သင်ခန်းစာ (၁၅)
အသွေး၏လုပ်ဆောင်ချက်များ
သင်ခန်းစာ (၁၄)၌ အသွေးတော်အားဖြင့် အပြစ်လွှတ်ခြင်းအကြောင်း သိရှိရပြီ။ အသွေးအားဖြင့် အပြစ်လွှတ်ခြင်းသာမက အခြားအရာများလည်း လုပ်ဆောင်သည်။ ထိုအရာများကိုလေ့လာကြပါစို့။
တရားစီရင်ခြင်းမှလွတ်ခြင်း
အသွေးအားဖြင့်ထာ၀ရဘုရား၏တရားစီရင်ခြင်းမှလွတ်စေသည်။ ဣသရေလလူများသည် အဲဂုတ္တုကျွန်ခံရာမှ လွတ်မြောက်မည့်ညတွင် ထာ၀ရ ဘုရားက သိုးသူငယ်ကိုသတ်၍ ညတွင်းချင်းအသားကိုစားခိုင်းသည်။ သိုးသူငယ်၏အသားကို စားသောအိမ်၏ တံခါးထုပ်နှင့်တံခါးတိုင်၌ သိုးသူငယ်၏ အသွေးကိုထိုးခိုင်းသည်။ ထိုညတွင် ထာ၀ရဘုရားသည် အဲဂုတ္တုပြည်ကို တရားစီရင်မှာဖြစ်သည်။ သိုးသူငယ်၏အသွေးသည် ဣသရေလလူတို့၏ လက္ခဏာသက်သေဖြစ်၍ ထိုအသွေးကို မြင်သောအခါ ဘုရားသခင်က တရားမစီရင်ဘဲ သူတို့ကိုကျော်သွားမှာဖြစ်သည်။ အသွေးမသုတ်သော အိမ်များတွင်မူတရားစီရင်၍ သားဦးနှင့်တိရစ္ဆာန်သားဦးများ သေရမှာဖြစ်သည် (ထွက် ၁၂:ရ- ၁၃)။ “ထိုညသန်းခေါင်အချိန်၌ ထာ၀ရဘုရားသည် နန်းထိုင်သော ဖါရောဘုရင် ၏သားဦးမှစ၍ ထောင်ထဲမှာအချုပ်ခံရသောသူ၏သားဦးတိုင်အောင် အဲဂုတ္တု ပြည်၌ သားဦးရှိသမျှကို၎င်း၊ တိရစ္ဆာန်ရှိသမျှ၏သားဦးများကို၎င်း၊ ဒဏ်ခတ် တော်မူ၏။” (ထွက်မြောက်ရာ ၁၂:၂၉)။ သို့သော် ဣသရေလလူမျိုးများ၏သားဦးများမူကား မသေကြ။ ဒဏ်ခတ်ခြင်းမခံရကြ။ ထိုသို့ဒဏ်ခတ်ခြင်းမှလွတ်မြောက်ခြင်းသည် သူတို့၏အကျင့်ကောင်းသောကြောင့်မဟုတ်၊ သိုးသူငယ်၏အသွေးကြောင့် ဖြစ်သည်။ ထာ၀ရဘုရားသည် အသွေးကိုကြည့်၍လွန်သွားသည်။ ထို့နည်းတူတလောကလုံးတရားစီရင်ခြင်းမှကင်းလွတ်ဘို့ရန် အသွေးလိုအပ်သည်။ သို့သော် ဘုရားသခင်လက်ခံနိုင်သည့်သန့်ရှင်းသောအသွေးမရှိသောအခါ ဘုရားသခင်အစီစဥ်အားဖြင့်ခရစ်တော်၏အသွေးကိုသွန်းခဲ့ပြီ။ ခရစ်တော်ကိုယ်တိုင်က၊ “ဤခွက်ကားပဋိညာဥ်တရားသစ်နှင့်ဆိုင်၍ လူအများ၏အပြစ်ကိုလွှတ်စေခြင်းငှါသွန်းသောငါ၏အသွေးဖြစ်၏။” ဟုဆိုသည် (မဿဲ ၂၆:၂၈)။ ထိုအသွေးကြောင့် အပြစ်လွှတ်ခြင်းခံရပါက အပြစ်အတွက်နောက်တဖန်တရားစီရင်ခြင်းခံစရာမလိုတော့ချေ။ ခရစ်တော်ကိုယ်တိုင်က၊ “သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။” ဟုဆိုသည် (ယော ၃:၁၈)။ မိတ်ဆွေ၏အပြစ်များကို ခရစ်တော်၏အသွေးတော်အားဖြင့်လွှတ်လျက် ဘုရားသခင်ကတရားမစီရင်တော့ဘဲ လွန်သွားခဲ့ပြီ။ ထိုသမ္မာတရားကို မိတ်ဆွေလက်ခံနိုင်ပါသလား။ ဣသရေလလူမျိုးများ တရားစီရင်ခြင်းမှ လွတ်ကင်းစေသောသူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ အ သွေးအားဖြင့်လွတ်စေသည်။ ထိုနည်းတူ ၊ တလောကလုံး ခရစ်တော်၏ အသွေးအားဖြင့် လွတ်ဘို့စီစဥ်သောသူသည် ဘုရားသခင်ပင်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် ခရစ်တော်၏အသွေးကိုကြည့်ခြင်းအားဖြင့် တရားမစီရင်ဘဲ နေခြင်းကို မိတ်ဆွေယုံကြည်လက်ခံဘို့သာလိုပါသည်။
ပြည့်တန်ဆာရာခပ်
ဣသရေလ လူမျိုးများသည် ခါနန်ပြည်မ၀င်မှီရှိတ္တိမ်မြို့၌ နေစဥ်တွင် ယောရှုသည် ယေရိခေါမြို့ကို စုံစမ်းဘို့ရန်၊ သူလျှိုနှစ်ယောက်ကိုစေလွှတ်ခဲ့သည်။ ထိုသူလျှို နှစ်ယောက်တို့သည် ယေရိခေါမြို့ရှိ ပြည့်တန်ဆာရာခပ်အိမ်တွင် ခိုလှုံ ကြသည်။ ထိုအခါရာခပ်က ဣသရေလလူများသည် ယေရိခေါမြို့ကို သိမ်းပိုက် သောအခါ သူနှင့်တကွအိမ်သူအိမ်သားများကို မသတ်ဘို့ရန် သူလျှိုများထံဂတိ တောင်းခံခဲ့သည်။ ထိုသူလျှိုနှစ်ယောက်ကလည်း ဂတိပေးခဲ့သည်။ သို့သော် ယေရိခေါမြို့ကိုသိမ်းပိုက်သောအခါ ပြည့်တန်ဆာရာခပ်၏အိမ်ကို သိနိုင်ဘို့ရန် သူလျှိုများက ကြိုးနီလေးကိုပေး၍ ပြုတင်းပေါက်၌ချည်ထားခိုင်းသည်။ သူလျှိုများက ဤကြိုးနီကိုချည်ထား၍ သင့်မိဘမောင်နှမများသည် အိမ်ထဲ၌ခေါ်ထားရမည်။ အိမ်ပြင်ထွက်၍သေလျှင် ကိုယ်တိုင်သေပြစ်ခံစေဟုဆိုကြသည် (ယောရှု ၂:၁-၂၁)။ ဣသရေလလူများသည် ထာ၀ရဘုရားက ယေရိခေါမြို့ကိုပေးသော အခါ ကြိုးနီချည်ထားသောအိမ်ထဲ၌ရှိသော ပြည့်တန်ဆာရာခပ်၏မိသားစုကို အသက်ချမ်းသာပေးကြသည် (ယောရှု ၆:၂၃)။ ပြည်တန်ဆာရာခပ်သည် အကျင့်ကောင်းသောသူမဟုတ်ပါ။ ပြည့်တန်ဆာဖြစ်သည်။ သို့သော်သူသည် ဘုရားသခင်ကိုကြောက်ရွံ့ယုံကြည်သောသူဖြစ်သည်။ ထိုသို့ကြောက်ရွံ့ရုံဖြင့်မပြီးသေးပါ။ သူမ၏ယုံကြည်ခြင်းကို လက်တွေ့ပြသခဲ့သည်။ မည်သို့ပြသခဲ့သနည်းဟူမူကား ဣသရေလသူလျှိုများကို ကာကွယ်သည်။ ထိုသို့ကာကွယ်မစခြင်းဖြင့် သူ့အသက် သေနိုင်သည်။ သို့သော်ထိုအရာကိုမမှုဘဲ ကူညီမစခဲ့သည်။ တအိမ်သားလုံးသေဘေးမှလွတ်မြောက်ခြင်းသည် ကြိုးနီလေးကြောင့်ဖြစ်သည်။ ကြိုးနီတပ်ထားသောအိမ်ထဲမှာနေသမျှသောသူတို့သည် လွတ်မြောက်ကြသည်။ ကြိုးနီအပြင်ဘက်မှာနေသမျှသောတမြို့လုံးသည် သေရကြသည်။ ထိုကြိုးနီလေးသည် သခင်ယေရှု၏အသွေးတော်ကိုပုံဆောင်သည်။ ကြိုးနီလေးသည် ပြည့်တန်ဆာရာခပ်ပိုင်သည်မဟုတ်။ သူလျှိုများကပေးသည်။ ထိုနည်းတူ ခရစ်တော်၏အသွေးသည် ကျွန်ပ်တို့အားဖြင့်မဟုတ်။ ဘုရားသခင်ကပေးသောအရာဖြစ်သည်။ ကြိုးနီလေး ၏ကွယ်ကာမှု ကြောင့်သေဘေးမှလွတ်သကဲ့သို့ ခရစ်တော်၏အသွေးကြောင့်သေဘေးမှလွတ်သောအခွင့်ရကြပြီ။ ထိုအသွေးတော်ကို မိတ်ဆွေလက်ခံ အား ကိုးဘို့သာလျှင်ရှိသည်။ ခရစ်တော်၏အသွေးတော်ကြောင့် သေဘေးမှလွတ် မြောက်ကြသည်။ ကျမ်းစာက၊ “လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကုန်ငြိမ်းစေ၍ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယ ဖွဲ့စေခြင်းငှါ အလိုတော်ရှိ၏။။” ဟုဆိုထားသည် (ကောလောသဲ ၁:၂၀)။
ဖြောင့်မတ်စေပြီ
လူသည်ဘုရားသခင်ရှေ့၌ မိမိလုပ်ဆောင်ချက်ဖြင့် ဖြောင့်မတ်ခြင်းမရနိုင်ကြောင်းသိခဲ့ရပြီ။ သို့သော်ဘုရားသခင်သည် ယေရှုခရစ်၏အသွေးတော်အားဖြင့် ဖြောင့်မတ်စေခဲ့ပြီ။ အာဒံ၏သားအာဗေလသည် သိုးသူငယ်အားဖြင့် ဘုရားသခင်အားပူဇော်ခဲ့သည် (ကမ္ဘာ ၄:၄)။ အာဗေလ၏ပူဇော်ခြင်းကို ဘုရားသခင်ကလက် ခံသည်။ ဆိုလိုသည်မှာ၊ သူသည် ဘုရားသခင်ရှေ့၌ဖြောင့်မတ်ခြင်းရရှိသည်။ သူပူဇော်သောသိုးသူငယ်၏အသွေးသည် ခရစ်တော်အသွေး၏ပုံရိပ်ဖြစ်သည်။ ယခုတွင် ဘုရားသခင်သည် ခရစ်တော်၏အသွေးအားဖြင့် ဖြောင့်မတ်ခြင်းကိုပေးနေပြီဖြစ်သည်။ ကျမ်းစာ၌၊ “ယခုတွင်အသွေးတော်အားဖြင့်ဖြောင့်မတ်ရာသို့ရောက်ပြီးမှထိုသခင်အားဖြင့်အပြစ်ငရဲမှကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်၊ ဟုသာ၍မျှော်လင့်စရာရှိ၏။”ဟုဆိုသည် (ရောမ ၅:၉)။ ထို့ကြောင့် အသွေးတော်အားဖြင့်ဖြောင့်မတ်စေသည်သာမက ခရစ်တော်အားဖြင့်အပြစ်ငရဲမှလည်း ကယ်ချွတ်ပြီးပြီ။ မိတ်ဆွေအနေဖြင့် ထိုအသွေးအားဖြင့်ဖြောင့်မတ်စေခြင်းကိုယုံကြည်လက်ခံဘို့သာလျှင်လိုပါသည်။ ဘေးဒဏ်ကြီးကာလအတွင်း ယုံကြည်သူ များလည်း ဖြောင့်မတ်ခြင်းကို အသွေးတော်အားဖြင့်ရရှိကြောင်းတွေ့ရသည်။ ကျမ်းစာ၌၊ “ဤသူတို့သည်ကြီးစွာသောဒုက္ခထဲကထွက်မြောက်၍မိမိတို့၀တ်လုံကို သိုးသူငယ်၏အသွေး၌လျှော်၍ဖြူစေသောသူဖြစ်ကြသတည်း။”ဟု ဆိုသည် (ဗျာ ရ:၁၄)။ မိတ်ဆွေ၏၀တ်လုံကို သိုးသူငယ်တည်းဟူသော ခရစ်တော်၏ အသွေးတော်အားဖြင့်ဖြူစင်စေပြီလော။ ပညတ်တော်အားဖြင့်မရနိုင်သောဖြောင့်မတ်ခြင်းကိုခရစ်တော်၏အသွေးအားဖြင့်ရစေတော်မူသောဘုရားသခင်သည် ထာ၀ရချီးမွမ်းခြင်းခံရပါစေသော်။
ရွေးနှုတ်ပြီ
ငါတို့သည်အစ၌လောကီသားများထဲ၌ မွေးဘွားကြသည်။ ထိုလောကီသားများသည် မာရ်နတ်၏ လက်၌ရှိသည် (၁ ယော ၅:၁၉)။ ထိုမာရ်နတ်၏လက်မှငါတို့သည်မထွက်တတ်၊ ဘုရားသခင်၏လက်ထဲသို့မရောက်နိုင်။ ထိုအခါ ဘုရားသခင်ကိုယ်တော်တိုင် ငါတို့ကို ခရစ်တော်၏အသွေးတော်အားဖြင့် ရွေးနှုတ်တော်မူ၏။ ကျမ်းစာ၌ “ကိုယ်တော် ( ခရစ်တော်) သည်အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့် အသီးသီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ပ်တို့ကိုယူ၍ အသွေးတော်နှင့်ဘုရားသခင်အဘို့ရွေးနှုတ်တော်မူ၏။” ဟုရေးထားသည် (ဗျာ ၅:၉)။ ခရစ်တော်သည် အသွေးတော်အားဖြင့် ငါတို့ကိုဘုရားသခင်အဘို့ ရွေးနှုတ်တော်မူပြီဖြစ်သောကြောင့် ငါတို့သည် ဘုရားသခင်အဘို့ဖြစ်ကြပြီ။ ယခင်ဘ၀၌ ငါတို့သည်လောကီထုံးစံသို့လိုက်၍ အချည်းနှီးသောအကျင့်တို့ကိုကျင့်ကြံကြသည်။ ထိုအထဲမှ ခရစ်တော် ၏အသွေးတော်အားဖြင့် ရွေးနှုတ်ခြင်းကို ရှင်ပေတရုက၊ “မိစဥ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သော ဥစ္စာနှင့်သင်တို့ကို ရွေးနှုတ်တော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိအညစ်အကြေးနှင့်ကင်းစင်သော သိုးသူငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးနှုတ်တော်မူသည်ကိုသိမှတ်ကြလော့။” ဟုဆိုသည် (၁ ပေ ၁:၁၈-၁၉)။ လူသည်မိစဥ်ဘဆက်ကျင့်သောအကျင့်များကို နှစ်သက်တတ်ကြသည်။ ထိုအကျင့်များသည်အချည်းနှီးအကျိုးမရှိ။ ထိုကြောင့်ထိုအထဲမှ ခရစ်တော်၏အသွေးတော်အားဖြင့် ရွေး၀ယ်ခဲ့သောကြောင့် မိမိကိုယ်ကိုမပိုင်ပါ။ ရှင်ပေါလုက၊ “သင်တို့သည် အဖိုးနှင့်ဝယ်ယူတော်မူသောသူ ဖြစ်သောကြောင့် ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အာဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို ထင်ရှားစေကြလော့၊”ဟုမှာထားသည် ( ၁ ကော ၆:၂၀)။
==================