ဓမ္မရာဇဝင်တတိယစောင် - ၁၁
ဓမ္မရာဇဝင်တတိယစောင် - ၁၁ (အနက်ဖွင့်)
(ဇ) ရှောလမုန်မင်း ကျဆင်းခြင်းနှင့် နတ်ရွာစံခြင်း (အခန်း ၁၁)
၁၁:၁–၃ ဣသရေလရှင်ဘုရင်တို့အား မိန်းမ အမြောက်အများမယူရန် တရား ၁၇:၁၇ ၌ တားမြစ်ထားသည်။ ရှောလမုန်ဘုရင်သည် ထိုကျမ်းစကားကို နာခံခြင်းမရှိ။ တပါးလူမျိုး မိဖုရားအားဖြင့် သူသည် ရုပ်တုကိုးကွယ်မှု ပြောင်းသွားသည်။
၁၁:၄–၈ အပိုဒ်ငယ် ၄ ၌ ဒါဝိဒ်မင်း၏ စိတ်နှလုံးသည် ရုပ်တုများ၌ လုံးဝမတိမ်ညွတ်ဘဲ ထာဝရဘုရား၌သာ တည်ကြည်သော်လည်း ရှောလမုန် မှာမူ ထိုသို့မဟုတ်။ ဖခင်ခြေရာကို မလိုက်ဘဲ ယေရုရှလင်မြို့အရှေ့ဘက်ရှိ သံလွင်တောင်ပေါ်၌ ရုပ်တုများကို တည်ဆောက်သည်။
၁၁:၉–၁၃ ဘုရားသခင်သည် ရှောလမုန်မင်း အား နှစ်ကြိမ်တိုင်တိုင် ကိုယ်ထင်ရှားပြ တွေ့ဆုံ ခဲ့သည်။ ဂိဗောင်၌ (၃:၅) နှင့် ယေရုရှလင် ဗိမာန်တော် အနုမောဒနာပြုချိန်(၉:၂)တို့၌ ဖြစ်သည်။ ရှောလမုန်သည် ပညတ်တော်အား စောင့်ထိန်းခြင်း မပြုဘဲ၊ ရုပ်တုဘုရားတု နောက်သို့ လိုက်သောကြောင့် နိုင်ငံတော် ကို သူ့ထံမှ နှုတ်ယူမည်။ သို့သော် အဖဒါဝိဒ်ကို ထောက်၍ အကုန်အစင်မနှုတ်။ ဝေစုတစ်ဖို့ကိုသာ နှုတ်ယူ၍ သူ့ကျွန်သို့ ပေးအပ်မည်။ သို့ရာတွင် ဤအမှုဆိုးသည် ရှောလမုန်လက်ထက်တွင် မကျရောက်ရ။ ဣသရေလမျိုးနွယ်ထဲမှ မျိုးနွယ်တစ်စု (ဗင်္ယာမိန်အနွယ်)ကု ရှောလမုန်၏ သားအဖို့ ချန်လှပ်ပေးမည်(၁၂:၂၃) ဘုရားသခင် မိန့်ဆိုလေ၏။
၁၁:၁၄–၂၂ ရှောလမုန်မင်းအတွက် ရန်ဘက်သုံးဦးကို ဖော်ပြသည်။ ပထမတစ်ဦးမှာ ဧဒုံလူများ အား စစ်သူကြီးယွာဘ က သုတ်သင်သတ်ဖြတ်စဉ် ကလေးဘဝက အီဂျစ်(အဲဂုတ္တု)သို့ ထွက်ပြေးလွတ်မြောက်သွားသော ဧဒုံမင်းသား ဟာဒပ် ဖြစ်သည်။ ဖာရောဘုရင်က ကျွေးမွေးစောင့်ရှောက်ထားသည့် အပြင် သူ၏ မိဖုရားတာပနက်၏ ညီမ (ခယ်မတော်)နှင့်ပါ ပေးစားလိုက်သည်။ ဒါဝိဒ် နှင့် ယွာဘ သေဆုံးကြောင်း ကြားသိသော် ဖာရောဘုရင်ထံ ခွင့်ပန်၍ ဧဒုံပြည်သို့ ပြန်လာ၏ လူသူစစ်မက်ဗိုလ်ပါများ စုဆောင်းပြီး ရှောလမုန် အား ပုန်ကန်အန်တုလာသည်။
၁၁:၂၃–၂၅ ဒုတိယရန်ဘက်မှာ ရေဇုန် ဖြစ်၏။ ဒါဝိဒ်က ဇောဘမင်းကို တိုက်ခိုက်လုပ်ကြံသောအခါ ထွက်ပြေးလွတ် မြောက်သွားသူဖြစ်သည်။ တိုက်ခိုက်ဝံ့ရဲသူများကို စဖွဲ့၍ ဗိုလ်လုပ်သည်။ နောင်တွင် ရှုရိနိုင်ငံတည်ထောင်၍ ဒမာသက်မြို့၌ မင်းပြုသည်။ မြောက်အရပ်မှှနေ၍ ရှောလမုန်ကို ခြိမ်းခြောက်ရန်ပြုနေသူ ဖြစ်သည်။ ဒါဝိဒ်လက်ထက်၌ ဒမာသက်ကို သိမ်းပိုက်တပ်စွဲထားခဲ့ရာ ဣသရေလတို့ကို အခွန်အတုပ်ဆက်၍ ဝန်ပိနေခဲ့ရသည် (၂ရာ ၊၈:၅-၆)။
ဒမာသက်မြို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းမှာ လာမည့်ရာစုနှစ်များ၌ ရှုရိနိုင်ငံသည် ဣသရေလလူတို့ အသားထဲ စူးဝင်မည့် ဆူးငုတ်ဖြစ်လာမည့် အကြောင်း နိမိတ်လက္ခဏာဖြစ်သည်။
၁၁:၂၆–၂၈ တတိယရန်ဘက်မှာ ရှောလမုန်၏ကျွန်၊ ဧဖရိမ်အမျိုး နေဗတ်၏သား ယေရောဗောင် ဖြစ်သည်။ ရှောလမုန်က ယေရောဗောင်အား မိလ္လောမြို့ခံတပ်ဆောက်ရန် တာဝန်ပေးခဲ့ဘူးသည်။ ထိုအခွင့် အာဏာက သူ့အား ဣသရေလဘုရင် လုပ်ချင်အောင် လှုံ့ဆော်ခဲ့ဖွယ်ရှိသည်။
၁၁:၂၉–၃၉ တစ်နေ့သောအခါ ယေရောဗောင် သည် ပရောဖက်အဟိယ နှင့် မမျှော်လင့်ဘဲ ဆုံမိကြသည်။ သူတို့နှစ်ယောက်တည်း လယ်ပြင်တွင် ဆုံတွေ့ကြစဉ် ပရောဖက်အဟိယက မိမိဆင်မြန်းထားသော ဝတ်လုံသစ်ကို ၁၂-ပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်သည်။ ယေရောဗောင်အား ၁၀ ပိုင်း ပေးလိုက်သည်။ ၎င်းသည် ဣသရေလ မျိုးနွယ် ၁၀ ခု ကို ပိုင်ဆိုင်အုပ်စိုးရမည့် ပုပ္ပနိမိတ်ဖြစ်သည်။ မျိုးနွယ်တစ်ပါး (ဗင်္ယာမိန်အမျိုး)ကို ရှောလမုန်၏ သားအတွက် ချန်ထားရမည်ဟု ယေရောဗောင်အား ရှင်းပြသည်။ သို့သော် ရှောလမုန်ဘုရင် မသေခင် တိုင်းပြည်ကို ခွဲခြမ်းစိပ်ဖြာခြင်း မပြုရ။ အကယ်၍ နာခံခြင်းရှိလျှင် ယေရောဗောင်သည်လည်း ဘုရားသခင်၏ ကောင်းချီးကို ခံစားရမည်ဟု အာမခံသည်။ ဣသရေလ တမျိုးသားလုံးကို မပေး ဆယ်မျိုးကိုသာ ပေးမည့် ကတိတော်ကို သတိပြုပါ။ ရှောလမုန်ဘုရင် နတ်ရွာစံသောအခါမှသာလျှင် အခွင့်အာဏာ သက်ရောက်မည်။ နှုတ်ကပတ်တော် နာခံလိုက်လျှောက်နေသမျှ ကာလပတ်လုံး နန်းဆက်နန်းမွေ ရှည်ကြာစေမည်ဟု ကတိတော်ပေးထားသည်။
၁၁:၄၀ ယေရောဗောင် သည် ရှောလမုန် သေမည့်ရက်ကို မအောင့်အည်းနိုင်။ ဆန္ဒစောပုန်ကန်သောကြောင့် ရှောလမုန်မင်း အမျက်တော်ရှသည်။ ထို့ကြောင့် အဲဂုတ္တုပြည် သို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ရှောလမုန် မသေမချင်း ပုန်းခိုရသည်။ မိမိအပြစ်ကို နောင်တရမည့်အစား ရှောလမုန်သည် ယေရောဗောင်အား ရန်ရှာသည်။ ဘုရားသခင်၏ စကားကို ပစ်ပယ်၍ ယေရောဗောင်အား ရန်ရှာခြင်းကား မိုက်မဲမှုဖြစ်သည်။ ယခု ယေရောဗောင်သည် မြောက်ပိုင်းနိုင်ငံအတွက် ဘုရားဘိသိက် ရထားသူဖြစ်သည်။ ရှောလုသည် မိမိ၏ နောက်ဆက်ခံရန် ဘုရားဗျာဒိတ်ရထားသော ဒါဝိဒ်အား အသက်ရန်ရှာ ခဲ့ဘူးသော်လည်း မအောင်မြင်ပါ။ ထိုနည်းတူ ရှောလမုန်မင်းသည်လည်း ယေရောဗောင်ကို သတ်ဖို့ အချည်းနှီး ကြိုးပမ်းနေပြန်သည်။
ယေရောဗောင် အုပ်စိုးရသောလူမျိုးများမှာ ရုဗင်၊ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာ၊ ဣသခါ၊ ဇာဗုလုန်၊ ဧဖရိမ်၊ မနာရှေနှင့် လေဝိ+ရှိမောင် တစ်ဝေစု ဖြစ်၏ ရှောလမုန်သား ရောဗောင်အုပ်စိုးရသောအမျိုးမှာ ယုဒ၊ ဗင်္ယာမိန် နှင့် လေတိ+ရှိမောင်တစ်ဝေစု ဖြစ်သည်။ လေဝိအမျိုး၏ အဓိကလူစု (၆ရာ၊၁၁:၁၃-၁၆)နှင့် ရှိမောင်အမျိုးသည် ယုဒလူမျိုးအပေါ် သစ္စာရှိသူများဖြစ်သည်။
၁၁:၄၁ “ရှောလမုန်ဝတ္ထု” ဟူသောကျမ်းသည် ရှောလမုန်ဘုရင်၏ လုပ်ဆောင်ချက်များ နှင့် ပညာစကားတို့ကို ရေးမှတ်ထားသည့် နန်းစဉ်မှတ်တမ်း ဖြစ်သော်လည်း ဝိညာဉ်တော်တန်ခိုး မပါရှိပါ။
၁၁:၄၂–၄၃ ရှောလမုန်ဘုရင်သည် နှစ်ပေါင်း ၄၀ နန်းစံပြီးနောက် ကံကုန်၍ ယေရုရှလင်၌ သင်္ဂြိုဟ်၏ သားတော် ရောဗောင် က ဆက်ခံသည်။ ရှောလမုန်မင်း ၏ နန်းစံနိဒါန်းသည် နိဂုံးထက်ပို၍ ကျက်သရေရှိ၏။ အစကောင်းတိုင်း အနှောင်းကောင်းမည်ဟု မပြောနိုင်ပါ။ ရှောလမုန်ကား အထွဋ်အမြတ်၌ မွေးဖွားခဲ့သော်လည်း ရုပ်တုကိုးကွယ်ခြင်းဖြင့် အသူရာချောက်ထဲခုန်ချခဲ့သောကြောင့် ဘဝနိဂုံး အကျဉ်းတန်ခဲ့သည်။ ဒေ၊ ၁၂:၁၃-၁၄ ကို ပြုစုရေးသားခဲ့သူသည် ကိုယ်တိုင် မလိုက်နာမကျင့်ကြံနိုင်ပါတကား။
အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်းစ၍၊ အလုံးစုံသော အမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတံ့သတည်း။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။