ဆာလံကျမ်း - ၆၄

ကွယ်ကာတော်မူရန်ဆုတောင်း
1အို ဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားသံကိုနားထောင်၍ အကျွန်ုပ်အသက်ကို ရန်သူဘေးမှ ကွယ်ကာစောင့်မတော်မူပါ။ 2လူဆိုးတို့၏တိုင်ပင်ရာမှလည်းကောင်း၊ ဒုစရိုက်ကိုပြုလေ့ရှိသော သူတို့၏စုဝေးရာမှလည်းကောင်း၊ အကျွန်ုပ်ကို ကွယ်ကာတော်မူပါ။
3ထိုသူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ သွေးတတ်ကြ၏။ 4စုံလင်သောသူကို မထင်မရှားပစ်မည်အကြံနှင့်၊ ခါးသောစကားတည်းဟူသော မိမိတို့မြားကို ရွယ်တတ်ကြ၏။ မကြောက်မရွံ့ဘဲ ချက်ချင်းပစ်တတ်ကြ၏။ 5မကောင်းသောအမှုမှာ တစ်ယောက်ကိုတစ်ယောက် နှိုးဆော်တတ်ကြ၏။ ကျော့ကွင်းတို့ကို ထောင်ထားခြင်းငှာ တိုင်ပင်၍၊ အဘယ်သူ မြင်လိမ့်မည်နည်းဟု ဆိုတတ်ကြ၏။ 6မတရားသောအမှုတို့ကို ကိုယ်အဖို့ စစ်ဆေးရှာဖွေတတ်ကြ၏။ အကုန်အစင်စစ်ဆေးရှာဖွေတတ်ကြ၏။ အသီးအသီး စိတ်နှလုံးထဲမှာ ကြံစည်သောအရာတို့သည် အလွန်နက်နဲကြ၏။ 7သူတို့၌ ဘုရားသခင် ပစ်တော်မူသောမြားမှန်၍၊ သူတို့သည် အမှတ်တမဲ့ နာကြလိမ့်မည်။ 8သို့ဖြစ်၍ မိမိတို့လျှာသည် မိမိတို့ကို တိုက်စေ၍၊ မြင်သောသူအပေါင်းတို့သည် ပြေးသွားကြလိမ့်မည်။ 9လူအပေါင်းတို့သည်လည်း ကြောက်ရွံ့၍၊ ဘုရားသခင် စီရင်တော်မူကြောင်းကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြလိမ့်မည်။ 10ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ ဝမ်းမြောက်၍ ခိုလှုံလိမ့်မည်။ သဘောဖြောင့်သော သူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။

ဆာလံကျမ်း - ၆၄ (အနက်ဖွင့်)

ဆာ ၆၄ လေးနှင့်မြှားများ

ဆာ ၆၄တွင်လေးသည်တော်နှစ်ယောက်တွေ့ရသည်။ မတရားသောသူနှင့်ဖြောင့်မတ်သောသူ (ငယ် ၁-၆)ဖြစ်သည်။ အဓိကအဖြစ်အပျက်မှာဘုရားသခင်နှင့်လူဆိုးသူယုတ်များအကြား (ငယ် ၇-၁၀)ခြားနားချက်ဖြစ်သည်။

၆၄: ပထမတိုက်ပွဲသည် ကြည့်မကောင်း၊ တဘက်သတ်တိုက်ပွဲဖြစ်သည်။ ဖြောင့်မတ် သောဒါဝိဒ်ကိုလူဆိုးဗီလိန်များက တဘက်သတ်ဝိုင်းရံဖိစီးနေကြသည်။ သူတွင်မြှားတချောင်းမှမရှိ။ ရန်သူတို့မြှားဗူးထဲတွင်မူမြှားအပြည့်။ သို့သော် ဒါဝိဒ်တွင်လျှို့ဝှက်လက်နက်ရှိသည်။ လူ့မျက်စိဖြင့် မမြင်နိုင်သောမိတ်ဆွေကြီးရှိသည် ။ဆုတောင်းခြင်းဖြင့် အချိန်မရွေးလှမ်းခေါ်နိုင်သည်။ ပထမတွင် စိုးရိမ်ခြောက်လန့်စိတ် ဖယ်ရှားပေးရန်နှင့်ရန်သူများ၏ အကောက်ကြံစိတ်ပျက်စီးရန် ဆုတောင်း သည်။ ပြီးလျှင် ရန်သူများ၏သတင်းကိုတင်ပြသည်။ ရန်သူ့လျှာများသည် ဓါးသမျှထက်မြတ်ကြ သည်။ ဘယ်သူမှမသိသောအထင်ဖြင့် မမြင်ကွယ်ရာမှာလျှပ်တပြက် ပစ်ခတ်ကြသည်။ တန်ပြန်တိုက် ခိုက်ခြင်းခံရမှာကိုလည်း ကြောက်ရကောင်းမှန်းမသိ။ ဂမူးရှူးထူးလုပ်တတ်ကြသည် ။သဘောထား ဆုံးဖြတ်ချက်များကိုလည်းမတည်ကြ။ အချိန်မရွေးပြုပြင်ကြသည်။ အပြစ်မဲ့သားများကိုဖျက်ဆီးရန် ဝန်မလေးကြ။ “တထွာတမိုက်သောအကောက်ကြံဖြင့် သူတို့အကျင့်ကိုမည်သူမှမသိဟုအထင်ဖြင့် မာယာထောင်ချောက်ဆင်ကြသည်။

၆၄: ဗီလိန်သမားများအမြင်တွင်ပြုသမျှသည်အမှန်တွေချည်း။ ဖြောင့်မတ်သူများမူကား ကတိစကားတည်ကြသည်။ “သင်တို့ဘက်၌ထာဝရဘုရားသည် စစ်တိုက်လိမ့်မည်” (ထွ ၂၄:၁၄)”။ စစ်မှုသည်သင်တို့တာမဟုတ်။ ဘုရားသခင်၏တာ” (၆ရာ ၂၀:၁၅)။

၆၄: ဒုတိယအချက်တွင် ဘုရားသခင်ကမတရားသူများထံသို့ မြှားပစ်ကြောင်းတွေ့ရသည်။ သူငယ်အိမ်တည့်တည့်သို့ပစ်ထည့်သဖြင့် ရန်သူများသည် ဗိုင်းကနဲလဲကြသည်။ ရန်သူ၏ဆဲဆိုသော စကားလုံးများကို ဆဲဆိုသောပါးစပ်ထဲသို့ပြန်ထည့်ပေးသည်။ သို့ဖြင့် ပရိတ်သတ်များသည်လည်း လန့်ဖြန့်ထွက် ပြေးကုန်သည်။

၆၄:၁၀ ရလာဒ်အဖြေသည် တောမီးပမာပျံ့နှံ့သွားသည်။ စကားတော်သည်လျင်မြန်စွာ ပြန့်ကြဲ၍ဖြောင့်မတ်သူများသည် အောင်ပွဲခံကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။