၁ကော - ၁၅

ခရစ်တော်သေခြင်းမှထမြောက်ခြင်း
1ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟောပြောဖူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ်သော ဧဝံဂေလိတရားကို သင်တို့အား တစ်ဖန်ငါကြားလိုက်၏။- 2အထက်ကငါဟောပြောသည် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲ စိတ်စွဲလမ်းလျှင်၊ ထိုဧဝံဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။- 3ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။- 4သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။- 5ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ၊ တစ်ကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။- 6ထိုနောက် ညီအစ်ကိုငါးရာမက၊ တစ်ပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခုတိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။- 7ထိုနောက် ယာကုပ်မြင်ရ၏။ ထိုနောက် တမန်တော်အပေါင်းတို့သည် မြင်ရကြ၏။- 8နောက်ဆုံး၌ အချိန်မတော်မတန် ဖွားသောသူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။- 9ငါသည် အထက်က ဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန်တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။- 10သို့သော်လည်း ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြားသော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏။- 11ထိုကြောင့်၊ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြောကြ၏။ ဤသို့လည်း သင်တို့သည် ယုံကြည်ကြ၏။
သေသောသူတို့ထမြောက်ခြင်း
12ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသောသူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။- 13သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။- 14ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။- 15ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။- 16အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက်စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။- 17ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။- 18ထိုမှတစ်ပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။- 19ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ၌သာ မျှော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ထက် သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။
20ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး ဖြစ်တော်မူပြီ။- 21သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရားသည် လူအားဖြင့် တည်လျက်ရှိ၏။- 22လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့။- 23သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
24ထိုအခါ ခရစ်တော်သည် အထွတ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတ္တံ့။- 25ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။- 26နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတ္တံ့။- 27ခပ်သိမ်းသောအရာတို့ကို လူသား၏ခြေအောက်၌ ချထားတော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထားတော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။- 28ခပ်သိမ်းသော အရာတို့သည် လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း။
29သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံကို ခံရကြသနည်း။- 30ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။- 31ငါသည် နေ့တိုင်းအသေခံရ၏ဟု ငါတို့သခင်ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။- 32သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက်က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ်အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။- 33အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။- 34တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သောသူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှာ ငါဆို၏။
ထမြောက်ရှင်ပြန်သည့်ကိုယ်ခန္ဓာ
35သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း။ အဘယ်သို့သော ကိုယ်နှင့် ပေါ်လာကြမည်နည်းဟု တစ်စုံတစ်ယောက်သောသူ မေးလိမ့်မည်။- 36အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။- 37ထိုမှတစ်ပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက်ဖြစ်လတ္တံ့သော ကိုယ်ကို မစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြားသောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။- 38ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အားလည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။- 39အသားရှိသမျှတို့သည် တစ်မျိုးတည်းမဟုတ်။ လူသားတစ်မျိုး၊ အမဲသားတစ်မျိုး၊ ငါးသားတစ်မျိုး၊ ငှက်သားတစ်မျိုး၊ အသီးအသီးရှိကြ၏။- 40ကောင်းကင် အကောင်အထည်လည်းရှိ၏။ မြေကြီး အကောင်အထည်လည်း ရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ်အသရေလည်းတစ်မျိုး၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်း တစ်မျိုးဖြစ်၏။- 41နေ၏ဂုဏ်အသရေတစ်မျိုး၊ လ၏ဂုဏ်အသရေတစ်မျိုး၊ ကြယ်တို့၏ ဂုဏ်အသရေတစ်မျိုး အသီးအသီး ရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏။- 42ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည် စိုက်သောအခါ၊ ပုပ်တတ်သောသဘောရှိ၏။ ထမြောက်သောအခါ မပုပ်နိုင်သောအဖြစ်၌ တည်၏။- 43စိုက်သောအခါ ဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့် ပြည့်စုံ၏။- 44စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ ဇာတိပကတိ ကိုယ်တစ်မျိုး၊ ဝိညာဏကိုယ်တစ်မျိုးရှိ၏။- 45ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ဟု လာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင်စေတတ်သော ဝိညာဉ်ဖြစ်၏။- 46ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ်၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ်၏။ နောက်မှ ဝိညာဏကိုယ်ဖြစ်၏။- 47ရှေ့ဦးစွာသော လူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။- 48မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည်။- 49ငါတို့သည် မြေသား၏ ပုံသဏ္ဌာန်ကိုဆောင်သကဲ့သို့၊ ကောင်းကင်သား၏ပုံသဏ္ဌာန်ကို ဆောင်ကြလိမ့်မည်။
50ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။- 51နက်နဲသော အရာတစ်ခုကို ငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။- 52သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။- 53ယခုမျက်မှောက် ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။- 54ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့လည်းကောင်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့လည်းကောင်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည်။- 55အို သေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။- 56သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း။- 57ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။- 58ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။

၁ကော - ၁၅ (အနက်ဖွင့်)

၄။ ရှင်ပြန်ထမြောက်ခြင်းကိုလက်မခံသူများသို့ဖြေကြားချက် (အခန်း၁၅)

          ဤအခန်းသည် မဟာရှင်ပြန်ထမြောက်ခြင်းအကြောင်းဖြစ်သည်။ ကောရိန္သုအသင်းတော် တွင်ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်သောအယူဝါဒီများရှိသည်။ သေခြင်းမှပြန်လည်ထမြောက်ခြင်းကို မငြင်းပယ်ကြပါ။ ဝိညာဉ်ဖြင့်ထမြောက်ခြင်းကို လက်ခံကြ သော်လည်း ရုပ်ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်းကိုမူ လက်မခံကြ။ ထိုအကြောင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက လူသိရှင်ကြားဖြေကြားထားသည်။

(ကရှင်ပြန်ထမြောက်ကြောင်းသေချာခြင်း (၁၅:၃၄)

          ၁၅: ပေါလုက သူသွန်သင်ခဲ့ချက်များကို နားလည်ခဲ့ကြပြီဖြစ်၍ ထိုသွန်သင်ချက်များကို ပြန်လည်နွေးသည်။ တရားအသစ်အဆန်းသွန်သင်ဟောပြောခြင်းမဟုတ်။ သို့သော် အထွဋ်အထိပ်အချိန်အခါ ရောက်ရှိသောကြောင့် ထပ်မံသတိပေးသည်။ ကောရိန္သုသားများသည် ကယ်တင်ရှင်ရရှိသူများဖြစ်ပါသည်။သင်တို့သည် သတင်းကောင်းကို ယုံကြည်ခဲ့ကြသည်။ မယုံလျှင် အချည်းအနှီးဖြစ်သည်ဟုဆိုသည်။ ရှင်ပြန်ထမြောက်ခြင်း ဧဝံဂေလိတရားကို ယုံကြည်သောကြောင့် ကယ်တင်ခြင်းရရှိခြင်းဖြစ်သည်။ အကယ်၍ ရှင်ပြန်ထမြောက်ခြင်းသာမရှိခဲ့လျှင် ကယ်တင်ခြင်းတရားလည်းရှိမည်မဟုတ်။ ကယ်တင်ခြင်းသည် ရှင်ပြန်ထမြောက်ခြင်းကြောင့် ပေါ်ထွန်းလာသည်။ တနည်းအားဖြင့် ရုပ်ခန္ဓာကိုယ်ဖြင့် ထမြောက်ဗေခြင်းအကြောင်း ငြင်းပယ်သူများသည် ဧဝံဂေလိ၏ သမ္မာတရားကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်းသည် ပေါလု၏အခြေခံလက်ကိုင်တရားတော်ဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် ခရစ်ယာန်ယုံကြည်ခြင်း လည်းမရှိနိုင်။ ဤကျမ်းပိုဒ်သည် ကောရိန္သုများ၏ ယုံကြည်ခြင်းကို ချေမုန်းသုတ်သင်သည်။

၁၅: ပေါလုက ကောရိန္သုများအားသခင်ဘုရားဖွင့်ပြသည့်အတိုင်း ဖောက်သည်ချသည်ဟု စကားဦးသန်းထားသည်။ ထိုစကားမှာ သခင်ယေရှုခရစ်တော်သည်ကျမ်းစာတော်လာသည့်အတိုင်း ငါတို့၏အပြစ်များအတွက် အသေခံတော်မူသည့် ကျမ်းစကားဖြစ်သည်။ အဓိကစကားလုံးမှာ အစား သေခြင်းဖြစ်သည်။ ကိုယ်တော်ဘုရားသည် သူ့အပြစ်အတွက်သေသည်မဟုတ်။ လူသားများ၏အပြစ် အတွက်အသေခံခြင်းဖြစ်သည်။ လူသားများ၏အပြစ်အတွက်အဖိုးအခပေးဆပ်ခြင်းဖြစ်သည်။ ထိုအကြောင်းတရားများသည် ရှေးယခင်ကတည်းက သမ္မာကျမ်းစာတွင် ပါရှိပြီးဖြစ်သည်။ သမ္မာကျမ်းစာဆိုရာတွင် ဓမ္မဟောင်းကျမ်းကိုဆိုလိုသည်။ ဓမ္မဟောင်းကျမ်းတွင် ထိုသို့တကယ် ဖော်ပြပါသလား။ အမှန်တကယ် ဖော်ပြထားပါသည်။ ဟေရှာ ၅၃:၅-၆တွင်ကြည့်ပါ။

          ၁၅: ခရစ်တော်ဘုရားသဂြိုလ်မည့်အကြောင်းကို ဟေရှာ ၅၃:၉တွင်၎င်း၊ ရှင်ပြန်ထမြောက်တော်မူမည့်အကြောင်းကို ဆာ ၁၆:၉ တွင်၎င်း ပရောဖက်ပြုထားပါသည်။ ဤကျမ်းပိုဒ်သည် ထိုကျမ်းချက်များကို ရည်ညွှန်းကိုးကားခြင်းဖြစ်သည်။ ထိုကျမ်းစကားများသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းတရားဖြစ်သည်။ သမ္မာကျမ်းစာက မည်သို့ဆိုပါသနည်း။

၁၅: ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းမျက်မြင်သက်သေများကို အငယ် ၅-၇ တွင်ရေးထားသည်။ ပထမဦးစွာ ကယာဖ (ပေတရု) ကိုသက်သေထူသည်။ သခင်ဘုရားကို သုံးကြိမ် သုံးခါတိုင်တိုင် ငြင်းပယ်ခဲ့သောတပည့်အား အမှန်တကယ်ကိုယ်ထင်ပြခဲ့သည်။ သခင်ယေရှုခရစ် တော်၏ကျေးဇူးတော်သည် ကြီးမားလှပေစွ။ ထို့အပြင် တပည့်တော်များအားပြသည်ဆိုရာတွင် တစ်ချိန်တည်းတနေရာတည်း၌ ပြသသည်မဟုတ်။ အချိန်အသီးသီး၊ နေရာအသီးသီးတွင် အဖွဲ့လိုက်သော်၎င်း၊ အချို့တစ်ဝက်သော်၎င်းပြသခြင်းဖြစ်သည်။ ထိုသို့ပြသပုံများကို ခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင်ထားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို သက်သေအထောက်အထားပြသရန် ကိုယ်ထင်ပြခြင်းဖြစ်သည်။

၁၅: သခင်ဘုရားသည် ရှင်ပြန်ထမြောက်ကြောင်းကို ဂါလိလဲညီအစ်ကိုငါးရာကျော်သို့ ကိုယ်ထင်ပြခဲ့သည်။ ထိုညီအစ်ကိုများအနက် အချို့သည်သေလွန်ကြပြီး အချို့သည်သက်ရှိထင်ရှား လျက်ရှိနေသေးသည်။ တနည်းအားဖြင့် ခရစ်တော်ရုပ်ခန္ဓာဖြင့်ရှင်ပြန်ထမြောက်ကြောင်း မယုံကြည် သူများသည် ထိုဂါလိလဲညီအစ်ကိုများကို သွားရောက်မေးမြန်းနိုင်သည်ဟု စိန်ခေါ်ခြင်းဖြစ်သည်။

၁၅:၁၇ ဤကျမ်းပိုဒ်မှ ယာကုပ်သည် သခင်ခရစ်တော်၏ညီတော်ယာကုပ်ဖြစ်သည်။ ထို့အပြင် တပည့်တော်အားလုံးကလည်း ခရစ်တော်ကိုဖူးမြင်ကြသည်။

၁၅:၁၈ ထို့နောက်ပေါလုကိုယ်တိုင်ဖူးမြင်ရကြောင်းအသက်တာနှင့်ယှဉ်၍ သက်သေထူသည်။ ဒမသက်လမ်းမှာ ခရီးသွားနေစဉ် ယေရှုခရစ်တော်၏မျက်နှာတော်ကို ဖူးမြင်ရကြောင်းသက်သေထူ သည်။နောက်ဆုံး၌လျှောမွေးသဖွယ် ဆိုခြင်းမှာ နေ့ရက်ချိန်ခါမကျမီ၊ လမစေ့ဘဲမွေးဖွားခြင်းဖြစ် သည်။ ထိုစကားသည် အချိန်အခါမသင့်ဘဲ တမန်တော်ဖြစ်ရသောပေါလုကိုယ်တိုင်၏ ဘဝဖြစ်စဉ် ဖြစ်သည်ဟု Vine ကရှင်းပြသည်။ ပေါလု၏အတိတ်သမိုင်းအသင်းတော်များ ညှင်းပန်းနှိပ်စက်ခြင်း ကိုရည်ညွှန်းခြင်းဖြစ်သည်။

၁၅: ပေါလုသည် ဝိညာဉ်ရေးရာမသိနားမလည်သောဘဝတွင် သခင်ခရစ်တော်အား မျက်နှာချင်းဆိုင်ဖူးမြင်ခွင့်ရသည်။ အသင်းတော်ကို ညှင်းပန်းနှိပ်စက်ဆန့်ကျင်သူဖြစ်ခဲ့သော်လည်း သခင်ခရစ်တော်က တမန်တော်အဖြစ် ရွေးကောက်ခန့်အပ်ခြင်းကို အံ့သြမဆုံးဖြစ်နေသည်။ သို့ကြောင့် ဖုန်မုန့်ကြားတွင် ဝမ်းလျားမှောက်၍ တမန်တော်တို့တွင် အညံ့ဆုံးတမန်တော်ဖြစ်သည် ဟုဝန်ခံသည်။

၁၅:၁၀ မည်သို့ပင်အရိပ်တစ္ဆေကချောက်လှန့်နေစေကာမူ ဘုရားသခင်၏ကျေးဇူးတော် အားဖြင့်တမန်တော်ဖြစ်ခွင့်ရသည်။ အမှန်စင်စစ်ထိုတမန်တော်ရာထူးကို ခံယူခွင့်မထိုက်ပါဟု ပေါလုကိုယ်တိုင်ဝန်ခံသည်။ ထိုသို့မထိုက်တန်ဘဲ ခံယူခွင့်ရရှိသောကြောင့် မိုက်ကြွေးဆပ်သည့် အနေဖြင့် မရပ်မနား၊ အားကြိုးမာန်တက်အမှုတော်၌ ဆက်ကပ်ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင် ခြင်းသည်လည်း ပေါလုကိုယ်တိုင်၏ကာယ၊ ညာဏစွမ်းအားဖြင့်မဟုတ် ကျေးဇူးတော်ပါရှိခြင်းဖြင့် စွမ်းဆောင်နေခြင်းဖြစ်သည်။

၁၅:၁၁ ပေါလုကဲ့သို့ပင် အခြားတမန်တော်များသည်လည်း အမှုတော်အားတစုတဝေးတည်း ထမ်းဆောင်ကြသည်။ ဧဝံဂေလိတရားကို သက်သေခံကြသည်။ သက်သေခံချက်များမှာ ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းဖြစ်သည်။

၁၅:၁၂ ၁၂-၁၉သည် ရုပ်ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်ခြင်းကို ငြင်းဆန်ကြသူများအား ထုချေချက်ဖြစ်သည်။ ပထမဆုံးအချက်အနေဖြင့် ခရစ်တော်သည် သူကိုယ်တိုင်ရှင်ပြန်ထမြောက် ခြင်းမဟုတ်ဟူသော အချက်ဖြစ်သည်။ ပေါလု၏ချေပချက်သည် ယုတ္တိကျသည်။ ဟုတ်ပြီ၊ ခရစ်တော် သည်ရှင်ပြန်ထမြောက်ခြင်းမရှိဟု ကောရိန္သုသားများလက်ခံကြပါသလား။ အဘယ်ကြောင့် မယုံကြည်သနည်း။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ တစ်ချိန်က ရှင်းပြပြီးဖြစ်သည်။ ရုပ်ခန္ဓာကိုယ် ဖြင့်ထမြောက်ကြောင်းရှင်းပြ၍ အချို့ကယုံကြည်လက်ခံကြသည်။ အချို့ကအဘယ်ကြောင့် မယုံကြည်ကြသနည်း။ ခရစ်တော်သည်ရုပ်ခန္ဓာကိုယ်ဖြင့်အမှန်တကယ်ထမြောက်ပါသည်ဟုရှင်းရှင်း လေးရှင်းပြသည်။

၁၅:၁၃ သေခြင်းမှ ပြန်လည်ထမြောက်ခြင်းတရားမရှိလျှင် ယေရှုခရစ်တော်သည်လည်း သေခြင်းမှပြန်လည်ထမြောက်စရာအကြောင်းမရှိ။ သို့ကြောင့် ကောရိန္သုယုံကြည်သူများသည် မျှော်လင့်ချက်မဲ့သူများမဟုတ်။

၁၅:၁၄ အကယ်၍ခရစ်တော်သည် ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် နှုတ်ကပတ်တော်ဟော ပြောခြင်းသည်လည်း အချည်းနှီးဖြစ်သည်။ ဟောပြောစရာလိုမည်မဟုတ်။ အကြောင်းမှာ သုံးရက်လွန်သောနေ့တွင် ရှင်ပြန်ထမြောက်မည်ဟု ယေရှုခရစ်တော်ကိုယ်တော်တိုင်က ကတိတော်ပေးခဲ့သည် ။အကယ်၍ ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ထိုစကားသည် အချည်းအနှီးဖြစ် သွားမည်။ သစ္စာစကားမဖြစ်နိုင်။ ဒုတိယအချက်အနေဖြင့် အကယ်၍ ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ကယ်တင်ခြင်းတရားလည်းမရှိနိုင်။ ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် အခြားသူများ သေလွန်ခြင်းနှင့်ဘာမှထူးခြားမည်မဟုတ်။ သို့သော်လည်း သခင်ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်သောကြောင့် ပြီးပြည့်စုံသော ရွေးနှုတ်ခြင်းအမှုတော်ရှိသည်။

အကယ်၍ တမန်တော်၏ဒေသနာဟောပြောချက်များသည် မမှန်ဘူးဆိုလျှင်ခရစ်ယာန်ယုံ ကြည်သည်လည်းအချည်းနှီးဖြစ်ပေမည်။ မှားယွင်းသောအယူအဆလွဲမှားသောခံယူချက်၊ အဆံမပါအခွံတရားသာ ဖြစ်သွားမည်။

၁၅:၁၅ တမန်တော်များ၏ တရားဒေသနာများသည် လုပ်ကြံဇာတ်လမ်းများမဟုတ်။ ဘုရားသခင်ကို သက်သေခံခြင်းဖြစ်သည်။ ခရစ်တော်ဘုရား၏ ရှင်ပြန်ထမြောက်ခြင်းကို သက်သေခံ ကြခြင်းဖြစ်သည်။ သခင်ခရစ်တော်ထမြောက်ခြင်းမရှိလျှင် တမန်တော်များ၏ သက်သေခံချက်များ သည်လည်း အမှားချည်းဖြစ်ပေမည်။ မုသားစကားဖြစ်ကုန်မည်။

၁၅:၁၆ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်များ၏ အဓိကယုံကြည်ခြင်းမဏ္ဍိုင်စကား ဖြစ်၍ ချို့ယွင်းချက်မရှိ။ အခြားတဘက်တွင်မူ ခရစ်တော်၏ ထမြောက်ခြင်းသည် ပဓါနအချက်ဖြစ်၍ ပေါ့ပေါ့တန်တန်စကားမဟုတ်။

၁၅:၁၇  အကယ်၍ ခရစ်တော်ဘုရားရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ယုံကြည်ခြင်းသည် လည်းအချည်းနှီးဖြစ်ပေမည်။ ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်ခြင်းအပြစ်သည် ခွင့်လွှတ်ဖွယ် ရာမရှိ။ ခရစ်တော်၏အမှုတော်များအား ပစ်ပယ်ရာရောက်သည်။

၁၅:၁၈ ထို့အပြင် ခရစ်တော်၍ သေလွန်ကြသူများသည်လည်း မျှော်လင့်ချက်လွတ်ကင်း ကြမည်။ အချည်းနှီးသေခြင်းဖြစ်ကုန်မည်။ ခရစ်တော်၌ သေလွန်ကြသူများ ဆိုသည်မှာ ရုပ်ခန္ဓာအား ဖြင့်သေလွန်ခြင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ဝိညာဉ်အိပ်ပျော်ခြင်းဟူသော အသုံးအနှုန်းမရှိပါ။ ယုံကြည်သူများသေလွန်ကြသောအခါ ရုပ်ခန္ဓာကိုယ်သည် မြေကြီးထဲသို့ရောက်သော်လည်း ဝိညာဉ် သည်တစ်ချိန်တည်းတွင်ခရစ်တော်ထံသို့ ရောက်ရှိပါသည်။

ပျက်စီးခြင်း ဟူသောဝေါဟာရကိုလည်း သုံးနှုန်းလေ့ရှိသည်။ ထိုစကားလုံးသည်လည်း လုံးဝကိုင်တွယ်စရာမရှိအောင်ပျက်စီးပျောက်ဆုံးခြင်းမဟုတ်။ သုံးစားမရခြင်းသာဖြစ်သည်။ Nine က “အကောင်အထည်ရှိသော်လည်း ပုံမှန်အနေအထားမရှိခြင်းဖြစ်သည်” ဟုရှင်းပြသည်။

၁၅:၁၉ အကယ်၍ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် အသက်ရှင်နေသောယုံကြည်သူ များသည်လည်း သေခြင်းနှင့်မထူးမခြားနားဖြစ်ပေမည်။ အလိမ်အညာခံသူများဖြစ်သွားမည်။ ရှင်ပေါလုကမူ ဝမ်းနည်းခြင်း၊နာကျင်ခြင်း၊ စုံစမ်းခြင်း၊ ပင်ပန်းနှိပ်စက်ခြင်း၊ အကြောင်းတွင် တွေးနစ်နေပေမည်။ ထိုအတွေးမှားမျိုးသည် စိတ်နှလုံးကြေကွဲဝမ်းနည်းဖွယ်ရာဖြစ်သည်။

၁၅:၂၀ ပေါလုသည် ထိုဆင်ခြင်နှင့်ပတ်သက်၍ စိတ်ဖြေလျော့သက်သာရာတွင်ပုံတူသည်။ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို အတည်ကျေညာပြီး ကောင်းကြီးမင်္ဂလာပေးသည်။ သို့သော်လည်းယေရှုခရစ်တော်သည် သေခြင်းမှအမှန်တကယ်ရှင်ပြန်ထမြောက်တော်မူသည်။ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီးဖြစ်တော်မူ၏။ ရှင်ပြန်ထမြောက်ခြင်းဟူသော စကားရပ်အကြားတွင် ခြားနားချက်ရှိသည် ။အထက်ကကျမ်းပိုဒ်များသည် သေခြင်းမှထမြောက် ခြင်းအကြောင်းဖြစ်သည်။ တနည်းအားဖြင့် ထိုစကားသည် သေခြင်းတရား၌ ထမြောက်ခြင်းတရား ရှိသည်ဟုဆိုလိုသည် ။ခရစ်တော်ဘုရား၌ သေလွန်သူများ (အိပ်ပျော်သူများ) ကြားမှ ထမြောက်သည် ဆိုခြင်းမှာ အထက်ကသေလွန်သူများ တရားဓမ္မထုံးစံနှင့်အညီထမြောက်ခြင်းမဟုတ်။ သီးခြားအဓိပ္ပါယ်ရှိသည်။ သေလွန်သူများ ထမြောက်ခြင်းသည် တကဏ္ဍ၊ ခရစ်တော်နှင်ယုံကြည်သူ များ၏ ထမြောက်ခြင်းသည် သီးသန့်ကိစ္စရပ်ဖြစ်သည်။

၁၅:၂၁ လူကြောင့်ဤကမ္ဘာမြေတွင် သေခြင်းတရားဝင်ရောက်လာသည်။ ထိုလူမှာ အာဒံ ဖြစ်သည်။ အာဒံတစ်ယောက်ကြောင့်ဖြစ်သော်လည်း ထိုသေခြင်းတရားသည် လူသားတိုင်းပေါ်သို့ သက်ရောက်သည်။ ထိုအာဒံကိုလူသားများမသိရှိကြသကဲ့သို့ ခရစ်တော်သည်လည်း  လူသားများအား ကောင်းကြီးပေးရန် ဘုရားသခင်စေလွှတ် ထားသူဖြစ်ကြောင်း လူသားများက မသိကြ။ ထို့ကြောင့် လူသားများသိရှိကြရန် ယေရှုခရစ်တော် သည် သေခြင်းအလယ်မှ ရှင်ပြန်ထမြောက်သည်။

၁၅:၂၂ အာဒံနှင့်ယေရှုခရစ်တော်သည် လူ့သမိုင်း၏နိဒါန်းအစပျိုးသူများဖြစ်သည်။ ဆိုလိုသည်မှာ သူတို့လုပ်ဆောင်ချက်များသည် လူသားမျိုးရိုးစဉ်ဆက်သို့ စီးဆင်းသွားသည်။ အာဒံအားဖြင့်သေခြင်းသို့ရောက်ရှိကြ၍ ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရှိကြသည်။ တကမ္ဘာလုံးကယ်တင်ခြင်းရရှိကြောင်း၊ တချို့က ဤကျမ်းပိုဒ်ကို ကိုးကားဟောပြောတတ်ကြသည်။ အာဒံကဲ့သို့သေ၍ ခရစ်တော်၌ရှင်ပြန်ထမြောက်ကြပြီးဟု ယူဆကြသည်။ အမှန်မှာထိုသို့မဟုတ်ပါ။ အဓိကသော့ချက်စကားလုံးမှာ အာဒံနှင့်ခရစ်တော်ဖြစ်သည်။ အာဒံ၌တည်သူများသည် သေကြ၍ ခရစ်တော်၌တည်မှီသူများသည်အသက်ရှင်ကြသည်။ ခရစ်တော်၌အသက်ရှင်သူများအကြောင်း အပိုဒ်ငယ် (၂၃) တွင်ဆက်ရှင်းထားပါသည်။ ခရစ်တော်၏ရန်သူများမပါဝင်ပါ။ ခြေတော်အောက် ၌ချထားမည် (အငယ် ၂၅)ဟုဆိုထားပါသည်။ တချို့ကမူ ကောင်းကင်နိုင်ငံဟုမှတ်ကြသည်။

၁၅:၂၃ အဖွဲ့လိုက်အလှည့်ကျ ရှင်ပြန်ထမြောက်မည့်အကြောင်းရှင်းပြထားသည်။ ပထမဦးဆုံး ရှင်ပြန်ထမြောက်သူမှာ ယေရှုခရစ်တော်ဖြစ်သည်။ အဦးသီးသောအသီးဟုဆိုထား သည်။ အဦးသီးသောအသီးဆိုသည်မှာ လယ်ကွင်းတပြင်လုံးရိတ်လှီးရလောက်အောင် မမှည့်မီတွင် ပထမဦးဆုံးမှည့်သော လက်တဆုတ်စာအနှံကိုဆိုလိုသည်။ လူတိုင်းသည် ခရစ်တော်နောက်သို့ လိုက်ရမည်ဟု ကတိပေးထားပါသည်။ ဆိုလိုသည်မှာ သေခြင်းမှအရင်းဆုံး ထမြောက်သူသည် ယေရှုခရစ်ဖြစ်သည်ဟုဆိုလိုခြင်းမဟုတ်။ ဓမ္မဟောင်းကျမ်းတွင် ရေးထားသကဲ့သို့ ဓမ္မသစ်ကျမ်းမှ လာဇရု၊ မုဆိုးမသား၊ ယာက္ကိနတို့၏သမီးတို့သည်လည်း ထမြောက်ခဲ့ကြသည်။ သို့သော်ယေရှုခရစ် တော်ရှင်ပြန်ထမြောက်ခြင်းသည် ထိုသူများထမြောက်ခြင်းနှင့်မတူပါ။ ထိုသူများသည် ထမြောက်ကြ သော်လည်း တဖန်ပြန်သေကြသည်။ ခရစ်တော်သည် နောက်တဖန်သေခြင်းမရှိ။ နိစ္စထာဝရကာလ အတွက် ရှင်ပြန်ထမြောက်သည်။ ဘုန်းတခိုးဖြင့်ထမြောက်သည်။

ဒုတိယအသုတ်ထမြောက်မည့်သူများမှာ ခရစ်တော်ဘုရားပြန်လည်ကြွရောက်လာသောအခါ ထမြောက်ကြမည့်သူများဖြစ်သည်။ ချီဆောင်ခြင်း၌ ပါသွားမည့်သူများ၊ ဘေးဒဏ်ကြီးကာလ၌ သေလွန်ကြမည့်ယုံကြည်သူများ၊ ခရစ်တော်ဘုရာအုပ်စိုးဖို့ ကြွရောက်လာချိန်ဘေးဒဏ်ကြီးနောက် ဆုံးကာလ၌ ထမြောက်ကြသူများဖြစ်သည်။ ထိုသူများသည် ခရစ်တော်ဘုရားကြွလာခြင်းနှင့်ဆက် နွယ်နေကြသောကြောင့် ခရစ်တော်၏ ယုံကြည်သူများထမြောက်ခြင်းဟု သိမ်းကြုံးခေါ်ဆိုထား ပါသည်။ ပထမ ထမြောက်ခြင်းသည် လူတိုင်းနှင့်မဆိုင်။ ခရစ်တော်၌ သေလွန်သူများသာဖြစ်သည်။

အချို့က ခရစ်တော်ကြွလာချိန်၌ အသက်ရှင်နေသောယုံကြည်သူများဟု သွန်သင်ကြသော် လည်းဤကျမ်းစကားအရ ခရစ်တော်နှင့်သက်ဆိုင်သူများဟုအထင်အရှားဆိုထားပါသည်။

၁၅:၂၄ ဤကျမ်းပိုဒ်မှ အဆုံးကာလဆိုသည်မှာထမြောက်ခြင်းအဆုံးကိုဆိုလိုသည်ဟု ယုံကြည်ရသည်။ ခရစ်တော်ဘုရားအနှစ်တစ်ထောင် အုပ်စိုးခြင်းအပြီးတွင် ရန်သူများကို ခြေတော်ရင်း မှာချထားမည်။ ထိုအချိန်တွင် ဆိုးညစ်မတရားသူများအားလုံးထမြောက်ကြမည်။ ထိုထမြောက် ခြင်းသည် နောက်ဆုံးထမြောက်ခြင်းဖြစ်သည်။ မယုံကြည်သူများ၊ သေလွန်သောမယုံကြည်သူများ အားလုံးခရစ်တော်၏ တရားပလ္လင်ဖြူရှေ့မှာ အမိန့်ချမှတ်ခြင်း နားထောင်ကြမည်။

အနှစ်တစ်ထောင်အုပ်စိုးခြင်း ကုန်ဆုံး၍ စာတန်အား ဖျက်ဆီးပြီးသောအခါ (ဗျာ ၂၀:၇-၁၀) ယေရှုခရစ်တော်သည် ခမည်းတော်ဘုရားထံသို့ ပြန်အပ်မည်။ ဘုန်းတန်ခိုးအမျိုးမျိုးကိုလည်း နှိမ်နှင်းချေမှုန်းမည်။ ထိုကာလထိအောင် ယေရှုခရစ်တော်သည် ဘုရားသားတော်၊ စေ့စပ်ငြိမ်းချမ်း ရေးတမန်တော်အဖြစ် အုပ်စိုးခြင်းဖြစ်သည်။ အနှစ်တစ်ထောင်အုပ်စိုးခြင်းပြီးဆုံးသောအခါ လောကနှင့် ဆိုင်သောဘုရားသခင်၏အကြံအစည်တော်သည် ပြည့်စုံသွားပါမည်။ ရန်သူ၊သူပုန်သူကန်ဟူသမျှ အားလုံးချေမုန်းပစ်မည်။ ဘုရားသားတော်၏အုပ်စိုးခြင်းသည်လည်း ထာဝရ ကောင်းကင်နိုင်ငံတော် တည်သွားမည်။ ကောင်းကင်နိုင်ငံ၌ ထာဝရစိုးစံအုပ်စိုးသွားမည်။

၁၅:၂၅ ခရစ်တော်ဘုရား၏ အုပ်စိုးခြင်းကာလဖြစ်သည်။ ရန်သူများကိုခြေတော်ရင်းသို့ ချထားသည့်ကာလထိ ခရစ်တော်ဘုရားက ဆက်လက်အုပ်စိုးမည်။

၁၅:၂၆ ခရစ်တော်ဘုရား၏ အနှစ်တစ်ထောင် အုပ်စိုးခြင်းကာလတွင်လည်း လူများသည်ထုံစံအတိုင်း သေမြဲသေနေကြမည်။ အထူးသဖြင့် ခရစ်တော်ကို ဆန့်ကျင်သူများသေမည်။  ခရစ်တော်၏ ပလ္လင်တရားဖြူ စီရင်ခြင်းရောက်သောအခါတွင်မူ သေခြင်းတရားကို ငရဲမီးအိုင်ထဲ သို့ပစ်ချမည်။

၁၅:၂၇ ဘုရားသခင်က အရာခပ်သိမ်းကို ယေရှုခရစ်တော်၏ ခြေတော်ရင်းသို့ချထားပါမည်။ သို့သော်ဤကျမ်းပိုဒ်၏ နောက်ဆက်တွဲစကားသည်။ ခရစ်တော်ကိုယ်တိုင်ကားမပါ” ဟုဆိုထားသည်။ ခရစ်တော်၏ ခြေရင်းတွင် ချထားဖို့ ခရစ်တော်ကိုယ်တိုင် မပါ ဆိုခြင်းမှာ မရှင်းလင်းသော စကားဖြစ်သည်။ သို့သော်စကားလုံး အသုံးအနှုန်းအယူအဆ လွဲမှားခြင်း ဖြစ်သည်။ ခရစ်တော်၏ ခြေရင်းတွင် အရာခပ်သိမ်း ချထားမည့်အထဲတွင် ဘုရားသခင်မပါပါဟု မှတ်ရသည်။

၁၅:၂၈ အရာခပ်သိမ်းကို ယေရှုခရစ်တော် ခြေတော်အောက်၌ ချထား၍ ခရစ်တော်က အုပ်စိုး သော်လည်း ဘုရားသခင်သည် ဆက်လက်စိုးစံနေမည်။

          ဘုရားသခင်ခရစ်တော်အား အုပ်စိုးသူအရှင်သခင်အဖြစ် စီရင်ခန့်အပ်ပါမည်။ တန်ခိုးအာဏာ ဟူသမျှ ခရစ်တော်လက်ထဲသို့ အပ်နှင်းမည်။ ခရစ်တော်ဘုရား လက်ထက်၌ အရာခပ်သိမ်းသည် ဖန်ဆင်းစကဲ့သို့ ပြန်လည်ပြည့်စုံမည်။ အုပ်ချုပ်မှုတန်ခိုးအာဏာဖြင့် အကောင်းပကိပြန်ဖြစ်သွား ကြမည်။ ခရစ်တော်၏ ပြည့်စုံသောရွေးနှုတ်ခြင်း အမှုတော်ကြောင့် လူသားသည်လည်း ပုံမှန်အနေအထား ပြန်ရောက်သွားမည်။ အကယ်၍ ခရစ်တော်၏ အမှုတော်သည်ခမည်းတော်၏အလိုတော် မပြည့်စုံမဖြစ်မြောက်ခဲ့လျှင် လူသားနှင့် ဘုရားသခင်သည် ထိုကဲ့သို့ပြန်လည်ဆက်သွယ်ရသော အခွင့်ထူး ပြန်လည်ရရှိမည် မဟုတ်။ (သီးသန့်ဖော်ပြချက်)

၁၅:၂၉ ဤကျမ်းပိုဒ်သည် ကျမ်းပိုဒ်တကာတွင် ခက်ခဲနက်နဲသောကျမ်းပိုဒ်ဖြစ်သည်။ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။ အချို့က နှစ်ခြင်းမင်္ဂလာမခံယူမီ သေလွန်သူများကိုယ်စား နှစ်ခြင်းမင်္ဂလာ ခံယူပေးသည့်အလေ့အထ ရှိသည်။ ထိုစကားသည် သမ္မာကျမ်းစာတွင် ဖော်ပြသော အယူအဆနှင့်တခြားစီ ဖြစ်သည်။ ကျမ်းပိုဒ်တစ်ပိုဒ်ကိုသာ အခြေခံခြင်း ဖြစ်၍ အခြားကျမ်းကိုး အထောက်အထားမရှိပါ။

အချို့ကမူ သေလွန်သူများကိုယ်စား နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် မိမိကိုယ်ကိုသေလူများ ဖြစ်ကြောင်း အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု ခံယူကြသည်။ လက်ခံနိုင်ဖွယ်ရာရှိသော်လည်း အယူအဆနှစ်ခုစလုံး ကျမ်းစာအနှစ်သာရ နှင့်မကိုက်ညီပါ။

ကျမ်းစာ၏ အဓိကဆိုလိုရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဤကျမ်းစာ ရေးသားသည့် အချိန်သည် ခရစ်တော်အကြောင်းနှင့် ပတ်သက်၍ ညှင်းပန်းနှိပ်စက်ခြင်း ခံရသည့်ကာလဆိုးဖြစ်သည်။ ညှင်းပန်းနှိပ်စက်ခြင်း ဆိုသည်မှာလည်း နှစ်ခြင်းမင်္ဂလာ ခံယူခြင်းနှင့်ပတ်သက်သည်။ ရေ၌ နှစ်ခြင်းမင်္ဂလာခံယူသူများသည် ရက်များမကြာမီ မာတုရလမ်းစဉ်သို့ ပါသွားကြသည်။ သို့သော်လည်း နှစ်ခြင်းမင်္ဂလာခံယူခြင်းကို မရပ်တန့်စေနိုင်ပါ။ မာတုရခံယူသွားကြသော ယုံကြသည် သူများနေရာသို့ ယုံကြည်သူအသစ်များက တသွင်သွင်အစားထိုးဝင်ရောက် ဖြည့်ဆည်းကြသည်။ ရေထဲသို့ ချေစုံချမိသည်နှင့် နှစ်ခြင်းမင်္ဂလာခံယူကြသည်ဟု ခံယူကြသည်။ မာတုရများ၏ခြေရာလိုက် နင်းခြင်းဖြစ်သည်ဟု စွဲမှတ်ကြသည်။ ဤကျမ်းပိုဒ်မှ သေလွန်သူများဆိုသည်မှာ ထိုခေတ်ကာလ၌ ခရစ်တော်၏သက်သေခံအဖြစ် သေလွန်သူများကိုဆိုလိုသည်။ ထို့ကြောင့်ကွယ်လွန်သူ မာတုရများ၏ နေရာအစားထိုးဖို့ ရေထဲသို့ဆင်း၍ ခြေရာလိုက်နင်းသည်ဟုခံယူခြင်းကို တမန်တော် ပေါလုကရှုတ်ချခြင်းဖြစ်သည်။ စစ်သားစကားအရပြောရလျှင် တဗိုလ်ကျတဗိုလ်တက်ခြင်းဖြစ် သည်။ ထိုသို့မိမိသေတွင်း တူးခြင်းသည် မိုက်မဲခြင်းဖြစ်သည်။ ထိုသေလွန်သူသည် ပြန်လည်ခေါင်း ထောင်နိုင်ခြင်း မရှိဘဲလျက် ထိုကဲ့သို့အဘယ်ကြောင့် အသေခံချင်ကြသနည်းဟု ဆိုလိုသည်။

၁၅:၃၀ ထိုသို့သိလျက်နှင့်အဘယ်ကြောင့်ပူပင်သောကထဲ၌ ချုပ်နှောင်နေကြသနည်။ ပေါလုသည် နေရာတကာတွင် သူ့အားဆန့်ကျင်သူများက စောင့်နေကြသော်လည်း ဒူးမထောက်လက် မမြောက်၊ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိ ဧဝံဂေလိတရား လိုက်ဟောသည်။ အချို့က သူ့အသက်ကို လျှို့ဝှက်စွာ ရန်ရှာကြသည်။ ထိုရန်သူများကို ဂရုစိုက်၍မရှောင်လွှဲနိုင်။ သူထမ်းဆောင်ရသော ခရစ်တော်၏ အမှုတော်အား အတုအယောင်အဖြစ် မခံနိုင်။ သေခြင်းမှ ပြန်လည်ထမြောက်ခြင်းအကြောင်း ဝမ်းမြောက်ဖွယ် သတင်းကိုမပြောဘဲမနေနိုင်။

၁၅:၃၁ ငါသည်နေ့တိုင်းအသေခံရ၏။ သခင်ယေရှုခရစ်တော်၌ သင်တို့အကြောင်းကြောင့် ဝါကြွားဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆို၏။ သင်တို့သည် ယေရှုခရစ်တော်၌ ငါ၏သားသမီးများ ဖြစ်ကြသောကြောင့် နေ့စဉ်နေ့တိုင်း အချိန်နှင့်အမျှဝမ်းမြောက်သည်။ ထိုသို့ဝမ်းမြောက်စွာဖြင့် တစ်ရက်ပြီးတစ်ရက် သေနေ့ ရောက်လာပါမည်ဟု ဆိုခြင်း ဖြစ်သည်။

၁၅:၃၂ တမန်တော်ကြီးက ဧဖက်သားရဲနှင့် နပန်းသတ်ခဲ့ရသည်ဟု ဆိုထားသည်။ အမှန်တကယ်လုံး ထွေးသတ်ပုတ်ခြင်း မဟုတ်ပါ။ သားရဲကဲ့သို့ ဆိုးဝါးသောင်းကျန်းသူများကို ဝက်ဝုတ္တိအလကာဖြင့် ဖော်ဆိုခြင်း ဖြစ်သည်။ စင်စစ်ရောမနိုင်ငံသား ဖြစ်သောပေါလုသည် သားရဲနှင့် မသတ်ကြပါ။ အဘယ်ကြောင့် ထိုသို့လွန်လွန်ကျူးကျူး ဖော်ကျူးသည်ကို အသေအချာမသိရပါ။ ဖြစ်နိုင်သည်မှာ ပြန်လည်ထမြောက်ခြင်းကို လက်မခံ၊ ငြင်းပယ်ကြသူများနှင့် အပြန်ပြန်အလှန်လှန် အချေအတင်ငြင်းခုန်ခြင်း ဖြစ်ပေမည်။ သို့ကြောင့်လည်း ထိုသူများ၏စကားကို ထေ့ငေါ့၍ သေလွန်သူများထမြောက်ခြင်း မရှိလျှင် မနက်ဖြန်သေကြမည့်အတူတူ စားကြသောက်ကြ မူးကြလော့ ဟုဆိုခြင်းဖြစ်သည်။

အချို့ကလူ့ဘဝဆိုတာ ယခုဘဝအသက်တာသာ ဖြစ်သည်ဟု ဆိုတတ်သည်။ ထိုစကားကို ပေါလုက သဘောမတူပါ။ ရှင်ပြန်ထမြောက်ခြင်း မရှိလျှင် လူ့အသက်၏ စားဝတ်နေရေးကို အကောင်းဆုံးခံစားကြမည်။ စားသောက်မည်၊ ဝတ်စားမည်။ ဇိမ်ခံကြမည်။ ဤဘဝဤမျှသာဟုဆို ကြမည်မှာသေချာသည်။ သို့သော်ထမြောက်ခြင်း ရှိသောအခါ ထိုကဲ့သို့ အသက်တာ မဖြုန်းတီးကြ။ ယခုဘဝအတွက်သာ အသက်မရှင်ကြ။ ယခုဘဝ၏ နောက်ဆက်တွဲအတွက် အသက်ရှင်ကြရသည်။

၁၅:၃၃ ကောရိန္သုသားများအား လောကမာယာတောမှာ မပျက်စီးစေလို။ မကောင်းသော အပေါင်းဖော်များသည် မိမိတို့ အကျင့်ကောင်းကို ဖျက်ဆီးသူများဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်းကို လက်မခံသည့်အယူများ၊ ဆရာမှားများအား ကောရိန္သုအသင်းတော်ထဲသို့ ဝင်ခွင့်မပြုစေလို။ ထိုအယူမှားများနှင့် ဆက်ဆံခြင်း၊ နားယောင်ခြင်းဖြင့် လမ်းမှားမရောက်စေလို။ မှားယွင်းသော အယူအဆသည် ဘဝအသက်တာ တစ်ခုလုံးကို ပျက်စီးနိုင်သည်။ မှားယွင်းသော သွန်သင်ခြင်းသည် ဖြောင့်မတ်စင်ကြယ်ခြင်းကို ပျက်စီးစေသည်။

၁၅:၃၄ အပြစ်သွေးဆောင်ရာသို့ မလိုက်ပါစေဘဲ ဖြောင့်မတ်ခြင်းတရား၌ နိုးကြားစေချင်သည်။ မှားယွင်းသောသွန်သင်ချက်ထဲသို့ မှောက်ရက်ကြီးမလဲကျစေချင်၊ အချို့သောသူများသည် ဘုရားတရားမသိကြ။ ထိုသို့ဆိုသော် သင်တို့ကို ရှက်ကြောက်စေခြင်း ငှာငါဆို၏ ဆိုသည်မှာ ကမ္ဘာလောကကြီးမှာ ဘုရားတရားမသိသေးသူတွေ လူများစွာရှိနေကြခြင်းဖြစ်သည်။ အမှောင်ထဲတွင် လူမည်းများစွာရှိနေကြသည်။ ထိုသူများထဲသို့ ဧဝံဂေလိတရားဟောပြောရန် ဘုရားတရားသိသော ကောရိန္သုသားများတွင် တာဝန်ရှိသည်။ သို့သော်မဟောပြောကြသောကြောင့် ကောရိန္သုအသင်းတော်ထဲတွင်လည်း တရားစစ်တရားမှန် နားမရှင်းသူများ ရှိနေသည်။ ထိုသူများသည် တကယ်ယုံကြည်သူများ မဟုတ်။ သိုးသားရေ ခြုံထားသော ဝံပုလွေများ၊ အယူမှားခြင်း၏ သားကောင်များ ဖြစ်သည်။ ထိုမိစ္ဆာများကို ဆရာတင်ခြင်းသည် ရှက်စရာဖြစ်သည်။ သတိထားခြင်းမရှိဘဲ၊ နမော်နမဲ့ လက်ခံကြသောကြောင့် အသင်းတော် တစ်ခုလုံးအတွင်း ခြစားပျက်စီးကုန်မည်။ ထိုသူများအား အထူးသတိထားရန် သတိပေးထားသည်။

(ရှင်ပြန်ထမြောက်ခြင်းကိုငြင်းပယ်သူများအားချေပခြင်း(၁၅:၃၅၅၇)

          ၁၅:၃၅ အငယ် ၃၅-၄၉တွင် ရှင်ပြန်ထမြောက်ခြင်း အမှန်တကယ်ရှိကြောင်း၊ အသေးစိတ် ရှင်းပြထားသည်။ ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်ခြင်း သံသယကို ဦးစွာရှင်းပြသည်။ သေလွန်သူသည် အဘယ်သို့ ထမြောက်မည်နည်း” ဒုတိယမေးခွန်းမှာ အဘယ်သို့သော ကိုယ်ခန္ဓာနှင့် ထမြောက်မည်နည်းဟူ၍ ဖြစ်သည်။

၁၅:၃၆ ပထမ မေးခွန်းကို ဤကျမ်းပိုဒ်တွင် ဖြေထားသည်။ ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို လူတိုင်း သိမြင်နားလည်ကြသော ပုံဥပမာဖြင့် ရှင်းပြသည်။ မျိုးစေ့သည် အပင်မဖြစ်ထွန်းမီ၊ မြေကြီးထဲသို့ စိုက်ပျိုးရသည်။ ထိုအစေ့ထဲတွင် အပင်၏ အသက်သန္ဓေရှိခြင်းသည် နက်နဲအံ့သြဖွယ် ရာဖြစ်သည်။ ဓါတ်ခွဲခန်းတွင် အနုကြည့်မှန်ဘီလူး ကြည့်လျှင်လည်း မျိုးစေ့၏လျှို့ဝှက်ချက်ကို စိုက်ပျိုးလျှင် အပင်ပေါက်လာသည်မှာ လူတိုင်း သိရှိကြသည်။

၁၅:၃၇ ဒုတိယမေးခွန်း၏ အဖြေကျမ်းပိုဒ် ဖြစ်သည်။ ထိုမျိုးစေ့ကို ကြဲသည့်အခါ မျိုးစေ့သာကြဲ ကြပါသည်။ အပင်ကို တစ်ခါတည်းမကြဲကြပါ။ ဆိုလိုသည်မှာ အပင်နှင့်မျိုးစေ့ တစ်ခါတည်း စိုက်ရသည် မဟုတ်။ အပင်နှင့်မျိုးစေ့မတူပါ။ သို့သော်မျိုးစေ့နှင့်အပင်သည် ဆက်နွယ်မှုရှိသည်။ အစေ့မကြဲဘဲနှင့် အပင်မပေါက်နိုင်။ အပင်သည်အစေ့မှ ထွက်လာခြင်း ဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်းလည်း ထိုနည်းအတိုင်းဖြစ်သည်။

ရုပ်ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်းသည် မျိုးစေ့ချသည်အတိုင်း ထမြောက်ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုထမြောက်ခြင်းသည် သင်္ခါရတရား အကျည်းတန်ခြင်း၊ အားနည်းခြင်းနှင့်ကင်းစင် သည်။ အစေ့နှင့် တစ်ပုံစံတည်းဖြစ်သော်လည်း ထမြောက်သောအခါ တစ်ဘဝဖြစ်သည်။ (သီးသန့်ရှင်းပြချက်)

၁၅:၃၈ ဘုရားသခင်သည် မျိုးစေ့များကို အသီးသီးပုံစံ ပေးထားသည်။ ပေးထားသည့်ပုံစံ အတိုင်းအမျိုးမျိုး ဖြစ်ထွန်းကြသည်။ အရွယ်အစား၊ အရောင်အဆင်း၊ အရွက်၊အပွင့်စသည့် ဂုဏ်အင်္ဂါရပ်များကို တစေ့ထဲတွင် တစ်ခါတည်း ထည့်ပေးထားသည်။

၁၅:၃၉ ပြန်လည် ထမြောက်သောအခါ အသားအရေလည်း တူညီကြမည် မဟုတ်။ ထိုအကြောင်းကို ပိုမိုသဘောပေါက်ကြရန် ပုံဥပမာ ရှင်းပြထားသည်။ဥပမာအားဖြင့် လူ့အသားအရည်၊ တိရစ္ဆာန်အသားအရေ၊ ငါးကြေးခွံ၊ ငှက်သားရေအစရှိသဖြင့် အသားအရေ အမျိုးမျိုးရှိသကဲ့သို့ အသားအရေအမျိုးမျိုး ကွာခြားကြမည်။ ထိုသို့ အရောင်အသွေးအားဖြင့် ကွာခြားကြသော်လည်း အသားအရေမှာ အတူတူဖြစ်သည်။ ဆင်တူရိုးမှား ဖြစ်နေကြမည်။

၁၅:၄၀ ဘုန်းကျက်သရေလည်း တူညီကြမည်မဟုတ်။ ကောင်းကင်ရှိ ကြယ်လများသည် လောကပစ္စည်းများနှင့် အရောင်အသွေးခြားနားသကဲ့သို့ လူ့အသွေးအသားအရောင်အဆင်းလည်း ခြားနားသည်။ ပြန်လည်ထမြောက်ပြီးသော ခန္ဓာကိုယ်၏ အရောင်အဆင်းသည်လည်း ကွာခြားမည်။

၁၅:၄၁ ကောင်းကင်းရှိကြယ်နက္ခတ်တာရာများ၏ အရောင်အသွေးသည်လည်း တစ်ခုနှင့်တစ်ခု မတူညီကြပါ။ နေသည် လထက်ထွန်းတောက်သည်။ ကြယ်တာရာများသည်လည်း တစ်ခုနှင့်တစ်ခု အလင်းတောက်ပခြင်း မတူညီကြပါ။

ပေါလု၏ အဓိကသွန်သင်ချက်မှာ လူ့ခန္ဓာကိုယ်၏အရောင်အသွေးနှင့်ထမြောက်ပြီးမှ ခန္ဓာကိုယ်၏ အရောင်အသွေး ခြားနားမှု ရှင်းပြလိုခြင်း ဖြစ်သည်ဟု ကျမ်းစာ သုတေသီများက ဆိုကြသည်။ အပိုဒ်(၄၁)မှ ယုံကြည်သူအချင်းချင်း အရောင်အသွေး ခြားနားမည့်အကြောင်းကိုမူ ထည့်တွက်ကြဟန်မတူ။ မည်သို့ပင်ဖြစ်စေ Holsten ၏စကားကို သဘောတူသင့်သည်။ Holsten က “ပေါလု၏ရှင်းပြချက်များသည် အားလုံးခြုံငုံလိုက်လျှင် လူ့ဘဝအသက်တာ၏ ခန္ဓာကိုယ်နှင့် ပြန်လည်ထမြောက်ပြီးသောအခါ ဘုန်းတန်ခိုးပြည့်စုံမည့်ပုံကို ယှဉ်ပြခြင်းဖြစ်သည်” ဟုဆိုသည်။ အခြားကျမ်းပိုဒ်များကလည်း ထောက်ခံထားသည်။ အပြစ်မှကင်းလွတ်ကြသောကြောင့် အကျင့်သိက္ခာအားဖြင့် ယေရှုခရစ်တော်နှင့် တူညီကြမည်ဖြစ်သော်လည်း ရုပ်ခန္ဓာကိုယ်အားဖြင့် တူကြမည်မဟုတ်။ ခရစ်တော်သည် တမူထူးခြားသူ ဖြစ်မည်။ ယုံကြည်သူများသည်လည်း ပုံစံအမျိုးမျိုး ရှိကြမည်။ အမှုတော် ထမ်းဆောင်ခြင်းအလိုက် တရားစီရင်သောအခါတွင်လည်း လက်ဆောင်ရရှိခြင်း တူညီကြမည်မဟုတ်။ ထိုကောင်းကင်နိုင်ငံတွင် အားလုံးပျော်ရွှင်ကြရမည် ဖြစ်သော်လည်း ပို၍ဝမ်းသာသူများလည်း ရှိကြမည်။ ငရဲပြည်မှာလည်း ဝေဒနာခံစားရခြင်း မတူညီကြသကဲ့သို့ ကောင်းကင်နိုင်ငံတွင်လည်း ပျော်ရွှင်ပုံခြင်း တူကြမည်မဟုတ်။ လောကတွင် ပြုခဲ့သောအမှုအတိုင်း ဆုလက်ဆောင်ရရှိကြမည်။

၁၅:၄၂ အပိုဒ် ၄၂-၄၉ သည်ယုံကြည်သူများ၏ ယခုကာလခန္ဓာကိုယ်နှင့် ထာဝရကာလခန္ဓာ ကိုယ်ခြားနားပုံဖြစ်သည်။ ကိုယ်သည်စိုက်သောအခါ ပုပ်ပျက်သောသဘောရှိ၏။ ထမြောက်သောအခါ မပုပ်နိုင်သောအဖြစ်၌ တည်၏။ မျက်မှောက်ကာလတွင် ခန္ဓာကိုယ်သည် အိုခြင်း၊ နာခြင်း၊ သေခြင်းရှိ၏။ မြေကြီးထဲသို့ မြှုပ်နှံသောအခါ မြေကြီးဖြစ်သွား၏။ သို့သော်ထမြောက်ပြီးသောအခါ တွင်မူ ဖျားခြင်း၊နာခြင်း၊ ပျက်စီးခြင်းကင်း၏။

၁၅:၄၃ မြှုပ်နှံသောအခါ ခန္ဓာကိုယ်သည် ဂုဏ်သရေမရှိ။ ဘုန်းတန်းခိုးမရှိ၊ ရုပ်ဝတ္ထုသက်သက် သာဖြစ်သည်။ သို့သော်ထမြောက်သောအခါ ဘုန်းတန်ခိုးနှင့် ပြည့်စုံသည်။ လောကဓံ ဒဏ်ရာဒဏ်ချက် အဖေးအမာရွတ်၊ ဇရာသင်္ကေတ၊ ဝဖိုင့်ခြင်းအစရှိသည့် အပြစ်နှင့်ဆိုင်သော် လက္ခဏာများ မရှိတော့ ပါ။

မြှုပ်နှံသောအခါ ခွန်အားမရှိသော်လည်း ထမြောက်သောအခါ တန်ခိုးပြည့်၏။ ဇရာသည်တဖြည်းဖြည်းနှင့် သေလွန်သည့်အချိန်ထိ အားနည်းရာသို့တွန်းပို့သည်။ ထာဝရကာလတွင်မူ ထိုအိုခြင်း သဘာဝတရား မရှိတော့ပါ။ မျက်မှောက်ဘဝနှင့် မတူသောတန်ခိုးစွမ်းရရှိကြမည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အခန်းထဲတွင် ရောက်ရှိသူများသည် တံခါးအလုံပိတ်ထားသောကြောင့် ထိုအိုခြင်း၊ နာခြင်း၊ သေခြင်း မလာနိုင်တော့ပါ။

          ၁၅:၄၄ စိုက်သောအခါ ဇာတိပကတိရှိ၏။ ထမြောက်သောအခါ ဝိညာဉ်ပကတိရှိ၏ ဤကျမ်းပိုဒ်ကို အထူးဆင်ခြင်သတိထားရမည်။ ဝိညာဉ်ပကတိသည် ဒြပ်မဲ့မဟုတ်။ အချို့က ရှင်ပြန်ထမြောက်သောအခါ ခန္ဓာကိုယ်မရှိသောဝိညာဉ်သက်သက် ဖြစ်မည်ဟု ထင်မှတ်ကြသည်။ ထိုကဲ့သို့မဟုတ်ပါ ။ ထိုသို့ဆိုလိုသည်မဟုတ်။ သခင်ယေရှုခရစ်တော် ထမြောက်သောအခါ ခန္ဓာကိုယ် အသွေးအသားဖြင့် ထမြောက်သည်။ “ငါသည်သင်တို့မြင်သည့်အတိုင်း အရိုးအသားနှင့်ပြည့်စုံ၏။” ဟု လု ၂၄:၃၉ တွင်ဆိုထားသည်။ ဇာတိခန္ဓာကိုယ်နှင့် ဝိညာဉ်ခန္ဓာကိုယ်၏ ကွာခြားချက်မှာ ဇာတိခန္ဓာကိုယ်သည် စိတ်စေတသိက်က ထိန်းကျောင်း၍ ဇာတိခန္ဓာကိုယ်သည် ဝိညာဉ်ကထိန်းကွပ်သည်။ ဝိညာဉ်ခန္ဓာကိုယ်သည် ဝိညာဉ်၏ အစေခံသက်သက်ဖြစ်သည်။

လူကိုဝိညာဉ်၊ စိတ်၊ ခန္ဓာကိုယ်သုံးခုဖြင့် ဖန်ဆင်းထားပါသည်။ ထိုသုံးခုတွင် ပထမဦးဆုံး ဝိညာဉ်ကိုခေါ်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်သည် ထူးခြားသော ဘုန်းတန်းခိုးရှိသည်။ အပြစ်တရား ဝင်ရောက်လာသောအခါ ဝိညာဉ်၊ စိတ်၊ ခန္ဓာတည်းဟူသော ဝါစဉ်အသုံးအနှုန်းကို ဇောက်ထိုးပြောင်းပြန် ဖြစ်သွားပြီး၊ ခန္ဓာ၊ စိတ်၊ ဝိညာဉ်ခိုအောင်းရာ နေရာဖြစ်သည်။ ကိုယ်သည် စိတ်ဝိညာဉ် ခိုအောင်းရာနေရာ ဖြစ်သည်။ ထမြောက်ခြင်းကာလတွင်မူ မူလပုံမှန်အနေအထားအတိုင်း ပြန်ဖြစ်သွားမည်။

၁၅:၄၅ ရှေးဦ:စွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏။ နောက်ဆုံးအာဒံ မူကား အသက်ရှင်စေသော ဝိညာဉ်ဖြစ်၏။ ပထမအာဒံသည် နောက်ဆုံးအာဒံ ယေရှုခရစ်တော်နှင့် ပြောင်းပြန်ဖြစ်သည်။ ဘုရားသခင်သည် အာဒံ၏ နှာခေါင်းထဲသို့ ဇီဝအသက်မှုတ်သွင်းသောအခါ အာဒံသည် အသက်ရှိသောသူ ဖြစ်လာ၏(က ၂၇)။ ထိုသို့ဖြင့် လူသားအားလုံးသည် အာဒံ၏ဇာတိ အစဉ်အလာအတိုင်း ဖြစ်ထွန်းလာကြသည်။ နောက်ဆုံးအာဒံ၊ ကယ်တင်ရှင်ခရစ်တော်သည် အသက်ရှင်ခြင်းဝိညာဉ်ကိုပေး၏ (ယော ၅၊၂၁၊၂၆)။ ထိုနှစ်ခု၏ကွာခြားချက်မှာ ပထမအာဒံသည် ရုပ်ခန္ဓာကိုယ်အသက်ရှင်ခြင်းအကြောင်းဖြစ်၍ ဒုတိယအာဒံသည် ထာဝရအသက်ရှင်ခြင်းကိုပေးသည်။ ထိုအကြောင်းကို Erdman ကသာဤသို့ရှင်းပြသည်။

အာဒံ၏သွေးသားစဉ်ဆက်များ ဖြစ်ကြသည့်အားလျော်စွာ အာဒံကဲ့သို့ပင် အသက်ရှင်သော စိတ်ဝိညာဉ်၊ သေတတ်သောခန္ဓာကိုယ်၊ လောကပုံရိပ်များ ရှိကြသည်။ သို့သော်လည်း ခရစ်တော်၏ နောက်လိုက် ဖြစ်ကြသောအခါ သေတတ်သောရုပ်ခန္ဓာကိုဝိညာဉ်က ဖုံးလွှမ်းအုပ်စိုး၍ ကောင်းကင် နိုင်ငံအရှင်သခင် ခရစ်တော်၏ ပုံရိပ်နှင့် တူသွားပါသည်။

၁၅:၄၆ ဘုရားသခင်၏ အခြေခံနိတရားတော် ဖြစ်သည်။ ဝိညာဉ်ကိုယ်သည် ရှေးဦးစွာ ဖြစ်သည်မဟုတ်။ ဇာတိပကိကိယ်သည် ရှေးဦးစွာဖြစ်၏။ ထို့နောက်မှဝိညာဉ်ကိုယ် ဖြစ်၏။ ဤကျမ်းပိုဒ် ကိုအဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနိုင်သည်။ ပထမအချက်မှာ လူ့ခန္ဓာကိုယ်တည်းဟူသော အာဒံသည် လူ့သမိုင်းတွင် ဝင်ရောက် ပေါ်ထွန်းလာပြီး ထို့နောက်မှဝိညာဉ်လူ ယေရှုခရစ်တော်ပေါ်ထွန်းလာ သည်ဟုခံယူနိုင်သည်။ ဒုတိယအချက်အဖြစ် လူသည် ဇာတိအားဖြင့်ပေါက်ဖွားသန့်စင်လာကြသည်။ ထို့နောက်ဝိညာဉ်၌ အသစ်တဖန် မွေးဖွားရသည်ဟု တစ်မျိုးခံယူနိုင်သည်။ နောက်ဆုံးအချက်မှာ လူ့ဇာတိခန္ဓာကိုယ်ကို ပထမရရှိကြသည်။ ရှင်ပြန်ထမြောက်သောအခါ ဝိညာဉ်ခန္ဓာကိုယ် ရရှိကြသည်ဟုလည်း ခံယူနိုင်သည်။

၁၅:၄၇ ပထမလူသားသည် မြေကြီးဖြင့် ဖန်ဆင်းထားသောကြောင့် သူ့ခန္ဓာကိုယ်သည် မြေသားဖြစ်၏။ ဆိုလိုသည်မှာ မြေကြီးဖြင့် လုပ်ထားသည့်သတ္တဝါ ဖြစ်သောကြောင့် မြေကြီးသား အကျင့်လက္ခဏာရှိသည်။ မြေကြီးဖြင့် လုပ်ထားသောကြောင့် မြေကြီးသားဖြစ်၍ သူ့ဘဝသည် မြေကြီးနှင့်ဆိုင်သည်။ ဒုတိယလူသည် ကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။

          ၁၅:၄၈ အပိုဒ်ငယ် ၄၅တွင်လူနှစ်ဦးအားယှဉ်ပြရာ၌ ယေရှုခရစ်တော်ကိုနောက်မှ ယှဉ်ပြသည်။ ခရစ်တော်သည် ထာဝရဘုရားဖြစ်သော်လည်း လူ့သားတော်အဖြစ် အာဒံမှဆင်းသက်လာသည်။ သို့သော် ကောင်းကင်နိုင်ငံမှ ဆင်းသက်လာသည့် အားလျော်စွာ ပြုမူပြောဆိုလုပ်ဆောင်သမျှသည် မြေကြီးသားနှင့်မတူပါ။ ကောင်းကင်သား လက္ခဏာအတိုင်း ဖြစ်သည်။

ခရစ်တော်၏ နောက်လိုက်သားမြေးများသည်လည်း အာဒံ၏ အမွေခံများဖြစ်သကဲ့သို့ ခရစ်တော်၌ မွေးဖွားသော ကောင်းကင်နိုင်ငံသား ဖြစ်ကြသဖြင့် ကောင်းကင်အကျင့် လက္ခဏာ ရှိကြသည်။

၁၅:၄၉ အာဒံ၏ သွေးသား စဉ်ဆက်များ ဖြစ်သည့်အားလျော်စွာ လောကအကျင့် ရှိခဲ့ကြသော်လည်း ရုပ်ခန္ဓာကိုယ်ဖြင့် ထမြောက်ကြသောအခါ ခရစ်တော်၏ ပုံသဏ္ဍာန်နှင့် တူညီ ကြမည်။

          ၁၅:၅၀ ခရစ်တော် ဘုရားပြန်ကြွလာသောအခါ ခရစ်တော်၌ သေလွန်သူများနှင့်အသက်ရှင် ကြွင်းကျန်သူများ၏ ခန္ဓာကိုယ်များသည် ပြောင်းလဲသွားကြမည်။ လူ့အသွေးအသားသည် ဘုရားသခင်၏ နိုင်ငံတော်ကိုမခံယူနိုင် ဟုဆိုထားသည်။ လက်ရှိလူ့ဘဝခန္ဓာကိုယ်အသွေးသားဖြင့် ဘုရားသခင်၏ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ဖို့မထိုက်တန်ဟု ဆိုခြင်းဖြစ်သည်။ ပုပ်ပျက်တတ် သောအရာသည် မပုပ်ပျက်တတ်သောအရာ မဖြစ်နိုင်။ တနည်းအားဖြင့်လူ့ဇာတိခန္ဓာကိုယ်သည် ရောဂါဘယ၊ အိုနာချို့တဲ့ခြင်း စနစ်တကျ မရှိခြင်းတို့ ရှိသောကြောင့် ထိုချို့ယွင်းချက်ရှိသောပုံစံဖြင့် ကောင်းကင်နိုင်ငံသို့မဝင်နိုင်။ ထိုပုပ်ပျက်တတ်သော ခန္ဓာကိုယ်ထမြောက်သောအခါ မည်ကဲ့သို့ ကောင်းကင်နိုင်ငံ ဝင်ဆန့်နိုင်မည်နည်းဟု စဉ်းစားစရာဖြစ်လာသည်။

၁၅:၅၁ ထိုပြဿာနာ၏ အဖြေသည် လေးနက်ပါသည်။ ယခင်ကျမ်းပိုဒ်များအတိုင်း ဘုရားသခင်၏ အကြံအစည်တော်သည် လူ့အတွေးဖြင့်မမှီနိုင်ပါ။ လေးနက်လွန်းလှသည်။  သို့သော် ဤကျမ်းပိုဒ်တွင် အဖြေပေးထားသည်။

          ငါတို့ရှိသမျှသည် အိပ်ပျော်ကြရမည် မဟုတ်ဆိုသည်မှာ ယုံကြည်သူများအားလုံး သေလွန်ကြရမည် မဟုတ်။ ခရစ်တော်ဘုရား ပြန်လည်ရောက်လာချိန်တွင် ယုံကြည်သူအချို့ အသက်ရှင်နေကြမည်။ သေလွန်သည်ဖြစ်စေ၊ အသက်ရှင်ကြွင်းကျန်နေသည်ဖြစ်စေ၊ အားလုံးခန္ဓာ ကိုယ်ပြောင်းလဲသွားမည်။ အမှန်မှာသေခြင်းမှ ထမြောက်ခြင်းသည် အထူးအဆန်းမဟုတ်ပါ။ ဓမ္မဟောင်းကာလကတည်းက ရှိပြီးသား ဖြစ်သည်။ သို့သော်လည်း ခရစ်တော်ပေါ်ထွန်းလာသောအခါ ခန္ဓာကိုယ် ပြောင်းသွားကြမည့် အကြောင်းကို မသိလိုက်ကြရှာ။

၁၅:၅၂ နောက်ဆုံးတံပိုးမှုတ်သောအခါ မျက်စိတမှိတ်လျှပ်တပြက်၌ အားလုံးပြောင်းလဲကြမည်။ နောက်ဆုံးတံပိုးဆိုသည်မှာ ဗျာဒိတ်ကျမ်းတွင်ပါရှိသည့် ခေတ်ကမ္ဘာကုန်ဆုံးခြင်း အထိမ်းအမှတ်မဟုတ်သေးပါ။ ခရစ်တော်ဘုရား သန့်ရှင်းသူများတွေ့ဆုံဖို့ အာကာသထဲတွင် ပေါ်ထွန်းလားသည့် တံပိုးမှုတ်သံ (၁သက်၄:၁၆) ဖြစ်သည်။ ထိုတံပိုးမှုတ်သောအခါ သေလွန်သူများသည် မပုပ်နိုင်သောအဖြစ်သို့ထမြောက်၍ အသက်ရှင်နေသူများသည်လည်း ခန္ဓာကိုယ် ပြောင်းလဲကြမည်။ ခေတ်အဆက်ဆက် ကာလအဆက်ဆက်တွင် သေလွန်၍မြေကြီးထဲ တွင်၎င်း၊ ပင်လယ်သမုဒ္ဒရာထဲတွင်၎င်း သေလွန်သူများမြှုပ်နှံထားသူများအားလုံး ထမြောက်ကြရမည်။ ထိုစကားသည် လူ့ဦးနှောက်အတွေးအားဖြင့် လက်ခံနိုင်ဖွယ် မရှိသော်လည်း ယုံကြည်သူတိုင်း ခံယူနိုင်ကြသည်။

၁၅:၅၃ ဤကျမ်းပိုဒ်သည် ခရစ်တော်ပြန်လည်ကြွလာချိန်၌ ရှိမည့်ယုံကြည်သူနှစ်မျိုး အကြောင်းဖြစ်သည်။ ပုပ်ပျက်နိုင်သော အရာဆိုသည်မှာ သေလွန်၍ မြှုပ်နှံပြီး သူများဖြစ်သည်။ ထိုသူများသည်လည်း မပုပ်ပျက်သောအရာသို့ပြောင်းလဲသွားကြမည်။ သေတတ်သောဆိုသည်မှာ ထိုကာလ၌ အသက်ရှင်ကြွင်းကျန်သူများ ဖြစ်သည်။ ထိုသူများသည်လည်း မသေနိုင်သောအဖြစ်သို့ ဝင်စားကြရမည်။

၁၅:၅၄ ခရစ်တော်၌ သေလွန်သူများသည် အသက်ရှင်ကြမည်။ သေတတ်သောအရာများ သည်လည်း မသေတတ်သောအရာသို့ ပြောင်းလဲကြမည်ဟု ကျမ်းစာလာသည်ဟုဆိုသည်။ ထိုကျမ်းမှာ ဟေရှာ ၂၅:၈ “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူမည်” ဟူသောကျမ်းပိုဒ်ဖြစ်သည်။ ထို့အံ့ဖွယ်ဖြစ်ရပ်ကို C.H.Mackintosh ကဤသို့ရှင်းပြသည်။

သေခြင်းဆိုသည်မှာ အဘယ်နည်း။ မရဏာသေခြင်းနှင့်သချိုင်းတို့၏တန်ခိုးသည် ဘယ်မှာရှိမည်နည်း။ သေခြင်းအကြောင်းကို လေးရက်လေးညဉ့် ပြောဖို့ခက်ပါသည်။ နှစ်ပေါင်းထောင်နှင့်ချီ၍ သေလွန်ကြသောလူ သန်းပေါင်းများစွာတို့ လျှပ်တပြက်ကာလတွင် ထမြောက်လာကြမည်။ သေခြင်းမှကင်းလွတ်လျက် ဘုန်းတန်ခိုး ပြည့်ဝကြမည်။ အရှင်သခင်၏ စကားတစ်ခွန်းဖြင့်ထမြောက်ကြမည်။ ၅၆

                ၁၅:၅၅ ဤကျမ်းပိုဒ်သည် ယုံကြည်သူများ အာကာသကောင်းကင်၌ ခရစ်တော်ဘုရားနှင့်တွေ့ ဆုံသောအခါ ဟစ်ကြွေးသီမည့် တေးကဗျာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မရဏာသေခြင်းက သူတို့ကို မထိန်းချုပ်နိုင်သောကြောင့် အနိုင်ယူအောင်ပွဲခံကြသည်။ ငရဲပြည်ကိုလည်းစစ်နိုင်သည်။ သေခြင်းတရားသည် ကြောက်စရာ မဟုတ်တော့ပါ။ ဘုရားသခင်၏ တစ်ဦးတည်းသော အချစ်ဆုံးသားတော်က ခွင့်လွှတ်ပြီး ဖြစ်သောကြောင့် အဘဘုရားသခင်ကလည်း နွေးထွေးစွာလက်ခံကြိုဆိုကြောင်း သိရှိကြသည်။

၁၅:၅၆ အပြစ်မှ ကင်းစင်ကြပြီး ဖြစ်သောကြောင့် မရဏာသေခြင်းကလည်း ချည်နှောင်ခြင်း မပြုနိုင်။ အပြစ်ခွင့်လွှတ်ခြင်းတရားမသိ၊ ဝန်ချတောင်းပန်ခြင်းမရှိသော ဘဝအသက်တာလျှင် မရဏသေခြင်းကို ကြောက်ရွံ့စိုးရိမ်ခဲ့ကြသည်။ မိမိအပြစ်ကိုခွင့်လွှတ်ကြောင်း မသိရှိသူများသည် သေရွာသို့လားရမည်။ အပြစ်စိတ်စွဲသူကို သေခြင်းက ခြိမ်းခြောက်နေသည်။ ထာဝရအပြစ်ဒဏ် ခံကြရမည်။

သေမင်း၏လက်နက်သည် ပညတ်တရားဖြစ်သည်။ ပညတ်တရားသည် အပြစ်သားများကို စီရင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ပြင်ပတွင်ရှိသူများကို ပိုင်ဆိုသည်။ အပြစ်မရှိလျှင် သေခြင်းမရှိ။ ပညတ်တရားမရှိလျှင် စီရင်ခြင်းလည်းမရှိ။

မရဏာသေခြင်း၏ အကြောင်းရင်းနှစ်ခု ရှိသည်။ စီရင်ခြင်းခံရသည့် အပြစ်နှင့် ပညတ်တရားက ချမှတ်ချက် ဖြစ်သည်။ ထိုနှစ်ခုစလုံးအား ကယ်တင်ရှင်သခင်၏ အမှုတော်ဖြင့် အောင်မြင်ပါသည်။၅၇

(ရှင်ပြန်ထမြောက်ခြင်းအကြောင်းနိဂုံးချုပ်ရှင်းလင်းချက် (၁၅:၅၈)

          ၁၅:၅၈ အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း ရှင်ပြန်ထမြောက်ခြင်းရှိသည်မှာ သေချာသည်။ ခရစ်ယာန် ယုံကြည်ခြင်းသည် သဲထဲရေသွန် အချည်းနှီးမဟုတ်။ ထို့ကြောင့်တမန်တော် ရှင်ပေါလုက ညီအစ်ကိုတို့၊ သခင်ဘုရား၏ အမှုတော်ဆောင်ရွက်ခြင်းသည် အကျိုးကျေးဇူးကြီးမားကြောင်း၊ သိရှိကြပြီးဖြစ်သည့်အတိုင်း တည်ကြည်သော စိတ်နှင့်မရွေ့မလျော့ မယိမ်းမယိုင်ဘဲ ကြိုးစားအား ထုတ်ကြလော့ ဟု တိုက်တွန်း အားပေးထားသည်။ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်သောအသိ တရားက အရာခပ်သိမ်းကို ပြောင်းလဲစေနိုင်သည်။ မျှော်လင့်ချက်ခိုင်မာစေသည်။ ကြုံတွေ့ရင်ဆိုင်နေရသော အခက်အခဲပြဿနာများကို စိတ်ရှည်သည်းခံ၍ ကျော်ဖြတ်အောင်မြင်နိုင်သော ခွန်အား ပေးပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။