ဆာလံကျမ်း - ၈၅

နိုင်ငံ၏အကျိုးစီးပွားအတွက်ဆုတောင်း
1အို ထာဝရဘုရား၊ ကိုယ်တော်သည် ပြည်တော်ကို စိတ်နှင့်တွေ့တော်မူ၍၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရသော ယာကုပ်အမျိုးသားတို့ကို ပြန်ပို့စေတော်မူပြီ။ 2ကိုယ်တော်၏လူတို့အပြစ်ကိုလွှတ်၍၊ သူတို့၏ဒုစရိုက်အပေါင်းကိုလည်း ဖုံးအုပ်တော်မူပြီ။ 3စိတ်တော်ရှင်းရှင်းပြေ၍၊ အမျက်တော်အရှိန်ကို လျော့စေတော်မူပြီ။ 4အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရား၊ တစ်ဖန် အကျွန်ုပ်တို့ကိုပြောင်းလဲစေ၍၊ ထွက်ဖူးသောအမျက်တော်ကို ငြိမ်းစေတော်မူပါ။ 5အကျွန်ုပ်တို့၌ အစဉ်အမျက်ထွက်တော်မူမည်လော။ ကာလအစဉ်အဆက် စိတ်တော်မပြေဘဲ နေတော်မူမည်လော။ 6ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို အမှီပြု၍ ဝမ်းမြောက်ပါမည်အကြောင်း၊ တစ်ဖန်အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူမည် မဟုတ်လော။ 7အိုထာဝရဘုရား၊ အကျွန်ုပ်တို့အားကရုဏာတော်ကိုပြ၍၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ပြုတော်မူပါ။
8ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်းကို မိန့်တော်မူလိမ့်မည်။ သို့ရာတွင်၊ နောက်တစ်ဖန် မိုက်သောအကျင့်ကို မကျင့်ကြပါစေနှင့်။ 9ငါတို့ပြည်၌ ဘုန်းတော်ကျိန်းဝပ်မည်အကြောင်း၊ ကယ်တင်တော်မူခြင်းကျေးဇူးသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၏အနီးသို့ ဧကန်အမှန် ရောက်လေပြီ။ 10ကရုဏာနှင့်သစ္စာ ဆုံမိပြီ။ တရားနှင့် ချမ်းသာသည် တစ်ပါးကိုတစ်ပါး နမ်းကြပြီ။ 11သစ္စာသည် မြေကြီးထဲက ပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ငုံ့ကြည့်လိမ့်မည်။ 12အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍၊ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်။ 13တရားသည်ရှေ့တော်၌သွား၍ ခြေတော်ရာတို့ကို ပဲ့ပြင်လိမ့်မည်။

ဆာလံကျမ်း - ၈၅ (အနက်ဖွင့်)

ဆာ ၈၅ တဖန်နိုးထစေတော်မူပါ

ဤနိုးထမှုဆုတောင်းကို အောက်ပါအတိုင်း (၄)ပိုင်းခွဲ ခြားလေ့လာနိုင်သည်။

အတိတ်ကာလတွင် ဣသရေလတို့နိုးထခဲ့မှု (ငယ် ၁-၃)

ဘုရားသခင်ထံတဖန်လျှောက်ထားကြခြင်း (ငယ် ၄-၇)

ဘုရားသခင်ထံမှ အဖြေစကားနားထောင်ခြင်း (ငယ် ၈-၉)

နောင်တွင်ပြန်လည်နလံထူမည့်ကတိတော် (ငယ် ၁၀-၁၃)

ဣသရေလတို့၏ ပြန်လည်နလံထူထောင်ရေးသည် မဖြစ်နိုင်သော အကြပ်အတည်း အရေးအခင်း မဟုတ်ပါ။ ဗာဗုလုန်ကျွန်အဖြစ် ဖမ်းဆီးခြင်းခံရပြီးသည့်နောက်ပိုင်းတွင် ပြန်လည်ထူထောင်ခြင်းမရှိသေး။ ထိုအကြောင်းကို ကောရသားများက လွမ်းတေးဖွဲ့ဆိုကြသည်။ သို့သော်ထိုသို့ ကျွန်ဘ၀မှ လွမ်းဆွတ် နေခြင်းသည် အဓိကမဟုတ်။ ဘုရားသခင်ပြုတော်မူသော အဓိက။ ယခင်ကလည်း နိုးထစေခဲ့ဘူး သည်ဖြစ်၍ ယခုလည်း နောက်တဖန် နိုးထစေမည်မှာ သေချာသည်။

၈၅: ဘုရားသခင်က ယာကုပ်အမျိုးအား မျက်နှာသာပေးခဲ့စဉ် လယ်ယမြေတခွင်သည်လည်း စိမ်းလန်းစိုပြည်၍ တိုင်းသူပြည်သား လူအများတို့သည်လည်း နိုးကြားထကြွခဲ့ကြသည်။ ထိုအဖြစ်မျိုး ကြုံတွေ့ဖို့ အချက်(၃)ချက်လိုအပ်သည်။ ပထမအချက်မှာ မိမိအပြစ်ကို ၀န်ခံကြရသည်။ မိမိအပြစ်ကို နှုတ်ဖြင့်၀န်ခံခဲ့ရုံဖြင့်မပြီး၊ အမှားကိုအမှန်သို့ပြန်ပြင်ရသည်။ ဒုတိယအချက်မှာ ဘုရားသခင်လူများ ပြုလုပ်သော အပြစ်ဒုစရိုက်များခွင့်လွှတ်ခြင်းနှင့် တတိယအချက်မှာ အမျက်တော်ပြေလျှော့ ရေးဖြစ်သည်။

၈၅: ယခုလည်း အပြစ်ခွင့်လွှတ်တော်မူပါရန် ရှေးယခင်က အပြစ်ခွင့်လွှတ်ခဲ့ပုံများကို ပြန်လည် စားမြုံပြန်သည်။ ခရီး၊ ဘ၀ခရီးမှာ ယုံကြည်ဘူးခြင်းနှင့်မလုံလောက်။ မျက်မှောက်ကာလတွင် ဘုရားသခင်ကို ယုံကြည်နေရမည်။ ဆာလံဆရာက အပြစ်၀န်ချခြင်း အသားမပေးသော်လည်း ဆုတောင်းခြင်းကို ဦးစားပေးသည်။ “တဖန်ပြောင်းလဲစေတော်မူပါ”ဟု ဆိုသည်။ ဘုရားသခင်သည် နောင်တရသူကို အပြစ်ခွင့်လွှတ်၍ အရေးယူအပြစ်ဒဏ်ချမှတ်ပြီးမှ ပြောင်းလဲစေပါသည်။

၈၅: ဘုရားသခင်နှင့် ဝေးကွာသူများသည် ကံဆိုးမိုးမှောင်ကျသူများ ဖြစ်သည်။ သို့သော် ဤကျမ်းချက်သည် ဣသရေလသမိုင်းကြောင်းနှင့်ဆိုင်သော သီးသန့်အဓိပ္ပါယ်ရှိသည်။ ဣသရေလတို့သည် ရာစုနှစ်ချီ၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြရသည်။ လူစုကွဲ ပျံ့နှံ့ကြသည်။ “အကျွန်ုပ်တို့၌အစဉ်အဆက် စိတ်တော်မပြေဘဲ နေမည်လော။ အစဉ် အမျက်ထွက်တော်မူမည်လော”။

၈၅: ပျော်ရွှင်မှုမရှိခြင်းသည် ဝိညာဉ်ညှိုးနွမ်းမှုဖြစ်သည်။ ဝိညာဉ်ရေးရာမပါသော မိဿဟာယ ပျော်ရွှင်မှုသည် တခဏသာခံသည်။ ရေရှည်မတည်တံ့။ အပြစ်၀န်ချခြင်းမရှိလျှင်။ စိတ်သန့်သန့် လိပ်ပြာ သန့်သန့်ဖြင့် မပျော်ရွှင်နိုင်။ “ကိုယ်တော်၏လူများသည် ကိုယ်တော်ကိုမှီ၍ တဖန်၀မ်းမြောက်စေရန် အသက်ရှင်စေတော်မူပါ”။ စိတ်ဝိညာဉ်နိုးထသည်နှင့် နှလုံးသားခေါင်းလောင်းများလည်း မြှုပ်နေသည်။ စိတ်နှလုံးပျော်ရွှင်နိုးထသူတိုင်း တေးတကြော်ကြော်ဆိုကြသည်။

၈၅: ဘုရားသခင်က သူ့လူများပြန်လည်နိုးထစေခြင်းသည် ကရုဏာတော်ကြီးမားပုံပြသသည်။ ဘုရားသခင်သည် သူ့လူများထက် ဦးစားပေးသောသူမရှိ။ ချစ်ခင်သည်။ စည်းကမ်းရှိစေသည်။ ပဲ့ပြင်သည်။ နောက်ဆုံးတွင် သိမ်းဆည်းသွားသည်။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် အဘယ်မျှ အံ့ဘွယ်ကောင်းသ နည်း။ ကြီးမာပါဘိခြင်း။ ဖောက်ပြန်ခြင်း၊ နားမထောင်ခြင်း ကျူးလွန်ကြသော်လည်း စိတ်ရှည်သီးခံသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ အဘယ်မှာ ရှာတွေ့မည်နည်း။

နိုးထခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းလက်ဆောင်ဖြစ်သည်။ ဤနေရာတွင် ကယ်တင်ခြင်း ဆိုသည်မှာ စိတ်ဝိညာဉ်ကယ်တင်ခြင်းမဟုတ်။ မယုံကြည်သံသယမှု၊ စိတ်ပျံလွှင့်မှု၊ ချုပ်နှောင်ခြင်း၊ အစွမ်းအစမဲ့ခြင်း၊ မပျော်ရွှင်ခြင်းတို့မှကယ်တင်ခြင်းဖြစ်သည်။

၈၅: ဆာလံဆရာ၏ လျှောက်လဲသံသည် ကျေးဇူးတော်ပလ္လင် ထိရောက်သွားသည်။ ဘုရားသခင် ထံတော်မှ အဖြေစကား ကြားချင်လှသည်။ သောကဗျာပါဒ ကင်းဝေးစေမည်။ လူမိုက်တောသို့ တဖန်ပြန်မသွားစေချင်။ ထိုအရပ်ဒေသလွင်ပြင်တွင် ဘုရားသခင်၏ဘုန်းတော်ထင်ရှားမည်။ ဘုရားသခင်၏ လူမျိုးတော်အကြားတွင် ဘုရားရှင်စိုးစံ၍ မိဿဟာယဖွဲ့ကြမည်။ တိုင်းပြည် စည်ပင်သာယာ၀ပြောမည်။

၈၅:၁၀ ပြန်လည်နိုးကြား ဆုတောင်းစကား၏အပြောကို နောက်ဆုံးကျမ်းပိုဒ်တွင် တွေ့ရသည်။ မြင်မကောင်းရှုမကောင်းသော ပြုန်းတီးမြေသည် ယေရှုခရစ်တော်အုပ်စိုးသည့်ခေတ် ရောက်သောအခါ မြေကြီးထဲမှ ပဒေသာပင်ပေါက်လာမည်။ ဣသရေလတမျိုးသားလုံး ပြန်လည်းစည်းရှုံး၍ နိုးထကြမည်။ အသစ်သောတေးကဗျာများဖြင့် စပ်ဆိုပြ၍ လျှမ်းလျှမ်းတောက်လောင်ကျွမ်းကြမည်။

ကရုဏာတော်နှင့် သစ္စာတော်စုံမိကြပြီ။ လူ့အရေးကိစ္စသည် သစ္စာတရားက ချစ်ခြင်းမေတ္တာနှင့် ကရုဏာ ဟန့်တားထားတတ်သည်။ သို့သော်ဘုရားသခင်၏အမှုတွင် သူ့လူများအပေါ်သို့ မေတ္တာကြီးမားပုံ ပြသသည်။ ထိုသို့မေတ္တာကြီးမားပုံကို သစ္စာတရားသက်သေအဖြစ် လက်ဝါးကပ်တိုင်ပေါ်တွင် ပြသခဲ့သည်။ ထိုကဲ့သို့ပင် ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ချမ်းမြေ့ခြင်းတို့သည်လည်း တပါးကိုတပါး နမ်းမိကြပြီ။ ကယ်တင်ရှင်သခင်၏ ပြီးပြည့်စုံသောအမှုတော်ကြောင့် ယုံကြည်သူများသည် ဘုရားသခင်ထံတော်သို့ ခစား ဖူး၀င်ခွင့်ရကြပြီ။ ငြိမ်သက်ချမ်းမြေ့ကြပြီ။

ငါတို့အပြစ်များ ယေရှုခေါင်းပေါ်သို့ပုံကြ၊  အသွေးတော်ဖြင့် အပြစ်ကြွေးပေးဆပ်ပေး၊ တရား မျှတခြင်း အဘယ်မှာရှာမလဲ။ ကရုဏာတော်သည်ကြီးမားပေစွ။

 Albert Midlane

၈၅:၁၁၁၃ သစ္စာသည် မြေကြီးထဲကပေါက်လိမ့်မည်။ တရားသည်လည်း ကောင်းကင်ပေါ်က ကြည့်လိမ့်မည်။ ယုံကြည်သူများသည် ဘုရားသခင်၏ထာ၀ရချစ်သူများ ဖြစ်ကြသည့်အလျှောက် ကောင်းကင် ဘုံက ကောင်းချီးမင်္ဂလာများ အစဉ်သွန်းလောင်းခြင်းခံရသည်။ ဘုရားသခင်သည် စကားတော် စောင့်ထိန်းသူထံသို့ ကောင်းသောရတနာများ ပေးပါသည်။ ဖြောင့်မတ်သောသူများထံသို့ ကောင်းသော အရာပေးဖို့ ငြင်းတော်မမူ (ဆာ ၈၄:၁၁)။ ထိုအရပ်ဒေသတွင် ဆူးခြုံပုတ်တောကန္တာရမရှိ။ ငတ်မွတ် ခေါင်းပါးဘေးပပျောက်သည်။ ဘုရားရှင်ကိုယ်တိုင်အလည်အပတ်ကြွလာသည်ဖြစ်၍ သူ့လူများသည်လည်း စိတ်ဓါတ်ရွှင်လန်းတက်ကြွကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။