သင်ခန်းစာ (၄)

အပြစ်အကြောင်း

သင်ခန်းစာ (၃)၌ ဘုရားနှင့်လူ အဆက်ပြတ်စေသောအရာသည် အပြစ်ဖြစ်ကြောင်း သိရှိရကြပြီ။ ထိုအပြစ်ကို ဖယ်ရှားနိုင်မှသာလျှင် ဘုရားသခင်ကို နာမ်ဝိညာဉ်နှင့်ကိုးကွယ်နိုင်မှဖြစ်ကြောင်းသိခဲ့ရပြီ။ ထိုပြစ်ကို ဖယ်ရှားနိုင်ရန် အပြစ်အကြောင်းကို ပထမဦးစွာ သိဖို့လိုသည်။ လူနာကိုကုဖို့ ရောဂါကိုအရင်ရှာသကဲ့သို့ လူ၏အပြစ်ကို ဘုရားသခင်အမြင်အတိုင်း အရင်သိဖို့လိုပါသည်။

အပြစ်နှစ်မျိုး

ဘုရားအမြင်၌ အပြစ်(၂)မျိုးရှိသည်။ ၎င်းတို့မှာ မွေးရာပါ အပြစ်နှင့် ကျူးလွန်သောအပြစ် တို့ ဖြစ်သည်။ 

မွေးရာပါအပြစ် 

မွေးရာပါအပြစ်သည် ကိုယ်တိုင်ကျူးလွန်သောအပြစ်မဟုတ်။ မွေးဖွားစဥ်ကပါလာသောအပြစ် ဖြစ်သည်။ ဆာလံကျမ်း၌၊ “အကျွန်ပ်သည်မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိ၀မ်းထဲမှာပဋိသန္ဓေယူစဥ်ပင်အပြစ်စွဲပါ၏။” ဟု ဆိုထားသည် (ဆာ ၅၁:၅)။

ဖြစ်ပေါ်လာပုံ

မွေးရာပါအပြစ်သည် လူအားလုံး၏ တဦးတည်းသောဖခင်အာဒံအားဖြင့် ဖြစ်သည်။ အာဒံသည် ဘုရားသခင်ဖန်ဆင်းစ၌ ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဥ်၊ အကောင်းပကတိ ရှိခဲ့သည် (က ၁:၃၀)။ အာဒံကို သူ၏ မိန်းမဧ၀နှင့်အတူ ဧဒင်ဥယျာဥ်၌ ထားခဲ့သည် (က ၂:၁၅)။ ထိုဥယျာဥ်၌ရှိသော သစ်သီးအားလုံး စားခွင့်ရှိသော်လည်း ဥယျာဥ်အလယ်၌ရှိသော ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကိုကား ဘုရားသခင်က စားခွင့်မပြုခဲ့ပါ (က ၂:၁ရ)။ သို့သော် အာဒံနှင့်ဧ၀တို့သည် ဘုရားသခင်၏စကားကို နားမထောင်ဘဲ စာတန်၏လှည့်ဖျားမှုကို နားထောင်ကာ ထိုအသီးကို စားခဲ့ကြသည် (က ၃:၆ -ရ)။ ထိုသို့ လူလင်မယားတို့သည် ဘုရားစကား နားမထောင်သောကြောင့် ဘုရားသခင်က အပြစ်သားဟု သတ်မှတ်လိုက်သည် (ရော ၅:၁၉)။ ပညတ်တော်ကို လွန်ကျူးခြင်းသည် အပြစ် ဖြစ်သည် (၁ ယော ၃:၄)။ အာဒံနှင့်ဧ၀တို့သည် ဘုရားသခင်၏ တခုတည်းသော ပညတ်တော်ကို လွန်ကျူးသောကြောင့် အပြစ်သား ဖြစ်သွားကြသည်။ အာဒံသည် လူအပေါ်မှာ ပြစ်မှားသည် မဟုတ်။ လူများသိတတ်သော အပြစ်များဖြစ်သည့် လူသတ်ခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်းများ ကျူးလွန်သည်မဟုတ်။ ဘုရား၏စကား နားမထောင်ခြင်း ဖြစ်သည်။ ထိုအပြစ်သည် အပြစ်အားလုံး၏ မူလအမြစ် ဖြစ်သည်။ 

အမွေဆိုး

အာဒံနှင့်ဧ၀တို့သည် သားစဥ်မြေးဆက်များထံ အပြစ်တည်းဟူသောအမွေဆိုးကို ပေးအပ်ခဲ့သည်။ အာဒံနှင့်ဧ၀တို့မှ မွေးဖွားလာသော လူသားတိုင်းသည် သူတို့ကဲ့သို့ အပြစ်သားများ ဖြစ်လာကြသည်။ ထိုသို့ မွေးဘွားစဥ်ကပါလာသောအပြစ်ကို မွေးရာပါအပြစ်ဟု ခေါ်သည်။ လူအချို့တို့က မွေးရာပါအပြစ် ရှိကြောင်းကို မယုံကြည်၊ လက်မခံကြ။ ကိုယ်တိုင်အပြစ်ကျူးလွန်သောကြောင့်သာ အပြစ်သား ဖြစ်သည်ဟု ယူဆကြသည်။ သို့သော် အောက်ပါကျမ်းချက်များ ကြည့်ခြင်းအားဖြင့် မွေးရာပါအပြစ်ရှိကြောင်း ထင်ရှားသည်။ 

တစ်ယောက်သောသူအားဖြင့် 

ကျမ်းစာက၊ “အပြစ်တရားသည်တစ်ယောက်သော သူအားဖြင့် ဤလောကသို့ ၀င်၍ အပြစ် တရားအားဖြင့် သေခြင်း တရား၀င်သည်နှင့် အညီ လူအပေါင်းတို့သည် အပြစ် ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။” ဟု ဆိုသည် (ရောမ ၅:၁၂)။ ကျမ်းစာက၊ အပြစ် တရားသည် ဤလောကသို့ တစ်ယောက်သောသူအားဖြင့်၀င်သည်ဟု ဆိုသည်၊ လူအများအားဖြင့် ၀င်သည်မဟုတ်။ တစ်ယောက်သောသူ အာဒံအားဖြင့် ၀င်သည်။ ထိုအပြစ်ကြောင့် သေခြင်းတရား၀င်သည်ဟု ဆိုပြန်သည်။ ထိုကြောင့် သေတတ်သောသူတိုင်း၌ အပြစ် ရှိသည်။ သေခြင်းသည် မမွေးဖွားမှီ မိခင်၏၀မ်းထဲမှ စတင်ဖြစ်ပေါ်နိုင်သည်။ လူကြီးဖြစ်မှ အပြစ်ကျူးလွန်မှသာ သေနိုင်သည် မဟုတ်။ သို့ဖြစ်၍ အပြစ်ကြောင့် သေခြင်းတရား၀င်သည်ဟုဆိုရာတွင် ကျူးလွန်သော အပြစ်ကို ဆိုလိုသည်မဟုတ်။ မွေးရာပါအပြစ်ကို ဆိုလိုခြင်းဖြစ်ကြောင်း ထင်ရှားသည်။

နားမထောင်သောအားဖြင့်

ကျမ်းစာက၊ “တစ်ယောက်သော သူသည် နားမထောင်သော အားဖြင့် လူများတို့သည်အပြစ်သို့ ရောက်သည့်နည်းတူ တစ်ယောက်သော သူ၏ နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” ဟု ဆိုသည် (ရော ၅:၁၉)။ ပထမ တစ်ယောက်သောသူသည် အာဒံ ဖြစ်သည်။ အာဒံသည် ဘုရားစကားကိုနားမထောင်သောအားဖြင့် လူများတို့သည် အပြစ်သို့ရောက်သည်ဟု ဆိုသည်။ ထို့ကြောင့် မိတ်ဆွေကိုယ်တိုင်အပြစ်ကျူးလွန်သောကြောင့် အပြစ်သားဖြစ်သည်မဟုတ်။ မွေးရာပါအပြစ်ကြောင့် အပြစ်သားဖြစ်သည်။

မသန့်ရှင်းသောသူ

တဖန် ကျမ်းစာက၊ “မသန့်ရှင်းသော အရာထဲက သန့်ရှင်းသောအရာကို အဘယ်သူထုတ်ဖေါ်နိုင်သနည်း အဘယ်သူ မျှမထုတ်ဖေါ်နိုင်ပါ” ဟု ဆိုထားသည် (ယောဘ ၁၄:၄)။ လူသည် ဘုရားသခင်ရှေ့မှာ သန့်ရှင်းခြင်းမရှိ (ဟေရှာ ၆၄:၆)။ မိဘတိုင်း၌ အပြစ်ရှိကြသည်။ ထို့ကြောင့် အပြစ်ရှိသောမိဘသည် သန့်ရှင်းသောသားသမီးကို မမွေးဖွားနိုင်ပါ။ အပြစ်ရှိသောမိဘသည် အပြစ်သားများကိုသာ မွေးဖွားနိုင်သည်။

မသန့်ရှင်းနိုင်

လူသည် အဘယ်သို့သောသူဖြစ်၍သန့်ရှင်းနိုင်သနည်းလူမိန်းမဖွားသော သူသည်အဘယ်သို့သောသူဖြစ်၍ဖြောင့်မတ်နိုင်သနည်း။” (ယောဘ ၁၅:၁၄)။ ဤကျမ်းပိုဒ်က လူမိန်းမမှဖွားမြင်သောသူတိုင်းသည် မသန့်ရှင်း၊ မဖြောင့်မတ်ဟု ဆိုထားသည်။ လောက၌ မိန်းမထဲမှမမွေးဖွားသော သူတယောက်မျှမရှိပါ။ ထိုကြောင့် မိန်းမဖွားသောသူ၊ ကျွန်ပ်နှင့်မိတ်ဆွေလည်း မသန့်ရှင်းပါ။

အမိ၀မ်းထဲမှ

ကျမ်းစာက “အကျွန်ပ်သည်မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိ၀မ်းထဲမှာပဋိသန္ဓေယူစဥ်ပင်အပြစ်စွဲပါ၏။” ဟုဆိုသည်။ (ဆာလံ ၅၁:၅)။ ဤဆာလံကိုရေးသော ဒါဝိဒ်မင်းကြီးသည် မွေးစကပင်အပြစ်ပါကြောင်း၊ အမိဝမ်းတွင်းမှာပင် အပြစ်ရှိကြောင်းကို ဝန်ခံခဲ့သည်။ ထိုသို့ အပြစ်မျိုးစေံသည် မွေးစကပင်ပါသောကြောင့် ကြီးလာသောအခါ အလိုအလျှောက် အပြစ်လုပ်တတ်ကြသည်။ မိခင်၏ဝမ်းထဲ၌ ဒုစရိုက်အပြစ် မလုပ်နိုင်ပါ။ ထိုကြောင့် ထိုအပြစ်သည် မွေးရာပါအပြစ် ဖြစ်သည်။ လူတိုင်း မွေးရာပါအပြစ်ကြောင့် အပြစ်သား ဖြစ်ရသည်။ ဒုစရိုက်အပြစ်ကြောင့် အပြစ်သားဖြစ်ရသည်မဟုတ်။ အပြစ်သား အရင်ဖြစ်သောကြောင့် အပြစ်လုပ်တတ်ကြသည်။

ရိုင်းသောသဘော “မတရားသောသူတို့သည် အမိ၀မ်းထဲမှစ၍ ရိုင်းသော သဘော ရှိကြသည်။ မွေးကတည်းကလမ်းလွဲ၍မုသာစကားကိုပြောတတ်ကြ၏။” (ဆာလံ ၅၈:၃)။ ရိုင်းသောသဘောသည် မွေးရာပါ ဖြစ်သည်။ လမ်းလွဲခြင်းနှင့် မုသာပြောခြင်းသည်လည်း မွေးရာပါဖြစ်သည်။ လူတိုင်းရိုင်းသောသဘော ရှိကြသည်။ မုသာမပြောတတ်သောသူ၊ မပြောဘူးသောသူလည်းမရှိပါ။ ထို့ကြောင့် လူသည်မွေးရာပါအပြစ်ရှိကြောင်း ထင်ရှားသည်။

ဘုရားအပေါ်ပြစ်မှားခြင်း 

မွေးရာပါအပြစ်သည် အာဒံကြောင့်ဖြစ်သည်။ မွေးရာပါအပြစ်သည် လူလူချင်းအပေါ်ပြစ်မှားသောအပြစ် မဟုတ်၊ ဘုရား အပေါ်ပြစ်မှားသော အပြစ် ဖြစ်သည်။ အာဒံသည် ဘုရားအပေါ် ပြစ်မှားခဲ့သည်။ အာဒံ၏သားသမီးတိုင်းလည်း အာဒံမှတဆင့် ဘုရားအပေါ်ပြစ်မှားခဲ့ကြပြီ။ 

အပြစ်၏အခသေခြင်း 

ကျမ်းစာ၌၊ “အပြစ်၏အခကားသေခြင်း ပေတည်း။”ဟုပါရှိသည် (ရော ၆:၂၃)။ တဖန်၊ “အပြစ်တရားအားဖြင့်သေခြင်းတရား၀င်သည်။”ဟု ဆိုပြန်သည် (ရော ၅:၁၂)။ ထို့ကြောင့်သေနိုင်သောသူတိုင်း၌ အပြစ်ရှိသည်။ အပြစ်၏အခကားသေခြင်းဟုဆိုသောကြောင့် သေခြင်းအကြောင်းကို သိထားဘို့လိုသည်။

သေခြင်းသုံးမျိုး

သေခြင်းသုံးမျိုးရှိသည်။ ခန္ဓာကိုယ်သေခြင်း၊ ၀ိညာဥ်ပိုင်းဆိုင်ရာသေခြင်းနှင့် ထာဝရ (သို့) ဒုတိယသေခြင်းတို့ ဖြစ်သည်။ ထိုသေခြင်းသုံးမျိုးစလုံးသည် ခွဲခွါခြင်းကို ဆိုလိုသည်။ 

ကိုယ်ခန္ဓာသေခြင်း

ကိုယ်ခန္ဓာသေခြင်းသည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ် ခွဲခွါခြင်းဖြစ်သည်။ ကိုယ်ခန္ဓာထဲမှ စိတ်ဝိညာဉ်ထွက်သွားသောအခါ ကျန်ရစ်သောကိုယ်ခန္ဓာကို လူသေဟု ခေါ်သည်။ တရားစရပ်မှူး၏သမီး သေသောအခါ သခင်ယေရှုက သူမ၏စိတ်ဝိညာဉ်ကို ပြန်လာစေခြင်းအားဖြင့် အသကပြန်ရှင်လာသည်။ (လု ၈း၅၃-၅၅)။ ကိုယ်ခန္ဓာသေသောအခါ ယုံကြည်သူ၏စိတ်ဝိညာဉ်သည် ကောင်းကင်ဘုံသို့တက်ပြီး မယုံကြည်သူ၏စိတ်ဝိညာဉ်မူကား ငရဲသို့ရောက်သွားသည်။ (လု ၁၆း၂၂-၂၃)။ ကိုယ်ခန္ဓာမူကား မြေမှုန့်မှဖြစ်သောကြောင့် မြေမှုန့်သို့ပြန်သွားသည် (ကမ္ဘာ ၃း၁၉)။ ကိုယ်ခန္ဓာသေခြင်းသည် သားမယား၊ မိဘ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေးမျိုးမိတ်ဆွေများနှင့် ခွဲခွါရသောကြောင့် ဝမ်းနည်းကြရသည်။ 

၀ိညာဥ်ပိုင်းသေခြင်း

၀ိညာဥ်သည် မသေနိုင်ပါ။ သေနိုင်လျှင် ငရဲထဲ၌ ဝေဒနာခံစရာအကြောင်းမရှိ။ ဘုရားသခင်နှင့် အဆက်ပြတ်ခြင်းကို ၀ိညာဥ်ပိုင်းသေခြင်းဟု ခေါ်သည်။ အာဒံသည် ဘုရားစကား နားမထောင်သောကြောင့် ဘုရားနှင့် ခွဲခွါရသည်။ ဘုရားသခင်က အာဒံအား ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို မစားရ၊ စားသောနေ့တွင် သေရမည်ဟုဆိုသည် (က ၂:၂ရ)။ အာဒံသည် ထိုအသီးကိုစားသောနေ့တွင် ဘုရားနှင့်ခွဲခွါ၍ ဘုရားအမြင်၌ သေသွားသည်။ သူ၏ ကိုယ်ခန္ဓာမသေသော်လည်း ဘုရားသခင်နှင့်ခွဲခွါခြင်းသည် သေခြင်းဖြစ်သည်။ အာဒံသည် ၀ိညာဥ်ပိုင်းသေပြီးမှ သားသမီးရသောကြောင့် သူ၏ သားသမီးတိုင်းသည် ၀ိညာဥ်ပိုင်းသေပြီးသားနှင့် မွေးဘွားကြသည်။ မိတ်ဆွေနှင့် ကျွန်တော်လည်း အာဒံမှဆင်းသက်မွေးဘွားသောကြောင့် ၀ိညာဥ်ပိုင်းသေပြီးသားနှင့် မွေးဘွားကြသည်။ ထိုကြောင့်ကိုယ်ခန္ဓာသေလျှင် ငရဲသို့သွားဘို့ရန် မွေးဘွားကြပါသည်။ 

ဒုတိယသေခြင်း (သို့) ထာ၀ရ သေခြင်း 

ဒုတိယသေခြင်း (သို့) ထာ၀ရသေခြင်းသည် ကိုယ်ခန္ဓာ၌အသက်ရှင်စဥ် ကယ်တင်ခြင်းသို့ မရောက်၊ ၀ိညာဥ်အသက်မရှင်၊ ထာ၀ရအသက် မရသောကြောင့် ကိုယ်ခန္ဓာသေသောအခါ ၀ိညာဥ်သည် ထာ၀ရမီးအိုင်ထဲသို့ ဆင်းသွားခြင်းကို ဆိုလိုသည်။ ကျမ်းစာ၌၊ “ကြောက်တတ် သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့ မူကား ဒုတိယသေခြင်း တည်းဟူသော ကန့်နှင့်လောင်သော မီးအိုင် ထဲ၌ မိမိတို့ အဘို့ကို ရကြလိမ့်မည်။” ဟု ဆိုထားသည် (ဗျာ ၂၁:၈)။

==================

အပြစ်အကြောင်း (သင်ခန်းစာမေးခွန်းများ)
အထက်ရှိ လေ့လာခဲ့သောသင်ခန်းစာထဲမှ အချက်အချို့ကို အောက်ပါတွင် မေးခွန်းများအဖြစ် ပြင်ဆင်ပေးထားပါသည်။ မေးခွန်းများအားလုံးကို ပါဝင်ဖြေဆိုခြင်းဖြင့် သင်သည် ယခုသင်ခန်းစာကို ပြီးပြည့်စုံစွာ သဘောပေါက်နားလည်ကြောင်းကို ဖေါ်ပြလိုက်ပါ။