ဇာခရိအနာဂတ္တိကျမ်း - ၈

ယေရုရှလင်မြို့အတွက်ကတိတော်
1တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 2ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဇိအုန်တောင်အဖို့ အလွန်စိတ်အားကြီးပြီ။ အလွန်အမျက်ထွက်၍ သူ့အဖို့ စိတ်အားကြီးပြီ။ 3ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သို့ ငါပြန်လာပြီ။ ယေရုရှလင်မြို့ထဲမှာနေမည်။ ယေရုရှလင်မြို့ကို သမ္မာမြို့ဟူ၍လည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏တောင်တော်ကို သန့်ရှင်းသောတောင် ဟူ၍လည်းကောင်း သမုတ်ကြလိမ့်မည်။ 4ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုသော ယောက်ျားမိန်းမ၊ အသက်ကြီး၍ တောင်ဝှေးကိုင်သော သူအပေါင်းတို့သည် ယေရုရှလင်မြို့လမ်းတို့၌ နေကြလေဦးမည်။ 5မြို့လမ်းတို့သည်လည်း ကစားသောသူငယ် ယောက်ျားမိန်းမတို့နှင့် အပြည့်ရှိကြလိမ့်မည်။ 6တစ်ဖန်မိန့်တော်မူသည်ကား၊ ထိုအမှုသည် ယခုကာလတွင် ကျန်ကြွင်းသော ဤလူတို့ မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်သော်လည်း၊ ငါ့မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ 7ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို အရှေ့ပြည်မှလည်းကောင်း၊ အနောက်ပြည်မှလည်းကောင်း ငါကယ်တင်၍၊ 8ဆောင်ခဲ့သဖြင့် သူတို့သည် ယေရုရှလင်မြို့ထဲမှာ နေရကြလိမ့်မည်။ သစ္စာတရားနှင့် ဖြောင့်မတ်ခြင်းတရားအားဖြင့်၊ သူတို့သည် ငါ၏လူဖြစ်၍ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်လိမ့်မည်။
9ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန်တော်ကို တည်ဆောက်ခြင်းငှာ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်တိုက်မြစ်ကို ချသောကာလ၌ရှိသော ပရောဖက်တို့ ဟောပြောသော ဤစကားကို ယခုကာလ၌ ကြားသောသူတို့၊ သင်တို့လက်ကို အားကြီးစေကြလော့။ 10ထိုကာလအထက်၌ လူခံရသော အကျိုးမရှိ။ တိရစ္ဆာန်ခံရသော အကျိုးမရှိ။ ထွက်ဝင်သောသူတို့သည် ရန်သူရှိသောကြောင့် ချမ်းသာမရကြ။ ငါသည် လူအပေါင်းတို့ကို တစ်ယောက်နှင့် တစ်ယောက် ရန်ဘက်ဖြစ်စေ၏။ 11ယခုမူကား၊ ကျန်ကြွင်းသော ဤလူတို့၌ ငါသည် အရင်ကဲ့သို့မပြုဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ 12မျိုးစေ့ကို ငြိမ်ဝပ်စွာ ကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးကိုလည်းကောင်း၊ မြေသည် မိမိစီးပွားကိုလည်းကောင်း၊ မိုးကောင်းကင်သည် နှင်းရည်ကိုလည်းကောင်း ပေးရလိမ့်မည်။ ကျန်ကြွင်းသော ဤလူတို့သည် ဤအရာအလုံးစုံတို့ကို ရတတ်စေခြင်းငှာ ငါပြုမည်။ 13အို ယုဒအမျိုးနှင့် ဣသရေလအမျိုးတို့၊ သင်တို့သည် တစ်ပါးအမျိုးတို့တွင် ကျိန်ဆဲရာဖြစ်ဖူးသကဲ့သို့၊ ကောင်းချီးခံရာ ဖြစ်စေခြင်းငှာ ငါကယ်တင်မည်။ မစိုးရိမ်ဘဲ လက်အားကြီးကြလော့။ 14ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့အမျက်ကို နှိုးဆော်ကြသောအခါ အပြစ်ပြုမည်ဟု ငါသည် နောင်တမရဘဲ ကြံသကဲ့သို့၊ 15တစ်ဖန် ယခုကာလ၌ ယေရုရှလင်မြို့နှင့် ယုဒအမျိုးကို ကျေးဇူးပြုမည်ဟု ငါကြံပြန်၏။ မစိုးရိမ်ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ 16သင်တို့ ကျင့်ရမည်အကျင့်ဟူမူကား၊ သင်တို့ရှိသမျှသည် တစ်ယောက်နှင့် တစ်ယောက် မှန်သောစကားကို ပြောကြလော့။ မြို့တံခါးဝမှာ ဖြောင့်မတ်စွာ စီရင်၍၊ တရားတွေ့သည်အမှုကို ငြိမ်းစေခြင်းငှာ ဆုံးဖြတ်ကြလော့။ 17တစ်ယောက်ကိုတစ်ယောက် အဘယ်သူမျှ မကောင်းသောအကြံကို မကြံကြနှင့်။ မမှန်သောကျိန်ဆိုခြင်းကို မနှစ်သက်ကြနှင့်။ ထိုသို့သောအမှုရှိသမျှတို့ကို ငါမုန်းသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ရွှင်လန်းစွာအစာရှောင်ခြင်း
18တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ 19ကောင်းကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရား မိန့်တော်မူသည်ကား၊ စတုတ္ထလတွင် အစာရှောင်ခြင်း၊ သတ္တမလတွင် အစာရှောင်ခြင်း၊ ဒသမလတွင် အစာရှောင်ခြင်းတို့သည် ယုဒအမျိုးဝမ်းမြောက်ရွှင်လန်း၍ ပွဲလုပ်ရာကာလ ဖြစ်ကြလိမ့်မည်။ ဖြောင့်မတ်ခြင်းတရား၊ ငြိမ်ဝပ်ခြင်းတရားကို နှစ်သက်ကြလော့။ 20ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ များစွာသော မြို့သူရွာသား၊ လူအမျိုးမျိုးတို့သည် လာကြလိမ့်မည်။ 21မြို့တစ်မြို့၌ နေသောသူသည် အခြားမြို့တစ်မြို့၌ နေသောသူတို့ဆီသို့ သွား၍၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှာလည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ရှာခြင်းငှာလည်းကောင်း ဧကန်အမှန် သွားကြကုန်အံ့။ ငါလည်းသွားမည်ဟု ခေါ်ကြလိမ့်မည်။ 22ကြီးသော တိုင်းနိုင်ငံသား၊ လူအမျိုးမျိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ယေရုရှလင်မြို့၌ ရှာ၍၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှာ လာကြလိမ့်မည်။ 23ထိုကာလ၌ ဘာသာအသီးအသီးကို ပြောတတ်သော လူအမျိုးမျိုးတို့တွင် တစ်ကျိပ်သော လူတို့သည် ယုဒလူဖြစ်သော သူ၏အဝတ်စွန်းကိုကိုင်လျက်၊ ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍၊ သင်တို့နှင့်အတူ လိုက်ပါမည်ဟု ဆိုကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

ဇာခရိအနာဂတ္တိကျမ်း - ၈ (အနက်ဖွင့်)

(တတိယနှုတ်ကပတ်တော် (:၁၇)

အဓိပ္ပါယ် – ဘုရားသခင်သည် ယုဒလူမျိုးတို့အပေါ် ကောင်းကြီးမင်္ဂလာ သွန်းလောင်းတော့မည်။

၈၁: တတိယနှုတ်ကပတ်တော်မှာ ယုဒလူမျိုးအား ကောင်းကြီးမင်္ဂလာ သွန်းလောင်းတော့မည့် အကြောင်း ဗေသလကိုယ်စားလှယ်များသို့ ကတိတော်ပေးခြင်းဖြစ်သည်။ ယုဒရန်သူများအပေါ်သို့ အလွန်အမျက် ထွက်၍ (ငယ်၂)ယေရုရှလင်မြို့ကို ချစ်အားကြီးသောကြောင့် ပြန်လည်စုစည်းတည်ထောင်လျက် သမ္မာမြို့ဟု ခေါ်ထွင်စေမည်။ မြို့လမ်းမကြီးနှင့် လမ်းသွယ်တို့ပေါ်တွင် ကလေးသူငယ်၊ ယောက်ျား၊ မိန်းမများ ပျော်ရွှင်မြူးတူး ရာနှင့် တောင်ဝှေးကိုင် သက်ကြီးရွယ်အိုများ ဆုံဆည်းရာဖြစ်စေမည်။

: ထိုစကားသည် နှောင်းကြွင်းလူများအတွက် မဖြစ်နိုင်စရာအံ့ဖွယ်အမှုဟု ထင်မြင်ယူဆစရာ ရှိသော်လည်း ဘုရားသခင်အဖို့မှာမူ မဖြစ်နိုင်သော အရာဟူ၍ ဘုရားရှင်သည် ကွဲလွင့်နေသော သူ့လူများအား ပြန်လည်သိမ်းဆည်း ခေါ်ဆောင်နိုင်သကဲ့သို့ ထိုသူတို့အလယ်တွင် သူတို့၏ဘုရားသခင်အဖြစ် ကိုယ်တိုင်ကိန်းဝပ် စံပါယ်တော်မူမည်။

ထိုနှုတ်ကပတ်တော်သည် ဇာခရိလက်ထက်တွင် ပြည့်စုံခြင်းမရှိသေးပါ။ ခရစ်တော်ဘုရား ဒုတိယအကြိမ် ကြွရောက်လာသောအခါမှ ပြည့်စုံမည်ဖြစ်၍ ဇွဲနဘဲကြီးစွာ စောင့်မျှော်ကြရပေမည်။

၈း၉-၁၃ ဟဂ္ဂဲနှင့် ဇာခရိ၏ပရောဖက်ပြုချက်များကို ကြားနာသူပရိသတ်များသည် ဗိမာန်တော်တည် ဆောက်ရန် စိတ်ဓါတ်တက်ကြွလာကြသည်။ ဗိမာန်တော်စတင် မဆောက်ခင်က လူအများမှာ လမ်းမပေါ်တွင် ရည်ရွယ်ချက်မရှိ၊ ဦးတည်ရာမဲ့လမ်းသလားသူ အလုပ်လက်မဲ့များဖြစ်သည်။ ဘုရားသခင်ထံမှ ငြိမ်သက်ခြင်းနှင့် ကြွယ်ဝချမ်းသာခြင်းအတွက် ကတိတော်ရသောအခါ သူတို့သည် တပါးအမျိုးသားများအတွက် ကျိန်ဆဲခြင်း အစား ကောင်းချီးမင်္ဂလာဖြစ်လာကြသည်။

:၁၄၁၇ နာခံမှု မရှိခင်က အတိဒုက္ခရောက်မည်ဟု ကျိန်ဆိုခဲ့သော်လည်း ယခုအခါတွင်မူ ကောင်းရာ ကောင်းကြောင်း စီစဉ်ပေးတော်မူပြီ။ ထို့ကြောင့် ဘုရားသခင်မုန်းတီးရွံရှာသော (ဆိုးယုတ်ခြင်း၊ အိမ်နီးနားချင်း များနှင့် မသင့်မြတ်ခြင်း၊ မုသာကျိန်ဆိုခြင်း)အမှုတို့ကို ရှောင်ကြဉ်လျက်၊ သမ္မာတရားနှင့်အညီ ငြိမ်သက်ခြင်းနှင့် ဖြောင့်မတ်ခြင်း အသက်တာ၌ အသက်ရှင်ကြရန် တိုက်တွန်းအားပေးသည်။

(စတုတ္ထနှုတ်ကပတ်တော် (:၁၈၂၃)

          အဓိပ္ပါယ် – ဣသရေတို့၏ အစာရှောင်ခြင်းသည် ပွဲတော်အဖြစ် ပြောင်းလဲ၍ ယေရုရှလင်သည် ကမ္ဘာသူ ကမ္ဘာသားများ၏ ဝတ်ပြုကိုးကွယ်ရာ ဗဟိုဌာန ဖြစ်လာမည်။

:၁၈ ဗေသလကိုယ်စားလှယ်တော်များအား ဆောက်တည်ရာ ခွန်အားမျှဝေပြီးနောက်၊ ငိုကြွေးငြီးတွား ရာ အစာရှောင်ခြင်း ဥပုသ်များကို ဝမ်းမြောက်ရွှင်လန်းရာပွဲတော်ဖြစ်စေမည်ဟု ဘုရားရှင်က ကတိပြုသည်။ ဒသမလအစာရှောင်ခြင်းဥပုသ်သည် ယေရုရှလင်မြို့ ဝိုင်းရံခံရခြင်း (၄ရာ ၂၅း၁)အတွက်၊ စတုတ္ထလ အစာရှောင်ခြင်း ဥပုသ်သည် ဖမ်းဆီးခံရခြင်း (၄ရာ၊ ၂၅:၃)အတွက်၊ ပဉ္စမလအစာရှောင်ခြင်းဥပုသ်သည် ယေရုရှလင်မြို့နှင့် ဗိမာန်တော် ပျက်သုဉ်းခြင်း(၄ရာ၊ ၂၅:၈-၁၀)အတွက်နှင့် သတ္တမလအစာရှောင်ခြင်းဥပုသ်မှာ ဂေဒလိ Gedaliah အသတ်ခံခြင်းအတွက် (၄ရာ၊ ၂၅:၂၅)ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။