သင်ခန်းစာ (၁၆)

ကိုယ်စားခံခြင်း

သင်ခန်းစာ (၁၄)၌ အသွေးအားဖြင့်အပြစ်လွတ်ခြင်းနှင့် သင်ခန်းစာ (၁၅) တွင် အသွေး၏လုပ်ဆောင်ချက်များ သိခဲ့ရပြီ။ ယခုကိုယ်စားခံခြင်းနှင့် ပတ်သက်၍ လေ့လာကြစို့။ အချို့ကိစ္စများ၌ ကိုယ်စားခံခြင်းသည် မဖြစ်နိုင်ပါ။ ဥပမာ၊ သူတပါးအတွက် ထမင်းစားပေး၍မရပါ။ ကိုယ်တိုင်စားဘို့လိုသည်။ သို့သော် အချို့ကိစ္စများ၌ ကိုယ်စားခံပေးနိုင်ကြောင်း တွေ့ရသည်။ ဥပမာ၊ အကြွေးကိုကိုယ်စားပေးနိုင်သည်။ ထို့ကြောင့်အပြစ်နှင့်ပတ်သက်၍ ကိုယ်စားခံခြင်းကိုနားလည်ဘို့လိုသည်။

ဆိတ်ခေါင်းပေါ်တင်

            ဣသရေလလူမျိုးများသည် အပြစ်ဖြေရာနေ့၌ မိမိတို့အပြစ်ဖြေဘို့ရန် အသက်ရှင်သောဆိတ်တစ်ကောင်ကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာတတ်ကြသည်။ ထိုအခါ ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်၌ လက်နှစ်ဖက်ကိုတင်လျက် ဣသရေလလူမျိုးတို့၏အပြစ်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကိုဘော်ပြ၍ ဆိတ်ခေါင်းပေါ်တွင်တင်ပြီးလျှင် ရွေးချယ်ထားသော လူကြီးတစ်ဦးက ထိုဆိတ်ကို တောသို့စေလွှတ်ရမည်။ သူတို့အပြစ်ရှိသမျှကို လူမနေသောအရပ်သို့ ဆောင်သွားသောထိုဆိတ်ကို တော၌လွှတ်လိုက်ရမည်။ (၀တ်ပြုရာ ၁၆:၂၁)။ ဣသရေလလူမျိုးများ၏ အပြစ်ရှိသမျှသည် ထာ၀ရဘုရား စီရင်တော်မူသည်အတိုင်း ဆိတ်ခေါင်းပေါ်သို့ ရောက်ရှိသွားသည်။ ထိုအပြစ်ပါသောဆိတ်ကို တောသို့လွှတ်သောအခါ  အပြစ်လည်းပါသွားပြီ ဖြစ်သည်။ ထို့ကြောင့် ဣသရေလလူတို့ထံ၌ အပြစ်မရှိတော့ပါ။ အပြစ်တင်ပိုင်လွှတ်ပိုင်သောသူသည် ထာ၀ရဘုရားဖြစ်သည်။ ထာ၀ရဘုရားကိုယ်တော်တိုင် ထိုသို့စီရင်သောကြောင့် ဣသရေလလူမျိုးများသည် အပြစ်နှင့်လွတ်လျက်ရှိကြသည်။

ခရစ်တော်အပေါ်တင်

ယခုတွင် တလောကလုံးရှိ လူသားများ၏အပြစ်ကို ခရစ်တော်အပေါ်၌တင်လျက်၊ ခရစ်တော်က အပြစ်၏အခသေခြင်းကို ခံပေးသည်။ ကျမ်းစာက၊ “ငါတို့ ရှိသမျှသည်သိုးကဲ့သို့လမ်းလွဲလျက်ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာ၀ရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကိုသူ့အပေါ် ၌တင်တော်မူ၏။” ဟု ဆိုသည် (ဟေရှာယ ၅၃:၆)။ ကျမ်းစာက ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏ဟု ဆိုသောကြောင့် ငါတို့ဟုဆိုသော သူများအထဲ၌ မိတ်ဆွေလည်း ပါ၀င်နေပြီဖြစ်သည်။ ယုံကြည်သူ မယုံကြည်သူ တလောကလုံးရှိလူသားအားလုံး ပါ၀င်ပြီးဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေအပေါ်၌ အပြစ်လုံး၀မရှိတော့ချေ။ ခပ်သိမ်းသော ငါတို့၏အပြစ်ဟုဆိုသောကြောင့် ယခင်အပြစ်၊ ယခုအပြစ်၊ အနာဂတ်၌ ပြုလုပ်မည့်အပြစ်အားလုံးပါသွားပြီး ဖြစ်သည်။ သူ့အပေါ်ဟုဆိုရာတွင် သခင်ခရစ်တော်ကို ဆိုလိုသည်။ ဗတ္တိဇံယောဟန်က ခရစ်တော်ကိုမြင်သောအခါ၊ “ဤလောက၏အပြစ်ကို ယူဆောင်သွားသောဘုရားသခင် ၏သိုးသူငယ်။”ဟုဆိုသည် (ယောဟန် ၁:၂၉)။ ရှင်ပေါလုကလည်း၊ “ခရစ်တော်သည်ငါတို့အပြစ်များကြောင့်အသေခံတော်မူ၏။”ဟုဆိုသည် (၁ ကော ၁၅:၃)။ ထိုကြောင့်ငါတို့၏အပြစ်များကို ယူတင်ဆောင်ရွက်သောသူသည် ခရစ်တော်ပင်ဖြစ်သည်။

အပြစ်တင်ပိုင်သူ

          ဣသရေလများ၏အပြစ်ကို ယဇ်ပုရောဟိတ်ကသာ ဆိတ်ခေါင်းပေါ်သို့ တင်ပိုင်သည်။ သူတို့ကိုယ်တိုင် တင်ပိုင်ခွင့်မရှိ။ ထိုနည်းတူ တလောကလုံး၏အပြစ်များကို ဘုရားသခင်ကသာ ခရစ်တော်အပေါ်၌ တင်ပိုင်သည်။ ကျမ်းစာက၊ “ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။” ဟုဆိုထားသည် (၂ ကော ၅:၂၁)။ အပြစ်နှင့်ကင်းစင်သောသူသည် ခရစ်တော်ပင်ဖြစ်သည်။ ထာ၀ရဘုရားက ခရစ်တော်ကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေပြီ။ ထိုသို့ဖြစ်စေခြင်းသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်က ဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေအနေဖြင့် ထာ၀ရဘုရားပြုလုပ်သောအရာကို ယုံကြည်လက်ခံဘို့သာ ရှိသည်။ ထိုသို့ယုံကြည်လျှင် ဘုရားအမြင်၌ မိတ်ဆွေသည် အပြစ်ကင်းသည်။ ထိုအရာသည် သတင်းကောင်းဖြစ်ပါသည်။

အပြစ်အခသေခြင်း

             ယခုငါတို့၏အပြစ်များသည် ခရစ်တော်အပေါ်၌ ရောက်ရှိသွားပြီ။ အပြစ်၏အခသည် သေခြင်းဖြစ်သည် (ရော ၆:၂၃)။ ထို့ကြောင့် ကျွနု်ပတို့ကိုယ်စား ခရစ်တော်အသေခံခဲ့ရသည် (ဟေဗြဲ ၉:၂၈)။ သို့ဖြစ်၍ အပြစ်အတွက် မည်သူမျှနောက်တဖန် သေစရာမလိုတော့ပါ။ တလောကလုံး၌ အပြစ်ကြောင့် သေရမည့်သူ မရှိတော့ပါ။ ခရစ်တော်သည် တလောကလုံးအတွက် အသေခံခဲ့ပြီ။ ကျမ်းစာက၊ “ထိုသခင်သည် ငါတို့၏အပြစ်မကလောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏။”ဟုဆိုသည် (၁ ယော ၂:၂)။ သို့သော်များစွာသောသူများသည် ထိုအရာကိုမသိသောကြောင့်၎င်း၊ မယုံကြည်သောကြောင့်၎င်း၊ ငရဲမီးအိုင်ထဲသို့ဆင်းကြရဦးမည်ဖြစ်သည်။

ပညတ်တရား၏ကျိန်ခြင်း

              သင်ခန်းစာ (၁၁)၌ လူသည် ပညတ်တရား မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်းခံရကြောင်း သိခဲ့ရပြီ။ အဘယ်ကြောင့်ဆိုသော် ပညတ်တရား လျှောက်ရာတွင် တခုမကျန် မခြားမလပ် လိုက်လျှောက်ဖို့လိုသည်။ မိတ်ဆွေအပါအဝင် လူသားတိုင်းသည် ပညတ်တော်မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်းခံရကြသည် (ဂလာတိ ၃း၁၀-၁၃)။ ကျိန်ခြင်းခံသောသူသည် သစ်တိုင်မှာဆွဲထားခြင်း ခံရမည်။ သို့သော် ခရစ်တော်သည် ငါ့တို့အတွက်ကြောင့် ကျိန်ခြင်းကို ခံသောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ (ဂလာတိ ၃း၁၃)။ ခရစ်တော်သည် ငါတို့ကိုယ်စား ကျိန်ခြင်းကို ခံခဲ့သည်။ ထို့ကြောင့် သစ်တိုင်တည်းဟူသော လက်ဝါးကပ်တိုင်ပေါ်မှာ ဆွဲထားခြင်း ခံခဲ့သည်။ သို့ဖြစ်၍ မိတ်ဆွေသည် ကျိန်ခြင်းမှ လွတ်မြောက်ပြီ။ သစ်တိုင်ပေါ်မှာ ဆွဲထားခြင်းခံစရာ မလိုတော့ချေ။ ကျိန်ခြင်းနှင့် သေခြင်းမှလွတ်မြောက်ခြင်းသည် မိတ်ဆွေ၏ကြိုးစားမှုနှင့် အကျင့်ကြောင့်မဟုတ်၊ ဘုရားသခင်၏ စီစဉပေးမှုဖြင့် ခရစ်တော်က ကိုယ်စားခံပေးသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့်သာလျှင် ဖြစ်သည်။ ထိုအရာကို ယုံကြည်လက်ခံဖို့ လိုသည်။

အသေခံခြင်း

              လူသည် အာဒံ၏အပြစ်ကြောင့် အသေခံရသည်ဟု သင်ခဲ့ရပြီ။ သေခြင်းသုံးမျိုးရှိသည်။ ၎င်းတို့မှာ

(၁) ဝိညာဥ်ပိုင်းသေခြင်း၊ လူ၏ဝိညာဉ်နှင့် ထာ၀ရဘုရား၏ဝိညာဉ် အဆက်ပြတ်ခြင်း ဖြစ်သည်။ လူတိုင်း အာဒံကြောင့် မွေးစကပင် ဝိညာဉ်ပိုင်းသေနေကြသည်။

(၂) ကိုယ်ခန္ဓာပိုင်းသေခြင်း၊ လူ၏ကိုယ်ခန္ဓာနှင့် ဝိညာဉ်အဆက်ပြတ်သောအခါ ကိုယ်ခန္ဓာသေဆုံးသည်ဟု ဆိုသည်။ မိတ်ဆွေအထဲ၌ ဝိညာဉ်ရှိသေးသောကြောင့် ကိုယ်ခန္ဓာ အသက်ရှင်ရခြင်း ဖြစ်သည်။

(၃) ဒုတိယသေခြင်း၊ မယုံကြည်သူများ ကိုယ်ခန္ဓာသေဆုံးသောအခါ သူတို့၏ စိတ်ဝိညာဉ်သည် ထာ၀ရမီးအိုင်ထဲသို့ ရောက်သွားခြင်းကို ဒုတိယသေခြင်းဟု ခေါ်သည်။ ထိုသေခြင်းများကို လူတိုင်း မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်သည်။ သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါတို့ကိုယ်စား သားတော်ယေရှုကို အသေခံစေသည်။ ထိုသို့အားဖြင့် လူသည် သေခြင်းမှလွတ်မြောက်နိုင်သည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်မှာ အသေခံသောအခါ သေခြင်းအားလုံးအတွက် ခံပြီး ဖြစ်သည်။ ဝိညာဉ်ပိုင်သေခြင်းအတွက် ငါတို့ကိုယ်စား အဖခမည်းတော်နှင့် အဆက်ပြတ်ခဲ့သည်။ ထို့ကြောင့်၊ “အကျွန်ုပ်ဘုရား အဘယ့်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်။”ဟုအော်ခဲ့သည် (မဿဲ ၂ရ:၄၆)။ ထိုသို့ခရစ်တော်အသေခံခဲ့သောကြောင့် ငါတို့သည်ဘုရားသခင်နှင့် ပြန်လည်ဆက်ရသောအခွင့်ရကြပြီ။ ခရစ်တော်သည်ကိုယ်ခန္ဓာအားဖြင့် အသေခံခဲ့သောကြောင့် ငါတို့၏ကိုယ်ခန္ဓာသည် အနာရောဂါများငြိမ်းရသောအခွင့်နှင့်ကိုယ်ခန္ဓာထာ၀ရပျက်စီးခြင်းမှကင်းလွတ်စေသည်။ ငါတို့၏ကိုယ်ခန္ဓာသည် သေခဲ့သည်ရှိသော် ခရစ်တော်ကြွလာသောအခါ မပုပ်ပျက်တတ်သောကိုယ်ခန္ဓာဖြင့် ပြန်ထလာမည် ဖြစ်သည်။ ခရစ်တော်ကြွလာသောအခါ အသက်ရှင်သေးခဲ့သော် မသေတော့ဘဲ အရှင်လတ်လတ် ချီဆောင်ခြင်းခံရမှာဖြစ်သည် (၁ ကော ၁၅:၅၁-၅၅၊ ၁ သက် ၄:၁၃-၁ရ)။ ခရစ်တော်အသေခံခြင်းကြောင့် ဒုတိယသေခြင်းတည်းဟူသော ထာ၀ရ မီးအိုင်မှလည်း လွတ်မြောက်သွားပြီဖြစ်သည်။ သို့သော်ဤအရာများကိုခံစားနိုင်ရန် ယုံကြည်ခြင်းရှိဘို့လိုသည်။

==================

ကိုယ်စားခံခြင်း (သင်ခန်းစာမေးခွန်းများ)
အထက်ရှိ လေ့လာခဲ့သောသင်ခန်းစာထဲမှ အချက်အချို့ကို အောက်ပါတွင် မေးခွန်းများအဖြစ် ပြင်ဆင်ပေးထားပါသည်။ မေးခွန်းများအားလုံးကို ပါဝင်ဖြေဆိုခြင်းဖြင့် သင်သည် ယခုသင်ခန်းစာကို ပြီးပြည့်စုံစွာ သဘောပေါက်နားလည်ကြောင်းကို ဖေါ်ပြလိုက်ပါ။