ဓမ္မရာဇဝင်ပဌမစောင် - ၂၈

1ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလအမျိုးကို စစ်တိုက်အံ့သောငှာ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့်လိုက်၍ စစ်တိုက်သွားရမည်ကို ဆက်ဆက်သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင်၊ 2ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ်အရာ၌ ငါခန့်ထားမည်ဟုပြန်ပြော၏။
နတ်ဝင်မိန်းမနှင့်ရှောလု
3ထိုကာလ၌ ရှမွေလမရှိ၊ သေလွန်ပြီ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကို သူနေရင်းရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်အပေါင်းတို့ကို တစ်ပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။ 4ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။ 5ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကိုမြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံးရှိ၏။ 6ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်လည်းကောင်း၊ ဥရိမ်အားဖြင့်လည်းကောင်း၊ ပရောဖက်အားဖြင့်လည်းကောင်း ထူးတော်မမူ။
7ထိုအခါ ရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတစ်ယောက်ရှိပါ၏ဟု လျှောက်သော်၊ 8ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကိုဆောင်လျက်၊ ညအခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသောနတ်ကိုအမှီပြု၍ သင့်အားငါပြောမည့်သူကို ဖော်ပါလော့ဟု တောင်းပန်လေ၏။ 9မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့်နတ်ဝင်တို့ကို တစ်ပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည်သိလျက်နှင့် ငါ့ကိုသေစေခြင်းငှာ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊ 10ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုလေ၏။ 11မိန်းမကလည်း၊ အဘယ်သူကို ငါဖော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကိုဖော်ပါဟု ဆို၏။ 12မိန်းမသည် ရှမွေလကိုမြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊ 13ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။ 14အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက်ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည်ရိပ်မိ၍ မြေပေါ်မှာ ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ 15ရှမွေလကလည်း၊ သင်သည် ငါ့ကိုနှောင့်ယှက်လျက် အဘယ်ကြောင့်ဖော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက်ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ်သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှာ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။ 16ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကိုစွန့်၍ သင့်ရန်ဘက်ဖြစ်တော်မူသည်မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။ 17ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။ 18အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်။ ပြင်းစွာသောအမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ရောက်စေတော်မူပြီ။ 19ထိုမှတစ်ပါး သင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။ 20ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပျပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန်ကြောက်ရွံ့၏။ တစ်နေ့နှင့် တစ်ညလုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။ 21ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ။ 22သို့ဖြစ်၍ ယခုကိုယ်တော် ကျွန်မ၏စကားကို နားထောင်တော်မူပါ။ စားစရာအနည်းငယ်ကို ရှေ့တော်၌တင်ပါရစေ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှာ စားတော်ခေါ်ပါဟု လျှောက်သော်လည်း၊ 23ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့်ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။ 24ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေးတစ်ကောင် ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်းယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊ 25ရှောလုနှင့် ကျွန်များတို့ရှေ့၌ တင်လေ၏။ သူတို့သည်စား၍ ထိုညတွင် ထသွားကြ၏။

ဓမ္မရာဇဝင်ပဌမစောင် - ၂၈ (အနက်ဖွင့်)

(ရှောလုကံကြမ္မာငင်မည့်အတိတ်နိမိတ် (အခန်း ၂၈)

          ၂၈: ဒါဝိဒ်၏ ဘဝအခြေအနေသည် ဆုတ်လည်းဆူး တိုးလည်းရူး အကျဉ်းအကြပ်ထဲရောက်နေပြီ။ ဖိလိတ္တိတို့က ဣသရေလလူမျိုးအား ပုန်ကန်တိုက်ခိုက်နေပြီ။ အာခတ်မင်းက ဒါဝိဒ်အား စစ်ကူပါဝင်ရန် ဆင့်ခေါ်နေပြီ။ ဒါဝိဒ်ကလည်း မငြင်းသာ၊ ခေါင်းညိတ်ပုံရသည်။ သို့သော် အပိုဒ်ငယ် ၂သည် အဓိပ္ပါယ်နှစ်ခွ ယူဆနိုင်သည်။ ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည် ဟူသော စကားသည် “အာခိတ်မင်းထံတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ရမည်နည်း” ဟု အဓိပ္ပါယ်ကောက်ယူနိုင်သကဲ့သို့ “မိမိလူမျိုးနှင့် မိမိသခင်အကြားတွင် မည်သည့်ဘက်၌ ရွေးချယ်နိုင်ရမည်နည်း” ဟုလည်း အနက်သက်ရောက်သည်။ သို့သော် အာခိတ်မင်းက ပထမစကားကောက်ယူ၍ ဒါဝိဒ်အား ကိုယ်ရံတော်တပ်မှူး၊ အကြံပေးစစ်ဦးစီးချုပ်အဖြစ် ခန့်အပ်သည်။

၂၈: နှစ်ဦးနှစ်ဘက်စစ်သည်တော်များသည် အနောက်မြောက်အရပ်ဒေသတွင် စစ်ရင်ဆိုင်နေကြသည်။ ဣသရေလတို့သည် ဂိလဗောမြို့နား အမေဂေဒုန်လွင်ပြင်တွင် စုဖွဲ့နေကြသည်။ ဖိလိတ္တိတို့သည် ရှုနင်အရပ်တွင် စစ်ပြင်ဆင်နေကြသည်။ ရှောလုသည် ဖိလိတ္တိတပ်ဖွဲ့ကြီးကို မြင်သောအခါ စိုးရိမ်ထိတ်လန့်၍ ဘုရားသခင်ထံ မေးလျှောက်သော်လည်း အဖြေစကားမကြား။ အိပ်မက်ရူပါရုံ၊ ပရောဖက်စကားနှင့် ဥရိမ်များလည်း တိတ်ဆိတ်နေကြသည်။ သို့နှင့် ကြံရာမရ နတ်ကတော်ထံ နိမိတ်နမာသွားမေးရသည်။ စောစောပိုင်းတွင်း ဣသရေလတပြည်လုံးရှိ အောက်လမ်းဆရာများ သေဒဏ်အမိန့် သူကိုယ်တိုင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။  သို့ကြောင်း ရုပ်ဖျက်ကာ အင်ဒေါရမြို့အနီးရှိ နက်ကတော်ထံသွား၍ လူသေဝိညာဉ်ကို အကျိုးအကြောင်းမေးမြန်းခိုင်းသည်။

၂၈:၁၀ ထိုနတ်ကတော်က ရှောလုအား ဣသရေလတစ်ပြည်လုံးတွင် နတ်ကတော်ဟူသမျှ ရှောလုသတ်ဖြတ်နေသည်ဖြစ်၍ သူ့ကို သေစေချင်သောကြောင့် လာမေးသလားဟု နှင်လွှတ်လိုက်သည်။ ဘုရားသခင်၏နာမတော်၌ တိုင်တည်လျက် ယခုကိစ္စတွင် အသက်လုံခြုံရေးအာမခံကြောင်း ရှောလုက ဆိုသည်။ ဘုရားသခင်၏နာမတော်ကို စုန်းကဝေ၊ နတ်ကတော်၊ အောက်လမ်းဆရာအတွက် အလွဲသုံးစားပြုသည်ကို သတိပြုပါ။

၂၈:၁၁၁၄ ဤအဖြစ်အပျက်ကို အချို့ကျမ်းစာပညာရှင်များက သဘောမတူကြပါ။ အချို့က ရှမွေလတွင် ဝိညာဉ်ဆိုးမကပ်နိုင်ဟုဆိုကြသည်။ အချို့က ရှမွေလအား ဘုရားရှင်က ပေါ်လွင်ထင်ရှားစေခြင်း ဖြစ်မည်ဟု ခံယူကြသည်။ သို့ကြောင့် ဘုရားရှင်ကရှမွေလအား သက်သက်ပေါ်လွင်ထင်ရှားစေသည်ဟူသော အဆိုကို ထောက်ခံပါသည်။ နတ်ကတော်သိရှိနားလည်နိုင်အောင် ရှမွေလအား ဘုရားရှင်စေလွှတ်ပေးခြင်းဖြစ်ပေမည်။ ကျမ်းစာတွင် ရှမွေလဟု ဆိုထားပါသည်။ သို့ဖြင့်နောက်တစ်နေ့ဖြစ်ပျက်မည့် အကြောင်းအရာများကို ပရောဖက်ပြုလိုက်သည်။

၂၈:၁၅၁၉ ရှောလုက သူနှင့်တကွ သူ့တိုင်းပြည်အား အဘယ်ကြောင့် ဆင်းရဲတွင်းနက်စေသနည်းဟု မေးလျှောက်သော် ရှမွေလက အပြစ်ဆိုသည်။ ဘုရားရှင်ပြုတော်မူသော အမှုကို အဘယ်သူပြင်ဆင်နိုင်၍ သူ့ကို အနှောင့်အယှက်ပေး လာခေါ်ရသနည်းဟု ဆိုသည်။ ဘုရားသခင်က အဖြေမပေးသောစကားကို ရှမွေလက ဖြေရှင်းပေးနိုင်မည်လား။ ရှောလု၏ စိုးရိမ်ထိတ်လန့်ခြင်းသည် အမှန်တကယ်ထိတ်လန့်ထိုက်ပါသည်ဟု ရှမွေလက အတည်ပြုပေးသည်။ ရှောလု၏ နိုင်ငံတော်သည် ယခင်ပရောဖက်ပြုခဲ့ဖူးသည့်အတိုင်း ဒါဝိဒ်လက်ထဲသို့ ရောက်မည်။ နောက်တနေ့တွင် ဖိလိတ္တိတို့သားအဖသည်လည်း ရှမွေလထံသို့ ရောက်ရှိသွားကြမည်။ သို့သော် ရှမွေလကဲ့သို့ ထာဝရအသက်ရရှိမည်ဟု မဆိုလို။ ရှောလုသည် မယုံကြည်သူဖြစ်၍ ယောနသန်သသည် ယုံကြည်ခြင်း သစ္စာရှိသူဖြစ်သည်။ မျက်မှောက်လူ့ဘဝကုန်ဆုံးသွားမည်ဟု ဆိုလိုသည်။

၂၈:၂၀၂၅ ရှောလုပြုခဲ့သမျှသော အပြစ်ဒုစရိုက်သည် ထိုနေ့ညမိုးမချုပ်မီ အစုလိုက်အပြုံလိုက် ရောက်ရှိလာကြသည်။ ထမင်းတစ်လုတ်ရေတစ်မှုတ်မစားမသောက်ဘဲ၊ မြေကြီးပေါ်တွင် မှောက်လျက် ထိတ်လန့်စွာ ငိုကြွေးသည်။ ချော့မော့ကြသော်လည်း ပြန်မထူး။ စကားပြန်မရ။ နတ်ကတော် နွားဆူဆူတစ်ကောင် သတ်၍ ပွဲတော်တည်ခင်းပေးသည်။ ချော့မော့တောင်းပန်းပြီး ကျွေးသောအခါ နောက်ဆုံး ထမင်းစားသွားလေသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။