ဓမ္မရာဇဝင်တတိယစောင် - ၂၂

အာဟပ်အားမိက္ခာသတိပေးခြင်း
(၆ရာ၊ ၁၈:၂-၂၇)
1ရှုရိပြည်နှင့် ဣသရေလပြည်သည် စစ်မတိုက်ဘဲ သုံးနှစ်နေပြီးမှ၊ 2တတိယနှစ်တွင်၊ ယုဒရှင်ဘုရင် ယောရှဖတ်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ၏။ 3ဣသရေလရှင်ဘုရင်ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့မသိလော။ ငါတို့သည် ရှုရိရှင်ဘုရင်လက်မှ မနုတ်မယူဘဲ ငြိမ်သက်စွာ နေကြပြီတကားဟု မိမိကျွန်တို့အားဆို၏။ 4ယောရှဖတ်မင်းအားလည်း၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟု မေးလျှင်၊ ယောရှဖတ်က၊ ငါသည်မင်းကြီးကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့လည်းကောင်း၊ ငါ့မြင်းတို့သည် မင်းကြီး၏မြင်းကဲ့သို့လည်းကောင်း ဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန်ပြော၏။
5တစ်ဖန် ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊ 6ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟုမေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။ 7ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ပရောဖက် တစ်စုံတစ်ပါးမျှ မရှိသလောဟု မေးသော်၊ 8ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသောသူတစ်ယောက် ဣမလသား မိက္ခာရှိသေး၏။ သို့ရာတွင် ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကို မဟော။ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က ထိုသို့ မင်းကြီးမပြောပါနှင့်ဟု ပြန်ဆို၏။ 9ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိတစ်ယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။ 10ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင်တို့အပေါ်မှာထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။ 11ခေနာနာသား ဇေဒကိသည် သံဦးချိုတို့ကိုလုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိလူတို့ကို မဖျက်ဆီးမီတိုင်အောင် ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ 12ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။ 13မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊ 14မိက္ခာက၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ထာဝရဘုရား မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟု ဆို၏။
15ရှင်ဘုရင်ထံသို့ ရောက်သောအခါ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေကောင်းသလောဟု မေးလျှင်၊ မိက္ခာက၊ စစ်ချီ၍အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။ 16ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတစ်ပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အားအကျိန်ပေးရမည်နည်းဟု မေးသော်၊ 17မိက္ခာက၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးကဲ့သို့၊ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက် ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီး ကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။ 18ဣသရေလရှင်ဘုရင်ကလည်း၊ သူသည် ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု မင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။ 19မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသည်ကိုလည်းကောင်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ယာတော်ဘက် လက်ဝဲတော်ဘက်၌ ရပ်နေကြသည်ကိုလည်းကောင်း ငါမြင်ပြီ။ 20ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ ဆုံးစေခြင်းငှာ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံတော်တို့သည် တစ်ယောက်တစ်နည်းစီ ပြန်လျှောက်ကြ၏။ 21တစ်ဖန် ဝိညာဉ်တစ်ပါးသည်လာ၍ ထာဝရဘုရား ရှေ့တော်၌ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟုလျှောက်လျှင်၊ 22ထာဝရဘုရားက အဘယ်သို့သွေးဆောင်မည်နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး၏ပရောဖက်အပေါင်းတို့ထဲမှာ မုသားစကားကိုပြောတတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော်၊ သင်သည် သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။ 23သို့ဖြစ်၍ ထာဝရဘုရားသည် မုသားစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။ 24ထိုအခါ ခေနာနာ၏သားဇေဒကိသည် ချဉ်းလာ၍ မိက္ခာ၏ပါးကိုပုတ်လျက်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင်နှင့်နှုတ်ဆက်ခြင်းငှာ အဘယ်လမ်းဖြင့် ငါမှထွက်တော်မူသနည်းဟု မေးလျှင်၊ 25မိက္ခာက၊ သင်သည်ပုန်းရှောင်၍ နေခြင်းငှာ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု ဆို၏။ 26ဣသရေလရှင်ဘုရင်က၊ မိက္ခာကို မြို့ဝန်မင်းအာမုန်ထံ၊ သားတော်ယောရှထံသို့ ယူသွား၍၊ 27ဤသူကို ထောင်ထဲမှာ လှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာပြန်၍ မလာမီတိုင်အောင် ဆင်းရဲစွာစားသောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ဟု စီရင်၏။ 28မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်ဝပ်စွာပြန်လာရလျှင် ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မမူ၊ အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟု ဆို၏။
အာဟပ်ကွယ်လွန်ခြင်း
(၆ ရာ၊ ၁၈:၂၈-၃၄)
29ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်ယောရှဖတ်တို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။ 30ဣသရေလရှင်ဘုရင်က၊ ငါသည်ခြားနားသော အယောင်ကိုဆောင်၍ စစ်ပွဲထဲသို့ဝင်မည်။ မင်းကြီးမူကား မင်းမြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှဖတ်အားဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည် ခြားနားသောအယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင်၏။ 31ရှုရိရှင်ဘုရင်က၊ ဣသရေလရှင်ဘုရင်မှတစ်ပါး အခြားသော လူကြီးလူငယ်ကိုမတိုက်နှင့်ဟု ရထားစီးသူရဲများကို အုပ်သော ဗိုလ်သုံးကျိပ်နှစ်ယောက်တို့ကို မှာထားနှင့်သောကြောင့်၊ 32ရထားစီးသူရဲအုပ် ဗိုလ်မင်းတို့သည် ယောရှဖတ်ကိုမြင်သောအခါ၊ အကယ်စင်စစ် ထိုသူသည် ဣသရေလရှင်ဘုရင်ဖြစ်လိမ့်မည်ဟုဆိုလျက် သူ့ကိုတိုက်အံ့သောငှာ လမ်းလွှဲကြ၍၊ ယောရှဖတ်လည်း ကြွေးကြော်လေ၏။ 33ဣသရေလရှင်ဘုရင် မဟုတ်ကြောင်းကို ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ရှောင်သွားကြ၏။ 34လူတစ်ယောက်သည် မရွယ်ဘဲ လေးနှင့်ပစ်၍၊ ဣသရေလရှင်ဘုရင်ကို သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲကလှည့်၍ ထုတ်ဆောင်လော့။ ငါနာသည်ဟု မိမိရထားတော်ထိန်းကိုဆို၏။ 35ထိုနေ့၌ တိုး၍တိုက်ကြ၏။ ရှင်ဘုရင်သည် ရှုရိလူတစ်ဖက်တစ်ချက်၌ ရထားတော်ထဲမှာ လူကိုမှီ၍ ထိုင်နေ၏။ ညဉ့်ဦးယံ၌ အသက်တော်ကုန်၏။ ထိခိုက်ရာ အနာမှအသွေးသည် ရထားထဲသို့ယို၏။ 36လူအပေါင်းတို့၊ ကိုယ်နေသောမြို့ပြည်သို့ ပြန်သွားကြဟု နေဝင်သောအခါ တစ်တပ်လုံးကို ကြွေးကြော်လေ၏။ 37ထိုသို့ ရှင်ဘုရင်သေ၍ ရှမာရိမြို့သို့ရောက်သဖြင့် သင်္ဂြိုဟ်ခြင်းကို ခံရ၏။ 38ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ရေကန်၌ ဆေးသဖြင့်၊ ထာဝရဘုရားမိန့်တော်မူသော စကားနှင့်အညီ ခွေးတို့သည် အသွေးကိုလျက်ကြ၏။ 39အာဟပ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တည်ဆောက်သော ဆင်စွယ်နန်း၊ ပြုစုသောမြို့တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 40အာဟပ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ယုဒဘုရင်ယောရှဖတ်
(၆ရာ၊ ၂၀:၃၁-၂၁:၁)
41ဣသရေလရှင်ဘုရင် အာဟပ်နန်းစံလေးနှစ်တွင် အာသသားယောရှဖတ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော် ယုဒနိုင်ငံကိုအစိုးရ၍၊ 42ယေရုရှလင်မြို့၌ နှစ်ဆယ်ငါးနှစ် စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီး အဇုဘအမည်ရှိ၏။ 43ထိုမင်းသည် ခမည်းတော်အာသလိုက်သောလမ်းကို မလွှဲ၊ အကုန်အစင်လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သော အကျင့်ကိုသာ ကျင့်၏။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။ 44ယောရှဖတ်မင်းသည် ဣသရေလရှင်ဘုရင်နှင့် စစ်မတိုက်၊ မိတ်သဟာယဖွဲ့လေ၏။ 45ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 46ခမည်းတော်အာသလက်ထက်၌ ကျန်ကြွင်းသေးသော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလေ၏။ 47ထိုကာလ၊ ဧဒုံပြည်၌ ရှင်ဘုရင်မရှိ။ ယုဒရှင်ဘုရင်ခန့်ထားသော မြို့ဝန်မင်း စီရင်ရ၏။ 48ယောရှဖတ်သည် ဩဖိရပြည်သို့ စေလွှတ်၍၊ ရွှေကိုယူစေခြင်းငှာ တာရှုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်၏။ 49အာဟပ်သား အာခဇိက၊ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့် သင်္ဘောစီးပါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော်လည်း သင်္ဘောတို့သည် ဧဇယုန်ဂါဗာမြို့မှာ ကျိုးပဲ့သောကြောင့်၊ ဩဖိရမြို့သို့ မသွားရ။ 50ယောရှဖတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ဣသရေလဘုရင်အာခဇိ
51ယုဒရှင်ဘုရင်ယောရှဖတ် နန်းစံ ဆယ်ခုနစ်နှစ်တွင်၊ အာဟပ်သားအာခဇိသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံ၏။ 52ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ မိဘလိုက်သောလမ်း၊ ဣသရေအမျိုးကို ပြစ်မှားစေသော နေဗတ်၏သား ယေရောဗောင်လိုက်သော လမ်းသို့ လိုက်လေ၏။ 53ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၍၊ အဘကျင့်လေသမျှအတိုင်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သတည်း။
ဓမ္မရာဇဝင်တတိယစောင်ပြီး၏။

ဓမ္မရာဇဝင်တတိယစောင် - ၂၂ (အနက်ဖွင့်)

၁၃။ အာဟပ်မင်း၏ နောက်ဆုံးတိုက်ပွဲ (၂၂:၄၀)

၂၂:  ဣသရေလနှင့် ရှုရိတို့ သုံးနှစ်ကြာ ငြိမ်းချမ်းရေးယူကြပြီး နောက်တွင် ဣသရေလ ရှင်ဘုရင် အာဟပ်မင်းသည် ယော်ဒန်မြစ်အရှေ့ဘက် ကမ်းရှိရာ ရာမုတ်ဂိလဒ် အား ရှုရိများထံမှ လိုချင်စိတ်ရှိလာပြန်သည်။ ဗင်္ဟာဒဒ်က အာဟပ်မင်းအား မြို့ကြီးများအား  ပြန်ပေးမည့်အကြောင်း ကတိပြုခဲ့ပြီး (၂၀:၃၄) သော်လည်း ထိုသို့လုပ်ချင်စိတ် မရှိတော့ပါ။ စိတ်ပြောင်းသွားသည်။ ထိုကာလ၌ ယုဒဘုရင် ယောရှဖတ် ကလည်း အာဟပ်မင်းထံ အလည်အပတ်ရောက်ရှိနေရာ စစ်ရေးကူညီမည့် အကြောင်း ထောက်ခံချက် ရရှိသွားသည်။ သို့သော် ယောရှဖတ်က ဘုရားသခင်၏ အလိုတော်ကို ဦးစွာ သိလိုသည်။ အာဟပ်မင်းသည် ပရောဖက် လေးရာအား စုဝေးစေ၍ မေးမြန်းရာ စစ်ဆောင်မည့် အကြောင်း မင်းအကြိုက် ဟောကြသည်။ ထိုပရောဖက်လေးရာကား ကရမေလတောင်ပေါ်တွင် ဧလိယနှင့် မိစ္ဆာပရောဖက် တို့ စိန်ခေါ်ပွဲ၌ ပျက်ကွက်ခဲ့သူများ ဖြစ်လိမ့်မည်( ၁၈:၁၉-၂၂)။

၂၂:၁၂  ယောရှဖတ်က ဘုရားသခင်၏ ပရောဖက်တစ်ပါးမှ မရှိသလော ဟု မေးလေသော် ဘယ်သူ့မျက်နှာမှ မထောက်၊ ယုတ်တိုင်းမှန်ရာ မခြွင်းမချန် ပွင့်ပွင့်လင်းလင်း ပြောတတ်သဖြင့် အာဟပ်မင်း မျက်မုန်းကျိုးသော ပရောဖက်မိက္ခာကို ဆင့်ခေါ်စေသည်။ ပရောဖက် လေးရာအုပ်စုက အာဟပ်မင်းနှင့် ယောရှဖတ်မင်းအား ရှုရိသို့ စစ်ချီတိုက်ခိုက်ရန် ဝိုင်း၍ လှော်ပေးကြသည်။ ၎င်းတို့ထဲမှ ပရောဖက် ဇေဒကိ က သံဦးချိုကို မှုတ်၍ စစ်ချီတိုက်ခိုက်လျှင် အောင်မြင်မည့် အတိတ်နိမိတ်ဖြင့် အခါပေးလိုက်သည်။

၂၂:၁၃၁၇  ပရောဖက်များမှာ အာဟပ်၏ အလိုလိုက်အကြိုက်ဆောင်ကြသော ဗောင်းတော်ညိတ် စိတ်တော်သိများ ဖြစ်ကြသည်။ ယခုပရောဖက် မိက္ခာ၏ စကားကို စောင့်နေကြသည်။ အာဟပ်မင်းက မိက္ခာအား မေးမြန်းသောအခါ မိက္ခာက ရှေးပရောဖက်များ နည်းတူ “သွားတိုက်ပါ၊ သင်နိုင်မှာပါ” ဟု အရွဲ့တိုက်ကာ ငေါ့တော့တော့ ဖြေဟန်တူသည်။

ထိုအငေါ်တူးစကားကို ရိပ်မိသော အာဟပ်မင်းက မိက္ခာအား အမှန်မြင် သိသည့်အတိုင်း ကျိန်ဆို ဟောစေရန် (တရား ၅:၁) ပြောသောကြောင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် သိုးထိန်း မရှိသော သိုးများကဲ့သို့ တောင်ပေါ်မှာ အရပ်ရပ် ကွဲလျက်ရှိသည် ကို ငါမြင်ပြီ ဟု ထပ်မံပြောသည်။ ထိုစကားမှာ စစ်ပွဲ၌ အာဟပ်မင်း ကျဆုံးနိမိတ် ဖြစ်သည်။

၂၂:၁၈၂၃  ထိုအခါ အာဟပ်က ယောရှဖတ်အား “ဤပရောဖက် မိက္ခာသည် ငါ့အား တစ်ကြိမ်မှ အကောင်း မပြောစဘူးဟု ငါမပြောသလော” ဟု ဆိုသည်။ သတ္တိပြောင်သော ပရောဖက် မိက္ခာက ဆက်၍ ပြောသည်။ ကောင်းကင်တမန် တစ်ပါးသည် မိမိကိုယ်ကို မုသာပြောတတ်သော စိတ်ဝိညာဉ် ဖြစ်စေလျက် အာဟပ်မင်းရှေ့ ခစားသော ပရောဖက်များထဲ ဝင်၍ အာဟပ်မင်းအား လိမ်ညာပြောဆိုနေသည့် ရူပါရုံကို မြင်ရကြောင်း ပြောပြသည်။ ဤသည်မှာ ဘုရားသခင်သည် ဆိုးယုတ်သော အမှု(လိမ်ညာလှည့်စားခြင်း) ကို ပြုသူမဟုတ်ဘဲ၊ အလိုတော်ပြီးမြောက်ရန် အသုံးပြုဖို့ အခွင့်ပေးခြင်းသာ ဖြစ်သည်။

၂၂:၂၄၂၅  ဤနေရာတွင် မုသာပရောဖက် ဇေဒကိ ပြောသည့် အတိုင်း ဘုရားသခင်ဝိညာဉ်တော် ပြောင်းရွှေ့သွားခြင်း မဟုတ်ပါ။ ပရောဖက် မိက္ခာ၏ စကားမှာ မုသာပရောဖက် တဖွဲ့လုံး၏ စကားနှင့် လုံးဝ ဖီလာဆန့်ကျင် နေသောကြောင့် ဇေဒကိက ချဉ်းကပ်၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင်နှင့် နှုတ်ဆက်ခြင်းငှါ အဘယ်လမ်းဖြင့် ငါမှ ထွက်တော်မူ သနည်း” ဟု ဆို၍ ပါးရိုက်သည်။ ဇေဒကိစကားကို တနည်းအား ဖြင့် –

ဂိလဒ်ပြည် ရာမုတ်မြို့အား သွားရောက်တိုက် ခိုက်ရန် ဘုရားသခင်၏ ဝိညာဉ်တော် ဖော်ပြချက် ဖြင့် အာဟပ်မင်းကို  ငါအကြံပြုခဲ့ပြီ။ ယခု သင်က ဘုရားသခင် ဝိညာဉ်တော်အားဖြင့် ကျိန်ဆိုလျက် ငါ့စကားကို ဆန့်ကျင်ဘက်ပြု၍ အကြံပေးပြန်ပြီ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ငါ့ထံမှ သင့်ထံသို့ အဘယ်ကဲ့သို့ ရောက်နိုင်မည်လဲဟု ဆိုရာရောက်သည်။

ပရောဖက် မိက္ခာသည် ဇေဒကိ၏ ပါးရိုက်ခြင်းခံရသော်လည်း ဒေါသမထွက်။ တည်ငြိမ်စွာ ပြန်လည်ဖြေကြားသည်။ သင်အတွင်းခန်းသို့ ပုန်းအောင်းရန် ဝင်ရသည့် အခါ သိလိမ့်မည် ဆိုသည်။ ဆိုလိုသည်မှာ အာဟပ်သေဆုံးသောအခါ ဇေဒကိသည် မုသာပရောဖက် ဖြစ်၍ အရှက်ရမည့် ကြမ္မာဆိုးကို ညွှန်ပြခြင်း ဖြစ်သည်။ ြ

၂၂:၂၆၃၀  အောင်ပွဲနှင့် အတူပြန်လာမည့် အချိန်ထိ ပရောဖက်မိက္ခာအား ချုပ်နှောင်ထားရန် အာဟပ်မင်းက စိတ်ဆိုးမာန်ဆိုး အမိန့်ချမှတ်သည်။ မိက္ခာ က “အာဟပ်မင်း အောင်ပွဲနှင့် ပြန်လာလျှင် မိမိပရောဖက် ပြုချက်သည် ဘုရားသခင်ပြောစကား မဟုတ် ဟု မှတ်ယူပါ”ဟု ရဲရဲကြီးအာမခံလိုက်သည်။ အာဟပ်မင်းသည် မိက္ခာ၏ စကားအားမယုံသော်လည်း စိတ်ထင့်နေသည်။ ထို့ကြောင့် ကံကြမ္မာကို လှည့်စားရန် ရုပ်ဖျက်၍ တိုက်ပွဲဝင် ဖို့ ကြံသည်။ ယောရှဖတ် အား ဣသရေလဘုရင့် အဆောင်အယောင်ဖြင့် စစ်ချီစေပြီး သူကိုယ်တိုင်မူ သာမန်စစ်သားကဲ့သို့ ဝတ်ဆင်၍ တိုက်ပွဲဝင်သည်။ အာဟပ်မင်းသည် ဘုရားသခင်နှင့် ရှုရိမင်းကို လှည့်စားသော်လည်း မအောင်မြင်ပါ။ “ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည့် အတိုင်း အသီးအနှံရိတ်ရလိမ့်မည်” (ဂလ၊ ၆:၇)ဟု ကျမ်းစကားက သက်သေထူထားပါသည်။ ယောရှဖတ်မင်း လွတ်မြောက်သွားသော်လည်း အာဟပ်မင်းမှာ တိုက်ပွဲတွင် ကျဆုံးသည်။

၂၂:၃၁၃၆  ရှုရိစစ်သားများသည် စစ်မြေပြင်တပ်မှူး ဣသရေလဘုရင် အား အဓိကပစ်မှတ်ထား တိုက်ခိုက်ကြသည်။ အစဦး၌ ဘုရင့်အဆောင်အယောင် ဝတ်ဆင်သော ယောရှဖတ်ကို ဣသရေလဘုရင်ဟု ထင်မှတ်မှား ကြသည်။ ယုဒရှင်ဘုရင် ယောရှဖတ်က ကြောက်လန့်တကြား ကုန်းအော်သောအခါ လူမှားမှန်း သိသွားကြသည်။ အာဟပ်၏ ချိုင်းနံရိုးနှစ်ခုအကြား တွင် မရွယ်ဘဲ ပစ်လိုက်သည့်မြှား စိုက်ဝင်သည်။ မြင်းရထားပေါ်တင်၍ စစ်မြေပြင်မှ ခေါ်ထုတ်သွားကြသည်။ အာဟပ်မင်းသည် ညနေစောင်း၌ မြင်းရထားပေါ်မှာ သွေးထွက်လွန်၍ သေဆုံးသည်။ အာဟပ်မင်း ကျဆုံးကြောင်း သတင်းကြားသိသောအခါ ဣသရေလ စစ်သည်များ ဖရိုဖရဲပြိုကွဲ၍ ထွက်ပြေးကြသည်။

၂၂:၃၇၄၀ အာဟပ်၏ အလောင်းကို ရှမာရိသို့ ယူဆောင်သင်္ဂြိုဟ်ကြသည်။ သွေးသံပေပွနေသော မြင်းရထားအား ဆေးကြောရာ ခွေးများက လျက်ကြသည်။ ဤဖြစ်စဉ်ကား ၂၁:၁၉ ၌ ဖော်ပြထားခဲ့သော ဧလိယပရောဖက်ပြုချက် တစ်စိတ်တစ်ပိုင်း ပြည့်စုံခြင်းဖြစ်သည်။ ဘုရားသခင်ထံ နှိမ့်ချဝန်ခံခဲ့သောကြောင့် အာဟပ်၏အလောင်းကို ရှမာရိသို့ ယူဆောင်သင်္ဂြိုဟ်ရသည်။ အာဟပ်သား ယောရံအပေါ် ပရောဖက်ပြုချက် ပြည့်စုံကြောင်းကို ၄ရာ၊ ၉:၂၅၊၂၆ တွင် ဆက်လက်တွေ့ရှိရဦးမည်။

အာဟပ်သေဆုံးရမည့်အကြောင်းကို ပရောဖက် သုံးပါးက တသီးတခြားစီ အသီးသီးပရောဖက် ပြုခဲ့ကြကြောင်း တွေ့ရသည်။ ဗင်္ဟာဒဒ်အား လွှတ်ပေးလိုက်စဉ် အမည်မထင်ရှားသော ပရောဖက်တစ်ပါးက ဦးစွာ ပရောဖက် ပြုခဲ့သည် (၂၀:၄၂)။ နောက်တစ်ကြိမ်တွင် နာဗုတ်အား နိုင်ထက် စီးနင်းသတ်ဖြတ်ပြီး ဧလိယက နိမိတ်ဖတ်ခြင်းဖြစ်သည် (၂၁:၁၉)။ တတိယပရောဖက်ပြုချက်မှာ ဂိလဒ်ပြည် ရာမုတ်မြို့ကို စစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်စဉ် ပရောဖက် မိက္ခာက သတိပေးဟောပြော ခြင်းဖြစ်သည် (ငယ်၊ ၁၇-၂၃)။

(ယုဒဘုရင် ယောရှဖတ် (၂၂:၄၁၅၀)

၂၂:၄၁၅၀ ယုဒရှင်ဘုရင် အာသ၏သား ယောရှဖတ်သည် ဘီစီ ၈၇၃/၇၂ မှ ၈၄၈ ထိ ၂၅ နှစ် နန်းစံခဲ့သည်။

ပထမပိုင်း ၃/၄ နှစ်မှာ ခမည်းတော်နှင့် အတူ တွဲဖက်ဘုရင်အဖြစ် စိုးစံခြင်းဖြစ်သည်။ သူ့အကြောင်းကို အပိုဒ်ငယ် ၂-၄ တွင် မိတ်ဆက်ပေးခဲပြီးဖြစ်သည်။ မင်းဆိုးမင်းညစ် အာဟပ်မင်းနှင့် လူပေါင်းမှားသဖြင့် အသက်ကို ဖက်ရွက်နှင့် ထုတ်၍ ထွက်ပြေးခဲ့ရသည်။ မည်သို့ဆိုစေ ယေဘုယျခြုံလျှင် မင်းကောင်းမင်းသန့် ဟု ဆိုနိုင်ပါသည်။ ယောရှဖတ်၏ ဆောင်ရွက်ချက်များကို လေ့လာကြည့်ကြပါစို့။

၁။ ခမည်းတော်ခြေရာကို နင်းလျက် ရုပ်တုဆင်းတုကိုးကွယ်ခြင်းများကို ဆန့်ကျင်သော်လည်း တောင်ကုန်းများရှိ ဘုရားတုများကို ချန်ထားသောကြောင့် အထက်တဝက်အောက်တဝက် ဖြစ်သည်(ငယ်၊၄၃)။

၂။  ခမည်းတော် အာသမင်းနှင့် အတူ တွဲဘက်မင်းပြု အုပ်ချုပ်ရသည်။

၃။  ဣသရေလဘုရင် အာဟပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သည် (ငယ၊ ၄၄)။

၄။  ယောက်ျားပြည့်တန်ဆာများကို တိုင်းပြည်မှ နှင်ထုတ်သည် (ငယ်၊ ၄၆)။

၅။  မြို့ဝန်ခန့် အုပ်ချုပ်ခဲ့သော (ငယ် ၄၇) ဧဒုံပြည် (၂ရာ ၊၈:၁၄) သည် သူ့လက်ထက် ယုဒပိုင်နက် ဖြစ်သည်။ သားတော်ယောရံလက်ထက်တွင် ပြန်လည်ဆုံးရှုံးရသည် (၄ရာ ၈:၂၀)။

၆။  အာဟပ်၏ သားအာခဇိ နှင့် ဧဇယုန်ဂေဗာ အရပ်တွင် သင်္ဘောစပ်တူ ဆောက်လုပ်ကြသည် (၆ရာ ၊ ၂၀:၃၅-၃၆)။ ထိုသင်္ဘောများဖြင့် သြဖိရ သို့ ရွှေသွားယူဖို့ ဖြစ်သည်။ သို့သော်လည်း ဆိပ်ကမ်းမှ မထွက်ခွာမီ ပျက်စီးနစ်မြုပ်ကုန်သည် (ငယ်၊ ၄၈)။ လေမုန်တိုင်းတိုက်၍ ပျက်စီးခြင်း ဖြစ်ပေမည်။ မစင်ကြယ်သူနှင့် မဟာမိတ်ပြု ပေါင်းဖက်ခြင်းမှာ အလိုတော်နှင့် မညီသောကြောင့် ထိုသို့ ပျက်စီးရသည်ဟု ပရောဖက်ဧလျေဇက ထောက်ပြ၏ (၆ရာ၊ ၂၀:၃၇)။ အာခဇိက စိမံကိန်း အသစ်ထပ်မံ ရေးဆွဲသော်လည်း ယောရှဖတ်က ငြင်းပယ်လိုက်သည် (ငယ် ၄၉)။

(ဣသရေလ ဘုရင် အာခဇိ (၂၂:၅၁၅၃ 

၂၂:၅၁၅၃  အာဟပ်၏သား အာခဇိသည် ဘီစီ ၈၅၂-၈၅၃ ထိ  နှစ်ကြာ ဣသရေလရှင်ဘုရင် အဖြစ် မင်းပြုသည် (၄ရာ၊ ၁:၁၁-၁၈ နှင့် ယှဉ်ဖတ်)။

အာခဇိမင်းသည် ရုပ်တုဆင်းတု ကိုးကွယ်သော မင်းဆိုးမင်းမိုက် ဖြစ်သည်။ မိခင်မှာ ယေဇဗေလ ဖြစ်၍  မိခင်ထိန်းချုပ်မှုအောက်မှာ အဖ နည်းတူ အာခဇိ လည်း အယူလွှဲမှား ဆိုးမိုက်ခဲ့သည်။ ဖအေတူသားဟု ဆိုရမည်။ ဗာလဘုရားကိုးကွယ်ခြင်းဖြင့် ဣသရေလ လူမျိုးပေါ် ဘုရားရှင်၏ အမျက်ဒေါသသင့် ရောက်စေသူ ဖြစ်သည်။ ဓမ္မရာဇဝင် တတိယနှင့် စတုတ္ထစာစောင် တို့မှာ အကြောင်းအရာ တဆက်တစပ်တည်း ဖြစ်သောကြောင့် အာခဇိမင်း အကြောင်းကို စတုတ္ထစောင်တွင် ဆက်လက်၍ လေ့လာကြည့်ကြပါစို့။

မှတ်စု

 

၁။  (နိဒါန်း) O. J. Gibson, Unpublished Nodes.

၂။  (၄:၁-၆) Matthew Poole, Matthew Poole’s Commentary on the Holy Bible, p.657.

၃။  (၆:၁၁-၂၂) C. H. Spurgeon, Spurgeon’s Devotional Bible, p.305.

၄။  (၈:၁၂-၁၃) Matthew Henry, “I Kings” in Matthew Henry’s Commentary on the Whole Bible, II:614.

၅။  (၈:၁၆)  John Haley, Alleged Discrepancies of the Bible, p.223.

၆။  (၉:၁၅-၂၃) Baker’s Bible Atlas, p.309.

၇။  (၁၀:၁၆-၂၂) KJV ကျမ်းမူတွင် “ဥဒေါင်း” ဟုပြန်ဆိုခဲ့သော ဝေါဟာရကို NKJV ကျမ်းမူတွင် မျောက်၊ NIV ကျမ်းမူတွင် မျောက်ဝံဟု ပြန်ဆိုလာကြသည်။ ရှေးရှင်ဘုရင်များသည် ဥဒေါင်းကို အလှအပမွေးအဖြစ် တန်ဖိုးထားကြသည်။ ထို့ကြောင့် Jarome က Latin Vulgate တွင် “ဥဒေါင်း” ဟူ၍ မှန်းဆဘာသာ ပြန်ခဲ့ဟန်တူသည်။

၈။  (၁၀:၂၆-၂၉)  Keveh (Kue ဟုလည်းဆိုသည်) ဟူသော စကားလုံးကို KJV ကျမ်းတွင် လျှော်ချည်အဖြစ် ပြန်ဆိုထားခြင်းမှာ ၁၇ ရာစုခေတ်အချိန်က ၎င်းကို နေရောဒေသ အမည်ဖြစ်ကြောင်း မသိရှိကြသေး သောကြောင့်ဖြစ်သည်။

၉။  (၁၀:၂၆-၂၉) J. R. Lumby, The Cambridge Bible for Schools and Colleges, The First Book of the Kings, p.114.

၁၀။ (Essay) အသေးစိပ်ကို ကျမ်းကိုးစာရင်းတွင် ဖတ်ရှုပါ။

၁၁။ (၁၃:၃၃-၃၄) Irving J. L. Jensen, I kings with Chronicles, pp.80,81.

၁၂။ (၁၄: ၁၄-၁၆)  KJV ကျမ်းမူတွင် ပါရှိသော groves သည် ဟေဗြဲဝေါဟာရ Asherim ဟူသော စကားလုံးကို အင်္ဂလိပ်လို ပြန်ဆိုထားခြင်းဖြစ်သည်။

၁၃။ (၁၈:၃၀-၃၅)  George Williams, The Student’s Commentary on the Holy Scriptures, p.195.

၁၄။ (၁၉:၉-၁၄) Ibid, p.196.

၁၅။ (၁၉:၁၅-၁၈) ဧလိယသည် ဘုရားသခင်၏ အမိန့်တော်အရ ဧလိရှဲကို မိမိအား ဆက်ခံမည့်သူအဖြစ် တိုက်ရိုက်ခန့်အပ်သည်။ ဧလိယထံသို့ မရောက်မီ၊ ဟာဇေလနှင် ယေဟုတို့အား ဘိသိက်မင်္ဂလာပေးသည် (၄ရာ၊ ၈:၇) နောက်ပိုင်းနှင့် ၉:၁ နောက်ပိုင်း)။ ဧလိယက ဘိသိက်ပေးခဲ့ရသောသူ သုံးဦးတွင် ဧလိရှဲလည်း တယောက် အပါအဝင် ဖြစ်သည်)။

၁၆။ (၂၀:၃၅-၃၆) Henry, “I Kings”, II:692-93.

၁၇။ (၂၀:၃၇-၄၃) G. Campbell Morgan, Search-lights from the Word, p.100.

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။