သင်ခန်းစာ (၁)
ဘုရားသခင်၏ အလိုတော်
မိတ်ဆွေအပါအ၀င် ကမ္ဘာပေါ်ရှိလူသားတိုင်းကယ်တင်ခြင်းသို့ ရောက်ဘို့ရန်ဘုရားသခင်အလိုတော်ရှိသည်။ ၁ တိမောသေ ၂:၄ ၌၊ “လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှါဘုရားသခင်အလိုတော်ရှိ၏။” ဟု ဆိုထားပါသည်။ မိတ်ဆွေသည်လည်း လူအပေါင်း၌ ပါ၀င်သောကြောင့် ဘုရားသခင်သည် မိတ်ဆွေကိုကယ်တင်ခြင်းသို့ ရောက်စေလိုသည်။ မိတ်ဆွေ၊ ကယ်တင်ခြင်းသို့ ရောက်လိုပါသလား။
ယုံကြည်ခြင်းအားဖြင့်
မိတ်ဆွေသည် ကယ်တင်ခြင်းသို့ရောက်ရန် ကျမ်းစာက ဤသို့ဆိုထားပါသည်၊ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏၊” (ဧဖက် ၂:၈)။ တနည်းအားဖြင့် ကျေးဇူးတော်ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရသည်။ ကျေးဇူးတော် (သို့) ကျေးဇူးပြုခြင်းသည် ဘုရားသခင်၏တာ၀န်ဖြစ်သည်။ ယုံကြည်ဖို့ရန်မှာ လူ၏တာ၀န်ဖြစ်သည်။ ဘုရားသခင်အနေဖြင့် လူတိုင်းကယ်တင်ခြင်းသို့ရောက်ဖို့ရန် ကျေးဇူးပြုခဲ့ပြီးပြီ။ ထိုကျေးဇူးတော် (သို့) ကျေးဇူးပြုခြင်းကိုယုံကြည်ဖို့ရန်သာ လိုတော့သည်။ မိတ်ဆွေ၊ ယုံကြည်လိုပါသလား။
ဘုရားအပိုင်း လူအပိုင်း
——— ——-
ကျေးဇူးပြုခြင်း + ယုံကြည်ခြင်း = ကယ်တင်ခြင်း
ကြားနာခြင်းအားဖြင့်
ကယ်တင်ခြင်းသို့ရောက်ရန် လူ့အပိုင်းမှလိုအပ်ချက်သည် ယုံကြည်ခြင်းဖြစ်ကြောင်း ဖေါ်ပြခဲ့ပြီးပြီ။ သို့ဖြစ်လျှင် ယုံကြည်ခြင်းသည် အဘယ်ကဖြစ်သနည်း။ ကျမ်းစာက၊ “ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်းဘုရားသခင်၏စကားတော်အားဖြင့်ဖြစ်၏။”ဟုဆိုထားသည် (ရောမ ၁၀:၁ရ)။ ထို့ကြောင့် ကြားနာခြင်းမရှိလျှင် ယုံကြည်ခြင်းမရှိနိုင်ချေ။ ရော ၁၀:၁၄ ၌လည်း၊ “သတင်းမကြားလျှင်အဘယ်သို့ယုံကြည်နိုင်မည်နည်:။”ဟုဆိုထားပါသည်။ ထို့ကြောင့်ယုံကြည်နိုင်ဘို့ရန် ကြားနာဘို့လိုသည်။
သဘောတူထောက်ခံခြင်း
ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ကြောင်း သိရပြီ။ သို့သော် ကြားရသောအရာကို သဘောမတူ၊ မထောက်ခံ၊ သံသယရှိလျှင် ယုံကြည်သည်ဟု မဆိုနိုင်သေးချေ။ မိမိကြားရသောစကားကို သဘောတူ၊ ထောက်ခံခြင်း၊ သံသယလည်းမရှိမှသာလျှင် ယုံကြည်သည်ဟု ဆိုနိုင်သည်။ တနည်းအားဖြင့် မိမိကြားသည့်အတိုင်း ပြန်လည်ပြောပြခြင်း၊ ၀န်ခံခြင်းရှိမှ ယုံကြည်ခြင်းဟု ဆိုနိုင်သည်။ ဥပမာ၊ လူတယောက်က သူ၏ နာမည်သည် မောင်မောင်ပါဟုမိတ်ဆက်လျှင် ကြားရသောသူက သူ့စကားကို ထောက်ခံနိုင်၊ သဘောတူနိုင်ပါက ယုံကြည်သည်ဟုဆိုနိုင်သည်။ ကြားသောသူက ဟုတ်ကဲ့၊ သင်ပြောသည့်အတိုင်း သင်သည်မောင်မောင်ဖြစ်ပါသည်ဟု သဘောတူမှသာလျှင် ယုံကြည်သည်ဟု ဆိုနိုင်သည်။
ပို၍ယုံသင့်သောအရာ
လူသည် လိမ်ညာ၍ မုသာစကားကို ပြောတတ်သည်။ သို့သော်လည်း တယောက်နှင့်တယောက် ယုံကြည်တတ်ကြသည်။ အပြောကောင်းလျှင် ပို၍ယုံလွယ်ကြသည်။ သို့သော် မုသာမပြောဘူးသော ဘုရား၏စကားကိုမူ မယုံကြည်တတ်ကြ၊ ဘုရား၏ကတိတော်များကို သံသယရှိတတ်ကြသည်။ ဘုရား၏ကတိတော်ထက် လူလူချင်းပေးသော ကတိများကို ပို၍ယုံတတ်ကြသည်။ သို့သော်ကျမ်းစာက၊ “လူ၏ သက်သေကို ယုံရလျှင် ဘုရားသခင်၏ သက်သေတော်ကို ပို၍ယုံဘွယ်ရာအကြောင်းရှိ၏။”ဟု ဆိုထားပါသည် (၁ ယော ၅:၉)။ လူပြောသော စကားထက် ဘုရားပြောသောစကားကို ပို၍ယုံသင့်သည်ဟု ဆိုထားပါသည်။ မိတ်ဆွေသည် ဘုရားစကားနှင့် လူ့စကားအနက် မည်သူ၏စကားကို ပို၍ယုံပါသနည်း။ ဘုရားပြောသောစကားကို ပို၍ယုံသင့်သည်ဟု မိတ်ဆွေဖြေလျှင် ဘုရားပြောသမျှကို ထောက်ခံနိုင်ရမည်။ မိတ်ဆွေမသိနားမလည်နိုင်သော်လည်း သံသယကင်းစွာသဘောတူရမည်။
အမြင်မတူသောကြောင့်
လူသည် အဘယ်ကြောင့်ဘုရားစကားကိုမယုံနိုင်သနည်း။ အဘယ်ကြောင့်ဘုရားစကားကို အလွယ်တကူမထောက်ခံနိုင်သနည်းဟူမူကား ဘုရားအမြင်နှင့်လူ့အမြင်၊ ဘုရားအကြံနှင့်လူ့အကြံ၊ မတူညီကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က၊ “ထာ၀ရဘုရားသည်လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။” ဟုဆိုထားသည် (၁ ရာ ၁၆:ရ)။ တဖန် ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏အကျင့်နှင့်မတူ။ မိုဃ်းကောင်းကင်သည်မြေကြီးထက်သာ၍ မြင့်သကဲ့သို့ ငါ၏အကျင့်သည်သင်တို့၏အကျင့်ထက်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်၎င်း၊ မြင့်၏။” ဟု ဆိုထားပါသည် (ဟေရှာယ ၅၅:၈-၉)။ ထို့ကြောင့် လူသည်ဘုရားသခင်၏စကားကို ယုံကြည်နိုင်ရန်မှာ ဘုရားမြင်သကဲ့သို့မြင်၍ ကိုယ့်အမြင်ကို ပယ်ဘို့လိုသည်။ ကိုယ့်အကြံအစည်ကိုပယ်၍ ဘုရား၏အကြံအစည်အတိုင်း လက်ခံဘို့လိုသည်။
မတူညီချက်များ
ဘုရားအမြင်နှင့်လူ့အမြင်မတူညီချက်များ၊
(က) ဘုရားအြမင်၌ လူ၏ဝိညာဉ်သည် တန်ဘိုးရှိသည်။ လူ့အမြင်၌ ခန္ဓာသည် တန်ဘိုးရှိသည်။ (မဿဲ ၁၆:၂၆)။
(ခ) ဘုရားကနိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကိုအရင်ရှာခိုင်းသည်။ လူကလောကအရာကိုသာရှာနေသည် (မဿဲ ၆:၃၁-၃၃)
(ဂ) ဘုရားကအထက်အရာကိုစွဲလမ်းခိုင်းသည်။ လူကမြေကြီးအရာကိုသာစွဲလန်းနေကြသည် (ကော ၃:၂)။
(ဃ) ဘုရားကဘဏ္ဍာများကိုကောင်းကင်၌စုခိုင်းသည်။ လူက မြေကြီးပေါ်မှာစုထားကြသည် (မဿဲ ၆:၁၉)။
(င) ဘုရားကအကောင်းဟုဆိုလျှင်လူကအဆိုးဟုဆိုသည်။ ဘုရားကအချိုဟုဆိုလျှင်လူကအခါးဟုဆိုသည် (ဟေရှာယ ၅:၂၀)။
ဆက်လက်ဖေါ်ပြပါက ဘုရားနှင့်လူ့အမြင်၊ အကြံချင်းတူညီချက်မရှိ။ အမြဲဆန့်ကျင်ဘက်ဖြစ်ကြသည်။ ထို့ကြောင့် အမြင်ချင်းမတူညီသောဘုရား၏စကားကိုလူ့အနေဖြင့်ယုံကြည်ဘို့ရန်ခက်နေသည်။
ပယ်ဘို့လိုသည်
ထိုသို့ ဘုရားအမြင်နှင့်လူ့အမြင်၊ ဘုရားအကြံတော်နှင့်လူ၏အကြံ၊ မတူညီသောကြောင့်တဖက်ဖက်၌ မှားယွင်းနေပေမည်။ သို့ဖြစ်လျှင် မည်သူမှားနိုင်သနည်း။ ဘုရားသည်မှားနိုင်မည်မဟုတ်။ လူ၏အမြင်သာလျှင် မှားပေမည်။ ထို့ကြောင့် လူသည် မိမိအမြင်နှင့်အကြံကိုပယ်၍ ဘုရား၏အမြင်၊ အကြံအတိုင်းလက်ခံဖို့ လိုသည်။ ထိုသို့ဘုရား၏အမြင်အတိုင်းမြင်၍ ဘုရား၏အကြံအတိုင်းလက်ခံမှသာလျှင် ဘုရားသခင်ကို ယုံကြည်နိုင်သည်။ စိတ်နှလုံးခိုင်မာသောသူနှင့် ငါသည်ပညာရှိသည်ဟုထင်မှတ်သောသူတို့သည် မိမိအမြင်နှင့်အကြံကို မပယ်နိုင်သောကြောင့် ဘုရားသခင်ကို မယုံကြည်နိုင်ကြချေ။ ဘုရား၏အမြင်အတိုင်းမြင်၍ ဘုရား၏အကြံအတိုင်း လက်ခံလိုပါသလား။ ဘုရားသခင်ကိုယုံကြည်လိုပါသလား။
==================