သင်ခန်းစာ (၁၁)
ပညတ်တော်
လူသည်ဘုရားသခင်ထံပြန်ရောက်ဘို့ရန် ပညတ်တော်ကျင့်ဘို့လိုသည်ဟုခံယူထားကြသည်။ ထိုသို့ခံယူယုံကြည်ခြင်းသည် ပညတ်တော်၏ လုပ်ဆောင်ချက်ကို မသိသောကြောင့်ဖြစ်သည်။ ပညတ်တော်နှင့်ပတ်သက်၍ ကျမ်းစာထဲ၌ပညတ္တိကျမ်း (၅) ကျမ်းရှိသည်။ ၎င်းတို့ မှာ
(၁) ကမ္ဘာဦးကျမ်း
(၂) ထွက်မြောက်ရာကျမ်း
(၃) ၀တ်ပြုရာကျမ်း
(၄) တောလည်ရာကျမ်း
(၅) တရားဟောရာကျမ်းတို့ဖြစ်သည်။
ထိုပညတ္တိကျမ်းများ၌ ပညတ်တော်ပေါင်း (၆၁၃) ခုရှိသည်။
လေးပိုင်း
ပညတ်တော်များကို လေးပိုင်းပိုင်းနိုင်သည်။ ၎င်းတို့မှာ
(က) ၀တ်ပြုခြင်းဆိုင်ရာပညတ်တော် (Ceremonial law))
(ခ) အုပ်ချုပ်ရေးဆိုင်ရာပညတ်တော် (Civil law))
(ဂ) ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ်တော် (Moral law))
(ဃ) စားသောက်ခြင်းဆိုင်ရာပညတ် (Dietary law) တို့ ဖြစ်သည်။
ပညတ်တော်များသည် ဘုရားသခင်က ဣသရေလများထံ ပေးထားခြင်းဖြစ်သည်။ ကျမ်းစာ၌၊ “ထာ၀ရဘုရားသည် ငါတို့၏ပညတ်တရားရှင် ဖြစ်တော်မူ၏။” ဟုဆိုထားသည် (ဟေရှာယ ၃၃:၂၂)။ ရှင်ယာကုပ်ကလည်း၊ “ပညတ်တရားကိုထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူတပါးတည်းသာရှိ တော်မူ၏။”ဟုဆိုသည် (ယာ ၄:၁၂)။ ထိုတပါးတည်းသောသူသည် ထာ၀ရဘုရား ပင်ဖြစ်သည်။ ထာ၀ရဘုရားသည် ပညတ်တရားကို ဣသရေလလူမျိုးများထံ၌ သာပေးခဲ့သည်။ သို့သော်ယနေ့ တပါးအမျိုးသားများကပညတ်တရားသည် သူတို့နှင့်ဆိုင်သည်ဟုထင်တတ်ကြသည်။ ကျမ်းစာက၊ “သာသနာပလူတို့သည် ပညတ်တရားကိုမသိဘဲ ကိုယ်အလိုအလျောက်တရားတော်ကိုကျင့်သောအခါ။”ဟုဆို သည် (ရောမ ၂:၁၄)။ (အင်္ဂလိပ်ကျမ်းစာ၌ အထက်ပါကျမ်းကို တပါးအမျိုးသား တို့သည်ပညတ်တရားမရှိဟု ဆိုထားသည်) သို့သော်သာသနာပ (သို့) တပါးအမျိုးသားတို့သည် ပညတ်တရားကိုလိုက်ဘို့ကြိုးစားတတ်ကြသည်။ ရှင်ပေါလုကဆက်လက်၍ တပါးအမျိုးသားများသည် ပညတ်တော်နှင့်မသက်ဆိုင်ကြောင်း ဤသို့ရေးထားသည်၊ “ထိုအခါသင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလ အပေါင်းအသင်း၌မ၀င်၊ ဂတိတော်ပါသောပဋိညာဥ်တရားတို့နှင့်မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၌တရားမဲ့နေကြသည်ကို၎င်း၊ အောက်မြေ့ကြလော့။” (ဧဖက် ၂:၁၂)။ ထို့ကြောင့်ပညတ်တော်သည် တပါးအမျိုးသားများနှင့်မဆိုင်၊ ဣသရေလ လူမျိုးများနှင့်သာဆိုင်သည်။
မလိုက်လျှောက်နိုင်
လူသည်ပညတ်တော်ကိုလိုက်လျှောက်မည်ဟုပြောသော်လည်း မလိုက်လျှောက်နိုင်ပါ။ သခင်ယေရှုက၊ “မောရှေသည်ပညတ်တရားကိုသင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကိုသင်တို့တွင်တစုံတယောက်မျှမကျင့်၊” ဟုဆိုသည် (ယော ရ:၁၉)။ ရှင်ပေါလုကလည်း၊ “ကောင်းသောအကျင့်ကိုကျင့်သောသူမရှိ၊ တယောက်မျှမရှိ။”ဟုဆိုထားသည် (ရော ၃:၁၂)။ ထို့ကြောင့်ပညတ်တော်ကိုလိုက်လျှောက်နိုင်သောသူတယောက်မျှမရှိပါ။
မဖြောင့်မတ်နိုင်
ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းမရနိုင်ကြောင်းကို အောက်ပါကျမ်းချက်များအားဖြင့်သိရသည်၊ “ထိုသို့ပညတ်တရားသည်အပြစ်ကိုထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏အကျင့်အားဖြင့်ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်နိုင်ရာ။“(ရော ၃:၂၀)။ “လူသည်ပညတ်တရား၏အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့မရောက်။” (ဂလာ ၂:၁၅)။ “ပညတ်တရားကိုအမှီပြု၍ဖြောင့်မတ်ရာသို့ရောက်နိုင်လျှင် ခရစ်တော်သည်အချည်းနှီးအသေခံတော်မူပြီ။” (ဂလာ ၂:၂၁)
ကျိန်ခြင်းခံစေ
ပညတ်တရား၏သဘောတရားနားမလည်သောသူများကပညတ်တော် လိုက်လျှောက်ခြင်းဖြင့် ကယ်တင်ခြင်းသို့ရောက်မည်ဟု အပြင်းအထန်ပြောဆို တတ်ကြသည်။ သို့သော်ပညတ်တော်သည် လူကိုကျိန်ခြင်းခံစေကြောင်းမသိကြ။ ကျမ်းစာက၊ “ပညတ်တရားအလုံးစုံကိုလိုက်လျှောက်သည်တွင် တစုံတခု၌မှား ယွင်းမိလျှင် ပညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။”ဟုဆိုထား သည် (ယာကုပ် ၂:၁၀)။ ထို့အပြင်၊ “ပညတ်တရား၏အကျင့်ကိုအမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား ပညတ္တိကျမ်းစာ၌ ပါသမျှသောစကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကိုခံစေသတည်းဟု ကျမ်းစာလာ၏။” (ဂလာ ၃:၁၀) ဟုပါရှိသည်။ ထို့ကြောင့်ပညတ်တရားကိုလိုက်လျှောက်ရာတွင် ပညတ်တရားအလုံးစုံကိုတခုမကျန် နေ့တိုင်း အဆက်မပြတ်လိုက်လျှောက်ဘို့လိုသည်။ သို့သော်ထိုသို့လိုက်လျှောက်ရန်မှာမဖြစ်နိုင်ပါ။ ထို့ကြောင့်ပညတ်တရားသည်လူကိုကျိန်ခြင်းခံစေသည်။
လူကိုသတ်သည်
လူတိုင်းကပညတ်တရားသည် လူကိုအသက်ရှင်စေသည်ဟု ထင်မှတ်ကြပေလိမ့်မည်။ သို့သော်ပညတ်တရားသည် လူကိုအသက်မရှင်စေဘဲ အသက်သေစေကြောင်း ရှင်ပေါလုကဤသို့ရေးသားထားသည်၊ “ပညတ်တရားမရှိလျှင် အပြစ်သေ၏။ အထက်ကပညတ်တရားမရှိသဖြင့် ငါသည်အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည်ရှင်ပြန်၏။ ငါသည်လည်းသေ၏။ အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရားသည် သေခြင်းနှင့်ဆိုင်သည်ကိုငါတွေ့ရ၏။ အပြစ်တရားသည် ပညတ်တရားအားဖြင့်အခွင့်ရလျှင် ငါ့ကိုလှည့်ဖျား၍ ထိုတရားအားဖြင့်ငါ့ကိုသတ်လေ၏။”ဟုဆိုသည် (ရော ရ:၈-၁၁)။ ဆိုလိုသည်မှာပညတ်တရားကြောင့်အပြစ်တရားသည်ရှင်ပြီး ငါ့ကိုသတ်၍ သေစေသည်။ ထို့ကြောင့်ပညတ်တရားသည် လူကိုအသက်ရှင်စေသည်မဟုတ်ဘဲ သေစေကြောင်းတွေ့ရသည်။
အပြစ်သိရန်
ထိုသို့ဖြောင့်မတ်ခြင်းလည်းမပေးနိုင်သည်သာမက ကျိန်ခြင်းနှင့်သေခြင်းကိုဖြစ်စေတတ်သောပညတ်တရားကို ဘုရားသခင်သည်အဘယ်ကြောင့်ပေးသေးသနည်း။ အကြောင်းမှာလူသည် မိမိအပြစ်ကိုနားမလည်နိုင်၊ ကိုယ့်ကိုယ်ကိုလူ ကောင်းအပြစ်မရှိဟုထင်တတ်သည်။ ထို့ကြောင့်လူ၏အပြစ်ကိုဖေါ်ပြဘို့ရန် ပညတ်တရားကိုပေးထားခြင်းဖြစ်သည်။ ကျမ်းစာ၌၊ “ထိုသို့ပညတ်တရားသည် အပြစ်ကိုထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်နိုင်ရာ၊“ဟုဆိုသည် (ရော ၃:၂၀)။ ထို့အပြင်၊ “ပညတ်တရားအားဖြင့်သာအပြစ်သဘောကိုငါသိရ၏။ အဘယ်သို့နည်းဟူမူကား လောဘစိတ်မရှိနှင့်ဟု ပညတ်တရားမဆိုလျှင်လောဘ သဘောကိုငါမသိ။”ဟုဆိုသေးသည် (ရော ရ:ရ)။ ထို့ကြောင့်ပညတ်တရား၏အလုပ်မှာလူများမိမိတို့၏အပြစ်ကိုသိစေဘို့ရန်ဖြစ်သည်။
ခရစ်တော်ထံသို့ပို့ဆောင်
ပညတ်တရားသည်သူကိုယ်တိုင်ဖြောင့်မတ်ခြင်းမပေးနိုင်၊ သူ့ကိုအမှီပြုလျှင် ကျိန်ခြင်းနှင့်သေခြင်းကိုသာဖြစ်စေသည်။ သို့သော်ဖြောင့်မတ်ခြင်းရနိုင်ဘို့ရန် လူများကိုခရစ်တော်ထံသို့ပို့ဆောင်သည်။ ကျမ်းစာ၌၊ “ငါတို့သည်ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။” ဟုပါရှိသည် (ဂလာ ၃:၂၄)။ ထို့ကြောင့်ပညတ်တရားသည် ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ အထောက်အကူဖြစ်သည်။ သို့သော်ပညတ်တရားကိုသာအားကိုးလျှင် သေခြင်းကိုသာဖြစ်စေသည်။
==================