ဇာခရိအနာဂတ္တိကျမ်း - ၆

ရထားလေးစီး
1တစ်ဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ၏။ 2ပထမရထား၌ မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊ 3တတိယရထား၌ မြင်းဖြူ၊ စတုတ္ထရထား၌ ခွန်အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ၏။ 4အကျွန်ုပ်သခင်၊ ထိုရထားတို့ကား အဘယ်သို့နည်းဟု ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊ 5ကောင်းကင်တမန်က၊ ထိုရထားတို့သည်၊ မြေကြီးတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ရှေ့တော်၌ ရပ်နေရာမှ ထွက်သွားသော မိုးကောင်းကင်လေ လေးပါးဖြစ်၏။ 6ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွားကြ၏။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ၏။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ၏ဟု ဆို၏။ 7ခွန်အားကြီးသော မြင်းတို့သည် ထွက်၍၊ မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှာ အားထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍ မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြလော့ဟု ဆိုသည်အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။ 8ကောင်းကင်တမန်သည်လည်း ငါ့ကိုခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။
ယောရှုကိုမင်းမြှောက်ရန်အမိန့်တော်
9တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊ 10အရင်သိမ်းသွားခြင်းကိုခံရ၍ ယခု ဗာဗုလုန်မြို့မှ ပြန်လာသော ဟေလဒဲအမျိုး၊ တောဘိယအမျိုး၊ ယေဒါယအမျိုး အချို့တို့ကို ခေါ်၍၊ တစ်နေ့ချင်းတွင် ဇေဖနိ၏သား ယောရှိအိမ်သို့ သွားပြီးသော်၊ 11ရွှေငွေတို့ကိုယူ၍ သရဖူကို လုပ်ပြီးလျှင် ယောဇဒက်သား ယဇ်ပုရောဟိတ်မင်း ယောရှု၏ ခေါင်းပေါ်မှာ တင်လော့။ 12ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွန့်အမည်ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။ 13ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်ပြီးလျှင်၊ ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင်တော်ပေါ်မှာ ယဇ်ပုရောဟိတ်လည်းဖြစ်၍၊ ထိုနှစ်ပါးတို့သည် မိတ်သဟာယ ပဋိညာဉ်ကို ဖွဲ့ကြလိမ့်မည်။ 14ထိုသရဖူသည် ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဖို့၊ ထာဝရဘုရား၏ ဗိမာန်တော်၌ သက်သေဖြစ်ရမည်။ 15ဝေးသော သူတို့သည်လည်းလာ၍ ထာဝရဘုရား၏ဗိမာန်တော်၌ တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို စေ့စေ့နားထောင်လျှင်၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။

ဇာခရိအနာဂတ္တိကျမ်း - ၆ (အနက်ဖွင့်)

(ရထားလေးစီး (:)

အဓိပ္ပါယ်-ဘုရားသခင်၏ရှေ့ကင်းထောက် မြင်းရထားလှည့်ခြင်းသည် ဣသရေလတို့၏ ရန်သူအား နှိမ်နင်းချေမွမည့်အကြောင်း ဖြစ်သည်။

: ဇာခရိနောက်ထပ်တွေ့မြင်ရသော သတ္တမရူပါရုံမှာ ကြေးဝါတောင်နှစ်လုံးကြားမှ မြင်းရထား လေးစီး ထွက်ပေါ်လာခြင်းဖြစ်သည်။ ရထားလေးစီးကို မြင်းနီ၊ မြင်းနက်၊ မြင်းဖြူ၊ မြင်းကျားတို့က ဆွဲသည်။ ၎င်းမြင်းတို့သည် ကြီးမားသန်မာ ထွားကျိုင်းကြသည်။

: ထိုရထားလေးစီးကို ကရသောမြင်းများသည် ကောင်းကင်ဘုံ၏ဝိညာဉ်လေးပါး ဖြစ်သည်ဟု ကောင်းကင်တမန်က ရှင်းပြသည်။ ကမ္ဘာအနှံ့ရှိ တပါးအမျိုးသားများထံသို့ မေရှိယအကြောင်း ဘုရားသခင်က ကြားပြောရန် စေခိုင်းသည်။ မြင်းနက်ကသောရထားသည် မြောက်ပြည်သို့ သွား၍ မြင်းကျားများ ကသောရထား သည် တောင်ပြည်သို့ ဦးတည်သည်။ ထိုအရပ်ဒေသများသည် ဣသရေလတို့၏ရန်သူများကို ဖော်ညွှန်းသည်။ (မြောက်ဘုရင်နှင့် တောင်ဘုရင်ဟု ဆိုနိုင်သည်)။ မြင်းဖြူများသည် မြင်းနက်များနောက်သို့ လိုက်သွားကြ၍ မြင်းနီသည် အရပ်ဒေသအနှံ့ လှည့်လည်ပြေးလွှားကြသည်။

: မြောက်ပြည်သို့ သွားသောရထားသည် ဝိညာဉ်တော်၏ အမျက်ဒေါသကို ဆောင်ယူသွားသည်။ ၎င်းမှ ဣသရေလတို့အား တချိန်လုံး ခြိမ်းခြောက်လျက်ရှိသော မြောက်အရပ်ရှိ ဗာဗုလုန်ကို ချေမှုန်းသုတ်သင်ပေးမည့် အကြောင်းဖြစ်သည်။ ရူပါရုံအားလုံး ခြုံငုံကြည့်လိုက်လျှင် ဣသရေလတို့၏ ရန်သူအား ဘုရားသခင်က ချေမှုန်း ပေးမည်ဟူလို။ ထိုနောက် ဤကမ္ဘာမြေပေါ်တွင် ခရစ်တော်၏နိုင်ငံတော် ပေါ်ထွန်းလာစေမည်။

၃။ ယောရှုယဇ်ပုရောဟိတ်ကြီး သရဖူဆောင်းခြင်း (:၁၅)

          အဓိပ္ပါယ်-ခရစ်တော်သည် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်ကြီးအဖြစ်ကြွလာမည်။ ၎င်းမှာ အသင်းတော် နိုင်ငံတော် ပေါင်းစပ်ခြင်း၏ပုံရိပ်နိမိတ်ဖြစ်သည်။

:၁၃ တရားစီရင်ခြင်း၊ ဗျာဒိတ်ရူပါရုံပြီးဆုံးပြီ။ ကျက်သရေမင်္ဂလာအခန်းကဏ္ဍသစ်စပြီ။ ဇာခရိသည် ဗာဗုလုန်မှပြန်လာသော ဟေလဒဲအမျိုး၊ တောသိယအမျိုး၊ယေဒါယအမျိုးတို့ကို ခေါ်ဆောင်၍ ယောရှုအိမ်သို့ သွားကြကာ ယောရှုအားယဇ်ပုရောဟိတ်ကြီးအဖြစ် ရွှေနှင့်ငွေဖြင့်ပြုလုပ်ထားသောသရဖူ ဆောင်းပေးသည်။ သာမန်အားဖြင့် သရဖူသည် အုပ်စိုးသူမင်းနှင့်သာ သက်ဆိုင်သည်။ ယဇ်ပုရောဟိတ်ကြီးများအတွက် မဟုတ်။ ဤနေရာတွင် သရဖူဆောင်းခြင်းမှာ ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်ကြီးအဖြစ် ကြွမြန်းလာမည့် ခရစ်တော်ကို ရည်ညွှန်းသည်။ အပိုဒ်ငယ်(၁၂)၌ အညွှန့်အမည်ရှိသောသူဟု ဆိုထားသည်။ အနှစ်တစ်ထောင်ဗိမာန်တော်ကို တည်ဆောက်၍ ရှင်ဘုရင်အဖြစ်စိုးစံမည့်သူဖြစ်သည်။ David Baronက ဤသို့ဆိုထားသည်။

ထိုကျမ်းစကားသည် စင်စစ်တွင် မင်းအာဏာဖြင့်စိုးစံမည့် ယဇ်ပုရောဟိတ်ကြီး မေရှိယကို ရည်ညွှန်း  သည်။ ဟေဗြဲဘာသာစကားကိုယူ၍ သုံးနှုန်းထားသော ဗိမာန်တော်သည် သန့်ရှင်းရာဌာနတော်နှင့် နန်းရေးဆောင်နှစ်ခုစလုံးအကြုံးဝင်သည်။ ရှင်ဘုရင်ဖြစ်သည့်အတိုင်း နန်းတော်ထဲ၌ စံပျော်ခွင့်ရှိသလို ယဇ်ပုရောဟိတ်ကြီးဖြစ်သည့်အားလျော်စွာ အသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရောက်ခွင့်ရှိသည်။

ထိုနှစ်ပါးသည် မိတ်သဟာယဖွဲ့လိမ့်မည် ဆိုခြင်းမှာ ဘုရင်အရိုက်အရာနှင့် ယဇ်ပုရောဟိတ်ကြီးရာထူး နှစ်ခုစလုံးကို ရရှိပိုင်ဆိုင်မည်။

:၁၄ ထိုသရဖူကို ဗိမာန်တော်ထဲ၌ အမှတ်တရပစ္စည်းအဖြစ် သိမ်းဆည်းထားရမည်။ ဟေလင်သည် ဟေလဒဲနှင့်၎င်း၊ ဟင် Henသည် ယောရှုနှင့်၎င်း၊ အတူတူဖြစ်သည်။

:၁၅ ကွဲပြားပြန့်လွင့်နေသော ဣသရေလလူမျိုးတို့သည် နာခံမှုရှိကြမည်ဆိုလျှင် ဘုရားသခင်က မေရှိယ ကိုစေလွှတ်၍ သူတို့အား ပြန်လည်ပေါင်းစည်းစေမည်ဖြစ်ကြောင်း ခွန်အားပေး ကတိပြုသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။