၁ကော - ၈

ရုပ်တုရှေ့ပူဇော်သောယဇ်ကောင်
1ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှသည် ပိုင်းခြားတတ်သော ဉာဏ်ရှိသည်ကို ငါတို့သိကြ၏။ ဉာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။- 2အကြင်သူသည်၊ ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်းမသိသေး။- 3ဘုရားသခင်ကိုချစ်သောသူ မည်သည်ကား၊ ဘုရားသခင် သိစေတော်မူသောသူ ဖြစ်၏။- 4ရုပ်တုရှေ့၌ ပူဇော်သောယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီးသက်သက် ဖြစ်သည်ကိုလည်းကောင်း၊ တစ်ဆူတည်းသော ဘုရားသခင်မှတစ်ပါး အဘယ်ဘုရားသခင်မျှ မရှိသည်ကိုလည်းကောင်း၊ ငါတို့သိကြ၏။- 5ဘုရားများ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ်သမုတ်သော သူအများရှိသော်လည်း၊- 6အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ်၍၊ အကြင်ဘုရားသခင်အဖို့ အလိုငှာ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင် တစ်ပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ်တစ်ပါးတည်းသာ ငါတို့၌ရှိတော်မူ၏။- 7သို့သော်လည်း ထိုဉာဏ်ကို လူတိုင်းမရ။ အချို့သောသူတို့သည် ယခုတိုင်အောင် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကိုစားသော်၊ ရုပ်တုကို ထောက်သောစိတ်နှင့် စားကြသည်ဖြစ်၍၊ သူတို့၌ ကိုယ်ကိုကိုယ်သိသော စိတ်သည် အားနည်းသောကြောင့် ညစ်ညူးခြင်းသို့ ရောက်တတ်၏။
8အစားအသောက်အားဖြင့် ဘုရားသခင့်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ်။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ်။- 9သို့သော်လည်း၊ သင်တို့အခွင့်ကို အားနည်းသောသူတို့၌ ထိမိ၍လဲစရာအကြောင်း မဖြစ်စေခြင်းငှာ သတိပြုကြလော့။- 10အကြောင်းမူကား၊ သင်သည် ပိုင်းခြားတတ်သော ဉာဏ်ရှိလျက်ပင်၊ ရုပ်တုစင်ထဲ၌ စားပွဲနားမှာ လျောင်းသည်ကို သူတစ်ပါးမြင်လျှင်၊ ကိုယ်ကိုကိုယ်သိသောစိတ် အားနည်းသောသူသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းငှာ ရဲမည်မဟုတ်လော။- 11ထိုသို့ဖြစ်လျှင်၊ အကြင်ညီအစ်ကိုအဖို့ အလိုငှာ ခရစ်တော်သည် အသေခံတော်မူ၏။ အားနည်းသော ထိုညီအစ်ကိုသည် သင်၏ဉာဏ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ရပါသည်တကား၊- 12သင်တို့သည်၊ ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍ သူတို့၌ ကိုယ်ကိုကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက်၏။- 13သို့ဖြစ်၍၊ ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်းစရာအကြောင်း မရှိစေခြင်းငှာ၊ အမဲသားကို အစဉ်မပြတ်ရှောင်မည်။

၁ကော - ၈ (အနက်ဖွင့်)

(ရုပ်တုဆင်တုပူဇော်သက္ကာစာများကို စားသုံးခြင်း (:၁၁:)

ရုပ်တုဆင်းတု ပူဇော်ခံစားပွဲတော်ကျများ၊ ခေါစာ၊ နတ်စာ၊ ဆွမ်းတော်ကျများ စားသုံးခြင်းသည် အသက်တာ ပြောင်းလဲသော ခရစ်ယာန်များအတွက် ကြီးမားသောအခက်အခဲပြဿနာ ဖြစ်သည်။ တစ်ခါတရံ လူမှုရေးအရ ထိုစားသောက်ဖွယ်ရာများ မှီဝဲစားသုံးရန် ပေးကမ်းခြင်း၊ ဖိတ်ခေါ် ခြင်းများရှိသည်။ စျေးဝယ်ရာတွင်လည်း ယစ်ပူဇော်ထားသော ယဇ်ကောင်အသားများရှိနိုင်သည်။ ထိုယဇ်ကောင်သားများကို ခရစ်ယာန်အနေဖြင့် ဝယ်ယူစားသုံးသင့်ပါသလား။ ယဇ်ပူဇော်ထားသော ခဲဘွယ်ဘောဇဉ်များ စားသုံးရန် ဖိတ်ခေါ်လျှင် စားသုံးသင့်ပါသလား၊ ထိုမေးခွန်းများကို အောက်တွင် ဖြေကြားထားပါသည်။

:  ကျမ်းစာစလျှင်စခြင်း ယဇ်ပူဇော်စာအကြောင်း တွေ့ရသည်။ ကောရိန္သုသားများ ရေးသားထားသကဲ့သို့ လူတိုင်းတွင် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိကြသည်မှာ မှန်ပါသည်။ ဆိုလိုသည်မှာ ကောရိန္သုသားများသည် ငတုံးငအများမဟုတ်ပါ။ ရုပ်တုဆင်းတုပူဇော် ထားသော အစားစာများသည် ပုံသဏ္ဍာန်၊ အရသာပြောင်းလဲသွားခြင်းမရှိပါ။ ရုပ်တုဆင်းတု အပူဇော်ခံများက ပြောင်းလဲပေးနိုင်စွမ်း မရှိပါ။ စားသောက်ခြင်းလည်း မပြုပါ။ မူလပုံစံအရည် အချင်း အတိုင်းရှိနေသည်။

သို့သော် ဉာဏ်ပညာသည် လူကို ထောင်လွှားမော်ကြွားစေသည်။ မေတ္တာတရားသည် ဆောက်တည်ရာ ဖြစ်သည်ဟု ထောက်ပြသည်။ ဆိုလိုသည်မှာ ကောရိန္သုသားများ၏ အသိဉာဏ်သည် ထိုပူဇော်စာကို ပိုင်းခြား သိရှိနိုင်စွမ်းမရှိကြ အသိဉာဏ်တစ်ခုတည်းသည် မာနထောင်လွှားစရာသာ ဖြစ်သည်။ သို့ကြောင့် ခရစ်ယာန်မှန်လျှင် အသိဉာဏ် ပညာတစ်ခုတည်းကိုသာ အားမကိုးရ။ မေတ္တာ နှင့် ရောဖက်ရသည်။ အခြားသူများအတွက် အကောင်းဆုံးကိုလည်း စဉ်းစားပေးပါဟု ဆိုခြင်း ဖြစ်သည်။

: ဤကျမ်းပိုဒ်သည် Vine က “အသိဉာဏ်ပြည်စုံသည်ဟု မိမိကိုယ်ကို ထင်မှတ်သူ သည် ဉာဏ်ပညာမည်သို့ရရှိမည်ဟု အစမပြုသေးသူဖြစ်သည်”ဟုဆိုသည်။ ချစ်ခြင်းမေတ္တာ မပါရှိလျှင်  စစ်မှန်သော အသိဉာဏ်မရရှိနိုင်ပါ။ အခြားတဘက်တွင်မူ ဘုရားသခင်ကို ချစ်မြတ်နိုးသူ သည် ဘုရားသခင်က သိရှိနားလည်ခွင့်ပေးပါသည်။ ဘုရားသခင်သည် လူတိုင်းကို သိရှိသည်။ အထူးသဖြင့် ယုံကြည်သူများကို ပိုမိုသိရှိနားလည်သည်။ ဤနေရာတွင် သိရှိဟူသောစကားမှာ ကျွမ်းဝင် ခြင်းဖြစ်သည်။ ရုပ်တုဆင်းတုများသို့ ပူဇော်သောခဲဖွယ်ဘောဇဉ်များသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်မသက်ဆိုင်။

: ပူဇော်သက္ကာပြုထားသော ရုပ်တုဆင်းတုများသည် တကယ်ဘုရားမဟုတ်ပါ။ တန်ခိုးမရှိ၊ အသိဉာဏ်နတ္တိ၊ မေတ္တာတရားလည်းမသိကြပါ။ ထိုရုပ်တုခင်းတုများသည် သစ်သား၊ ကျောက်တုံး၊ ရွံ့စေး၊ အုတ်ခဲအစရှိသော ရုပ်ဝတ္ထုပစ္စည်းများဖြင့် ပြုလုပ်သည်။ မကောင်းဆိုးဝါး တန်ခိုးများ ဖြစ်သည်။ ဤနေရာတွင် ထိုရုပ်တု နတ်ဆိုးများအကြောင်း ဋီကာချဲ့လိုခြင်းမဟုတ်၊ ထာဝရ ဘုရားသခင်သာလျှင်တစ်ဆူတည်းသော ဘုရားဖြစ်သည် အခြားဘုရားမရှိပါ ထိုဘုရားသခင်မှာ ခရစ်တော်၏ ခမည်းတော်ဘုရားလည်း ဖြစ်သည်။

: ပေါလုကလည်း နတ်ဘုရားအများအပြားရှိကြောင်း ဝန်ခံထားသည်။ မြေကြီးပေါ်မှာ လူသားများကဘုရားအဖြစ် တင်မြှောက်သတ်မှတ်ထားသူ များစွာရှိသကဲ့သို့ ကောင်းကင်ပေါ်၌ လည်း ဒဏ္ဍာရီနတ်ဘုရားများစွာရှိသည်။ နတ်ဘုရား၊ အရှင်ဘုရားများစွာရှိကြသည်။ ထိုဘုရားကို အသီးသီးကိုးကွယ်ကြ၍ ထိုအရှင်များ၏ ဖွဲ့နှောင်ခြင်းခံကြရသည်။

: သို့သော် ယုံကြည်သူများကမူ တစ်ဆူတည်းသောဘုရားသခင်ကိုသာ သိရှိခံယူကြသည်။ ဆိုလိုသည်မှာ ဖန်ဆင်းရှင် ဘုရားသခင်မှာ အဘဘုရားသခင်တစ်ပါးတည်းသာဖြစ်၍ အရာခပ်သိမ်း ၏ဇစ်မြစ်ဖြစ်သည်။ တနည်းအားဖြင့် ထိုဘုရားသခင်သာလျှင် လူသားများ၏ ကိုးကွယ်ရာ ဖြစ်သည်။ အရှင်သခင်လည်း တစ်ပါးတည်းသာရှိသည်။ ထိုအရှင်သခင်မှာ ယေရှုခရစ်တော်ဖြစ်၍ ထိုသခင်၌ ယုံကြည်သူများအသက်ရှင်ကြရသည်။ ထိုအရှင်သခင်  ဆိုခြင်းမှာ ယေရှုခရစ်တော်သည် ဘုရားသခင်၏ ကိုယ်စားလှယ်တော်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ ထိုသခင်၌ အသက်ရှင်ကြရ သည်ဆိုခြင်းမှာ ခရစ်တော်ကဖန်ဆင်းသည်၊ အပြစ်မှရွေးနှုတ်သည်ဟုဆိုလိုသည်။

အဘဘုရားသခင် တစ်ဆူတည်းရှိ၍ ယေရှုသခင်အရှင်တစ်ပါးတည်းရှိသည်ဆိုခြင်းမှာ ယေရှု သည် ဘုရားမဟုတ်ဟု ဆိုခြင်းမဟုတ်။ ယေရှုခရစ်တော်သည် ခမည်းတော်ဘုရား၏ ဦးဆောင်မှု၌ ပါဝင်သော ဖန်ဆင်းရှင်နှင့် ကယ်တင်ရှင် သခင်ဖြစ်ပါသည်။ ဖခမည်းတော်နှင့်သားတော်အား ရိုသေ သမှုပြုသောအားဖြင့် ခေါ်ဝေါ်ခြင်း ဖြစ်သည်။

:  ခရစ်ယာန်ဆိုသူတိုင်းသည် အသက်တာပြောင်းလဲသူများမဟုတ်ကြ။ ခရစ်တော်၌ လွတ်လပ်စွာ နေရမှန်းနားမလည်ကြသေး။ ရုပ်တုဆင်းတု ကျွန်ဘဝတွင် ကာလကြာရှည် နေထိုင်လာကြသဖြင့် ရုပ်တုဆင်းတုအတွေးခေါ် မပျောက်ကင်းကြပါ။ ပူဇော်သက္ကာပွဲတော်ကျများ စားသုံးလျှင် မသန့်ရှင်း၊ အပြစ်ရှိသည်ဟုထင်မှားကြသည်။ ထိုအစားအစာများ စားသုံးရန် စိတ်မသန့်ရှင်း၊ မသတီဖြစ်နေကြသည်။

ထိုစကားနှင့်ဆက်စပ်ပြောရလျှင် ယုံကြည်သူများအတွက် ဝက်သားသည် မစင်ကြယ်သော အစာမဟုတ်ပါ။ ဓမ္မဟောင်းကာလ ယုဒများအတွက်သာ ဖြစ်သည်။ ထိုကဲ့သို့ပင် ကောရိန္သုယုံကြည် သူများသည် အစားအသောက်ရွေးနေကြသည်။ ဇီဇာကြောင်ကြသည်။ အသက်တာပြောင်းလဲ လာသော ယုဒများပင်လျှင် အစားအသောက်ရှောင်ကြဉ်ကြသည်။ သို့ကြောင့် သမ္မာကျမ်းစာက အားနည်းသောညီအကိုများ ဟုခေါ်ဆိုသည်။ ခရစ်ယာန်ယုံကြည်ခြင်း၌ လွတ်လပ်စွာ မပျော်ရွှင် နိုင်သေး၊ ဝက်သားစားခြင်းသည် အပြစ်ကျူးလွန်ခြင်းဖြစ်သည်ဟူသော ခံယူချက် မဖျောက်ဖျက် နိုင်သေး။ အသိဉာဏ်အားနည်းနေသေးသည် ဟုကျမ်းစာကဆိုသည်။ အပြစ်ကျူးလွန်သည်ဟု ခံယူထင်မှတ်လျှင် အပြစ်ကျူးလွန်ပါသည်။ “ယုံမှားသောသူသည် စားလျှင်၊ ယုံကြည်စိတ်မရှိဘဲ၊ စားသောကြောင့် အပြစ်စီရင်ခြင်းခံရ၏” (ရော ၁၄:၂၃)

:  အစားသောက်သည် ဘုရားသခင်နှင့်ဆက်ဆံရာတွင် အဓိကမဟုတ်ပါ။ အစားအသောက်ရှောင်ကြဉ်ခြင်း သည် မျက်နှာတော်အားသာ၍ ဖူးမြင်ရာမဟုတ်သကဲ့သို့ စားသောက်ခြင်းဖြင့်လည်း ခရစ်ယာန် အသက်တာ မပီသစရာအကြောင်းမရှိပါ။

: သို့သော် သတိထားရမည့်အချက်ရှိသည်။ ထိုသို့စားသောက်ပြုမူခြင်းသည် အားနည်း သော ခရစ်ယာန်များ၏အမြင်မှားစရာမဖြစ်စေရ။ ထိုသို့ပြောရာတွင် ချစ်ခြင်းမေတ္တာတရားပါရမည်။ ထိုသို့ ပြောရာတွင် စားသုံးနိုင်ပါသည်။ သို့သော် ယုံကြည်ခြင်းမရင့်ကျက်သူများ၏ အထင်အမြင် မစောင်းစေရ။  သူတစ်ပါးယုံကြည်ချက် မထိပါးစေရ။

:၁၀ အန္တာရယ်ရှိ သည်ဆိုသည်မှာ ယုံကြည်သူတစ်ဦးဖြစ်ပါလျက်နှင့် ရုပ်တုဆင်းတုရှေ့တွင် ယုံကြည်ခြင်း၊ နုနယ်သူက တွေ့ရှိ၍ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သည်။ ဤကျမ်းပိုဒ်တွင်မူ ရုပ်တုဆင်းတုရှေ့မှောက်၌ ပူဇော်စာ စားသောက်ခြင်းကို ရှုတ်ချသည်။ ရုပ်တုဆင်းတုရှေ့၌ စားသောက်ခြင်းဆိုသည်မှာ အချို့သောလူမှုရေးရာနှင့် ယဉ်ကျေးမှုအရ ပြုလုပ်သော ပွဲလမ်းသဘင်၌ စားသောက်ခြင်းကို ဆိုလိုသည်။ ထိုသို့ စားသောက်ခြင်းကို ဆိုလိုသည်။ ထိုသို့စားသောက်ခြင်းကို ရှုတ်ချကြောင်း (၁၀:၁၅-၂၆)တွင် ရှင်းပြထားသည်။ ပိုင်းခြားသိရှိတတ်သောဉာဏ်ရှိလျက်နှင့် ဆိုသည်မှာ “ရုပ်တုဆင်းတုပူဇော်စာများသည် မသန့်ရှင်းကြောင်းသိပါလျက်နှင့်” ဟုဆိုခြင်း ဖြစ်သည်။ အဓိကဆိုလိုချက်မှာ မိမိမှမည်သို့ သဘောမထားသော်လည်း မိမိပြုမူချက်သည် တခြား သူများ ထိခိုက်စရာဖြစ်နိုင်သည်။

:၁၁ မိမိ၏ မဆင်မခြင်အပြုအမူကြောင့် ယုံကြည်ခြင်းအားနည်းသူ အားမပျက်စီးစေ သင့်ပါ။ ဤနေရာတွင် ပျက်စီးခြင်းဆိုသည်မှာ ထာဝရအသက်ဆုံးရှုံးခြင်းမဟုတ်ပါ။ ခရစ်ယာန် တစ်ဦးပီသစွာအသက်ရှင်မှု ဆုံးရှုံးခြင်းကိုဆိုလိုပါသည်။ ထိုညီအစ်ကို၏အသက်တာအား အနာတရ ဖြစ်စေရာ ရောက်ပါသည်။ ထိုသူအတွက် ခရစ်တော် အသေခံခြင်းသည်လည်း ခံရကျိုးမနပ် ဖြစ်စေပါသည်။ သခင်ယေရှုသည် ထိုညီအစ်ကိုအား ချစ်ခင်မြတ်နိုးသောကြောင့် ထိုသူအတွက် အသေခံတော်မူခြင်းဖြစ်ပါသည်။ ထိုအမှုတော်ကို နှောက်ယှက် ဖျက်ဆီးခြင်း မပြုသင့်ပါ။ အသားတ တုံးတည်းနှင့်မဝနိုင်ပါ။ အစားအသောက်ကို ဆင်ခြင်ပါ။

:၁၂ ထိုသို့ပြုမူခြင်းသည် ထိုညီအစ်ကိုအားခရစ်တော်ကို ပြစ်မှားစေရာရောက်သကဲ့သို့ အသိဉာဏ်ကိုလည်း အနာတရဖြစ်စေပါသည်။ ခရစ်တော်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအား ထိခိုက်နာကျင်စေခြင်းသည်  ဦးခေါင်းကိုလည်း ထိခိုက်ရာရောက်ပါသည်။ Barne က “ထိုသို့ပြုမူ ခြင်းသည်။ ဘုရားသားတော်၏ လေးနက်သောမေတ္တာ၊ ဆင်းရဲဒုက္ခနှင့် ဝေဒနာအံကြိတ်သံများကို ဖျက်ဆီးပစ်ရာရောက်၏၂၇ ဟုဆိုသည်။ ခရစ်တော်ကို ပြစ်မှားခြင်းသည် ကြီးမားသောပြစ်မှုကြီး ဖြစ်သည်ဟု Godette က ဆိုထားသည်။ သို့ကြောင့်မိမိပြုမူ လုပ်ဆောင်ချက်များသည် အခြားသူများ ထိပါးခြင်းမရှိအောင် အစဉ်စစ်ကြောဆင်ခြင်ရမည်။ ညီအစ်ကိုများ၏ အထင်အမြင်မှားမှုကို ရှောင်ကြဉ်ရမည်။

:၁၃ သို့ကြောင့် ညီအစ်ကိုတစ်ဦးဦးအား ထိခိုက်စေခြင်းထက် အသာရှောင်သင့်က ရှောင်ကြဉ်ရမည်။ မိမိကိုယ်ကို ဂရုစိုက်ခြင်းထက် အခြားသူများအား ဦးစားပေးခြင်းသည် အလိုတော်နှင့်ညီသော ခရစ်ယာန်အသက်တာ ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ယဇ်ပူဇော်သော အသားသည် ပြဿနာမဟုတ်တော့ပါ။ ဘုရားသခင်ပေးသနားတော်မူသော အသိဉာဏ်က အလိမ္မာ ပေးထားပါသည်။ ထို့အပြင် ကျမ်းစာထဲတွင် မသွန်သင်သော်လည်း ညီအကိုများကို ထိခိုက်စေသည့် အမူအကျင့်လည်း အမျိုးမျိုးရှိပါသည်။ ထိုညီအကိုများ ထိမိလဲကျစေခြင်းထက် ခရစ်တော်၏ ချစ်ခြင်းမေတ္တာ၌ မိဿဟာယ ဖွဲ့ခြင်းက ပိုမြတ်ပါသည်။

လာမည့်အခန်း(၉)သည် သင်ခန်းစာအသစ်ထင်ရသော်လည်း ရုပ်တုဆင်းတုပူဇော်ထားသော ခဲဘွယ်ဘောဇဉ်အကြောင်းကို ဆက်လက်သွန်သင်ခြင်းဖြစ်သည်။ ပေါလုက ကိုယ်တွေ့အဖြစ်အပျက် များကို ပုံဥပမာပေး၍ သွန်သင်ထားပါသည်။ သို့ကြောင့်အခန်း(၈)နှင့်ဆက်စပ်နေပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။