ဆာလံကျမ်း - ၁၄၈

ဘဝဂ်ပေါ်မှာချီးမွမ်းရန်
1ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။ 2ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ ချီးမွမ်းကြလော့။ 3နေလတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။ 4ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ်မှာ ရေများတို့၊ ချီးမွမ်းကြလော့။ 5ထိုအရာတို့ကို အမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ။ 6ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည်စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။
7မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာအရပ်များ၊ 8မီးနှင့်မိုးသီး၊ မိုးပွင့်နှင့်အခိုးအငွေ့၊ အမိန့်တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊ 9တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသော အပင်၊ အာရဇ်ပင်ရှိသမျှ၊ 10သားရဲနှင့် သားယဉ်အပေါင်း၊ တွားတတ်သောတိရိစ္ဆာန်နှင့် ပျံတတ်သောငှက် အစရှိသော၊ 11လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သားအပေါင်း၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း၊ 12လူပျိုနှင့် အပျိုများ၊ လူအိုနှင့် လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ 13နာမတော်တစ်ပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည် မြေကြီးနှင့် ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြစေ။ 14မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်းဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ်တော်မူ၏။ ဟာလေလုယ။

ဆာလံကျမ်း - ၁၄၈ (အနက်ဖွင့်)

ဆာ ၁၄၈၊ ဖန်ဆင်းခြင်းသံပြိုင်တေး

သံစုံအမျိုးမျိုးဆိုပြပုံ တွေ့မြင်ခဲ့ဘူးပါသည်။ ယခု ကဲ့သို့ ဆိုပြပုံမျိုးမတွေ့ဘူးပါ။ သက်ရှိသတ္တဝါများ၊ သက်မဲ့များ၊ ဖန်ဆင်းခံသူများအားလုံး သီဆိုကြသည်။ ခုံတန်းများမဆုံးနိုင်။ စကြာဝဋ္ဌာတခုလုံးက ဆိုကြသောကြောင့် အထပ်ထပ်အလွှာလွှာဖြစ်ကြသည်။

၁၄၈: ထိပ်ဆုံးမှာ ကောင်းကင်တမန်များနေရာယူကြသည်။ ကောင်းကင်သားများ ကောင်းကင် တမန်များက ယေဟောဝါဘုရားသခင်၏ဘုန်းတော်ဘွဲ့ ကျူးဧကြသည်။ လနှင့်ကြယ်များက ဒုတိယ။ တေးဂီတ အဝင်အထွက်  မှန်မှန်ဆိုကြသည်။ အမြင့်ဆုံးသော ကောင်းကင်ယံမှ ကောင်းကင်တန်ဆာများနှင့် ရေပြင်လွှာ တိမ်သလ္လာများက “ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် အမြင့်ဆုံးမှာတည်စေသား”ဟု သံပြိုင်ဆိုကြသည်။ မိမိတို့ကို ဖန်ဆင်းသော ဖန်ဆင်းရှင်သခင်ကို ချီးမွမ်းကြသည်။ ထိုအရှင်ဘုရားက စကားတော်တခွန်းရှိလိုက်သည်နှင့် တကမ္ဘာလုံး လှုပ်ရှားသွားသည်။ ကိုယ်တော်၏ ဘုရားလက်ရာတော်သည် စနစ်ကျန၍ တည်တံ့ခိုင်မြဲသည်။ မပျောက်ကွယ်နိုင်သော ဓမ္မတာ စီရင်တော်မူသည်။

၁၄၇: နောက်တသုတ်မှာ ရေပျော်ငါးများနှင့် ရေနေသတ္တဝါများဖြစ်သည်။ ဘုရားသခင်၏ လက်ရာတော်များဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံကြသည်။ မီး၊ မိုးသီး၊ ဆီးနှင်း၊ တိမ်များနှင့် မုန်တိုင်း တို့ကလည်း ကိုယ်တော်၏စကားကို နာခံကြသည်။ ယေဟောဝါဘုရားသခင်က မိုးလေဝသ၊ ရာသီဥတုများကို အလိုရှိသည့်အတိုင်း ထိန်းချုပ်ကြောင်းမမေ့ပါနှင့်။

၁၄၈:၁၀ တောင်ကုန်းတောင်တန်းများနှင့် တောင်ပူစာများသည်လည်း ခေါင်းမွှေးထောင်၍ ချီးမွမ်းကြသည်။ ထိုတောင်ကုန်းတောင်တန်းများပေါ်ရှိ သစ်ပင်ကြီးငယ်များသည်လည်း ဘယ်ညာယိမ်းနွဲ့ ကာ နာမတော်ကို ချီးမွမ်းကြသည်။ မိမိတို့အသီးအပွင့်များဖြင့် ဂါရဝပြုကြသည်။ တောပျော်သားကောင်များ၊ အိမ်မွေးသားယဉ်များ၊ တွားသွားသတ္တဝါများနှင့် တေးဆိုငှက်များပါမကျန် ဘုရားသခင်၏ဉာဏ်တော်နှင့် တန်ခိုးတော်ကို ဦးညွှတ်ကြသည်။

၁၄၈:၁၁၁၂ ရှေ့ဆုံးတန်းမှာ လှည့်ကြည့်သော်ရှင်လောင်းများ နန်းတွင်းသူ နန်းတွင်းသားများ၊ နိုင်ငံတော်အရာရှိမင်းများ၊ ထိုနောက်မှ ပရိသတ်များ တွေ့ရသည်။ လူပျိုအပျိုများ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကလည်း ယေဟောဝါဘုရားရှင်သည် ကြီးမြတ်ပါပေသည်ဟု ထုတ်ဖော်ဝန်ခံကြသည်။

၁၄၈:၁၃၁၄ သံစုံတီးဝိုင်းကြီးသည် မြိုင်ဆိုင်လှသည်။ နာမတကာတို့ထက်ကြီးမြတ်သော နာမတော်ကို ချီးမွမ်းကိုးကွယ်ကြသည်။ ထိုနာမတော်သည် ဘုန်းအသရေ တင့်တယ်ပေစွ။ ဤတေး၏အဓိက ရည်ရွယ်ချက်သည် ဣသရေလလူမျိုးအပေါ်သို့ ပြုတော်မူခဲ့သော ဘုရားသခင်၏လက်ရာတော်ကို ညွှန်းဖွဲ့ သည်။ သူ့လူများ၏ ဦးချိုကို တင့်တယ်စေသည်။ မေရှိယသခင်ကို ပေးတော်မူသည်။ သခင်ယေရှုဘုရား ဒုတိယအကြိမ် ပြန်လည်ကြွလာသောအခါ သန့်ရှင်းသူများက အထူးချီးမွမ်းကြမည်။ ဣသရေလလူမျိုးမှ တဆင့် တကမ္ဘာလုံးကို ကောင်းချီးမင်္ဂလာ စီးဆင်းကြမည်။ ထိုသံစုံသီချင်းတွင် ပါဝင်သည့် စာသားတိုင်း ဟာလေလုယာဟု ချီးမွမ်းကြစို့။ ဟာလေလုယာ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။