သင်ခန်းစာ (၁၄)

အသွေးအားဖြင့်အပြစ်လွှတ်ခြင်း

သင်ခန်းစာ (၁၃) ၌ တဲတော်အကြောင်းသိခဲ့ရပြီ။ ထိုတဲတော်၌ အပြစ်များကို အသွေးအားဖြင့် မည်သို့ ဖြေလွှတ် ကြောင်းကို ဆက်လက်လေ့လာကြပါစို့။ ထာ၀ရ ဘုရားက၊ “လူ၏ အပြစ်ကို ဖြေသော အရာကား အသွေး ဖြစ်သတည်း။” ဟုဆိုထားသည် (၀တ်ပြုရာ ၁ရ:၁၁)။ အသွေးအားဖြင့် အပြစ်ကို မည်ကဲ့သို့ ဖြေလွှတ်မည်နည်း။

အပြစ်တင်ပိုင်သောသူ

လူကို အပြစ် တင်ပိုင်သောသူ၊ တရားစီရင်ပိုင်သော သူသည် ထာ၀ရ ဘုရားသခင် သာလျှင် ဖြစ်သည်ဟု သင်ခန်းစာ (၂)၌ သင်ခဲ့ရပြီ။ ကျမ်းစာ၌၊ “ထာ၀ရဘုရား အပြစ်တင်တော်မူခြင်းနှင့်ကင်းလွတ်၍ လှည့်စားတတ်သော စိတ် သဘောနှင့်ကင်းစင်သောသူသည် မင်္ဂလာရှိ၏။”ဟုဆိုထားပါသည် (ဆာလံ ၃၂:၂)။ ထို့ကြောင့် အပြစ်တင်ပိုင်လွှတ်ပိုင်သောသူသည် ထာ၀ရဘုရားသာလျှင် ဖြစ်သည်။

အသွေးအားဖြင့်

အပြစ်တင်ပိုင်၊ လွှတ်ပိုင်သော ထာ၀ရဘုရားကလူ၏အပြစ်ကို ဖြေဘို့ရန် အသွေးကိုတောင်းဆိုသည်။ ကျမ်းစာ၌၊ “ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကိုဖြေစေခြင်းငှါ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်၌ငါပေးပြီ။ လူ၏အပြစ်ကိုဖြေသောအရာကား အသွေးဖြစ်သတည်း။” (၀တ်ပြုရာ ၁ရ:၁၁) ဟူ၍၎င်း၊ “အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။” (ဟေဗြဲ ၉:၂၂) ဟူ၍၎င်း၊ ဆိုထားသည်။ ထို့ကြောင့်အပြစ်လွှတ်ဘို့ရန် အသွေးအားဖြင့်သာဖြစ်နိုင်သည်။

အသွေးသည်အသက်

အဘယ်ကြောင့်ဘုရားသခင်သည် အပြစ်အတွက်အသွေးကိုတောင်းသနည်း။ အမှန်မှာအပြစ်၏အခသည်သေခြင်းဖြစ်သည် (ရောမ ၆:၂၃)။ အပြစ်ကြောင့်အပြစ်သားသည် သေရမှာဖြစ်သည်။ အခြားပြစ်ဒဏ်တည်း ဟူသော ထောင်ဒဏ်၊ ငွေဒဏ်အလုပ်ကြမ်းတို့မရှိ။ ထာရဘုရား၏တရားရုံးတော်မှချမှတ်သောပြစ်ဒဏ်သည် သေဒဏ်သာလျှင်ဖြစ်သည်။ အဘယ်ကြောင့်အပြစ်သားအား သေဒဏ်ခတ်သနည်း။ ခလေးလေးတယောက်သည် အဘိုးတန်သောနာရီ၊ ကက်ဆက်တို့နှင့်ဆော့ပါကတခဏခြင်းတွင်ပျက်စီးသွားမှာဖြစ်သောကြောင့် မိဘများကသူလက်ထဲမှဆွဲယူလိုက်မှာဖြစ်သည်။ ခလေးသည်ထိုအရာများကိုမကိုင် တွယ်တတ်သဖြင့်ဖျက်ဆီးမှာဖြစ်သည်။ ထို့နည်းတူလူ့အသက်သည် ဘုရားသခင်ကပေးထားခြင်းဖြစ်သည်။ လူသည်ထိုအသက်ကို ဘုရားသခင်၏အလိုတော် အတိုင်းအသုံးပြုဘို့ဖြစ်သည်။ သို့သော်လူသည် ဘုရားအလိုတော်အတိုင်းမသုံးဘဲ မိမိအလိုဆန္ဒအတိုင်းအသုံးပြုသည်။ ထိုသို့မိမိဆန္ဒအတိုင်း လူ့အသက်တာကို အသုံးပြုခြင်းသည်အပြစ်ဖြစ်သည်။ ထိုသို့လူသည် ဘုရားအလိုတော်ကိုလုံး၀ဂရုမစိုက်ဘဲ မိမိဆန္ဒပြည့်ဘို့ရန်သာအဓိကထား၍ အသက်တာကိုအသုံးပြုသောကြောင့် ဘုရားသခင်ကလူ၏အသက်ကိုပြန်တောင်းသည်။ လူထံမှအသက်ကို ပြန်တောင်းသောအခါ လူသည်သေရသည်။ ခန္ဓာကိုယ်အသက်သည် အသွေး၌ တည်သည်ဟုဆိုသောကြောင့် အသွေးတောင်းခြင်းသည် အသက်တောင်းခြင်း ဖြစ်သည်။ သို့သော်လူသည် မိမိအသက်မပေးနိုင်ပါ။ အကြောင်းမှာအသက်ကို ပေးပါကအပြစ်သားဖြစ်သောကြောင့် ငရဲသို့သွားရမှာဖြစ်သည်။ ထို့ကြောင့် မည်သို့ မျှလူသည် မိမိအသက်မပေးနိုင်။ သို့သော်ဘုရားသခင်သည် လူကိုသနားသောကြောင့် သူ့ကိုယ်စားအသက်ပေးမည့်သူ၊ တနည်းအားဖြင့်အသေခံမည့်သူကို စီစဥ်ပေးသည်။ သို့သော်လူသည် ထိုအရာကိုနားလည်နိုင်မှာမဟုတ်သောကြောင့် ဣသရေလ လူမျိုးများကိုရွေးကောက်ကာ အပြစ်အတွက်မည်ကဲ့သို့အသက်ပေးမည့်အကြောင်းကိုသင်ပေးခဲ့သည်။

အရိပ်

ထာ၀ရဘုရားသခင်သည် ဣသရေလလူမျိုးများအား အပြစ်အတွက် အသွေတောင်းတတ်သည်။ ထိုအရာသည် အရိပ်ဖြစ်သည်။ ဝတ်ပြုရာ ၄း၁-၁၂ ၌ ဘိသိတ်ခံသောယဇ်ပုရောဟိတ်သည် ထာ၀ရဘုရား၏ပညတ်တော်ကိုမသိဘဲ လွန်ကျူးပြစ်မှားမိလျှင် နောင်တရရုံဖြင့် အပြစ်မလွှတ်ပါ။ ထိုအပြစ်အတွက် အသက်ပျိုသောနွားထီးတစ်ကောင်ကို ပရိတ်သတ်စည်းဝေးရာတဲတော်တံခါးနား ထာ၀ရဘုရားရှေ့တော်၌ ဆက်ရမည်။ နွားခေါင်းပေါ်တွင် မိမိလက်ကိုတင်၍ နွားကိုသတ်ရမည်။ နွားအသွေးကိုယူ၍ တဲတော်အထဲရှိ သန့်ရှင်းရာဌါန ကုလားကာရှေ့တွင် ခုနှစ်ကြိမ်ဖြန်းရမည်။ ထို့နောက်နံ့သာပေါင်းမွှေး မီးရှို့ရာယဇ်ပလ္လင်ဦးချိုတို့၌ နွားသွေးအချို့ကိုထည့်၍ ကျန်သောအသွေးကို တဲတော်အပြင်ဘက်ရှိ ကြေးဝါယဇ်ပုလ္လကြီခြေရင်းနားမှာ သွန်ရမည်။ နွား၏ဝမ်းတွင်းဆီဥမှန်သမျှနှင့် ကျောက်ကပ်နှစ်ခု၊ ခေါင်း၊ ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွ အရေအသားရှိသမျှကို တပ်ပြင်ဘကပြာသွန်ရာအရပ်၌ မီးရှို့ရမည်။ ထိုသို့ ထာ၀ရဘုရားစေခိုင်းသည့်အတိုင်း ပူဇော်ပြီးမှသာလျှင် ထာ၀ရဘုရားက ယဇ်ပုရောဟိတ်၏အပြစ်ကို ဖြေလွှတ်ပေးသည်။ ထာ၀ရဘုရားတောင်းဆိုသော အသွေးကိုမပေးဘဲ အပြစ်အတွက်နောင်တရပါပြီ၊ နောက်နောင်တွင် ပညတ်တော်ကို မကျူးလွန်တော့ပါဟု ကတိပြုရုံဖြင့် အပြစ်လွှတ်ခြင်း မရနိုင်ပါ။ ထာ၀ရဘုရားသည် နွားအသွေးကို ကြည့်ခြင်းအားဖြင့် အပြစ်ကိုလွှတ်သည်။ နွားအသွေးသည် နွား၏အသက်၊ နွားအသက်သည် အပြစ်ကျူးလွန်သောယဇ်ပုရောဟိတ်၏အသက်ကို ကိုယ်စားပြုသည်။ နွား၏အသက်ပေးခြင်းအားဖြင့် ယဇ်ပုရောဟိတ်သည် အပြစ်အတွက်အသေခံပြီ။ အပြစ်ကို အသက်အားဖြင့်ပေးဆပ်ပြီဟု အဓိပ္ပါယ်ရသည်။

အကောင်အထည်

ဣသရေလ လူများ၏ ပူဇော်ခြင်း အားလုံးသည် သခင်ခရစ်တော် ကမိမိကိုယ်ကို ပူဇော်မည့်အရာကို ပုံဆောင်ခြင်းဖြစ်သည်။ “နွား၊ ဆိတ်၏ အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ။”ဟုဆိုသည် (ဟေဗြဲ ၁၀:၄)။ အကြောင်းမှာ တိရစ္ဆာန်သည် လူထက်နိမ့်ကျသောကြောင့် လူကိုကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် ကျွန်ပ်တို့အတွက် ထာ၀ရဘုရားထံ အပြစ်ကြွေးဆပ်ဘို့ရန် အသွေးလိုလာသည်။ တိရစ္ဆာန်အသွေးကို ဘုရားသခင်က လက်မခံနိုင်။ ကိုယ့်အသွေးပေးလျှင်လည်း သေဆုံး၍ ငရဲကျရုံသာရှိသည်။ ထို့ကြောင့် ထာ၀ရဘုရားကိုယ်တော် တိုင် အပြစ်အနာအဆာနှင့်ကင်းသော ခရစ်တော်၏ ကိုယ်ခန္ဓာတော်နှင့် အသွေးကို ကျွန်ပ်တို့အတွက် ပြင်ဆင်တော်မူ၏ (ဟေဗြဲ ၁၀:၅)။ ဓမ္မဟောင်းကာလ နှစ်ပေါင်း ၁၅၀၀ အတွင်း ဣသရေလများပူဇော်သောယဇ်အားလုံးသည် အရိပ်ဖြစ်၍ အကောင်အထည်မှာ သခင်ခရစ်တော်ပင်ဖြစ်သည် (ကောလောသဲ ၂:၁ရ)။

ခရစ်တော်၏ အသွေးပူဇော်

တလောကလုံးရှိ လူသားများ၌ ဘုရားသခင်ထံဆက်သရန် သန့်ရှင်းသောအသွေးမရှိကြ။ ထို့ကြောင့် ထာ၀ရဘုရား စီစဥ်ပေးသည့်အတိုင်း ခရစ်တော်သည် မိမိအသွေးကိုပူဇော်သည်။ ကျမ်းစာ၌၊ “ယခုတွင် လူ့လက်ဖြင့်မလုပ်၊ ဤလောကဓါတ်နှင့်မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌ နောက်မင်္ဂလာ အကျိုးတို့၏ ယဇ်ပုယောဟိတ်မင်းဖြစ်သောခရစ်တော်သည် ငါတို့အဘို့ထာ၀ရ ရွေးနှုတ်ခြင်းကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိ အသွေးတော်နှင့် သန့်ရှင်းရာဌါနတော်ထဲသို့ တခါတည်း၀င်တော်မူ၏။”ဟုဆိုထားပါသည် (ဟေဗြဲ ၉:၁၁-၁၂)။ အထက်ပါကျမ်းပိုဒ်အရ ခရစ်တော်သည် ငါတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သည်။ ယဇ်ကောင်လည်း ခရစ်တော်ပင်ဖြစ်သည်။ တဲတော်လည်း ဤလောက၌ လူ့လက်ဖြင့်ဆောက်သော တဲတော်မဟုတ်ဘဲ ကောင်းကင်တဲတော်ဖြစ်သည်။ အပြစ်လွှတ်ခြင်းကာလလည်း ထာ၀ရကာလ အတွက်ဖြစ်သည်။ ထို့ကြောင့် ယခင်ဣသရေလလူများပူဇော်သော ယဇ်ထက် ယခုခရစ်တော်ပူဇော်သောယဇ်သည် သာ၍ကောင်းသည်။ အောက်ပါဇယား၌ ယခင်အရိပ်ခေတ်ပူဇော်သောယဇ်နှင့် ယခုခေတ်ပူဇော်သောယဇ်ကို နိင်းယှဥ် ထားပါသည်။

ဘုရားသခင်ကျေနပ်

လူသားများ၏အပြစ်လွှတ်မည့်သူသည် ထာ၀ရဘုရားဖြစ်သည်။ သူတောင်းသောအရာသည် အသက်ဖြစ်သည်။ ထိုအသက်သည် အပြစ်ကင်းသောသူဖြစ်ရမည်။ ထိုအသက်ပေးကြောင်းကို အသွေးအားဖြင့်ဖေါ်ပြရမှာဖြစ်သည်။ လူသားများအနေဖြင့် မိမိတို့အသက်နှင့်အသွေးကို ပေးစရာမရှိသောအခါ ထာ၀ရ ဘုရားကိုယ်တိုင် သားတော်ယေရှုခရစ်ကို ဤလောကသို့စေလွှတ်၍ လူ့ဇာတိ ခံယူကာ အသက်ကိုစွန့်စေသည်။ သားတော်သည် တလောကလုံးအတွက် မိမိ အသက်ကိုစွန့်၍ အသွေးကို ခမည်းတော်ရှေ့၌ ပူဇော်ခဲ့ပြီးဖြစ်သည်။ ကျမ်းစာက၊ “ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လကျ်ာတော်ဘက်၌ အစဥ်အမြဲထိုင်၍၊” ဟုဆိုသည် (ဟေဗြဲ ၁၀:၁၂)။ ခရစ်တော်၏ပူဇော်ခြင်းကို ခမည်းတော်ဘုရားသည် လက်ခံ၍ ကျေနပ် ခဲ့ပြီ။ ထို့ကြောင့်ဘုရားသခင်၏တရားရုံးတော်မှ အပြစ်လွှတ်ခြင်းကို ကျေညာခဲ့ပြီ။ ဘုရားသခင်က၊ “ထိုအပြစ်များကိုလွှတ်ပြီးလျှင် နောက်တဖန်အပြစ်ဖြေသော ယဇ်ပူဇော်စရာ အကြောင်းမရှိ၊”ဟုဆိုထားပါသည် (ဟေဗြဲ ၁၀:၁၈)။

သန့်ရှင်းပြီ

လောကသားများအပြစ်ရှိသည်ဟုမြင်သောသူသည် ဘုရားသခင် ဖြစ်သည်။ သို့သော်သခင်ယေရှု၏အသွေးတော်အားဖြင့် သန့်ရှင်းပြီဟုဆိုပါသည်။ ကျမ်းစာက၊ “ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူပြီ။”ဟုဆိုသည် (၁ ယော ၁:ရ)။ လူသား အားလုံးသည် တနည်းအားဖြင့် အပြစ်ပြသနာမရှိတော့ချေ။ အကြောင်းမှာ ခရစ်တော်၏ အသွေးအားဖြင့် သူတို့၏အပြစ်များကို သန့်ရှင်းစေပြီ။ သို့သော်လူအများစုသည် မလိုအပ်ဘဲ ငရဲထဲသို့သွားရကြဦးမည်။ အကြောင်းမူကား ခရစ်တော်၏အသွေးအားဖြင့် အပြစ်လွှတ်ခြင်းကိုမသိ၊ မယုံကြည်သောကြောင့် ဖြစ်သည်။

လက်ခံဘို့လိုသည်

မိတ်ဆွေအနေဖြင့် ဘုရားသခင်၏လုပ်ဆောင်ချက်ကို ယုံကြည်လက်ခံဘို့ လိုသည်။ မိတ်ဆွေသည် အပြစ်မလုပ်သည်မဟုတ်။ နေ့စဥ်နှင့်အမျှအပြစ် လုပ်နေမှာဖြစ်သည်။ သို့သော်ခရစ်တော်၏ အသွေးအားဖြင့် အားလုံးသန့်ရှင်းစေပြီ။ ထိုအရာသည် ဘုရားသခင်၏လုပ်ဆောင်ချက်ဖြစ်၍ သူကိုယ်တိုင်ကျေနပ် ပြီ။ ထို့ကြောင့်ကျမ်းစာ၌၊ “ထာ၀ရဘုရား အပြစ်တင်တော်မူခြင်းနှင့် ကင်းလွတ်၍ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိသည်။” ဟု ဆာလံ ၃၂:၂ ၌ဆိုထားသည်။ ဘုရားသခင်ကမိတ်ဆွေကို အပြစ်မတင်တော့ချေ။ ထို့နည်းတူ မိတ်ဆွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို မလှည့်ဖြားဘို့အရေးကြီးသည်။

==================

အသွေးအားဖြင့်အပြစ်လွှတ်ခြင်း (သင်ခန်းစာမေးခွန်းများ)
အထက်ရှိ လေ့လာခဲ့သောသင်ခန်းစာထဲမှ အချက်အချို့ကို အောက်ပါတွင် မေးခွန်းများအဖြစ် ပြင်ဆင်ပေးထားပါသည်။ မေးခွန်းများအားလုံးကို ပါဝင်ဖြေဆိုခြင်းဖြင့် သင်သည် ယခုသင်ခန်းစာကို ပြီးပြည့်စုံစွာ သဘောပေါက်နားလည်ကြောင်းကို ဖေါ်ပြလိုက်ပါ။