သင်ခန်းစာ (၂၁)

ရပ်တည်ချက်နှင့်လုပ်ဆောင်ချက်

ခရစ်ယာန်တယောက်အနေဖြင့် ရပ်တည်ချက် (standing) နှင့် လုပ်ဆောင်ချက် (state)ကို သေချာစွာ ပိုင်းခြားနားလည်ဘို့လိုအပ်သည်။ ရပ်တည်ချက်ဆိုသည်မှာ ဘုရားသခင်က ယုံကြည်သူများအတွက် ခရစ်တော်၌ လုပ်ဆောင်ပေးသော အရာများဖြစ်သည်။ အိမ်နှင့်နှိုင်းပါက အုတ်မြစ်နှင့် တူသည်။ လုပ်ဆောင်မှုသည် နေ့စဥ်ယုံကြည်သူ၏ လုပ်ဆောင်မှုကိုဆိုလိုသည်။ ရပ်တည်ချက်အချို့ကိုဖေါ်ပြရပါက၊

အပြစ်နှင့်ကင်းစင်သည်

               ယုံကြည်သူတယောက်သည် နေ့စဥ်နှင့်အမျှ စိတ်အားဖြင့်၎င်း၊ ကိုယ်ကာယအားဖြင့်၎င်း၊ တနည်းမဟုတ်တနည်း အပြစ်ကျူးလွန်မှာ ဖြစ်သည်။ သို့သော်သူသည် ခရစ်တော်၌ အပြစ်ကင်းစင်သောသူဖြစ်သည်။ ထို့ကြောင့်အပြစ်စီရင်ခြင်းမှ ကင်းလွတ်သောသူဖြစ်သည် (ယောဟန် ၃:၁၈)။ အပြစ်ကျူးလွန်မှုအတွက် အဘသည်သားကို ဆုံးမတတ်သကဲ့သို့ ဘုရားသခင်၏ ဆုံးမခြင်းခံရမှာဖြစ်သည် (ဟေဗြဲ ၁၂:၅-၁၁)။ အပြစ်စီရင်ခြင်းသည် အပြစ်သားများနှင့်ဆိုင်၍ ဆုံးမခြင်းသည်သားများနှင့်သာဆိုင်သည်။ ထို့ကြောင့် ယုံကြည်သူများသည် အချိန်မရွေး ဘုရားသခင်၏ဆုံးမခြင်းကိုခံနိုင်သော်လည်း အပြစ်အတွက် တရားစီရင်ခြင်းမှ ကင်းလွတ်ပြီးသောသူများ ဖြစ်သည်။ ထိုသို့ ယုံကြည်သူတယောက် အပြစ်နှင့်ကင်းစင်ခြင်းသည် ခရစ်တော်၌ခံစားရသော ရပ်တည်ချက်တခုဖြစ်သည်။ ယုံကြည်သူကိုယ်တိုင်အကျင့်အကြံအားဖြင့် အပြစ်ရှိသော်လည်း ခရစ်တော်၌ အပြစ်ကင်းစင်သည်။ တနည်းအားဖြင့်ဆိုလျှင် ရပ်တည်ချက်သည် ဘုရားသခင်၏အမြင်၌ဖြစ်၍ လူ့အမြင်၌မဟုတ်။

                      ဤအရာကိုနားလည်နိုင်ဘို့ရန် ရှင်ပေါလုကကောရိန်သုအသင်းတော် ထံရေးသောစာကိုကြည့်ကြစို့။ ထိုအသင်းတော်သည် အပြစ်နှင့်မကင်းပါ။ သူတို့သည် ဇာတိပကတိလူဖြစ်ကြသေးသည်။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိကြသေးသည် (၁ ကော ၃:၃)။ ထိုမျှသာမက အဘ၏မယားကို သိမ်းပိုက်သော သူလည်း သူတို့အထဲ၌ရှိသည်။ ကျန်သောသူများကလည်း ထိုအပြစ်အတွက် စိတ်မသာညည်းတွားခြင်းမရှိ။ မာနထောင်လွှားလျက်ရှိကြသည် (၁ ကော ၅:၁-၂)။  ကောရိန်သုအသင်းတော်သည် သန့်ရှင်းခြင်းမရှိချေ။ သို့သော်ရှင်ပေါလုကသူတို့ ထံစာရေး သောအခါ၊ “ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသော သူတည်းဟူသော ကောရိန်သုမြို့၌ရှိသော ဘုရားသခင်၏အသင်းတော်။” ဟုရေးခဲ့သည် (၁ ကော ၁:၂)။ အဘယ်ကြောင့်ထိုသို့ ရေးသနည်း။ အစ၌သူတို့၏အပြစ်ကို မသိသောကြောင့်လော။ မဟုတ်ပါ။ သူတို့၏အပြစ်များကို ရှင်ပေါလုကောင်းကောင်းသိပါသည်။ ရှင်ပေါလုဆိုလိုသည် မှာကောရိန်သုအသင်းတော်သည် ခရစ်တော်၌ အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းခြင်းကို ဘုရားသခင်က ယေရှုခရစ် အားဖြင့်ပေးခြင်းကို ဆိုလိုသည်။ ထိုအရာသည် ယေရှုခရစ်၌ သူတို့၏ ရပ်တည်ချက်ဖြစ်သည်။ သူတို့၏ လုပ်ဆောင်ချက်သည် မကောင်းပါ။ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အချင်းချင်းကွဲပြားခြင်းတို့သည် သူတို့၏ လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ထိုအရာများသည် အပြစ်ရှိ၍ လုံး၀မကောင်းပါ။ သို့သော် သူတို့၏ ရပ်တည်ချက်သည် ခရစ်တော်၌ ဖြစ်သောကြောင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသည်။ အကြောင်းမှာ ခရစ်တော်၏ သန့်ရှင်းခြင်းသည် သူတို့၏ အသန့်ရှင်းခြင်းဖြစ်သည် (၁ ကော ၁:၃၀)။ 

                         ရပ်တည်ချက်သည် ဘုရား၏အမြင်၌ဖြစ်၍ လူ့အမြင်မဟုတ်။ ဘုရားသခင်ကကောရိန်သုအသင်းတော်ကို ခရစ်တော်၌မြင်သည်။ ထို့ကြောင့် သူတို့သည်ခရစ်တော်၌ အပြစ်ကင်း၍ သန့်ရှင်းသည်။ လူသည်လုပ်ဆောင်ချက်ကိုသာမြင်နိုင်သည်။ ထို့ကြောင့်လုပ်ဆောင်မှု အပေါ်မှာသာတယောက်နှင့် တယောက်ဆုံးဖြတ်ကြသည်။ ထိုသို့ဆိုသော် ဘုရားသခင်သည် လုပ်ဆောင်မှုကို ဂရုမစိုက်သလောဟုမေးစရာရှိလာသည်။ ဘုရားသခင်သည် ယုံကြည်သူ၏ လုပ်ဆောင်မှုကိုလည်းဂရုစိုက်ပါသည်။ သို့သော်ထိုအရာအားဖြင့်ယုံကြည်သူ၏ ခရစ်တော်၌ ရရှိထားသော သန့်ရှင်းခြင်းကို မထိခိုက်နိုင်ချေ။ လုပ်ဆောင်မှုအတွက် အဘသည် သားကို ဆုံးမသကဲ့သို့ ဆုံးမမှာဖြစ်သည်။ အကယ်၍ ဆုံးမခြင်းကို နားမထောင်ပါက သူ၏ကိုယ်ခန္ဓာရုပ်သိမ်းခြင်းအထိ ပြုလုပ်နိုင်သည်။

ဖြောင့်မတ်ခြင်း

                  ဖြောင့်မတ်ခြင်းသည် တရားစီရင်ခြင်းနှင့် ဆိုင်သည်။ ယုံကြည်သူ တစ်ယောက်သည် ခရစ်တော်၌ ရှိသောကြောင့် ဘုရားသခင်၏ အမြင်၌ ဖြောင့်မတ်သည်။ ထို့ကြောင့် ရှင်ပေါလုက၊ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။” ဟုဆိုသည် (၂ ကော ၅:၂၁)။ ဘုရားသခင်က အပြစ်နှင့်ကင်းစင်သောသူ တည်းဟူသော ခရစ်တော်ကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေသည်။ အကြောင်းမှာငါတို့သည် ခရစ်တော်အားဖြင့် (ငါတို့၏ လုပ်ဆောင်ချက်ကြောင့်မဟုတ်) ဘုရားသခင့်ရှေ့တော်၌ (လူရှေ့၌မဟုတ်) ဖြောင့်မတ်မည့် အကြောင်းတည်းဟုဆိုထားသည်။ သို့ဖြစ်၍ ယုံကြည်သူများသည် ဘုရားအမြင်၌ ခရစ်တော်ကြောင့် ဖြောင့်မတ်ကြသည်။ ထိုအရာသည် ယုံကြည်သူများ၏ ရပ်တည်ချက် ဖြစ်သည်။ သူတို့၏ လုပ်ဆောင်မှုအပေါ် ဆုံးဖြတ်သည်မဟုတ်။ လူ့အမြင်အားဖြင့်လည်းမဟုတ်။ ရပ်တည်ချက်သည် ခရစ်တော်အပေါ်မူတည်သည်။ သို့ဖြစ်၍ ယုံကြည်သူ တိုင်း၏ ရပ်တည်ချက်သည် အတူတူပင်ဖြစ်၍ ပြောင်းလဲခြင်းလည်းမရှိချေ။ လုပ်ဆောင်မှုမူကား မိမိ၏လုပ်ဆောင်မှု အပေါ်မူတည်သောကြောင့် တယောက်နှင့်တယောက် ကွာခြားကွဲပြားကြသည်။

                 ရပ်တည်ချက်နှင့်လုပ်ဆောင်ချက် မခွဲခြားပါကရှုပ်ထွေးမှုများဖြစ်လာမည်။ မည်သူမျှအပြစ်မလုပ်ဘဲမနေနိုင်ကြ။ သို့ဖြစ်၍ယုံကြည်သူများအပြစ် ပြန်လုပ်မိ သောအခါ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းများ ဆုံးရှုံးသွားပြီဟုထင်တတ်သည်။ ဘုရားသခင်ရှေ့မှာ ယေရှုခရစ်အားဖြင့် ရရှိသောဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းသည် ယေရှုခရစ် မပြောင်းလဲသကဲ့သို့ ပြောင်းလဲခြင်းမရှိချေ။ သို့သော် အပြစ်ကြောင့် ဘုရားသခင်နှင့်မိဿဟာရပြတ်၍ ၀မ်းမြောက်မှုဆုံးရှုံးမည်။ မိဘစကားနားမထောင်သော သားသမီးသည် သားသမီးအဖြစ်မှစွန့်လွှတ်ခြင်း မခံရသော်လည်း၊ ၀မ်းမြောက်မှုမရှိတော့ချေ။ မိဘရှေ့မှာ မျက်နှာမရဘဲ မျက်နှာငယ်နေရသည်။ ထို့နည်းတူ၊ အပြစ်လုပ်သော ယုံကြည်သူသည် ဘုရားသခင်ရှေ့မှာ မျက်နှာငယ်ရသည်။

                 ဒါဝိဒ်မင်းကြီးသည် ဗာသရှေဗနှင့်မှားယွင်းသောအခါ ဝမ်းမမြောက်နိုင်သောကြောင့် ဤသို့ ပြန်လည်ဆုတောင်းသည်၊ “စိတ်သက်သာ ၀မ်းမြောက်မှုရှိမည့်အကြောင်း စကားကို အကျွန်ုပ်အားကြားစေတော်မူပါ။ သို့ပြုလျှင် ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့်မည်။ ကယ်တင်တော်မူခြင်းနှင့်ယှဥ်သော၀မ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။ ကြည်ညိုသောစေတနာစိတ်သဘောသည် အကျွန်ုပ်ကိုထောက်မပါစေသော်။” (ဆာလံ ၅၁:၈၊ ၁၂)။ 

                 ကောရိန်သုအသင်းသားများသည် အသက်တာ၌ သန့်ရှင်းမှုမရှိကြသော်လည်း၊ ၀ိညာဥ်ဆုကျေးဇူးများရရှိကြသည်။ ထိုမျှသာမက သန့်ရှင်းသူများကိုသခင်ယေရှုက ချီဆောင်ခြင်း၌လည်း ပါ၀င်ရကြမှာဖြစ်ကြောင်း ရှင်ပေါလုက ဤသို့ရေးထားသည်၊ “ငါတို့ရှိသမျှသည် အိပ်ပျော်(သေ)ရကြမည်မဟုတ်။ သို့သော် လည်း နောက်ဆုံးသော တံပိုးမှုတ်သောအခါ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ (ကောရိန်သု အသင်းသားများအပါအ၀င်) သည် ပြောင်းလဲခြင်းသို့ရောက်ရကြမည် (၁ ကော ၁၅:၅၁-၅၂)။ ဆိုလိုသည်မှာ ခရစ်တော်ကြွလာသောအခါ ဇာတိပကတိအတိုင်း အသက်ရှင်ခဲ့ကြသော ကောရိန်သုအသင်းသားများလည်း ကိုယ် ခန္ဓာပြောင်းလဲခြင်းသို့ ရောက်ကြမည်။ ဇာတိအတိုင်းအသက်ရှင်ခြင်းအားဖြင့် သူတို့၏ကယ်တင်ခြင်းမဆုံးရှုံးချေ။ ထိုသို့မဆုံးရှုံးသောကြောင့် ဇာတိအတိုင်းအသက်ရှင်ကြဘို့မဟုတ်ပါ။ ဇာတိအလိုအတိုင်း အသက်ရှင်ခြင်းအားဖြင့် ဆုံးရှုံးသောအရာများကို ပြန်လည်လေ့လာရကြမည်။

မိဿဟာယပြတ်သည်

                 ယုံကြည်သူတယောက်သည် ခရစ်တော် လက်ခံချိန်မှစ၍ ဘုရားသခင်၏သားဖြစ်ရပြီ (ယောဟန် ၁:၁၂)။ ဇာတိအလိုလိုက်၍ အပြစ်ကျူးလွန်နေချိန်၌ပင်လျှင် ဘုရားသခင်၏သားဖြစ်သည်။ သားသမီးများသည် မိဘစကား နားထောင်သောအချိန်၌သာ သားသမီးများဖြစ်သည်မဟုတ်။ စကားနားမထောင်သောအချိန်၌ပင်လျှင် သားသမီးများဖြစ်ကြသည် မဟုတ်လော။ စကားနားထောင်သောကြောင့် သားသမီးဖြစ်ကြသည်မဟုတ်။ မွေးဖွားခြင်းကြောင့် သားသမီးဖြစ်ရကြသည်။ ထို့ကြောင့် စကားနားမထောင်ခြင်းအားဖြင့် သားသမီးအရာမဆုံးရှုံးနိုင်ပါ။ သားသမီးဖြစ်ခြင်းသည် ကြိုးစားခြင်း၊ ကောင်းမြတ်ခြင်း အားဖြင့်ဖြစ်သည်မဟုတ်ပါ။ မိခင်မှမွေးဘွားခြင်းအားဖြင့်ဖြစ်သည်။

                 ထို့နည်းတူ ဘုရားသခင်၏သား ဖြစ်ခြင်းသည် အကျင့်နှင့်ကြိုးစားခြင်းအားဖြင့်မဟုတ်၊ ၀ိညာဥ်နှင့် မွေးဘွားခြင်းအားဖြင့်သာလျှင်ဖြစ်သည်။ ထိုအရာသည်ရပ်တည်ချက်ဖြစ်သည်။ လူ၏လုပ်ဆောင်မှုကြောင့်မဟုတ်။ ဘုရားသခင်၏လုပ်ဆောင်မှုဖြစ်၍၊ မပြောင်းလဲနိုင်တော့ချေ။

                 သခင်ယေရှုခရစ်ပေးသော ဥပမာ၌လည်း ပျောက်သောသားသည် သုံးဖြုန်း၍ မကောင်းသောအကျင့်များ ကျင့်လျက် ဖခင်ထံမှထွက်သွားသော်လည်း သူ့ဖခင်၏သားပင် ဖြစ်သည်။ သူ့ဖခင်ထံမှထွက်သွားသောကြောင့် ဖခင်နှင့်မိဿဟာယပြတ်၍ ဖခင်၏ စည်းစိမ်မခံစားရသော်လည်း ဖခင်၏သားဖြစ်ဆဲဖြစ်သည်။ သူပြန်လာသောအခါ သူ့ဖခင်ကသား၊ ဟုလက်ခံသည် (လုကာ ၁၅:၂၄)။ သားသမီးများသည် မိဘစကားနားထောင်ဘို့ ဖြစ်သည်။ မိဘစကားနားထောင်မှ မိဘမျက်နှာပွင့်လန်းသည်။ ထို့နည်းတူ ယုံကြည်သူများဘုရားစကားနားထောင်ရမည်။ သို့မှသာဘုရား၏ ဘုန်းထင်ရှားမှာဖြစ်သည်။ ဘုရား၏ သားများအကျင့်ဆိုးနေပါကဘုရား၏ ဘုန်းရှုတ်ချစရာဖြစ်သည်။

==================

ရပ်တည်ချက်နှင့်လုပ်ဆောင်ချက် (သင်ခန်းစာမေးခွန်းများ)
အထက်ရှိ လေ့လာခဲ့သောသင်ခန်းစာထဲမှ အချက်အချို့ကို အောက်ပါတွင် မေးခွန်းများအဖြစ် ပြင်ဆင်ပေးထားပါသည်။ မေးခွန်းများအားလုံးကို ပါဝင်ဖြေဆိုခြင်းဖြင့် သင်သည် ယခုသင်ခန်းစာကို ပြီးပြည့်စုံစွာ သဘောပေါက်နားလည်ကြောင်းကို ဖေါ်ပြလိုက်ပါ။