ဆာလံကျမ်း - ၈၇

ဇိအုန်မြို့တွင်နေထိုင်ရန်
1ဘုံဗိမာန်တော်တိုက်မြစ်သည် သန့်ရှင်းသောတောင်ရိုးပေါ်မှာ တည်လျက်ရှိ၏။ 2ထာဝရဘုရားသည် ယာကုပ်၏နေရာအပေါင်းတို့ထက် ဇိအုန်တံခါးတို့ကို သာ၍ နှစ်သက်တော်မူ၏။ 3အိုဘုရားသခင်၏ မြို့တော်၊ သင်သည် ဘုန်းအသရေကြီးလိမ့်မည်ဟူသော စကားကို ပြောထားလျက်ရှိ၏။ 4ငါ့ကိုသိကျွမ်းသောသူတို့တွင်၊ ရာခပ်မြို့နှင့် ဗာဗုလုန်မြို့ကို ငါမှတ်ထားမည်။ ဖိလိတ္တိပြည်၊ တုရုပြည်၊ ကုရှပြည်တို့ကိုလည်း ကြည့်ကြလော့။ ဤမည်သောပြည်သားသည် မြို့တော်၌ ဖွားမြင်သောသူဖြစ်၏။ 5ဇိအုန်မြို့ကိုလည်း လူအမျိုးမျိုးတို့သည်၊ ထိုမြို့၌ ဖွားမြင်ကြပြီ။ အမြင့်ဆုံးသောဘုရားသည် ထိုမြို့ကို ကိုယ်တော်တိုင် မြဲမြံစေတော်မူပြီဟု ပြောဆိုကြလိမ့်မည်။ 6ထာဝရဘုရားသည် လူမျိုးတို့ကို စာရင်းယူတော်မူသောအခါ၊ ဤမည်သောအမျိုးသည် မြို့တော်၌ ဖွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။ 7သီချင်းသည်နှင့် ပွဲသဘင်ခံသောသူအစရှိသော ငါ၏ပျော်မွေ့ခြင်းအကြောင်းရှိသမျှတို့သည် သင်၌ရှိကြသတည်း။

ဆာလံကျမ်း - ၈၇ (အနက်ဖွင့်)

ဆာ ၈၇ တော်၀င်သန်းခေါင်းစစ်တမ်း

ယေရုရှလင်မြို့၀န် Teddy. Kollek နှင့် သူ့လုပ်ဖော်ဆောင်ဘက်များက ယေရုရှလင်မြို့၏ လွန်ခဲ့သော နှစ်ပေါင်းလေးထောင်ခန့်က ခန့်ညားပုံကိုအံ့မခန်း ဤသို့ရေးသားသည်-

ဗိသုကာပညာရှင်များနှင့် သမိုင်းပညာရှင်များက ယေရုရှလင်မြို့ကို ဤနေရာတွင် အဘယ့်ကြောင့် တည်ခဲ့သနည်းဟု သုတေသနပြုခဲ့ကြသည်။ ပတ်၀န်းကျင်အနေအထားအရ မက်မောဘွယ်ရာ စည်းစိမ်ဥစ္စာမတွေ့။ ကမ္ဘာအကျော်ကြားဆုံး မြို့တော်ဖြစ်စရာ အင်္ဂါရပ်လည်းမရှိ။ ကူးသန်း သွားလာရေးလွယ်ကူရာ မြစ်ကြီးနားတွင်လည်းမတည်။ ဆိပ်ကမ်းမြို့ကြီးလည်းမဟုတ်။ လမ်းဆုံ လမ်းခွကျသော အဝေးပြေးလမ်းမကြီးလည်းမပိုင်။ သောက်သုံးရေလည်း စည်ပင်၀ပြောဖို့မပေး။ သို့သော်လည်း ထိုမြို့ကြီးသားများသည် စည်ပင်သာယာ၀ပြောကြသည်။ အကြောင်းတခုတော့ ရှိရမည်။ တွင်းထွက်ပစ္စည်းလည်းမထွက်။ ကူးသန်းရောင်း၀ယ်ရေးအချက်အခြာ မြေလည်းမကျ။ ပတ်၀န်းကျင် တိုင်းနိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်သည့် ရှေးစစ်ဘုရင်များ ပေါ်ထွန်းရာ မြို့ပြနိုင်ငံလည်းမဟုတ်။ စီးပွားရေးဇုံနယ် မဟုတ်သည့်အပြင် လူတိုင်းနှုတ်ဖျားမှာ ပြောစမှတ် ပြုလောက်သည့် အကြောင်းအချက်လည်းမရှိ။ ရွာသာကြီးသာသာရှိခဲ့သည်။ သို့သော် ပတ်၀န်းကျင်ရှိ အခြားမြို့ပြ ပြည်ရွာတိုင်းနိုင်ငံများ လူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့ကြသော်လည်း ယေရုရှလင်သည် ယနေ့တိုင် လူသိများထင်ရှားနေဆဲ၅၇

၈၇: ထိုကဲ့သို့ လူသိထင်ရှားကျော်ကြားနေခြင်းမှာ တခြားအကြောင်းများကြောင့်မဟုတ်။ ဘုရားသခင်ရွေးချယ်တော်မူရာ ဖြစ်သည်။ မြင့်မြတ်သောတောင်ကုန်းပေါ်တွင်တည်၍ မြို့တံခါးများကိုလည်း အခြားသောမြို့ကြီးများထက် နှစ်သက်တန်ဘိုးထားတော်မူသည်။ အနာဂတ်တွင်လည်း ဘုန်းကျက်သရေ တင့်တယ်ဦးမည်။ မေရှိယနိုင်ငံတော်တည်ထောင်၍ ဘုရင်နေပြည်တော်ဖြစ်လာဦးမည်။ ဘုရားသခင်၏ မြို့တော်သည် ဘုန်းအသရေကြီးလိမ့်မည်ဟု လူတိုင်းနှုတ်ဖျားမှ ပြောဆိုကြဦးမည်။

အဘယ်သို့ဆိုသော် ကမ္ဘာတိုင်းနိုင်ငံသားများ၏အသိဝိညာဉ်မွေးဖွားရာ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည်။

နောက်ဆုံးသောကာလ၌ ထာ၀ရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီး တောင်ငယ်တို့၏ တောင်ထိပ်ပေါ်မှ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့လည်း လာကြလော့။ ထာ၀ရဘုရား၏ တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင် အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသ သွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက်ပြောဆို ကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာ၀ရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း ပေါ်ထွက်လိမ့်မည်။

(ဟေရှာ ၂:၂-၃)။

၈၇: ဘာကိုဆိုလိုသနည်း။ ဇိအုန်တောင်ကို လူပုဂ္ဂိုလ်ကဲ့သို့တင်စားထားသည်။ တိုင်းနိုင်ငံများက မွေးသမိခင်၏ကျေးဇူးရှင်သဖွယ် သဘောထားကြမည်။ တောင်ဘက်အရပ်ရှိ ရာတပ်(အဲဂုတ္တုပြည်ကို ရည်ညွှန်းမြောက်ဘက်အရပ်ရှိ ဗာဗုလုန်သို့ ချဉ်းကပ်လာကြမည်။ ဖိလိတ္တိပြည်၊ တုရုပြည်၊ အဲသရောပိပြည် တို့သည်လည်း ယေရုရှလင်မှ မွေးဘွားသောသူများ ဖြစ်ကြမည်။ ဆိုလိုသည်မှာ ကမ္ဘာ့တိုင်းနိုင်ငံများက ဇိအုန်တောင်ကို ဝိညာဉ်ရေးရာ၊ နိုင်ငံရေးရာ၊ စီးပွားရေးရာအချက်အခြာအဖြစ် သိမှတ်ခံယူကြ၍ လက်ဆောင် ပဏ္ဍာများဖြင့် ဘုရင်ကြီးပမာခစားကြမည် (ဟေရှာ ၆၀:၅-၇)။ ဆင်းရဲငတ်မွတ် ပြတ်သပ်ကြသူများ၊ ကာလနာကပ်ဆိုးသင့်သူများ ခိုလှုံရာနေရာဖြစ်လာမည် (ဇာ ၁၄:၁၆-၁၉)။

၈၇: ကမ္ဘာသူကမ္ဘာသားများက ဇိအုန်တောင်ကို အသိဝိညာဉ်တဖန် မွေးဖွားရာနေရပ် ဌာနေအဖြစ် သိကျွမ်းကြမည်။ အဘယ်သို့ဆိုသော် အမြင့်ဆုံးသောဘုရားရှင်ကို တိုင်တည်ထားခြင်းဖြစ်သည်။ ဘုရားရှင် ကိုယ်တိုင် ထိုနေရာမှ လောကတခွင်အား အုပ်စိုးတော်မူမည်။

၈၇: ဘုရားသခင်က သူ့လူများ၏သန်းခေါင်စာရင်း စစ်တမ်းကောက်ယူသောအခါ စနစ်တကျ မှတ်ယူမည်။ အဘယ်သို့ဆိုသော် ဇိအုန်တောင်သားများ၏ အနာဂတ်ကံကြမ္မာသည် ကိုယ်တော်၏ လက်ထဲတွင်ရှိ၍ မြို့ကြီး ပြကြီးသားများ ဖြစ်ကြတော့မည်။ လူတကာတို့ အလည်ပတ်ရောက်လာကြမည်။ သို့သော် အဆောင်အဦးပုံစံ မြင်ဘူးချင်ကြ၍မဟုတ်။ ငေးမောတွေးတောဖို့လည်းမဟုတ်။ အချင်းချင်းမနာလို ဝါကြွားကြဖို့လည်းမဟုတ်။ အတူတူစည်ပင်သာယာကြမည်။ တရားတော်လိုက်ရှာကြမည်။ ပျော်ရွှင်ဘွယ်ရာ လူမှုကမ္ဘာတွင်အချင်းချင်းရင်းနှီးကြမည်။ထိုမြို့ပြတည်ထောင်သူအရှင်သခင်နှင့် မိဿဟာယဖွဲ့ကြမည်။၅၈

ထိုအကြောင်းကို Gaebeleinက ဤသို့ဆိုသည် ဘုရားသခင်၏ဇိအုန်တောင်ကို လာရောက် ချီးမြှောက်သော တိုင်းနိုင်ငံသားများအား ဘုရားရှင်က ကောင်းချီးမင်္ဂလာ သွန်းလောင်းမည်။ ဇိအုန်တောင်သည် ကမ္ဘာသူ ကမ္ဘာသားများ၏ ဘုန်းကျက်သရေဆောင်ဖြစ်လာမည်။၅၉

၈၇: ပွဲတော်ကျင်းပမည့် နေ့ရက်မင်္ဂလာ ရောက်လာဦးမည်။ အဆိုတော်နှင့် ကချေသည်များက မြိုင်မြိုင်ဆိုင်ဆိုင် ဆိုကကြမည်။ “သင်တို့သည် ငါ၏ပျော်မွေ့ရာအကြောင်းတည်း။” ထိုနေရာတွင် ပူဆွေး၀မ်းနည်းခြင်းနှင့် မျက်ရည်မရှိ။ ယေရုရှလင်သည် ကောင်းချီးမင်္ဂလာစီးဆင်းရာ စမ်းရေထွက် ဖြစ်လာမည်။ ကမ္ဘာသူကမ္ဘာသားများ၏ ဝိညာဉ်ရေးရာ ဂေဟာဖြစ်၍ စမ်းရေထွက်ကို သောက်သုံးမှီဝဲသူတိုင်း အားအင်ပြည့်ဝ ရွှင်လန်းကြမည်။

ဤဆာလံကျမ်းကို ပြည်ဖုံးကာမချမီ စာရေးသူအနေဖြင့် ဝေငှချင်ပါသည်။ ဘုရားသခင်က သူ့လူများ အား မှတ်ပုံတင်မည့်အချိန်အခါ နီးကပ်လာပြီ။ ထိုစာရင်းသည် ကောင်းကင်အမွေ ခံမည့်သူများ အိမ်ထောင်စု၀င် စာရင်းဖြစ်သည်။ အသစ်တဖန် မွေးဖွားပြီးသူတိုင်း ထိုစာရင်းထဲတွင် ပါ၀င်ကြသည်။ အသစ် တဖန် မွေးဖွားသူများသာလျှင် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ၀င်ရောက်ကြရမည် (ယော ၃:၃-၅)။ ဘုရား သခင်က  သူ့လူများအား စာရင်းကောက်ယူသောအခါ ‘ဤသူသည် အသစ်တဖန် မွေးဖွားပြီးသူဖြစ်၍ စာရင်း ၀င်သည်’ဟု လက်ခံမည်။

သင့်ကို မည်သို့ပြောမည်ဟု ထင်မြင်ပါသလဲ။ ကောင်းကင်နိုင်ငံစာရင်း၀င်ဖို့ တခုတည်းသော နည်းလမ်းမှာ အသစ်တဖန်မွေးဖွားခြင်းဖြစ်သည်။ ထိုအကြောင်းကို ယော ၁:၁၂ တွင် ဤသို့ ရေးထားသည်။

“ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏ သား ဖြစ်ရသောအခွင့်ကို ပေးတော်မူ၏”။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။