ဆာလံကျမ်း - ၈၉

ဘုရားသခင်နှင့်ဒါဝိဒ်၏ပဋိညာဉ်
(၃ရာ၊ ၄း၃၁)
1အကျွန်ုပ်သည် ထာဝရဘုရား၏ကရုဏာတော်ကို အစဉ်အမြဲသီချင်းဆိုပါမည်။ ကိုယ်တော်၏သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။ 2ကရုဏာတော်သည် အစဉ်အမြဲတည်ရပါ၏။ သစ္စာတော်ကို ကောင်းကင်၌ ခိုင်ခံ့မြဲမြံစေတော်မူသည်ဟု အကျွန်ုပ်သဘောကျပါ၏။ 3ကိုယ်တော်မိန့်တော်မူသည်ကား၊ သင်၏အမျိုးအနွယ်ကို အစဉ်မပြတ် ငါမြဲမြံစေမည်။ 4သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက်တည်စေမည်ဟု ငါရွေးကောက်သောသူနှင့် ငါသည်ပဋိညာဉ်ဖွဲ့၍၊ ငါ၏ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကို ပြုပြီ။
5အို ထာဝရဘုရား၊ ကောင်းကင်သည် အံ့ဖွယ်သောအမှုတော်တို့ကိုလည်းကောင်း၊ သန့်ရှင်းသောသူတို့သည် စည်းဝေးလျက် သစ္စာတော်ကိုလည်းကောင်း ချီးမွမ်းကြပါစေသော။ 6အကြောင်းမူကား၊ ကောင်းကင်တွင် ထာဝရဘုရားနှင့် အဘယ်သူပြိုင်နိုင်သနည်း။ ဘုရားသခင်၏သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။ 7ဘုရားသခင်သည် သန့်ရှင်းသူတို့၏ပရိသတ်တွင် အလွန်ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသောသူအပေါင်းတို့ထက် ရိုသေဖွယ်ဖြစ်တော်မူ၏။ 8ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း။ ထာဝရဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။ 9သမုဒ္ဒရာဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်းတံပိုးထသောအခါ ငြိမ်းစေတော်မူ၏။ 10ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကိုချိုးဖျက်၍၊ အားကြီးသောလက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူ၏။ 11ကောင်းကင်နှင့် မြေကြီးသည် ကိုယ်တော်၏ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ်တန်ဆာများကို တည်တော်မူပြီ။ 12မြောက်မျက်နှာနှင့် တောင်မျက်နှာကိုလည်း ဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန်တောင်သည် နာမတော်ကိုအမှီပြု၍ ရွှင်လန်းစွာသီချင်းဆိုကြပါ၏။ 13တန်ခိုးရှိသောလက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည်အားကြီး၍၊ လက်ယာလက်တော်သည် မြင့်ပါ၏။ 14တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်ပါ၏။ ကရုဏာနှင့်သစ္စာသည် မျက်နှာတော်ရှေ့၌သွားကြပါ၏။ 15အို ထာဝရဘုရား၊ နှိုးဆော်တော်မူခြင်းအသံကို နားလည်သောလူမျိုးသည် မင်္ဂလာရှိပါ၏။ 16သူတို့သည် မျက်နှာတော်အလင်း၌ သွားလာရကြပါ၏။ နာမတော်၌ အစဉ်ဝမ်းမြောက်၍ ဖြောင့်မတ်တော်မူခြင်းတရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရကြပါ၏။ 17ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ်တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက်ရှိပါ၏။ 18ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ကွယ်ကာတော်မူ၏။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည် အကျွန်ုပ်တို့၏ရှင်ဘုရင်ဖြစ်တော်မူ၏။
ဒါဝိဒ်အားဘုရားသခင်ပေးတော်မူသောကတိ
19တစ်ရံရောအခါ ကိုယ်တော်၏သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသောသူသည် ကူမမည်အကြောင်း ငါခန့်ထားပြီ။ လူစုထဲက ရွေးကောက်သောသူ တစ်ယောက်ကို ငါချီးမြှောက်ပြီ။ 20ငါ၏ကျွန်ဒါဝိဒ်ကို ငါတွေ့၍၊ သန့်ရှင်းသောဆီနှင့် ဘိသိက်ပေးပြီ။ 21သူ့ဘက်မှာ ငါ့လက်သည်တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။ 22ရန်သူသည် သူ၏ဥစ္စာကို အနိုင်အထက်မယူရ။ မတရားသောသူသည် မညှဉ်းဆဲရ။ 23သူ၏ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသော သူတို့ကို ဒဏ်ခတ်မည်။ 24ငါ၏သစ္စာနှင့် ကရုဏာသည်သူ့ဘက်မှာနေ၍၊ ငါ၏နာမအားဖြင့် သူ၏ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည်။ 25သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာလည်းကောင်း၊ သူ၏လက်ယာလက်ကို မြစ်များပေါ်မှာလည်းကောင်း ငါတင်၍ထားမည်။ 26သူကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်ရာကျောက်ဖြစ်တော်မူ၏ဟု ငါ့ကို ကြွေးကြော်လိမ့်မည်။ 27အကယ်စင်စစ် သူ့ကို သားဦးအရာ၌ ခန့်ထား၍၊ လောကီရှင်ဘုရင်တို့အပေါ်မှာ ချီးမြှောက်မည်။ 28ငါ၏ကရုဏာကို သူ့အဖို့ငါသည် အစဉ်စောင့်၍၊ ငါ၏ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။ 29သူ၏အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေမည်။ သူ၏ပလ္လင်သည် ကောင်းကင်ကလာသကဲ့သို့ နိစ္စထာဝရဖြစ်လိမ့်မည်။
30သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏စီရင်ချက်တို့ကို မကျင့်၊ 31ငါ၏အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ပညတ်တို့ကို မစောင့်ဘဲနေလျှင်၊ 32ငါသည် သူတို့ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့်ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။ 33သို့သော်လည်း၊ ငါ၏ကရုဏာကို သူမှငါမနုတ်မပယ်။ ငါ၏သစ္စာကိုလည်း မဖျက်။ 34ငါ၏ပဋိညာဉ်တရားကိုလည်း မရှုတ်ချ။ ငါမိန့်မြွက်သော စကားလည်း ဖောက်ပြန်ခြင်းမရှိရ။ 35ငါသည် ဒါဝိဒ်ကိုမလှည့်စားဟု ငါ၏သန့်ရှင်းခြင်းပါရမီကို တိုင်တည်၍ တစ်ခါကျိန်ဆိုပြီ။ 36သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရမည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ဖြစ်ရမည်။ 37လကဲ့သို့လည်းကောင်း၊ မိုးကောင်းကင်၌ သစ္စာစောင့်သော သက်သေကဲ့သို့လည်းကောင်း၊ အစဉ်မြဲမြံရမည်ဟု ကိုယ်တော်သည် မိန့်တော်မူပါပြီ။
မင်းကြီးအရေးရှုံးနိမ့်သည့်အတွက် ငိုကြွေးမြည်တမ်းခြင်း
38သို့သော်လည်း၊ ကိုယ်တော်သည် ယခုစွန့်ပယ်၍ရွံရှာတော်မူပြီ။ အထံတော်၌ ဘိသိက်ခံသောသူကို အမျက်ထွက်တော်မူပြီ။ 39ကိုယ်တော်၏ကျွန်နှင့်ဖွဲ့သော ပဋိညာဉ်ကိုဖျက်၍၊ သူ၏သရဖူကို မြေတိုင်အောင် ရှုတ်ချတော်မူပြီ။ 40သူ၏ခြံရှိသမျှတို့ကိုချိုး၍၊ သူ၏တိုက်များကို ဖြိုဖျက်တော်မူပြီ။ 41လမ်း၌လျှောက်သွားသောသူအပေါင်းတို့သည် သူ့ကိုလုယူကြ၏။ အိမ်နီးချင်းတို့တွင် ကဲ့ရဲ့ဖွယ်ဖြစ်ပါ၏။ 42သူ၏ရန်သူတို့ လက်ယာလက်ကို ချီးမြှင့်၍၊ ရန်ဘက်ပြုသောသူအပေါင်းတို့ကို ဝမ်းမြောက်စေတော်မူ၏။ 43သူ၏ဓားသွားကိုလိပ်စေ၍၊ သူစစ်တိုက်ရာတွင် ထောက်မတော်မမူပါ။ 44သူ၏ဘုန်းကိုကွယ်စေ၍၊ သူ၏ရာဇပလ္လင်ကို မြေသို့နှိမ့်ချတော်မူပြီ။ 45သူ၏ပျိုသောအရွယ်ကို တိုစေ၍ အရှက်ခွဲတော်မူပြီ။
လွတ်မြောက်ရန်ဆုတောင်း
46အို ထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်းမထင်ရှားဘဲ၊ အဘယ်မျှကာလပတ်လုံးပုန်း၍ နေတော်မူမည်နည်း။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း။ 47အကျွန်ုပ်၏အသက်တာသည် အဘယ်မျှလောက် တိုသည်ကိုလည်းကောင်း၊ အဘယ်မျှလောက် ပျက်တတ်စေခြင်းငှာ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည်ကိုလည်းကောင်း၊ အောက်မေ့တော်မူပါ။ 48သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ်ကို မရဏာနိုင်ငံတန်ခိုးမှ ကယ်နုတ်နိုင်သောသူကား အဘယ်သူနည်း။ 49အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ်တော်၏ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေးကရုဏာတော်သည် အဘယ်မှာရှိပါသနည်း။ 50အိုထာဝရဘုရား၊ ကိုယ်တော်၏ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာသော လူတို့၏အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ်ရင်ခွင်၌ ဆောင်ရပါ၏။ 51အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ခြေတော်ရာတို့ကို ကဲ့ရဲ့တတ်ကြပါ၏။ 52ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။

ဆာလံကျမ်း - ၈၉ (အနက်ဖွင့်)

ဆာ ၈၉ ဒါဝိဒ်သို့ ဘုရားသခင်၏ပဋိညာဉ်

၈၉: ယေဟောဝါဘုရားသခင်က ဒါဝိဒ်ထံသို့ပြုတော်မူသော ပဋိညာဉ်အား ဧသန်က ထုတ်ဖော် ထောမနာပြုသည်။ ဘုရားသခင်၏ကရုဏာတော်သည် အစဉ်တည်တံ့တော်မူသောကြောင့် အစဉ်ထာ၀ရ ချီးမွမ်းပါမည်။

၈၉: ဘုရားသခင်နှင့်ဒါဝိဒ်တို့အကြားပဋိညာဉ်သည် ယုံကြည်ခြင်းသစ္စာဖြစ်၍ သန့်ရှင်းသည်။ ဒါဝိဒ်သည် ဘုရားသခင်ရွေးချယ်တော်မူသော အစေခံကျွန်ဖြစ်သည်။ ဒါဝိဒ်ပလ္လင်တော်သည် ခေတ်ကာလ အဆက်ဆက် ထီးမွေနန်းမွေခံကြရမည်။ မျိုးကန်းခြင်းအလျဉ်းမရှိရ။ ခေတ်အဆက်ဆက် နန်းမျိုးနန်းနွယ် တည်နေမည်။

၈၉: ဘုရားရှင်ပြုတော်မူသော ပဋိညာဉ်သည် အံ့သြဘွယ်ရာ တည်ပါသည်။ ဘုရားသခင်၏ နာမတော်သည် ကမ္ဘာမြေပြင်လျှံထွက်၍ ကောင်းကင်ဘဝဂ်တွင်လည်း ချီးမွမ်းကြသည်။

၈၉: ဘုရားသခင်သည် ကောင်းကင်ဘုံယံရှိ ကောင်းကင်သားများထက် ကြီးမြတ်သည်။ လူ့အသိအမြင် အစွမ်းအစထက် ကြီးမြင့်ရကား အံ့သြချီးမွမ်းဘွယ်ရာသာ ရှိသည်။ မည်သည့်ကောင်းကင်သား ကမှ ဘုရားရှင်ကိုတုပ၍ မရနိုင်။ ကိုယ်တော်သည် ကောင်းကင်ဘဝဂ်တွင် အကြီးမြတ်ဆုံးဖြစ်သည်။ မည်သည့်အရာ မည်သည့်နည်းလမ်း မည်သည့်နေရာတွင်မဆို ဘုရားရှင်သည်တုနှိုင်းဘွယ်မရှိ။ ထာ၀ရဘုရား သခင်သည် အကြီးမြတ်ဆုံး။ သစ္စာတရားနှင့်ပြည့်စုံတော်မူ၏။

၈၉:၁၀ ထိုမျှသာမက ဘုရားရှင်သည် ဖန်ဆင်းထားသော အရာများကိုလည်း ကျေးဇူးတော် ထောက်ပံ့သော အရှင်ဖြစ်သည် (ငယ် ၉-၁၅)။ လှိုင်းလုံးထနေသော ပင်လယ်များကို ငြိမ်စေနိုင်သ ကဲ့သို့ ဒီရေဝဲသြဃများကိုလည်း ရပ်တန့်စေနိုင်သည်။ ထိုသို့ပြုခြင်း ဖန်ဆင်းထားသော အရာများပေါ်သို့ သြဇာညောင်းသည့် သက်သေဖြစ်သည်။ နှစ်ပေါင်းများစွာက ဂါလိလဲအိုင်ရေပြင်ပြာတွင် ထိုသို့သခင်ယေရှုပြု ခဲ့သည်။ ထို့အပြင် ရာခပ်(အဲဂုတ္တုပြည်) ထံမှလည်း ကျွန်ဘ၀မှ လွတ်မြောက်အောင် ခေါ်ထုတ်လာခဲ့သည်မှာ အံ့ဘွယ်အမှုတော်ဖြစ်သည်။ ဒုက္ခသည်များကို ခြေ င်္သေ့ကသားကောင်များကို ဖြဲစားဝါးစားသကဲ့သို့ ခေါင်းပုံဖြတ်သူများကိုလည်း ဘုရားရှင်က ပြားပြား၀ပ်အောင်ဆုံးမပေးသည်။ နွေဦးလေပြေယော်ရွက်ကြွေ သကဲ့သို့ ရန်သူများကိုလည်း ဖရိုဖရဲလွင့်ပါးစေသည်။

၈၉:၁၁၁၃ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေသည် ဘုရားသခင်ဖန်ဆင်းထားသော လက်ရာတော်များ ဖြစ်သည်။ ဘုရားရှင်က အမြစ်တည်ခိုင်းထားသေကြောင့် ကမ္ဘာမြေနှင့် အရာခပ်သိမ်းကို ဘုရားရှင် ပိုင်ဆိုင်သည်။ မြောက်အရပ်၊ တောင်အရပ်တို့သည်လည်း ဘုရားရှင်တော်ဖန်ဆင်းခြင်းလက်ရာ ဖြစ်သည်။ တာဗောင်တောင်နှင့် ဟေရမုန်တောင်တို့သည်လည်း ဖန်ဆင်ရှင်ကို အသိအမှတ်ပြုသောအားဖြင့် ခေါင်းညိတ် ၀န်ခံကြသည်။ ကိုယ်တော်၏လက်တော်သည် တန်ခိုးတော်နှင့်ပြည့်စုံ၍ သန်မာထွားကျိုင်းသည်။ လက်ယာတော်သည် တန်ခိုးအစွမ်းသတ္တိပြည့်စုံသည်။

၈၉:၁၄ ကိုယ်တော်၏ကျန်အင်လက္ခဏာသည် ပြီးပြည့်စုံတော်မူသည့်အားလျော်စွာ ပလ္လင်တော်သည် ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်း အမွှာဥပဒေသပေါ်တွင် အခြေတည်သည်။ ကိုယ်တော်ရောက်လေရာတိုင်း ၌ ကရုဏာတော်နှင့် သစ္စာတရားတည်သည်။

၈၉:၁၅၁၈ ဘုရားသခင်၏ ပဋိညာဉ်တည်တံ့ပုံချီးမွမ်းပြီးနောက် ဧသန်သည် ဘုရားသခင်လူများ မင်္ဂလာရှိကြပုံ တဖန်ထုတ်ဖော်သည်။ “နှိုးဆော်တော်မူခြင်း၊ အသံကိုနားလည်သူများသည် မင်္ဂလာ ရှိကြသည်” ရှေးယုဒလူများသည် ဘာသာရေးပြက္ခဒိန်အရ အခါကြီးရက်ကြီးများတွင် ပွဲတော်ဆော်သြသံ ကြားရလေ့ရှိသည်။ ယနေ့ကာလတွင်လည်း ဧဝံဂေလိသတင်းကြားသိသူများသည် မင်္ဂလာရှိကြသည်။ ထိုမင်္ဂလာရှိသူများသည် ပြုဘွယ်အငန်းအတာအမျိုးမျိုး ပြုကြသေးသည်။ အလင်းထဲတွင် လျှောက်လှမ်း ကြသည်။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်း မြည်းစမ်းသူများသည် စမ်းရေထွက်ပမာ အတော်မသတ် အစဉ်၀မ်မြောက်ကြသည်။ မိမိတို့အစွမ်းသတ္တိကို မဝါကြွား။ ကိုယ်တော်ကို သိကျွမ်းခြင်း၌ ဂုဏ်ယူကြသည်။ ကျေးဇူးတော်အားဖြင့် သူတို့ဦးချိုသည် ချီးမြှောက်ခြင်းခံကြရသည်။ တနည်းအားဖြင့် ဂုဏ်သတင်း ခိုင်းမာကြသည်။ ထာ၀ရဘုရားသခင် အကွယ်အကာဖြစ်သည်။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားသည် ရှင်ဘုရင်ဖြစ်တော်မူသည်။

၈၉:၁၉ ဧသန်က ဘုရားသခင်နှင့် ဒါဝိဒ်တို့အကြား ပဋိညာဉ်ကို ပြန်လည်ဖောက်သည်ချသည် (ငယ် ၂၉-၃၇)။ လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ဘုရားသခင်က သူ့တယောက်ကို ဗျာဒိတ်ရူပါရုံပေးထားသည်။ ရွေးကောက်ထားသော လူတယောက်သည် ရှမွေလကို (၁ရာ ၁၆:၁-၂၀)၊ နာသန် (၂ရာ ၇:၁-၂၇) သို့မဟုတ် ယေဟောဝါဘုရားသခင်၏ အစေခံကျွန်ယေရှုခရစ်တော်ကို ဆိုလိုခြင်းဖြစ်နိုင်သည်။ ချို့ယွင်းချက်မထား၊ လွတ်လပ်သော ကျေးဇူးတော်ပြုထားသည်။ လူမျိုးတော်တစုထဲက ရွေးကောက်ထားသူ မှန်ကြောင်း သရဖူဆောင်းပေးသည်။ ကျမ်းချက်အများအကြားတွင် ဒါဝိဒ်နာမည်တွေ့ရသောကြောင့် ကြွတော်မူသော မေရှိယသခင်ကို မမြင်တော့ဘဲ ဒါဝိဒ်ကိုသာမြင်ကြသည်။

၈၉:၂၀၂၄ ယေဟောဝါဘုရားသခင်က ရှမွေလကိုသုံး၍ ဒါဝိဒ်အား သူ့ညီအစ်ကိုတစုထဲမှ ရွေးချယ် ဘိသိက်ပေးသည်။ သန့်ရှင်းသောဘိသိက်ဆီလူးလျက် ရှင်ဘုရင်အဖြစ် တင်မြှောက်သည်။ ဘုရားသခင်၏ လက်တော်ဖြင့် ကွယ်ကာစောင့်ရှောက်မည်ဟု ပဋိညာဉ်ဖွဲ့နှောင်ခဲ့သည်။ ဒါဝိဒ်၏ရာဇပလ္လင်သည် ထီးနန်း စွန့်ခြင်းမရှိ အစဉ်တည်တံ့မည်။ လက်တော်ဖြင့် ဘေးရန်လုံခြုံစေမည်။ ရန်သူများကို နှိမ်နင်းဖြိုခွင်းပေးမည်။ မတော်တရားရန်သူများက ဘေးအန္တာရယ်မပေးရ။ ဘုရားရှင်က ရန်သူများကို ချေမှုန်းပေးမည်။ မလိုမုန်းတီး သူများ၏ဘေးရန်မှ ကာကွယ်မည်။ ဘုရားသခင်၏သစ္စာတော်နှင့် ကရုဏာတော်သည် သူ့အပေါ်သို့ အစဉ် အမြဲတည်မည်။ ဒါဝိဒ်၏အိမ်တော်သည် အားအင်တောင့်တင်းနေမည်။

၈၉:၂၅ အာဗြဟံသို့ ကတိတော်(က ၁၅:၂၈) ထားသည့်အတိုင်း နိုင်ငံတော်နယ်နိမိတ်သည် မြေထဲပင်လယ်မှ ဥဖရတ်မြစ်ထိအောင် ကျယ်ပြန့်သည်။ ကမ္ဘာဦးကျမ်းတွင် မြေအဲဂုတ္တုမြစ်မှ ဥဖရတ်မြစ်ထိဟု ဆိုသော်လည်း အဲဂုတ္တုမြစ်သည် မြေထဲပင်လယ်ထဲသို့စီး၀င်စေသောကြောင့် နယ်နိမိတ်သည် အတူတူပင်ဖြစ်သည်။

၈၉:၂၆-၂၇ ဒါဝိဒ်က ယေဟောဝါဘုရားသခင်အား ခမည်းတော်၊ ဘုရားသခင်၊ ခိုလှုံရာ ကျောက်ဆောင်အဖြစ် ခံယူသည်။ ဘုရားသခင်ကလည်း လူ့လောကရှိ သားဦး၊ အမြင့်ဆုံးသော ရှင်ဘုရင်အဖြစ် ပြန်လည်ချီးမြှောက်သည်။ သားဦးဟူသောစကားကို အဓိပ္ပါယ်အမျိုးမျိုးကောက်ယူနိုင်သည်။ မာရိကသားဦးကို ဘုရားသခင်ထံသို့ ယူဆောင်လာသည်။ (လု ၂:၇) ဟု ဆိုသောအခါ ပထမဦးဆုံး ဘွားမြင်သန့်စင်သော ရင်သွေးကိုရည်ညွှန်း၍ ဒါဝိဒ်ကိုသားဦးဟု ညွှန်းဆိုရာတွင် တမျိုးအဓိပ္ပါယ် သက်ရောက်သည်။ အဘယ့်ကြောင့်ဆိုသော် ဒါဝိဒ်သည် ယေရှဲ၏သားထွေးဖြစ်သည်။ သို့ကြောင့် လောက ဘုရင်များတွင် အမြင့်ဆုံးဟူသော စကားရပ်ကို ထောက်ရှုခြင်းဖြင့် အဆင့်မြင့် ရာထူးဂုဏ်ဒြပ်ကို ဆိုလိုကြောင်း နားလည်ရသည်။ ထိုကဲ့သို့ပင် ရှင်ပေါလုက သခင်ယေရှုအားရည်ညွှန်း၍ “ဖန်ဆင်းသော လူများထဲတွင်အဦးဆုံးသောလူ” (ကော ၁:၁၅)ဟု ဆိုသည်။ သို့သော်ဘုရားသခင်က ယေရှုကို ပထမဦးဆုံးဖန်ဆင်းသည်ဟု မဆိုလို။ ဝေနေယျသတ္တဝါအပေါင်းတို့တွင် အကြီးမြတ်ဆုံးသောသူဟု ဆိုလို သည်။

၈၉:၂၈၂၉ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ဒါဝိဒ်တွင်ပြည့်စုံသည်။ ပြုထားခဲ့သော ပဋိညာဉ်သည် အချည်းနှီးဖြစ်သည်ဟူ၍မရှိ။ ဒါဝိဒ်၏ရာဇပလ္လင်သည် ခိုင်မာ၍ အစဉ်အဆက် တော်၀င်နန်းစံလိမ့်မည်။

၈၉:၃၀၃၂ သို့သော် ဒါဝိဒ်သို့ ပြုထားသော ပဋိညာဉ်အရိပ်ကြောင့် အပြစ်ကျူးလွန်မည့် ဒါဝိဒ်၏ သားများအပေါ်သို့ အကျိုးသက်ရောက်မှုမရှိရ။ ဆင်ဖြူတော်ကိုမှီ၍ ကြံစုတ်ဖို့မကြံနှင့်။ ကိုယ်ဖြစ်ကိုယ်ခံ။ ပညတ်တရားကျူးလွန်လျှင် အပြစ်စီရင်ခြင်းခံရမည်။ ထိုကျမ်းစကားက အတိတ်နိမိတ် ပေးလေလျော့ သလား။ တကယ့်သမိုင်းကြောင်းအပေါ်တွင် ဒါဝိဒ်၏သားမြေးများသည် ယေဟောဝါဘုရားသခင်ပေါ်သို့ သစ္စာမရှိကြ။ ထို့ကြောင့် ဝါးရင်းတုတ်ဖြင့် ကျောကော့အောင်ဆုံးမခြင်းခံရသည်။ ဗာဗုလုန်တို့က ကျွန်အဖြစ် ဖမ်းစီးခေါ်ဆောင်သွားကြသည်။

၈၉:၃၃ ကတိတော်သည် တည်နေလင့်ကစား ယုဒနိုင်ငံတော်သည် လငပုတ်ဖမ်းစားခံခဲ့ရသည်။ ယေရုရှလင်တွင် အုပ်စိုးသူမင်းစိုးရာဇာမရှိ။ ဘုရားရှင်က ထီးမျိုးနန်းနွယ် မျိုးစေ့ချပေးသည့်အတိုင်း တဖန်နိုင်ငံတော်တည်ဦးမည်။

၈၉:၃၄၃၉ သာမန်အားဖြင့် အပြင်ပန်းသဏ္ဍာန်ကြည့်လျှင် ဘုရားသခင်သည် ဒါဝိဒ်သို့ ပြုထားသော ပဋိညာဉ်မေ့လျော့သည်ဟု ထင်မြင်ယူဆစရာရှိပါသည်။ ဗာဗုလုန်သားများကို ယုဒပြည်ကို တိုက်ခိုက် သိမ်းပိုက်၍ တိုင်းသူပြည်သားများအား ကျေးကျွန်အဖြစ် ခေါ်ဆောင်သွားကြသည်။ ထိုနေ့ရက်မှစ၍ ယခု ချိန်ထိ ယုဒပြည်တွင် ပလ္လင်တော်မတည်။ သို့သော် ဘုရားသခင်က မေ့မရပါ။ လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ခန့်တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော် မွေးဘွားသန့်စင်တော်မူသည်။ ယေသပ်၏သား ဖြစ်သည်။ ယောသပ်သည် ယုဒနန်းသွေးပါရှိသူဖြစ်သည်။ ယေရှုသည် ဒါဝိဒ်၏ထီးမွေနန်းမွေကို ဆက်ခံပိုင်ခွင့် ရှိသူဖြစ်သည် (မ ၁)။ မိခင်မာရိဘက်မှကြည့်လျှင် နန်းမျိုးနန်းနွယ်ဖြစ်သည်။ နာသန်မျိုးရိုးမှ ဆင်းသက် လာသည်။ သို့ဖြင့်သခင်ယေရှုခရစ်တော်တွင် ပြည့်စုံသည်။ တနေ့သောအခါ လူလောကသို့ တဖန် ဆင်းသက်လာ၍ နိုင်ငံတော်တည်ထောင်သောအခါ ဒါဝိဒ်၏မြေးတော် နန်းမွေပီပြင်လာသည်။

ထိုအဖြစ်အပျက်များကို ဧသန်တွေ့မြင်ရမည်မဟုတ်။ သူ့အမြင်တွင် ကတိတော် ရေစုန်မျော သွားပြီလားဟု ထင်ရသည်။ ကိုယ်တော်ဘိသိက်ပေးထားသော တော်၀င်နန်းနွယ်ကို ပစ်ပယ်သွားပြီလား။ စွန့်ခွာသွားလေပြီလားဟု ဘုရားသခင်ထံ စောဒကတက်သည်။ ဒါဝိဒ်သို့ပြုထားသော ပဋိညာဉ် ပြန်လည် ရုပ်သိမ်းသွားလေရော့သလားဟု ဆင်ခြေပေးခြင်းမှတပါး ဧသန်တွင် ပြောစရာမရှိ။ ပလ္လင်တော်ကို ဖုန်မှုန့်ထဲ ပစ်ချလေရော့သလား။ ဘုရားသခင်သည်သူ့ဂတိတော်ကို ဖျက်သိမ်းရိုးမရှိ။ မည်သို့ဖြစ်လာဦးမည်လဲဟုသာ အလေးအနက်စဉ်းစားရသည်။

၈၉:၄၀၄၅ ယေရုရှလင်မြို့ရိုးသည်လည်း ပေါက်ပြဲကုန်ပြီ။ မြို့ရိုးကိုဖြိုဖျက်ကုန်ပြီ။ ခရီးသွားခရီး လာများက မေးငေါ့ကဲ့ရဲ့ကြသည်။ တပါးအမျိုးသားအိမ်နီးနားချင်းများက အတင်းပြောနေကြပြီ။ ဘုရားသခင်၏လူများ ကိုင်ဆောင်သောလက်နက်များသည် ပွဲမတိုး။ စစ်သားများက ရန်သူတိုက်စစ်ကို မတွန်းလှန်နိုင်။ ရှင်ဘုရင်နေရာလစ်ဟာနေပြီ။ ရာဇပလ္လင်တော်လည်း သံချေးတက်ဖုန်တက်လုပြီ။ အရွယ်မရောက်မီ အိုမင်းရင့်ယော်၍ အရှက်ကွဲလုပြီ။

၈၉:၄၆၄၈ ဘုရားသခင်ပြုထားသော ပဋိညာဉ်သည် သူ့လူများထံသို့ မရောက်ဘဲ အဘယ်မှာ သဝေထိုးနေပါသနည်း။ အမျက်တော်သည် တောမီးပမာ တောက်လောင်နေသည် အဘယ်မျှကာလပတ်လုံး ဟူသောစကားသည် ကောင်းကင်ဘုံကို တသသည့်စကားဖြစ်သည်။ လူ့ဘ၀သည် တိုတောင်းလှပါကြောင်း ဧသန်က ဘုရားသခင်ထံသို့ သတိပေးသည်။ လူတိုင်းသေကြေရမည်။ သင်္ချိုင်းတန်ခိုးက ထာ၀ရ စိုးမိုးသွားမည်။ ယနေ့ ယုံကြည်သူများသည် ဧသန်ထက် အတွေးကောင်းကြသည်။ ထာ၀ရ သေကြေကြမည် မဟုတ်။ အသင်းတော်အား ကောင်းကင်သို့ချီဆောင်ဖို့ သခင်ယေရှုကြွလာသောအခါ ရုတ်ခြည်းပြောင်းလဲ လိုက်ပါသွားကြရမည်။  (၁ကော ၁၅:၅၁)၊ ၁သက် ၄:၁၃-၁၈)။ ထိုအကြောင်းကို ကမ္ဘာဦးသန့်ရှင်းသူများခမြာ မသိလိုက်ကြ။

၈၉:၄၉၅၁ ဧသန်၏ဆုတောင်းခြင်းသည် ရဲရင့်ပြတ်သားသည်။ ဒါဝိဒ်ပြုထားသော ပဋိညာဉ်ကို ချစ်ခြင်းမေတ္တာတော်ဖက်၍ ခိုင်မြဲစေဖို့တောင်းဆိုသည်။ ဣသရေလတို့၏ရန်သူများကို အမှုန့်ခြေမွ ပေးတော်မူပါ။ ဧသန်ကိုယ်တိုင်သည် ပြည်ပရောက်နေသဖြင့် အဘယ်သို့ရန်သူများကို လက်တုန့်ပြန် နိုင်မည်နည်း။

၈၉:၅၂ သို့သော် ယုံကြည်ခြင်းသစ္စာဖြင့် ကျမ်းစကားနိဂုံးချုပ်လိုက်သည်။ ဘုရားသခင်၏ ပေးမည့် အဖြေကို ဧသန်ကိုယ်တိုင်မမြင်ရ၍ အမှုအရာများကို နားလည်နိုင်စွမ်းမရှိလျှင်လည်း ဘုရားရှင်ကို ယုံကြည်မြဲယုံကြည်ပါသည်။ ယုံမှားသံသယအလျဉ်းမရှိ။ တပြားဘိုးမှမလျှော့။ “ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။ အာမင်၊ အာမင်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။