ဆာလံကျမ်း - ၆၈

အောင်ပွဲခံအမျိုးသားသီချင်း
1ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသောသူတို့သည် အထံတော်က ပြေးကြပါစေသော။ 2မီးခိုးလွှင့်သကဲ့သို့ သူတို့ကိုလွှင့်တော်မူပါ။ ဖယောင်းသည် မီးရှေ့မှာအရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။ 3ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသောစိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာ ကြပါစေသော။ 4ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်း ဆိုကြလော့။ သဲကန္တာရတစ်လျောက်စီး၍ ကြွတော်မူသောအရှင်ဖို့ လမ်းကိုပြင်ကြလော့။ ထိုအရှင်၏နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။ 5ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏အဘဖြစ်၍၊ မုဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။ 6ဘုရားသခင်သည် ပေါက်ဖော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသောသူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သောသူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။
7အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာကြွ၍၊ တော၌ချီတော်မူသောအခါ၊ 8ဘုရားသခင်၏မျက်နှာတော်ကြောင့်၊ မြေကြီးလှုပ်၍ မိုးကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။ 9အိုဘုရားသခင်၊ ကိုယ်တော်သည် မိုးကိုများစွာရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။ 10ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသောသူတို့အဖို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။ 11ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။ 12စစ်အင်္ဂါဗိုလ်ခြေသခင် ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။ 13သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွမ်းမံသော ချိုးငှက်အတောင်ကဲ့သို့လည်းကောင်း၊ နီသောရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့လည်းကောင်း၊ ဖြစ်ကြလိမ့်မည်။ 14အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုးပွင့်ကဲ့သို့ ဖြစ်လေ၏။
15ဘုရားသခင်၏တောင်တည်းဟူသော ဗာရှန်တောင်၊ မြင့်သောထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့၊ 16သင်တို့သည် မြင့်သောတောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှာ အလိုရှိတော်မူသောတောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသောတောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။ 17ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။ 18ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကိုဖမ်းသွားတော်မူ၍၊ ထာဝရအရှင်ဘုရားသခင်သည် လူတို့တွင် ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဖို့မက၊ ပုန်ကန်သော လူတို့အဖို့ ဆုလာဘ်များကို ခံရတော်မူပြီ။ 19ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့ကို သူတစ်ပါးညှဉ်းဆဲသောအခါ၊ ဘုရားသခင် ကယ်တင်တော်မူ၏။ 20ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သောဘုရားဖြစ်တော်မူ၏။ ဘုရားရှင် ထာဝရဘုရားသည် သေခြင်းသို့ ရောက်သောလမ်းကိုလည်း အစိုးပိုင်တော်မူ၏။ 21ဘုရားသခင်သည် မိမိရန်သူတို့၏ ဦးခေါင်းကိုလည်းကောင်း၊ အပြစ်ပြုမြဲပြုသော သူတို့၏ ဦးသျှောင်ကိုလည်းကောင်း ဧကန်အမှန် နှိပ်စက်တော်မူမည်။ 22သူတို့ကို ဗာရှန်ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲသောပင်လယ်ထဲက ငါဆောင်ခဲ့ဦးမည်။ 23ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကိုနင်း၍၊ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
24အို ဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။ 25ရှေ့၌ကား၊ သီချင်းဆိုသောသူ၊ နောက်၌ကား၊ စောင်းအမျိုးမျိုးကို တီးသောသူ၊ အလယ်၌ကား၊ ပတ်သာကိုတီးသော အပျိုတို့သည် လိုက်သွားကြပါ၏။ 26ဣသရေလအမျိုးသားတို့၊ ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင် ဘုရားသခင်ကို ကောင်းချီးပေးကြလော့။ 27အစိုးရသော ဗင်္ယာမိန်ငယ်မှစ၍၊ မိမိအလုံးအရင်းနှင့်တကွ ယုဒမင်းများ၊ ဇာဗုလုန်မင်းများ၊ နဿလိမင်းများ ပါကြ၏။ 28အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။ 29ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဖို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။ 30ကျူတောသားရဲကိုလည်းကောင်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏နွားပျိုတို့ကိုလည်းကောင်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကိုနှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။ 31အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံတော်သို့ အလျင်အမြန် ဆန့်ရပါစေသော။ 32မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။ 33အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသောအသံဖြစ်၏။ 34ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုးလျက်၊ တန်ခိုးတော်လည်း မိုးတိမ်တို့တွင် ထင်ရှားလျက်ရှိသတည်း။ 35အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊ မိမိလူတို့အား အခွင့်တန်ခိုးကိုပေးတော်မူသော ဘုရားပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

ဆာလံကျမ်း - ၆၈ (အနက်ဖွင့်)

ဆာ ၆၈ ဘုရားရှင်တော်ကြွချီလာပြီ

          ဣသရေလတမျိုးသားလုံးနှင့်ဆိုင်သည်။ ပဋိညာဉ်သေတ္တာအားသိနာတောင်မှဇိအုန်တောင် ပေါ်သို့သယ်ဆောင်ခြင်းသည် အောင်ပွဲနှင့်အတူဘုရားရှင်တော်ကြွချီလာသည့်နိမိတ်ပုံဆာင်သည်။ ယုဒလူတို့ဦးခေါင်းထဲတွင် ပဋိညာဉ်သေတ္တာသည်ဘုရားသခင်စိုးစံခြင်းဟု ယုံကြည်စွဲမှတ်ထားသည်။ ပဋိညာဉ်သေတ္တာရွေ့လျင် ဘုရားသခင်လည်းရွေ့လျားသည်။

ဤဆာလံတေးများသည်ပဋိညာဉ်သေတ္တာသမိုင်းကြောင်းကိုတည်မှီဖွဲ့ဆိုထားသည်။ ဖိလိတ္တိ တို့ကသြဗဒေဒုံ (၂ရာ၆:၂-၁၀) နေအိမ်တွင် သိမ်းဆည်းထားပြီးနောက် ဇိအုန်တောင်သို့သွားရောက် ယူဆောင်လာခဲ့ကြသည်။

ဤစစ်ချီသီချင်းကိုအောက်ပါအတိုင်းအပိုင်း (၄)ပိုင်းခွဲခြား၍လေ့လာနိုင်သည်။

၁။        ဘုရားသခင်ကိုချီးမွမ်းခြင်းအတော (ငယ်၁-၆)

၂။         သိနာတောင်မှကန္တာရတောတခွင်ပဋိညာဉ်သေတ္တာဖြတ်သန်းခြင်း (ငယ် ၇၊၈)

၃။        ခါနာန်မြေအောင်မြေသို့ဝင်ရောက်ခြင်း (ငယ် ၉-၁၄)

၄။        ဒါဝိဒ်မင်းကယေရုရှလင်သိမ်းပိုက်ခြင်း (ငယ် ၁၅-၁၈)

၅။        ယေရှုစစ်တို့ကိုအောင်နိုင်၍ဘုရားရှင်ချီးမွမ်းခြင်း (ငယ် ၁၉-၂၃)

၆။        ယေရုရှလင်သန့်ရှင့်ရာဌာနတော်သို့ ပဋိညာဉ်သေတ္တာတော်ပင့်ဆောင်ခြင်း (ငယ် ၂၅-၂၇)

၇။        နောက်ဆုံးအောင်ပွဲခြိမ့်ခြိမ့်သဲကျင်းပခြင်း (ငယ် ၂၈-၃၅)

ဤမေရှိယသခင်၏ဇာတ်လမ်းတွင်ဆာလံဆရာကခရစ်တော်၏လူ့ဇာတိခံယူခြင်း၊ ကရာနီ တောင်ကုန်းအောင်းပွဲ၊ ကောင်းကင်ဘုံသို့ပြန်လည်ကြွမြန်းခြင်းနှင့် ဒုတိယအကြိမ်ပြန်လည်ကြွလာ ခြင်းအကြောင်းများပုံဖော်ထားသည်။

နိဒါန်း (၆၈:)

          ၆၈: ပထမအပိုဒ်ငယ်တွင် ပဋိညာဉ်သေတ္တာ၏လှုပ်ရှားမှုအရေးကြီးပုံ သဲလွန်စခြေရာပေး ထားသည်။ သုံးခွန်းသောစကားလုံးများသည် သိနာတောင်ပေါ်တွင် မောရှေပြောခဲ့သောစကားလုံး များအတိုင်း (တော ၁၀:၃၅)ဖြစ်သည်။ ပဋိညာဉ်သေတ္တာသည် ဘုရားရှင်ထသည်နှင့်လက်တွေ့လှုပ် ရှားလာသည်။ ဖြောင့်မတ်သူများပျော်ရွှင်နေချိန်တွင် ဘုရားသခင်၏ရန်သူများသည်ဖရိုဖရဲပြေးလွှား နေရသည်။ ရန်သူများခြေဦးတည့်ရာပြေးကုန်ပြီ။ ဦးတည်ရာမဲ့လွင့်ကုန်ပြီ။ မီးခိုးမီးငွေ့များနှယ် ပျောက်လွှင့်ကုန်သည်။ နေလာနှင်းပျောက်ကုန်ပြီ။ သို့သော်လည်းဖြောင့်မတ်သူများမှာမူ ပျော်ရွှင်စွာ အောင်ပွဲဆင်လျက်ဆုလက်ဆောင်ရရှိကြသည်။

၆၈: ဘုရားသခင်ထံသို့ချီးမွမ်းသီချင်းဆိုဖို့အချိန်တန်ပြီ။ ဘုရားရှင်ကတောထဲတွင်လမ်း ရှင်းပေးထားသည် (NKJV ဟေရှာ ၄၀:၃၊ ၆၂:၁၀)။ နာမတော်သည် YAH ပဋိညာဉ်တည်သော ယေဟောဝါ ဘုရားချီးမွမ်းမကုန်နိုင်သောဘုရား၊ အမြင့်ဆုံးသောဘုရား၊ ကူဖော်လောင်ဖက်မရှိသူ များကိုကူမသောဘုရားဖြစ်သည်။ ဘုရားရှင်၏ကျေးဇူးတော်ကြီးမားရကား၊ မိဘမဲ့များ၏ဖခင်၊ မုဆိုးမများ၏ကွယ်ကာရာ ဖြစ်သည်။ အထီးကျန်အဖော်မဲ့သူများသို့ နွေးထွေးစွာမိတ်ဖွဲ့၍ ပျော်ရွှင်စေသူ၊ မတရားသူများကိုအရေးယူထောင်ချသူဖြစ်လည်း ယုံကြည်ကိုးစားသူများအား ဉစ္စာပေါကြွယ်ဝ၍အော်ဟစ်သီချင်းဆိုစေသူဖြစ်သည်။

ဤသီချင်းကို “ပြည်သူတိုက်ပွဲခေါ်သံ” “ဘုရားရှင်တော်ကြွလာပြီ”ဟုခေါ်သည်။ ကိုယ်တော်ကြွလာခြင်းကြောင့် ဖြောင့်မတ်သူများသည် တောင်းစားရသကဲ့သို့မတရားသူများသည် ဆန့်ကျင်ဘက်အရသာခံစားကြရသည်။

အင်္ဂလိပ်ကျမ်းမူတွင်မတွေ့ရသော်လည်း မူရင်းကျမ်းတွင်ဘုရားရှင်၏နာမတော်ကို (၇)ကြိမ် တိုင်တိုင်ထုတ်ဖော်ထားသည်။ Elohim (ငယ်၁)။ Yah (ငယ်၄)၊ Jehovah (ငယ်၁၀)၊ Elshadai (ငယ်၁၄)၊ Yah Elohian (ငယ်၁၈)၊ Adonai (ငယ်၁၉)၊ Jehovah Adonai (ငယ်၂၀) တို့ဖြစ်သည်။

သိနာတောင်မှကန္တာရတော်တခွင်ပဋိညာဉ်သေတ္တာဖြတ်းသန်းခြင်း (ငယ် )

          ဣသရေလတို့သည် သိနာတောင်စခန်းကိုဖျက်သိမ်းပြီးကတိတော်မြေသို့ ခရီးစတင်ကြ သည်။ ပဋိညာဉ်သေတ္တာကိုခြံရံလျက် စိတ်အားတက်ကြွစွာချီတက်ကြသည်။ ထို့သို့စတင်ချီတက်ကြ စဉ် သြကာသလောက၏ ချီးမြှင့်ပုံကိုကြည့်ပါ။ မြေငလျင်လှုပ်သည် ။ကောင်းကင်ကြမ်းပျဉ်ကျိုး လျက် မိုးရွာချသည်။ သိနာတောင်တစ်ခုလုံးမှောင်မိုက်ပိန်းပိတ်သွားသည်။

ခါနာန်တောင်ခြေသို့ ဝင်ရောက်ခြင်း (၆၈:၁၄)

          ၆၈:၁၀  ခါအနာန်မြေပေါ်သို့ခြေချမိကြသည်နှင့်တပြိုင်နက် ဘုရားရှင်ကရာသီဉတု ရုတ်ခြည်းပြောင်းလဲလိုက်သည်။ သဲကြီးမဲကြီး မိုးရွာချသည်။ အဲဂုတ္တပြည်တွင် ပင်ပန်းနွမ်းနယ်ခဲ့ သမျှ၊ မြေဆီ၊ မြေနှစ် မြေသြဇာကောင်းသောမြေသို့ ရောက်ကြပြီ။ လယ်ယာမြေခွင်တပြင်လုံးတွင် သစ်သီးဝလံပေါကြွယ်ဝစေသည်။ လူများသည် အိမ်တွင်နေကြရသော်လည်းလယ်တောယာတောထဲ တွင်အပင်သီးနှံများ ဖောခြင်းသောခြင်းဖြစ်ထွန်းနေသည်။

၆၈:၁၁၁၃ အောင်မြေမြင်ကွင်းသည် ချက်ခြင်းပြောင်းလဲနေပြီ။ ဘုရားသခင်က ရန်သူများကိုတိုက်ထုတ်ခိုင်းသည်။ မိန်းမများ၄၈သည်လည်း အိမ်မှာနေရင်းသတင်းစကားကြားကြ သည်။ စစ်အဂါနယ်မြေသခင်ရှင်တို့သည် အလျင်အမြန်ပြေးကြသည်။ ထိုစကားသည် (တရား၅)ပါ ဒေဗောရသီချင်းတေးသွားဖြစ်သည်။ မိန်းမများသည် သူတို့ကိုယ်တိုင် ဓါးလှံဆွဲ၍စစ်မြေပြင်မှာ မပါဝင်ရဲသော်လည်းတိုက်ပွဲကို အဆုံးအနိုင်ယူသူများဖြစ်သည်။ ဝတ်ကောင်းစားလှနှင့် ကျောက်မျက်ရတနာများ ဆင်မြန်းကြ၍ ငွေနှင့် မွမ်းမံသော ချိုးငှက်ကောင်ကဲ့သို့ သပ်ရပ်ကြ၏ နေရောင်ခြည်ထိုးသည့်အခါ တောင်ပန်အမွှေးများသည် ရွှေရောင်ဝင်းဝါလျက် တဖိတ်ဖိတ် တောက်၏

၆၈:၁၄ ရန်သူများအတွက်မူ ဘေးဆိုးကြမ္မာမိုးကြီးဖြစ်သော်လည်း၊ ဘုရားသခင်က စစ်မက်ခင်းကျင်းသောဘုရင်မင်းများအားသန့်စင်သဖြင့် ဇာရမုန်တောင်သည် နှင်းများဖြင့် ဖြူဖွေး နေ၏

ဒါဝိဒ်မင်းကယေရုရှလင်သိမ်းပိုက်ခြင်း (ငယ် ၁၅၁၈)

          ၆၈:၁၅၁၆ ယေဗုသိရုပ်တုဘုရားတုဝါဒီများဖြင့် ယေရုရှလင်အိပ်မောကျနေဆဲ။ ရှင်ဘုရင် အဖြစ်ဘိသိက်ခံယူပြီးသည်နှင့်တပြိုင်နက် ဒါဝိဒ်မင်းသည် မြို့တော်သန့်ရှင်းရေးပြုလုပ်သည်။ ခုခံ ကာကွယ်ကြသောဒေသခံလူများသည် ချိုးကျိုးခွာပဲ့နားရွက်ဆုတ်အမြီးပြတ်များဖြစ်သည်။ ဒါဝိဒ် မင်း၏အင်အားကတောင့်တင်းခိုင်မာသည်။ ထိုမြို့တော်ကို သိမ်းပိုက်၍ဒါဝိဒ်၏မြို့တော်ခေါ်တွင် သည် (၂ရာ ၅:၁.၉)။

ထိုမြင်ကွင်းမှာ ဘုရားသခင်ကယေရုရှလင်မြို့အား ရွေးချယ်သည့်အကြောင်း၊ ဗာရှန်တော မြောက်ဘက်ရှိဟာရမုန်တောင်သည် ဆီးနှင်းထူထပ်သည့်အကြောင်း ဇိအုန်တောင်မှလှမ်းမြင်နိုင် သည့်အကြောင်းသရုပ်ဖော်ထားသည်။ ဟာရမုန်တောင်သည် မိန်းမောဆွတ်ပျံ့ဘွယ်ရာတောင်ထိပ် တောင်စွယ်များပေါများသည်။ ထိုတောင်များကိုကျော်လွန်၍ ဘုရားရှင်ကဇိအုန်တောင်ကိုရွေးချယ် သည်။ ထိုဇိအုန်တောင်သည် အဘယ်သို့သောတောင်နည်း။

၆၈:၁၇ ဒါဝိဒ်မင်းက ယေဗုသိလူတို့လက်ထဲမှယေရုရှလင်မြို့ကကို ပြန်လည်သိမ်းပိုက်သည်။ သို့သော်ဒါဝိဒ်မှာ အောင်ပွဲဆင်ဖို့စစ်အင်အားရှိသည်မဟုတ်။ စစ်သွေးစစ်ပရိယာယ်ကြွယ်ဝခြင်းလည်း မဟုတ်။ ဘုရားသခင်၏မရေတွက်နိုင်သော စစ်ရထားများက မြို့တော်ကိုစီးနင်သိမ်းပိုက်ကြသည်။ ဘုရားသခင်သည်သိနာတောင်မှ အစပြုချီတက်ရာယခုအခါ ဇိအုန်တောင်သို့ရောက်ချေပြီ။

၆၈:၁၈ ဒါဝိဒ်ကသူ့စစ်သားများ ယေရုရှလင်တောင်ကုန်းပေါ်သို့ ပြေးတက်ကြပုံကို သတိရ သည်။ လူကိုမမြင်။ ထိုတောင်ကုန်းပေါ်သို့ဘုရားရှင်ကိုသာ မြင်သည်။ ယခင်ကပုန်ကန်သောင်း ကျန်းသောသူပုန်များ ဖမ်းဆီးခြင်းခံကြရပြီ။ ကိုယ်တော်ရှင်ကယ်တင်ရှင်သခင်အဖြစ် ထိုသူများအ လယ်တွင်စိုးစံတော်မူပြီ။

အပိုဒ်ငယ်(က)ကို ရှင်ပေါလုကခရစ်တော်ဘုရားကောင်းကင်ဘုံသို့ ပြန်လည်ကြွမြန်းခြင်းအ ကြောင်းတွင်သုံးထားသည် (ဧ၄:၈.၂၀)။ မြေကြီးပေါ်မှကောင်းကင်သို့ ခရစ်တော်ဘုရားပြန်လည်ကြွ မြန်းသောအခါ ဖမ်းဆီးခံရသူများကို ခေါ်ဆောင်သွားသည်။ သူ့ရန်သူများအပေါ်သို့ အောင်ပွဲခံ၍လူ များသို့လက်ဆောင်ပေးသည်။ ပြန်လည်ရရှိသောလူလက်ဆောင်များမှာ လက်ဝါးကပ်တိုင်ပေါ်တွင် ပြီးစီးခဲ့သောအမှုတော်လက်ဆောင် ဖြစ်သည် (ဆာ ၆၈:၂၈)။ ထိုကဲ့သိုသောသူများကို လှည့်လည်စု စည်းလျက်အသင်းတော်ကာလ၌ လက်ဆောင်ပေးတော်မူပြီ (ဧ၄:၈)။

ယေဗုသီကိုအောင်နိုင်၍ဘုရားရှင်ကိုချီးမွမ်းခြင်း (၆၈:၁၉.၂၃)

၆၈:၁၉.၂၃     အခြားသူများလက်ထဲတွင် အိပ်မောကျနေခဲ့သောဇိအုန်တောင်သည် ဘုရား သခင်ချီးမွမ်းသီချင်းဖြင့် စွေ့စွေ့ခုန်နေပြီ။ ထိုသီချင်းထဲတွင် ဘုရားသခင်သည်ကယ်နှုတ်သောအရှင် နှင့်ရန်သူကိုချေမှုန်းသူအဖြစ် စပ်ဆိုထားသည်။ ကယ်တင်သောအရှင် ဖြစ်တော်မူသည့်အတိုင်း “ငါတို့ဝန်ထုပ်ဝန်ပိုးများကို သယ်ချပေး၍ ရန်သူများကိုအောင်နိုင်ပြီး (Knox)။ ကိုယ်တော်သည် ကယ်တင်ရှင်ဘုရားသခင်ဖြစ်၍ သေရွာသွားလမ်းကို ပိုင်စိုးတော်မူပြီ။

၆၈:၂၁.၂၃     ဖျက်ဆီးနိုင်စွမ်းရှိတော်မူသည်နှင့်အညီရန်သူများကိုဖြိုခွင်းမည်။ ထိုရန်သူ များသည် ဆံရှည်ကိုယ်တော်များဖြစ်၍ ယဉ်ကျေးမှုမရှိ၊ အရိုင်းအစိုင်းများဖြစ် ကြောင်းသိသာသည်။ ဘုရားသခင်ကကတိတော်ပြုထားသည့်အတိုင်း ဗာရှန်တောမှအရိုင်းအစိုင်းများနှင့် ပင်လယ်ကမ်း ခြေတလျှောက် အမိုက်အမဲများကိုဣသရေလတို့ခြေဖဝါး အောက်သို့ကျစေမည်။ သို့ဖြင့် ဣသရေလ တို့၏ခွေးများက အလောင်းကောင်မှသွေးများ လျက်စားကြမည်။

အပိုဒ်ငယ် ၂၂ သည်ဣသရေလများပြန်လည်စုစည်းနလံထူမည့် အကြောင်းမဟုတ်။ ရန်သူ များနောက်သို့ အမဲလိုက်ကြသည့်အကြောင်းဖြစ်သည်။

ယေရုရှလင်သန့်ရှင်းရာဌာနတော်သို့ ပဋိညာဉ်သေတ္တာပင့်ဆောင်ခြင်း (၆၈:၂၄.၂၇)

ဒါဝိဒ်မင်းသည် ယေရုရှလင်မြို့သိမ်းပိုက်ပြီးသောအခါ ပဋိညာဉ်သေတ္တာအားပင့် ဆောင်လာ သည်(၂ရာ၆၈:၁၂.၁၉)။ အစီအစဉ်ကို ဤသို့ရေးသားထားသည်။ သန့်ရှင်းရာဌာန တော်သို့ပင့်ဆောင် ကြသည့်အခါ ဆာလံဆရာက “လာကြ၊ ကြည့်ကြလော့၊ ကိုယ်တော်ကြွ လာပြီ”၄၉ ဟုဆိုသည်။ သံစုံ သီချင်းကဦးဆောင်လျက် တီးဝိုင်းအဖွဲ့ကထပ်ချပ်လိုက်သည်။ အမျိုးသမီးငယ် မိန်းမပျိုများက ပတ် သာတီးကြသည်။ သီချင်းစာသားကား အောက်ပါအတိုင်းဖြစ်သည်

ဣသရေလအမျိုးသားတို့

ပရိယာယ်အစည်းအဝေးတို့၌

ထာဝရအရှင်ဘုရားသခင်ကို ကောင်းချီးပေး

ကြလော့။

စစ်ကြောင်းချီတက်ရာပုံမှာ တောင်ဘက်တွင်ဗင်္ယာမိန်နှင့် ယုဒမြောက်ဘက်တွင်ဇေဗုလုန်နှင့် နဿလီအနွယ်တို့ဖြစ်သည်။

နောက်ဆုံးအောင်ပွဲ ခြိမ့်ခြိမ့်သဲကျင်းပကြခြင်း (၆၈:၂၈.၃၅)

တဲတော်ထဲသို့ ပဋိညာဉ်သေတ္တာတော်ပင့်ဆောင် ပြီးကြသောအခါတဲတော်အပြင်ဘက်မှာ ပရိသတ်များသည် ဆုတောင်းနေကြသည်(ငယ်၂၈.၃၁)။ တကမ္ဘာလုံးသိမ့်သိမ့်တုန်သွားအောင် ချီး မွမ်းသီချင်းအော်ဟစ်ကြွေးကြော်ကြသည် (ငယ်၃၂.၃၅)။

၆၈:၂၈.၂၉     ပထမဦးဆုံးဆုတောင်းချက်မှာ ဘုရားသခင်သည် မြင့်မြတ်လှသည့်အ ကြောင်း၊ သူ့လူများအား ခွန်အားကြီးမားကြောင်းပြသရန်၊ သူ့လူများအပေါ်သို့ ပြုတော်မူသည့် အမှု တော်ပြည့်စုံစေရန်တို့ဖြစ်သည်။ မင်းညီမင်းသားရှင်ဘုရင်များက ကြီးမြတ်တော်မူသောဘုရားရှင် ထံသို့ရွှေစင်နှင့်နံ့သာဆီမွှေးများ ယူဆောင်လာ၍ယေရုရှလင်ဗိမာန်တော်အား အနုမောဒနခေါ်သည့် ချိန်ခါဆုတောင်းသံများသည် အနှစ်တထောင်တိုင်းပြည်တွင် ပြီးပြည့်စုံမည် (ဟေရှာ ၆၀:၆)။

၆၈:၃၀                   ဟေဗြဲကျမ်းမူတွင် အဓိပ္ပာယ်မြှုပ်နေသော်လည်း ယေဘုယျအားဖြင့် လူများ ကသားရဲများနှင့်နွားရိုင်းအုပ်များ အပြစ်ဆိုပေးဖို့ရန်ဘုရားသခင်ကို ခေါ်ကြသည်” ဟုဆိုနိုင်သည်။ ထိုသားရဲများသည် ကျူတောကိုင်းတောများထဲ၌ ခိုအောင်းကြသည်။ မိကျောင်းများနှင့် တွားသွား သတ္တဝါများဆိုလိုသည်။ ဣသရေလခေါင်းဆောင်များကို ရည်ညွှန်းသည်။ နွားရိုင်းများဆိုသည်မှာ အခြားတိုင်းနိုင်ငံများကို အုပ်စိုးသည့်မင်းများကို ရည်ညွှန်းသည် (Knox)။

အသီးသီးတို့သည် ငွေစနှင့်ကိုယ့်ကိုနှမ့်ချကြပါစေသော” ဆိုသည်မှာထိုတိုင်းနိုင်ငံများသည် အောက်ကျို့ရို့ကျိုးစွာဖြင့် ငွေဒင်္ဂါးပြားများလာရောက်လှူဒါန်း၍ ဒူးထောက်ကြစေ (သို့မဟုတ်) ထို တိုင်းနိုင်ငံများ၏ ငွေကြေးတပ်မက်ခြင်းရပ်ကြစေဟုဆိုလိုဟန်သည်။ စစ်မက်လိုလားသူတို့သည် အရပ်ရပ်သို့ကွဲပြားကြစေဟူသော ဆုတောင်းစကားဖြင့်အဆုံးသတ်ထားသည်။ ထိုဆုတောင်းစကား သည်ခရစ်တော်ဘုရားဒုတိယအကြိမ် ပြန်လည်ကြွလာ၍ရန်ထောင်မောက်မာသူများ ဖျက်ဆီးသည့် အချိန်တွင်ပြည့်စုံမည်။

၆၈:၃၁          ထိုနေ့ရက်တွင် အဲဂုတ္ထုပြည်မှသံတမန်များသည် လက်ဆောင်ပဏ္ဍာများ လာရောက်ဆက်သကြမည်။ အဲသရောပိတိုင်းပြည်သည်လည်း ဘုရားသခင်ထံတော်သို့ ဆက်ကပ် အပ်နှံမည်။

၆၈:၃၂.၃၅     နောက်ဆုံးပိုင်းတွင် လောကတိုင်းနိုင်ငံများက ဣသရေလကဲ့သို့ဘုရားသခင် ကသိရှိကြရန်ဖိတ်ခေါ်သည်။ ဘုရားသခင်၏ကြီးမြတ်ခြင်းကို ထောမနာပြုကြဘို့လာကြလော့။ ဘုရားသခင်သည် ရှေးပဝေသဏီကတည်းက ကောင်းကင်ကိုစိုးမိုးပိုင်စိုးသည်။ ဗျာဒိတ်တော်ဖွင့်၍ တန်ခိုးသြဇာကြီးမားသည်။ နေရာတိုင်းတွင်ရှိတော်မူသည်။ ဣသရေလလူများကိုယ်စား ခွန်အား ကြီးမားသည်။ မိုးမြင့်ယံတိမ်သလ္လာထက်မြင့်မားသည်။

ဘုရားရှင်သည် ကြီးမြတ်စင်ကြယ်ရာဌာနတော်တွင် စိုးစံတော်မူ၍ သူ့လူများကို အခွင့်အရေး နှင့်တန်ခိုးပေးတော်မူသည်။

ဘုရားသခင်သည် မင်္ဂလာရှိတော်မူသတည်း ဟုဆိုဘွယ်ရာသာရှိတော့သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။