သင်ခန်းစာ (၃)
နာမ်ဝိညာဉ်ဖြင့်ကိုးကွယ်ခြင်း
သင်ခန်းစာ (၂) ၌ ထာ၀ရဘုရားသည် တစ်လောကလုံး၏ တရားသူကြီးဖြစ်ကြောင်း သိရှိရပြီ။ ထိုတရားသူကြီးက သူ့ကိုကိုးကွယ်သောသူသည် နံဝိညာဉဖြင့် ကိုးကွယ်ရမည်ဟုဆိုသည်။
နာမ်ဝိညာဉ်ဖြင့်ကိုးကွယ်ရမည်။
သခင်ယေရှုက၊ “‘ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။- ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်” ဟုမိန့်တော်မူ၏ (ယောဟန် ၄:၂၃-၂၄)။
မည်ကဲ့သို့ကိုးကွယ်ရမည်နည်း
ဘုရားသခင်ကို မည်ကဲ့သို့နာမ်ဝိညာဉ်ဖြင့် ကိုးကွယ်ရမည်နည်း။ များသောအားဖြင့် ဤသို့ ယူဆတတ်ကြသည်။ နာမ်ဝိညာဉ်ဖြင့် ကိုးကွယ်ခြင်းဆိုသည်မှာ၊
(က) စိတ်နှလုံးပါပါနှင့်ကိုးကွယ်ရမည်ဟူ၍၎င်း၊
(ခ) စိတ်ရောကိုယ်ပါကိုးကွယ်ရမည်ဟူ၍၎င်း၊
(ဂ) သစ္စာရှိစွာကိုးကွယ်ရမည်ဟူ၍၎င်း ဖြစ်သည်။
ထိုအရာများသည် နာမ်ဝိညာဉ်မဟုတ်သောကြောင့် မှားယွင်းနေပါသည်။ စိတ်နှလုံးသည် ဝိညာဉ်မဟုတ်ပါ။
ကိုယ်စိတ်ဝိညာဉ်
ဘုရားသခင်သည် လူကိုဖန်ဆင်သောအခါ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ် (၃)မျိုးပါဝင်လျက် ဖန်ဆင်းခဲ့သည်။ ထိုအထဲ၌ ဘုရားနှင့်တူညီသောအပိုင်းသည် ဝိညာဉ်ဖြစ်ပါသည်။ လူသည် ထိုဝိညာဉ်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယ ဖွဲ့နိုင်သည်။ ထိုဝိညာဉ်အားဖြင့် ဘုရားကို ကိုးကွယ်ရမည်။ ထိုဝိညာဉ်အားဖြင့် ဘုရားနှင့်စကာပြောနိုင်သည်။ ဘုရား၏အလိုတော်ကိုလည်း သိနိုင်သည်။ အကြောင်းမှာ ဝိညာဉ်အချင်းချင်းဖြစ်သောကြောင့် ဖြစ်သည်။ ရှင်ပေါလုက တဖန်၊”ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဖေါ်ပြတော်မူ၏။” ဟုဆိုထားသည် (၁ ကော ၂:၁၀)။ တဖန်၊ “ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်၊ ဟုဝိညာတော်သည် ငါတို့၏ဝိညာသ်နှင့်အတူ သက်သေခံတော်မူ၏။” ဟုဆိုထားသည် (ရောမ ၈:၁၆)။ ထို့ကြောင့် ဘုရား၏ဝိညာဉ်နှင့် လူ၏ဝိညာဉ်ဆက်နေမှသာလျှင် နာမ်ဝိညာဉ်ဖြင့် ကိုးကွယ်နိုင်သည်။
အထက်ပါပုံ၌ ဘုရား၏ဝိညာဉ်နှင့် လူ၏ဝိညာဉ်သည် ဆက်နေသည်။ ထို့ကြောင့် လူ၏ဝိညာဉ်သည် ဘုရားသခင်ထံမှ ထာ၀ရအသက်ကို ရရှိခဲ့စားသည်။ ဘုရား၏အလိုတော်ကိုလည်း သိသည်။ ထိုအခါ လူ၏ဝိညာဉ်က စိတ်နှလုံးကို အုပ်ချုပ်ညွှန်ကြားနိုင်သည်။ တဖန် စိတ်သည် ဝိညာဉ်၏ညွှန်ကြားချက်အရ ဘုရား၏အလိုတော်ကိုသိ၍ ကိုယ်ခန္ဓာကို ညွှန်ကြားနိုင်သည်။ ထိုသို့ဖြင့် စိတ်နှင့်ကိုယ်ခန္ဓာသည် ဘုရား၏အလိုတော်အတိုင်း အသက်ရှင်ခြင်းအားဖြင့် ဘုရား၏ဘုန်တော်ထင်ရှားစေနိုင်သည်။
ဘုရားနှင့်အဆက်ပြတ်ခြင်း
လူသားအားလုံး၏ဖခင်ဖြစ်သောအာဒံသည် ဘုရားသခင်နှင့်ဆက်စပ်လျက် အခြေအနေကောင်းရာမှ စာတန်လုပ်ဆောင်ချက်ကြောင့် ဘုရားနှင့် အဆက်ပြတ်သွားခဲ့သည်။ အာဒံသည် စာတန်၏စကားနားထောင်၍ ဘုရားသခင်တားမြစ်ထားသော ကောင်းမကောင်းသိကျွမ်းရာအသီးကို စားလိုက်သည် (ကမ္ဘာ ၃:၁-ရ)။ ထိုအချိန်မှစ၍ အာဒံသည် ဘုရားသခင်နှင့်အဆက်ပြတ်ကာ အပြစ်သားဘ၀သို့ရောက်ရှိသွားသည် (ကမ္ဘာ ၃:၂၃)။
အထက်ပါပုံအတိုင်း အာဒံသည် ဘုရားစကားနားထောင်သောကြောင့် သူ၏ဝိညာဉ်နှင့် ဘုရားသခင်၏ဝိညာဉ်အကြား ဆက်သွယ်မှပြတ်တောက်သွားသည်။ ဘုရားနှင့်လူအကြား အပြစ်မိုးတိမ်ကားဆီးနေသည်။ မိုးတွင်း၌ နေထွက်သော်လည်း မိုးတိမ်ကြောင့် နေကိုမတွေ့နိုင်သကဲ့သို့ အပြစ်ကြောင့် ဘုရားနှင့်လူ ကွာခြားစေသည်။ (ဟောရှာယ ၅၉း၂)။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဝိညာဉ်ကို ညွှန်ကြားခြင်းမရှိတော့ချေ။ ထာ၀ရအသက်လည်း ဆုံးရှုံးခဲ့ရသည်။ လူ၏ဝိညာဉ်သည် ဘုရားနှင့်အဆက်ပြတ်သောကြောင့် အသေဖြစ်ကာ စိတ်နှလုံးကိုညွှန်ကြားခြင်း မရှိတောချေ။ ထိုအခါ စိတ်သည် ဘုရား၏နေရာကိုယူ၍ မိမိစိတ်ကြိုက် ကိုယ်ခန္ဓာကိုညွှန်ကြားအုပ်ချုပ်လာသည်။ ထို့ကြောင့် ကိုယ်ခန္ဓာသည် စိတ်၏အလိုဆန္ဒအတိုင်းသာ အသက်ရှင်လှုပ်ရှားလာတော့သည်။
တိရစ္ဆာန် ဖြစ်ခြင်း
ထိုသို့ စိတ်နှလုံးသည် ကိုယ်ခန္ဓာကို အုပ်ချုပ်လျက်နေသောကြောင့် ဘုရားအလိုတော်နှင့် မကိုက်ညီတော့ချေ။ အာဒံ၏ဝိညာဉ်သည်ရှိနေသော်လည်း မရှိသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် ကိုယ်ခန္ဓာနှင့်စိတ်၏အလိုသို့သာလိုက်ရသည်။ ထိုသို့ စိတ်နှင့်ကိုယ်ခန္ဓာအလိုသို့သာလိုက်သောသူသည် တိရစ္ဆာန်ဖြစ်သည်။ အကြောင်းမှာ တိရစ္ဆာန်များလည်း ကိုယ်ခန္ဓာနှင့်စိတ်အလိုသို့သာ လိုက်ကြသည်။ သို့ဖြစ်၍ အာဒံသည် လူစင်စစ်မှတိရစ္ဆာဘ၀သို့ ကျဆင်းသွားသည်။ မွေးစကပင် ဝိညာဉ်ပိုင်းသေနေလျက်၊ ခန္ဓာကိုယ်ပိုင်းနှင့် စိတ်သာအသက်ရှင်ကြသည်။ ထို့ကြောင့် ယာကေသား အာဂုရက၊ “အကယ်စင်စစ်ငါသည် လူမဟုတ်၊ တိရစ္ဆာန်ဖြစ်သည်။” ဟု ၀န်ခံခဲ့သည် (သုတ္တံ ၃၀:၂)။
အမျက်တော်ခံရခြင်း
ထိုသို့ လူသည်ကိုယ်ကာယနှင့်စိတ်အလိုသာလိုက်သောကြောင့် ဘုရားသခင်၏အမျက်တော်ကိုခံရသောသူများ ဖြစ်ကြသည် (ဧဖက် ၂:၃)။ မိတ်ဆွေနှင့်ကျွန်ုပ်သည် မွေးစကပင်၊
(၁) တိရစ္ဆာန်သဘောနှင့်မွေးကြသည်။ ထို့ကြောင့် စိတ်နှင့်ကိုယ်ကာယအလိုသို့သာ လိုက်တတ်ကြသည် (သု ၃၀:၂)။
(၂) ဘုရားသခင်နှင့်အဆက်ပြတ်နေသည်။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်ကို မသိကြ (၁ ကော ၂:၁၁-၁၄)။
(၃) ထာ၀ရအသက်ဆုံးရှုံးသည်။ ထို့ကြောင့် ဤလောကမှထွက်သွားသောအခါ ငရဲသို့သွားရမည် (က ၃:၁ ရ၊ ၂၁-၂၄)။
(၄) ဘုရား၏အမျက်တော်ခံရသောသူများဖြစ်ကြသည်။ ထို့ကြောင့်ပျော်ရွှင်ငြိမ်သက်မှုမရှိ (ဧဖက် ၂:၃)။
အထက်ပါပုံ၌ လူသည်အပြစ်ကြောင့် ဘုရားနှင့်အဆက်ပြတ်၍ တိရစ္ဆာန်ကဲ့သို့ဖြစ်သွားသည်။ ၀ိညာဥ်သည် အသေဖြစ်၍ (ဧဖက် ၂:၁၊ ၅)၊ လူသည်ခန္ဓာကိုယ်နှင့်စိတ်အလိုသို့သာ လိုက်တော့သည်။ ထို့ကြောင့် ဘုရားအမျက်တော်ခံရသည် (ဧဖက် ၂:၃)။ လူကိုစာတန်ကအုပ်စိုးသည် (ဧဖက် ၂:၁၊ ၁ ယော ၅:၁၉)။ လောကကိုစာတန်ကပိုင်၍ (လုကာ ၄:၅-ရ) လောကကိုအသုံးပြုပြီး လူကိုဘုရားသခင်နှင့်ဝေးသွားအောင်ဆွဲဆောင်သည်။ လူသည် ထိုလောကနောက် တကောက်ကောက်လိုက်ရင်း နောက်ဆုံး၌ ၀ိညာဥ်သည် ကိုယ်ခန္ဓာမှထွက်သွားသောအခါ မီးငရဲအိုင်ထဲသို့ ဆင်းသွားရမည်။ ကိုယ်ခန္ဓာသည် မြေမှုန့်သို့ ပြန်သွားရမည် (ကမ္ဘာ ၃:၁၉)။ စိတ်သည် ၀ိညာဥ်နောက်လိုက်၍ မီးအိုင်ထဲသို့ ဆင်းသွားရမည်။
အပြစ်ဖယ်ဘို့လို
လူသည် မိမိအမြင်၌ လူဟုကိုယ့်ကိုယ်ကိုထင်ရသော်လည်း ဘုရားအမြင်၌ တိရစ္ဆာန်ဖြစ်နေပြီ။ ထို့ကြောင့် ဘုရားကိုကိုးကွယ်လျှင်လည်း စိတ်အားဖြင့်၎င်း၊ ကိုယ်ခန္ဓာအာဖြင့်၎င်း ကိုးကွယ်သည်။ ထိုကိုးကွယ်မှုကို ဘုရားသခင်က လက်မခံနိုင်ပါ။ နာမ်ဝိညာဉ်အားဖြင့်ကိုးကွယ်မှသာလျှင် လက်ခံနိုင်ပါမည်။ တနည်းအားဖြင့် လူ၏ဝိညာဉ်နှင့်ဘုရားသခင်ပြန်ဆက်ရမည်။ သို့သော် ဘုရားနှင့်လူအကြား၌ အပြစ်ရှိနေသောကြောင့် နာမ်ဝိညာဉ်ဖြင့်ကိုးကွယ်၍မရချေ။ ထိုအပြစ်ကို ဖယ်ရှားဖို့လိုသည်။ ထိုအပြစ်အကြောင်းကို သင်ခန်းစာ (၄) ၌ လေ့လာကြစို့။
==================