ဆာလံကျမ်း - ၉၄

အပြစ်ပေးပိုင်သောဘုရား
1အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။ 2မြေကြီးသားတို့ကို တရားဆုံးဖြတ်တော်မူသောအရှင်၊ ထတော်မူပါ။ မာနကြီးသောသူတို့အား အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ 3အိုထာဝရဘုရား၊ မတရားသောသူတို့သည် အဘယ်မျှကာလပတ်လုံး ဝမ်းမြောက်ကြပါလိမ့်မည်နည်း။ 4အဓမ္မအမှုကို ပြုသမျှသောသူတို့သည် စော်ကား၍၊ ကြမ်းတမ်းသောစကားကိုပြောလျက်၊ အဘယ်မျှ ကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း။ 5အိုထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ လူတို့ကိုနှိပ်စက်၍၊ အမွေတော်ကို ညှဉ်းဆဲကြပါ၏။ 6မုဆိုးမနှင့် ဧည့်သည်ကိုလည်းကောင်း၊ မိဘမရှိသော သူငယ်ကိုလည်းကောင်း သတ်ကြပါ၏။ 7သို့ရာတွင်၊ ထာဝရဘုရားသည်မမြင်၊ ယာကုပ်အမျိုး၏ဘုရားသခင်သည် မမှတ်တတ်ဟု ဆိုကြပါ၏။
8တိရစ္ဆာန်သဘောရှိသောသူတို့၊ နားလည်ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။ 9နားကိုစိုက်ထားတော်မူသောသူသည် မကြားရသလော။ မျက်စိကို ဖန်ဆင်းတော်မူသောသူသည် မမြင်ရသလော။ 10လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသောသူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။ 11လူတို့၏အကြံအစည်သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရား သိတော်မူ၏။
12အို ထာဝရဘုရား၊ မတရားသောသူတို့အဖို့ တွင်းတူးစဉ်အခါ၊ 13ဒုက္ခနေ့ရက်ကာလနှင့် လွတ်ခြင်းချမ်းသာကို ပေးအံ့သောငှာ၊ ကိုယ်တော်ဆုံးမ၍၊ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ၏။ 14ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေတော်ကို စွန့်ပစ်တော်မမူ။ 15တစ်ဖန် ဖြောင့်မတ်ခြင်းတရားဘက်၌ စီရင်ဆုံးဖြတ်တော်မူ၍၊ သဘောဖြောင့်သောသူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြပါလိမ့်မည်။
16လူဆိုးတို့ကိုဆီးတား၍ ငါ့ဘက်မှာ အဘယ်သူထမည်နည်း။ မတရားသော သူတို့ကိုဆီးတား၍၊ ငါ့ဘက်မှာ အဘယ်သူနေမည်နည်း။ 17ထာဝရဘုရားသည် ငါ့ကိုမစတော်မမူလျှင်၊ ငါ့ဝိညာဉ်သည် ဆိတ်ညံရာအရပ်၌ မကြာမမြင့်မီ နေရာကျရလိမ့်မည်။ 18ငါ့ခြေချော်လျက်ရှိသည်ဟု အကျွန်ုပ်ဆိုသောအခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကို ထောက်မပါ၏။ 19အကျွန်ုပ်၏နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့်၊ အကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းပါ၏။ 20မတရားသောအကြံကို မင်း၏အခွင့်နှင့် ပြုစုတတ်သော အဓမ္မရာဇပလ္လင်သည် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရပါမည်လော။ 21ဖြောင့်မတ်သောသူ၏အသက်ကို သတ်ခြင်းငှာ စုဝေးကြပါ၏။ အပြစ်မရှိသောသူကို သေစေခြင်းငှာ စီရင်ကြပါ၏။ 22သို့သော်လည်း၊ ထာဝရဘုရားသည် ငါ၏ရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသခင်သည် ငါခိုလှုံရာကျောက် ဖြစ်တော်မူ၏။ 23သူတို့၏အပြစ်ကို သူတို့အပေါ်သို့ ရောက်စေတော်မူမည်။ အဓမ္မအမှုကို ပြုစဉ်တွင်ပင် ပယ်ဖြတ်တော်မူမည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ပယ်ဖြတ်တော်မူမည်။

ဆာလံကျမ်း - ၉၄ (အနက်ဖွင့်)

ဆာ ၉၄ ဘုရားရှင်တော်က ကလဲ့စားချေခြင်း

ဘုရားသခင်၏ ထိုသို့သောလုပ်ဆောင်တော်မူချက်ကို A.W.Pink ကဤသို့ဆိုသည်-

ဘုရားသခင်၏အမျက်ဒေါသအကြောင်း တစေ့တစောင်းဖတ်ရှုသည့်အခါ အချို့ခရစ်ယာန်များက  ပြန်လည်တောင်းပန်သင့်သည်ဟုဆိုကြ၍ တချို့က ဘုရားသခင်၏အမျက်ဒေါသသည် ဘုရားရှင် တော်၏ကောင်းမြတ်ခြင်းနှင့် တကဏ္ဍစီဟု ကောက်ချက်ချကြသည်။ ထင်မြင်ယူဆချက် အတွေး ကိုယ်စီရှိကြသည်။ သို့သော် ဘုရားသခင်သည် ထိုသို့ကလဲ့စားပြန်လည်ချေသောအခါ ရှက်စရာ မဟုတ်။ အကျိုးအကြောင်း ခိုင်လုံသည်။ ဘုရားရှင်၏အမျက်ဒေါသသည် သစ္စာတရား၊ တန်ခိုး အစွမ်းနှင့် ကရုဏာတော်ပြည့်စုံကြောင်း ပြသရာဖြစ်သည်။  ကောင်းကင်ဘုံလိုအပ်သကဲ့သို့ ငရဲပြည် သည်လည်း လိအပ်သည်မဟုတ်လော။ ၆၃

၉၄: ဆာ၉၄တွင်    နောက်ဆုံးနေ့ရက်များ၌ ရွေးနှုတ်ခံဣသရေလလူနည်းစုတို့၏ အသံ ကြားရသည်။ ဘုရားသခင်က ထိုသူများ၏ ရန်သူများကို ချေမှုန်းသုတ်သင်ပေးမည်။ ဘုရားသခင်၏ လူများကို သာသာစီးစီးနှိပ်ကွပ်သော လောကမင်းများနှင့် တရားသူကြီးများကို ဘုရားရှင်က လက်စား ချေပေးမည့်အချိန်အခါ ရောက်လာတော့မည်။ မတရားသောသူများသည် အဘယ်မျှကာလထိုတိုင်အောင် သက်ဇိုးရှည်ကြမည်နည်း။ ဘယ်အချိန်ကာလကြမှ ရေငုံနှုတ်ပိတ်တိတ်ဆိတ်ကြမည်နည်း။

၉၄: မာနထောင်လွှား၍ သူတပါးကိုညှဉ်းပန်းနှိပ်စက်သော ဖိနှိပ်သူလူတန်းစားအား အရေးယူမည်။ “သူတပါးကို စော်ကားကြသည်။ ကြမ်းတမ်းသောစကားပြောကြသည်။ ကြွားလုံးထုတ်ပြ သည်။ ယေဟောဝါဘုရားရှင်၏လူများကို သံခွာအောက်သို့နင်းချေကြပြီ။ ထိုသူများသည် ကိုယ်တော်၏ အမွေခံမည့်လူများကို နှိပ်ကွပ်ကြပြီ။ ခိုကိုးရာမဲ့မုဆိုးမများကို အနိုင်ကျင့်ကြသည်။ တည်းခိုစရာမရှိ ဧည်သည်ဆောင်လာများကို ရိုင်းပျကြသည်။ အမိမဲ့သားရေနည်းငါးများကို နိုင်တက်စီးနင်းပြုကြသည်။ ယာကုပ်၏ဘုရားက ထိုလူများ၏မိုက်ရိုင်းမှုများ ကြည့်ရှုနေကြောင်းကိုမသိကြ။ တရားကိုဘုရားက စောင့်မှန်းနားမလည်ကြ။

၉၄:၁၁ အဘယ်မျှမိုက်မဲကြသနည်း။ ဘုရားသခင်က သိမှာမဟုတ်ဘူးဟု ထင်မြင်ကြသည်။ ဘုရား သခင်က ကြားစရာနား၊ မြင်စရာမျက်စိမပေးထားလျှင် ထိုလူမိုက်များသည် အဘယ်မျှမိုက်တွင်းနက်၍ ဘုရားရှင်ကို စော်ကားမော်ကားကြမည်နည်း။ ဖန်ဆင်းရှင်ဘုရားသခင်က မျက်စိတပ်ပေးသည်ကို မသိ ကြသလား။ တိုင်းနိုင်ငံသားများကို ပဲ့ပြင်ဆုံးမသည့်ထိုအရှင်သည် ဉာဏ်ပညာမရှိဘဲနေပါ့မည်လား။ ပိုးမွှေးသကဲ့သို့ ယုယထားသောလူမျိုးတော်ကို ဖျက်လိုဖျက်စီးပြုသောလူမိုက်များအား လက်ပိုက်ကြည့်နေ မည်လား။ လူကိုဖန်ဆင်းသောအရှင်သည် ဖန်ဆင်းထားသောလူသားထက် အသိဉာဏ်ပညာမမြင့်မားဘဲ နေမည်လော။ ဘုရားသခင်က အရာခပ်သိမ်းကို သိရှိပါသည်။ လူ့အကြံအစည်မှစ၍ အူမချီခါးထိအောင် သိသည်။ အချည်းနှီးကြံစည်ကြပုံကို လည်းသိမြင်သည်။

၉၄:၁၂၁၅ ဆာလံဆရာသည် ဘုရားသခင်ကသူ့ကိုဆင်းရဲဒုက္ခပေးသည်မှာ ယုံကြည်ခြင်း ရင့်ကျက်ရန် သွန်သင်ခြင်းဟုခံယူသည်။ ဘုရားသခင်က သူ့လူများအားယဉ်ပါးအောင် ပညတ်တရားပြဌါန်း ပေးသည်။ ကောင်းယဉ်စေရန် လေ့ကျင့်သွန်သင်သည်။ မတရားသောသူများသည် မိမိသေတွင်းကို မိမိကိုယ်တိုင် တူးကြသည်။ မည်သို့ဆိုစေ ယေဟောဝါဘုရားသည် သူ့လူများကို စွန့်ပစ်ခြင်းပြု။ အမွေခံများ ပစ်မထား။ တရားသဖြင့်ပြန်လည်စုစည်း နလံထူစေမည်။ အခြားသူများက သဘောကျ၍ချဉ်းကပ်လာကြ မည်။

၉၄:၁၆၁၉ ကိုယ်တိုင်အစွမ်းအစမရှိသော ဒုစရိုက်သမားများက ဘုရားရှင်ကို အန်တုဆန့် ကျင်ကြခြင်းသည် အံ့သြ၍မဆုံးပါ။ မည်သို့ခက်ထန်ကြမ်းတမ်းစေကာမူ၊ ဘုရားရှင်ကဖြောင့်မတ်သူများကို မေ့ချန်မထား။ ဘုရားသခင်က အချိန်မရွေးကူညီမစသည်။ တနည်းအားဖြင့် မတော်မတရားသူများအား သင်္ချိုင်းကုန်းတွင် နှုတ်ဆိတ်စေမည်။ လူ့အစွမ်းအစဖြင့်ဆိုလျှင် မတရားသူများ၏ရှေ့တွင် ကျားရှေ့မှောက် ရက်လဲနေပြီ။ သို့သော်လည်း ဘုရားသခင်၏အံ့ဘွယ်ကျေးဇူးတော်ခံစားရသည်။ စိုးရိမ်သောကဗျာဝါဒနှင့် သံသယစိတ်ပေါ်သောအခါ ဘုရားရှင်က နှစ်သိမ့်ငြိမ်သက်စေသည်။ ချမ်းမြေ့ပါပေသည်။

၉၄:၂၀၂၃ ဘုရားသခင်နှင့်ထိုမင်းဆိုးမင်းညစ်များအကြားတွင် ဆက်ဆံရေးပြေလည်နိုင်သည့်နည်း လမ်းရှိပါသလား။ ခရစ်တော်နှင့်အန္တီခရစ်သည် တူယှဉ်နှစ်ပါးသွားနိုင်ပါသလား။ ဘုရားသခင်က လူများအား အပြစ်ပြုပိုင်ခွင့်ပြဌာန်းပေးပါသလား။ အဖြေရှာကြည့်ပါ။ အာဏာယစ်မူးသည့်မင်းဖြစ်သော ကျွန်က အပြစ်မဲ့ ပြည်သူများနှင့်ဖြောင့်မတ်သူများကို သတ်ဖြတ်သည်။ သို့သော် ဘုရားသခင်သည် အကာအကွယ် ပုန်းခိုရာ ခံတပ်ဖြစ်သည်။ မတရားသဖြင့် ပြုမူလုပ်ဆောင်ချက်များကို ဘုရားရှင်ကစီရင်မည်။ မတရားသဖြင့် ဆင်းရဲဒုက္ခရောက်သူများကို ဘုရားရှင်ကနှစ်သိမ့်မည်။ မျက်ရည်သုတ်ပေးမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။