေးသည်။ အကယ်၍ ယုံကြည်ခြင်းကြောင့် အသတ်ခံရလျှင်လည်း ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်ဘုရားသာ အာရုံပြုဖို့ မှာကြားခဲ့သည်။

ဒုတိယအနေဖြင့် ယေရှုခရစ်တော်၌ တည်မြဲရန် တိုက်တွန်းထားသည်။ ကိုယ်တော်သည် ဝန်ခံခြင်းတွင် စံနမူကောင်းဖြစ်သည်။ ပိလတ်မင်းရှေ့သို့ရောက်စဉ်အခါက ကောင်းသောဝန်ခံခြင်း ပြုခဲ့သည်။ ရောမအစိုးရမင်းများ ရှေ့မှောက်တွင် သခင်ယေရှု ဝန်ခံပုံကို (ယော ၁၈:၃၇)တွင် ရေးထားသည်။ “မင်းကြီး မေးသည့်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားနှင့် စပ်ဆိုင်သမျှသော သူတို့သည် ငါ့စကားကို နားထောင်ကြ၏” ထိုမတုန်မလှုပ်၊ မကြောက်မရွံ့သော ကိုယ်တော်၏ စကားတော်များသည် တိမောသေအား သတ္တိသွေးမွေးစေပါသည်။ သမ္မာတရား၌ ရပ်တည်ဖို့ ခွန်အားဖြစ်စေသည်။

:၁၄ ဤပညတ်တော်ကို တိမောသေအား စောင့်ထိန်းစေ၏။ အချို့က ဤကျမ်းပိုဒ်ကို အထက်က တိုက်လှန်ခြင်းကို ဆိုလိုသည်ဟု ယုံမှတ်ကြသည်။ အချို့က ဤကျမ်းတစောင်လုံးရှိ ဩဝါဒများကို လိုက်လျောက်ဖို့ဟု ဆိုသည်။ အချို့က သတင်းကောင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော် ပညတ်ချက်များဟု ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ ခရစ်ယာန်ယုံကြည်ခြင်းကို စောင့်ထိန်းဖို့ဟု ဆိုချင်ပါသည်။

တိမောသေသို့ တိုက်တွန်းသော ပညတ်ချက်များသည် အပြစ်အနာအဆာ တခုမှမတွေ့ရပါ။ ထိုမှဲ့တပေါက် မစွန်းထင်းသော ပညတ်ချက်များကို ကဲ့ရဲ့စရာမရှိအောင် တိမောသေ စောင့်ထိန်းပါသည်။

ဓမ္မသစ်ကျမ်းတွင် သခင်ယေရှုခရစ်တော်သည် ယုံကြည်သူများရှေ့၌ ပေါ်ထွန်းခဲ့ပါသည်။ သစ္စာရှိသူများသည် တဖန် ခရစ်တော်ပေါ်ထွန်းလာသောအခါ ဆုလက်ဆောင်ရကြပါမည်။ ခရစ်တော်ဘုရား နိုင်ငံတော်တည်ထောင်သောအခါ ရကြပါမည်။ ထိုအချိန်ကာလသည် ယုံကြည်သူများနှင့် မယုံကြည်သူများ သဲကွဲစွာ ခွဲခြားမည့်အချိန် ဖြစ်သည်။

:၁၅ ကျမ်းစာပညာရှင်များက ဤကျမ်းပိုဒ်သည် ဘုရားသခင်ကို ဆိုလိုသလား၊ သခင်ယေရှုခရစ်တော်ကို ဆိုလိုသလားဟု မေးချင်ကြသည်။ ဗျာ ၁၇:၁၄ တွင် ယေရှုခရစ်သည် ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင် ဟုဆိုထားသဖြင့် သခင်ယေရှုခရစ်တော်ဟု ခံယူရသည်။ အခန်းငယ် ၁၆ သည် အဘဘုရားသခင်ကို ရည်ညွှန်းပါသည်။

ချမ်းသာသူသည်လည်း ငွေကိုစိတ်မချရပါ။ ငွေသည် အချိန်မရွေး တောင်ပံပေါက်၍ ပျံသန်းတတ်သည်။ လုံခြုံမှုအာမခံချက် မပေးနိုင်။ ဤလောကတွင် လုံခြုံခြင်းအာမခံချက် ပေးနိုင်သူသည် ဘုရားသခင်၏ နှုတ်ကပတ် တပါးတည်းသာရှိသည်။

ထို့ကြောင့် လူချမ်းသာများကိုလည်း အရာရာတွင် ပျော်ရွှင်ခြင်းပေးနိုင်သည့် အသက်ရှင်တော်မူသော ဘုရားကို ယုံကြည်ရန် တိုက်တွန်းနှိုးဆော်သည်။ အခက်အခဲဆုံးပြဿနာမှာ လူချမ်းသာများသည် မိမိကိုယ်ကို ယုံကြည်စိတ်ချမှုမရှိခြင်း ဖြစ်သည်။ ထိုစိတ်တည်ငြိမ်မှု မရှိခြင်းသည် ရုပ်တုတမျိုး ကိုးကွယ်ခြင်းဖြစ်သည်။ တနည်းပြောရလျှင် အရာရာ၌ ချမ်းသာမှုပေးနေသော ဘုရားသခင်၏ သမ္မာတရားကို ငြင်းပယ်ခြင်းဖြစ်သည်။ ထိုသို့ပြောရာတွင် လောကစည်းစိမ်ကို ဆိုလိုခြင်းမဟုတ်။ ရုပ်ဝတ္ထုများက ချမ်းသာခြင်းမပေးနိုင်သော ပျော်ရွှင်ခြင်း၏ အရင်းအမြစ်မှာ ဘုရားသခင်ကို ဆိုလိုသည်။

:၁၆ သခင်ယေရှုပေါ်ထွန်းလာသောအခါ “ဘုရားသခင်တပါးတည်းသာလျှင် သေခြင်းတရားနှင်း ကင်းလွတ်သူ”ဖြစ်ကြောင်း လူတွေက သိရှိလာကြမည်။ ဆိုလိုသည်မှာ ကိုယ်တော်ဘုရား တပါးတည်းသာလျှင် အမွေတော်ဆက်ခံသူ ဖြစ်သည်။ ယုံကြည်သူများသည် ပြန်လည်ထမြောက်သောအခါ ဝိညာဉ်နှင့် ခန္ဓာကိုယ် ပြန်လည်ပူးပေါင်းပြီး “မသေနိုင်သောအဖြစ်သို့ ဝင်စားကြမည်” (၁ကော ၁၅:၅၃-၅၄)။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင်သည် မရဏနှင့် ကင်းလွတ်သူဖြစ်သည်။

ဘုရားသခင်သည် “အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ နေတော်မူသော”ဟု ဆိုထားသည်။ ဘုရားသခင်နှင့် ပလ္လင်တော်တဝိုက်တွင် ဘုန်းတန်ခိုးထွန်းတောက်ခြင်းကို ဆိုလိုသည်။ လူ့သဘောသဘာဝသည် ကိုယ်ရောင်ကိုယ်ဝါ မှေးမှိန်သည်။ အမှောင်အရိပ်နှင့်သာ သင့်လျော်သည်။ ထိုအလင်းထဲသို့ တပါးတည်းသော သားတော်သာလျှင် ချဉ်းကပ်နိုင်သဖြင့် ထိုသားတော်၌တည်သော ယုံကြည်သူများသည် ချဉ်းကပ်နိုင်သည်။ အခြားသူများမှာ ပျက်စီးခြင်းသို့ ရောက်ရမည်။ အမှန်စင်စစ် ဘုရားသခင်ကို လူ့မျက်စိဖြင့် မမြင်နိုင်၊ ဝိညာဉ်မျက်စိဖြင့်သာ မြင်နိုင်ပါသည်။

“ထို ဘုရားသခင် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း”ဟူသော ကျမ်းချက်ဖြင့် တိမောသေကို အားပေးထားသည်။ ဘုရားသခင်၌ ယုံကြည်ဆက်ကပ်ဖို့ တိုက်တွန်းဆော်ဩသည်။

:၁၇ ငွေရတတ်သူများကို စောစောစီးစီး သတိပေးထားသည်။ ငွေရတတ်ခြင်း၌ မာန်မာနမထားဖို့ တားမြစ်သည်။ တိမောသေကိုလည်း ငွေမလိုက်စားဖို့ ဆုံးမသည်။ ငွေရတတ်ခြင်းသည် စုံစမ်းစစ်ဆေးခြင်းတမျိုး ဖြစ်သည်။ ငွေရတတ်သူများသည် မိမိထက် ဆင်းရဲသူများကို အထင်မြင်သေးတတ်ကြသည်။ နှိမ့်ချတတ်ကြသည်။ ထိုသူများသည် ယဉ်ကျေးမှုမရှိ အောက်ခြေလွတ်ကြသည်။ မိုက်ရိုင်းကြသည်။ ထို့ကြောင့် ငွေရတတ်ခြင်းသည် မက်လောက်သောအရာ မဟုတ်။ ငွေကြေးချမ်းသာခြင်းကို ဓမ္မဟောင်းကာလ၌ ဘုရားပေးကောင်းကြီးမင်္ဂလာဟု ခံယူကြသည်။ ဓမ္မသစ်ခေတ်တွင်မူ စုံစမ်းခြင်းတမျိုးဖြစ်သည်။ ပညတ်တရားအောက်၌ ဘုရားသခင်၏ တုံကင်လက်မှတ် ဖြစ်သည်။ ကာလအပိုင်းအခြားအတွက်သာ ကောင်းကြီးမင်္ဂလာဖြစ်သည်။

ငွေကြေးကြွယ်ဝချမ်းသာခြင်းသည် တည်မြဲသောအရာမဟုတ်။ တနည်းအားဖြင့် ယုံကြည်စိတ်ချမှုမရှိ။ ငွေသည် တောင်ပံရှိသဖြင့် အချိန်မရွေး ထပျံနိုင်သည်။ လုံခြုံစွာ ထိန်းသိမ်းနိုင်ရန်မလွယ်။ ထို့ကြောင့် ဘဝလုံခြုံမှုပေးအာမခံချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်သည်။ ဘုရားသခင်ထံတော်မှသာ ရရှိနိုင်သည်။ ရုပ်ဝတ္ထုပစ္စည်းများနှင့် သင်္ခါရလောကက လူကို အစဉ်ပျော်ရွှင်ခြင်း မပေးနိုင်ပါ။

ဘုရားသခင်၏ ဇာတိတော်၊ ပကတိဖြစ်အင်ကို မည်သူမှမသိရှိနိုင် ဘုရားရှင်ကိုလည်း လူ့မျက်စိဖြင့်မမြင်နိုင်။ ဓမ္မဟောင်းကာလတွင် ဘုရားသခင်ကို ပုံသဏ္ဌာန်တော်မျှဖြင့် တွေ့မြင်ခဲ့ကြသည်။ ဓမ္မသစ်ကာလတွင် တပါးတည်းသော ဘုရားသားတော် ယေရှုအဖြစ်ဖြင့် ကိုယ်ထင်ပြသသည်။ ထို့ကြောင့် ငွေကြေးရတတ်သော လူချမ်းသာများကိုလည်း  အသက်ရှင်စေတော်မူသော ဘုရားသခင်အား ကိုးစားစေချင်သည်။ လူချမ်းသာများ၏ အဓိကအခက်အခဲမှာ မိမိစည်းစိမ်ဥစ္စာပေါ်၌ ယုံကြည်စိတ်ချမှု အာမခံချက်မရှိ။ တနည်းအားဖြင့် ငွေရတတ်ခြင်း၌ ကျေနပ်နေခြင်းသည် ရုပ်တုတမျိုးကိုးကွယ်ခြင်း ဖြစ်သည်။ အရာခပ်သိမ်းကြွယ်ဝစွာ ခံစားခွင့်ပေးတော်မူသော ဘုရားသခင် စကားတော်များ ငြင်းပယ်ရာရောက်သည်။ ဤစကားသည် လူ့စည်းစိမ်ကို ပစ်ပယ်ခြင်းမဟုတ်၊ လူ့ဘဝပျော်ရွှင်ခြင်းသည် ဘုရားသခင်၌သာ မြစ်ဖျားခံသည်။ ရုပ်ဝတ္ထုပစ္စည်းများသည် စစ်မှန်သောပျော်ရွှင်မှု မပေးနိုင်ပါ။

:၁၈ ခရစ်ယာန်များအတွက် ငွေကြေးသည် ပိုင်ဆိုင်စရာမဟုတ်ပါ။ အသုံးပြုဖို့ ပေးထားခြင်းဖြစ်သည်။ ဘုရားသခင်အား ကျေးဇူးတုံ့ပြန်ဖို့နှင့် အမှုတော်လုပ်ငန်းတွင် အသုံးပြုရန် ဖြစ်သည်။ ကောင်းသောအကျင့်တွင် အသုံးချရန်နှင့် မရှိဆင်းရဲသားများ ကူညီမစဖို့ ဖြစ်သည်။

John Wesley က ထိုလမ်းစဉ်အတိုင်း ကျင့်သုံးခဲ့သည်။ “ကောင်းသောအကျင့်ကျင့်နိုင်သမျှကျင့်ပါ။ နည်းမျိုးစုံလမ်းမျိုးစုံဖြင့် အစွမ်းကုန်လုပ်ပါ။ နေရာတိုင်း၊ အချိန်တိုင်း၊ လူတိုင်းသို့ တတ်နိုင်သမျှ ပြုကျင့်ပါ”ဟု ဆိုသည်။

ပေးကမ်းဝေငှချင်သော ဆန္ဒဆိုသည်မှာ သခင်ဘုရား ညွှန်ပြသည့်နေရာတိုင်းမှာ ပါဝင်ချင်သော စိတ်စေတနာ ဖြစ်သည်။

:၁၉ ပိုင်ဆိုင်ထားသော စည်းစိမ်ဥစ္စာများကို ထာဝရအတွင် ရိတ်သိမ်းနိုင်ဖို့ စီမံခန့်ခွဲထားကြောင်း သွန်သင်သည်။ ငွေကြေးများကို ပစ္စုပ္ပန်ကာက အမှုတော်မြတ်ပါဝင်ရသည်။ ထိုသို့ ပါဝင်ခြင်းသည် လာမည့် အနာဂတ်ကာလအတွက် ပဒေသာငွေပင်စိုက်ထူခြင်း ဖြစ်သည်။ ထိုသို့ပြုလျှင် လူ့ဘဝအသက်တာကို ပီပီပြင်ပြင် ဖြတ်သန်းသွားပါသည်။

:၂၀ တိမောသေသို့ နောက်ဆုံးတိုက်တွန်းချက်ကို ကြားနာရပါသည်။ ပညတ်ချက်များကို စောင့်ထိန်းလိုက်နာရန် ဆော်ဩထားသည်။ ပြဌာန်းချက်များသည် ခရစ်ယာန်ယုံကြည်ခြင်း၏ သမ္မာတရားဖြစ်သည်။ တိမောသေ၏ ဝိညာဉ်ရေးရာနှင့် ကယ်တင်ခြင်းကို မေးစရာမလိုပါ။ ဘုရားသခင်၏ ကျေးဇူးတော်အကြောင်းသာ ပြောရမည်။ ဘဏ်တွင် အသက်အာမခံထားရသကဲ့သို့ တိမောသေ၏ ယုံကြည်ခြင်းသည် မည်သည့်အရာကမှ မဖျက်ဆီးနိုင်အောင် လုံခြုံပါသည်။

တရားမဲ့ဖြစ်သော အချည်းနှီးစကားပြောခြင်းကို၎င်း သိပ္ပံအတတ်ဟူ၍ အလွဲခေါ်သောသိပ္ပံအတတ် တားဆီးနှောင့်ယှက်ခြင်းကို ရှောင်ကြဉ်လော့ ဟုမှာသည်။ တရားမဲ့ချည်းနှီးသော စကားဆိုသည်မှာ အကျိုးအမြတ်မထွက်သော စကားပြောခြင်း ဖြစ်သည်။

တိမောသေသည် စစ်မှန်သောတရားကို ဟောကြားမည်ဖြစ်သောကြောင့် ပေါလုက ယုံကြည်သည်။ ခရစ်ယာန်အယူဝါဒကို ဆန့်ကျင်သောတရားများကို အမှန်တကယ် တိုက်လှန်မည်ဟု အားကိုးသည်။ ထိုအကြောင်းကို ဘုန်းတော်ကြီး Moules  က ဤသို့ရေးထားသည်။

ရှင်ပေါလုခေတ်တွင် မိစ္ဆာဒိဋ္ဌိများက တပည့်တော်များနေရာတွင် ခိုးဝင်နေရာယူကြသည်။ အထူးသဖြင့် ယုံကြည်သူများအား ဝင်ခိုးကြသည်။သမ္မာတရား၏ နက်နဲမှုကို လေ့လာလိုက်စားသူများအား ဇဝေဇဝါဖြစ်အောင် လုပ်ကြသည်။၂၅

ဤပြဿနာများကို တိမောသေက သိရှိပါသည်။

ယနေ့ခေတ်ကာလတွင်လည်း ထိုနည်းတူ အယူမှား “ခရစ်ယာန်သိပ္ပံအဖွဲ့” ပေါ်ထွန်းလာပြန်သည်။ ထိုအဖွဲ့က ယုံကြည်သူများအား ကောင်းသောအကျင့် သွန်သင်ပေးပါသည်။ သို့သော် မှားယွင်းသော အယူဝါဒ ဖြစ်သည်။ ခရစ်ယာန်များမဟုတ်သကဲ့သို့ သိပ္ပံအတတ်ပညာလည်း မဟုတ်ပါ။

ဤပညာကို စာသင်ကျောင်းများ၌ သိပ္ပံပညာအဖြစ် သင်ယူနေကြပါသည်။၂၆ စင်စစ်သမ္မာကျမ်းစာ၏ ဆန့်ကျင်ဘက်များကိုလည်း ရှာမတွေ့ကြပါ။ အဘယ်ကြောင့်ဆိုသော် သိပ္ပံပညာ၏ လျှို့ဝှက်ချက်ကိုလည်း သမ္မာကျမ်းစာပိုင်ရှင် ဘုရားသခင်က စကြာဝဋ္ဌာထဲတွင် ဝှက်ထားသည်။ သို့သော် တချို့က သိပ္ပံပညာသည် သက်သေပြနိုင်သော အမှန်တရားဖြစ်သည်ဟု တချို့က ယုံကြည်နေကြဆဲ။ ထိုသီအိုရီများကို ယနေ့ထက်တိုင်အောင် အကုန်အစင် သက်သေမထူနိုင်ပါ။ သမ္မာကျမ်းစာနှင့်မကိုက်ညီသော အနုမာနမှန်းဆချက်များသည် လက်ခံနိုင်ဖွယ်စ၏ရာ မရှိပါ။

:၂၁ ခရစ်ယာန် အစစ်အမှန်မဟုတ်သူများသည် ထိုမှားယွင်းသော အရာနောက်သို့လိုက်၍ သမ္မာလမ်းလွဲကြသည်။ အသိဉာဏ်၊ ဆင်ခြင်တုံတရား၊ ခေတ်သစ်နည်းပညာ လွတ်လပ်ခြင်းနှင့် ဝါဒပေါင်းစုံများသည် အလွန်ကြောက်မက်ဖွယ် ကောင်းကြသည်။ ခရစ်တော်အား ဆီးတားခဲ့ကြသည်။

ကျေးဇူးတော်ရှိစေသော် ဟူသော ကောင်းကြီးပေးခြင်းသည် ပေါလု၏ အမှတ်လက္ခဏာဖြစ်သည်။ ဘုရားကျေးဇူးတော်တပါးတည်းကသာ သူ၏လူများကို လမ်းကျဉ်းတွင် ဖြောင့်ဖြူးစွာ သွားစေနိုင်သည်။ အာမင်။

မှတ်စု

(Intro) Quoted from L’Eglise Chrêtience, p.95, by George Salmon in A Historical Intoduction to the stusy of the books of the New Testament, p. 413.

(၁:၈) Guy King, A Leader Led, p.25

(၁:၁၆) William Kelly, An Exposition of the Two Espite to Timothy. P.22

 (၁:၁၉)  Hamilton Smith, အခြားအချက်အလက်များကို ထပ်မံမရရှိပါ။

(၁:၂၀) ပြစ်မှားလွန်ကျူးခြင်း “blasphemeo”(defame, blaspheme) ကို ဘုရားနှင့်လူ နှစ်ပါးစလုံး၌ အသုံးပြုသည်။

 (၂:၉) John Chrysostom, quoted by Alfred Plummer in The Pastoral Epistles, p. 101.

 (၂:၁၅) Lilley, အခြားအချက်အလက်များကို ထပ်မံ မရရှိနိုင်ပါ။

(၃:၂) သင်းအုပ်များ၏ ဂုဏ်သိက္ခာသည် မိန်းမတစ်ယောက်တည်း၌ သစ္စာခိုင်မြဲခြင်း ဖြစ်သည်။ ဂရိစကားတွင် “တယောက်ဆိုတယောက်၊ ပိတောက်ဆိုပိတောက်”ယောက်ျားမျိုးဟု ဆိုသည်။

(၃:၃) သင်းထောက်များသည် မူလကပင် ငွေတပ်မက်သူမဖြစ်ရ (၃:၈)။ ဤအချက်ကို သင်းအုပ်များ ရှိရမည့်အရည်အချင်း၌ ပေါလုက ချန်ထားသည်။

၁၀(၃:၁၁) ထိုအစောပိုင်းကာလအသင်းတော်တွင် အမျိုးသမီးကို တာဝန်ပေးခြင်းမရှိသေးပါ။ Ryrie Study Bible, NKJV, p.1850  မှတ်စုကိုကြည့်ပါ။

၁၁(၃:၁၆) J. N. Darby, “Notes of a Lecture on Titus 2:11-14,” The collected writings of J. N. Darby, VII:333.

၁၂(၃:၁၆) ဘုရားသခင်၊ ခရစ်တော်၊ ဝိညာဉ်တော်တို့ကို ရှေးကာလက အတိုကောက်သင်္ကေတ သုံးကြသည်။ ဂရိဝေါဟာရတွင် အတိုကောက်အားဖြင့် “Who” နှင့် မျဉ်းတိုခံ ရေးမှတ်သည်။ TR နှင့်အခြားကျမ်းကြီးများတွင် “God”၊ NU ကျမ်းတွင် “Who” “Which” ဟုသုံးသည်။ ဤကျမ်းတွင်မူ လူသုံးများသော KJV နှင့် NKJV ကျမ်းစာအတိုင်း လိုက်နာသည်။

၁၃(၄:၃) Mary B. Eddy, Sceince and Health with Key to the Scripture, PP.64-65.

၁၄(၄:၁၀) NU  ကျမ်း “We labor and strive”

၁၅(၄:၁၂)  King, Leader. P. 79

၁၆(၅:၄)  ရှေးကျသော mss ကျမ်းမူအများ၌ မပါရှိပါ။

၁၇(၅:၁၆)  NU ကျမ်း၌ ယုံကြည်သူ လူ ဟူသောစကား ကျန်ခဲ့ခြင်းသည် မတော်တဆဖြစ်ဟန် ရှိသည်။ ပေါလုဆိုလိုသည်မှာ မုဆိုးမများကို အခြားယုံကြည်သူ အမျိုးသမီးများက ကြည့်ရှုရမည်ဟု ဆိုလိုသည်။

၁၈(၆:၄)  R. C. H Lenski, The Interpretation of St. pauls’s Epistle to Thessalonians, to Timothy, to Titus, to Philemon. p.700.

၁၉(၆:၅) Ibid, pp. 701-702

၂၀(၆:၅) NU ကျမ်း၌ ဤဝါကျ ချန်လှပ်ထားသည်။

၂၁(၆:၇) Edward Herbert Bates, Scriptual thoughts from the Scripture of truth. P.160

၂၂(၆:၉) Albert Barnes, Notes on the News Testament:

၂၃(၆:၁၀) J. C. Ryle, Practical Religion, p.160

၂၄(၆:၁၀)  ကွယ်လွန်သူ Howard Hughes ၏ အကြောင်းသတင်းပေးပို့ချက်။

၂၅(၆:၂၀) H. C. G. Moules, Study in II Timothy. P.91

၂၆(၆:၂၀) လက်တင်စကား Scientia (Knowledge) အသိပညာဖြစ်သည်။ အင်္ဂလိပ်ဘာသာ “Science”သို့ (၁၆၁၁)တွင် အသုံးပြုခဲ့ပြီး၊ NKJV ပြောင်းလဲချိန်မှစ၍ ယခုခေတ်တွင်မူ အဓိပ္ပါယ်ပိုမို ကျဉ်းမြောင်းလာသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။