ဆာလံကျမ်း - ၁၄

လူတို့၏ဆိုးညစ်မှု
(ဆာ၊ ၅၃:၁-၆)
1ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဖွယ်သော အမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူ တစ်ယောက်မျှမရှိ။ 2နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစ်စုံတစ်ယောက်ရှိသည် မရှိသည်ကိုသိမြင်ခြင်းငှာ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၏။ 3လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှမရှိ။
4မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကိုကိုက်စား၍၊ ထာဝရဘုရားကိုပတ္ထနာမပြုသော အဓမ္မလူအပေါင်းတို့သည် မသိဘဲ နေရကြသလော။ 5သို့ဖြစ်၍ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် ဖြောင့်မတ်သောလူမျိုးဘက်၌ ရှိတော်မူ၏။ 6နှိမ့်ချလျက်ရှိသောသူသည် ထာဝရဘုရားကိုခိုလှုံသောကြောင့်၊ သင်တို့သည် သူ၏အကြံအစည်ကို အရှက်ကွဲစေတတ်ကြ၏။ 7ဣသရေလအမျိုးကို ကယ်တင်ခြင်းကျေးဇူးတော်သည်၊ ဇိအုန်တောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသောလူမျိုးတော်ကို တစ်ဖန် ထာဝဘုရားသည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်းရှိလိမ့်မည်။

ဆာလံကျမ်း - ၁၄ (အနက်ဖွင့်)

ဆာ ၁၄၊ လူမိုက်အယူဝါဒ

၁၄း၁ လူမိုက်တို့၏ ကိုးကွယ်ရာဘာသာ သည်ဘုရားမဲ့ဘာသာဖြစ်သည်။ ဘုရားသခင်ကိုလည်းအလိုမရှိကြ။ ထို့ကြောင့်ဘုရားသခင်မရှိဟု ခံယူကြသည်။ မတွေးတောအပ်သော မိုးကြိုးပစ်မည့်ကိန်းဖြစ်သည်။ ငါဟာ အရာခပ်သိမ်းကိုသိရှိတယ်။ ငါ့အသိတရားအပြင်ဘက်မှာ ဘုရားသခင်ရှိတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒုတိယအချက်မှာငါဟာနေရာတိုင်းမှာ တချိန်တည်းတွင်ရှိတယ်လို့ဆိုတယ်။ အဲဒါမဖြစ်နိုင်ဘူးဟုတွေးကြည့်သည်။ ဘုရားသခင်၏ဖန်ဆင်းခြင်း၊ စကြာဝဠာဖွဲ့စည်းပုံ၊ နက္ခတ်ဂြိုလ်တာရာများ လှည့်လည်သွားလာကြပုံ၊ ကမ္ဘာမြေပေါ်မှာ သက်ရှိသတ္တဝါများရှင်သန်ကြပုံ၊ လူ့ခန္ဓာဇီဝဗေဒဖွဲ့စည်းပုံ၊ လူ့ဦးနှောက်နှင့်ရေမြေဩဇာတို့ အလုပ်လုပ်ပုံများ စဉ်းစား၍မမှီနိုင်။လူ့လောကကမ္ဘာမြေတွင် သက်ရှိသတ္တဝါများရှင်သန်ကြပုံနှင့် ပတ်သက်၍ ဘုရားသခင်ကိုင်တွယ်ပုံအံ့သြဘွယ်ရာကို Henry Bosch က ဤသို့ဆိုသည်-ကမ္ဘာလုံးသည် သူ့ဝင်ရိုးပေါ်တွင် တနာရီလျှင်မိုင်တထောင်နီးပါးဖြင့် လည်ပတ် နေ သည်။အကယ်၍ တနာရီလျှင် မိုင် ၁၀၀နှုန်းခန့်သာလှည့်ပတ်ပါက နေ့နှင့်ညသည် ဆယ်ဆမျှပိုမိုကြာညောင်းမည်။ ကမ္ဘာမြေကြီးသည်လည်းလောင်ကျွမ်းသွားမည်။ သို့မဟုတ် ရေခဲတုံးကြီးဖြစ်မည်။ ထို့ ကြောင့် သီးနှံ ပန်းမာန်ပင်ငယ်များ ရှင်သန်နိုင်မည်မဟုတ်။အကယ်၍ ကမ္ဘာလုံးသည် လပမာဏမျှသေးဝယ်သွားပါက သံလိုက်ဆွဲငင်အား လျှော့ပါးသွားမည်။ လူတွေ၏ လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မည်မထုတ်။ ဂျူပီတာ စာတန်၊ ဥရနပ်ဂြိုလ်များလောက်ပမာဏ ကြီးမားပြန်လျှင်လည်း လူတွေလှုပ်ရှားသွားလာနိုင်တော့မည်မဟုတ်။ ဗီးနပ်ဂြိုလ်နှင့်အမျှ နေကိုနီးကပ်လျှင် အပူရှိန်ဒဏ်ခံနိုင်မည်ထုတ်။ ဗုဒ္ဓဟူးဂြိုလ်နှင့်အမျှ ဝေးကွာခန့်ပြန်လျှင်လည်း ညဉ့်တိုင်းနှင်းခဲနှင့် ရေခဲခြုံကြရမည်။ ပင်လယ်သမုဒ္ဒရာသည် တဝက်မျှငယ်၍ ယခုရရှိသောမိုးရေချိန်၏လေးပုံတစ်ပုံသာရရှိကြတော့မည်။ ရှစ်ပုံတစ်ပုံကြီးလျှင် လေးဆရရှိမည်။ ရွှံ့နွံများအတိုင်းအဆမရှိ ကျယ်ပြော ကုန်မည်။ရေသည်လည်း ၃၂ ဖာရင်ဟိုက်အထက်တွင်ဖြစ်တည်။ ပင်လယ်ရေပြင်သည်လည်းပုံမှန်အတိုင်း ရေခဲတော့မည်မဟုတ်။ သို့သော်သည် နှစ်ပေါင်းများစွာ ကြာလာသည့်တိုင်အောင် ပုံမှန်အတိုင်းရှိနေကြသဖြင့် အသက်ရှင်ကြည်သည်၊ ပင်လယ်ရေပြင်များ ရေမခဲကုန်အောင်လည်း ဘုရားရှင်ကဆားဓာတ်ထည့်ထားသည်။ထို့ကြောင့်လည်း သမ္မာကျမ်းစာက ဘာသာရေးယုံကြည်ချက်မရှိသူများသည် လူသူမိုက်များဖြစ်သည်။ စိတ်ပေါ့သွပ်သူများဖြစ်သည်။ ထိုသူများ၏အသိဉာဏ်ပညာကို အထွေအထူးဆန်းစစ်စရာမလို။ပြောစကားများတွင် ပေါ်လွင်ထင်ရှားနေပြီ။ဘုရားများက ထိုသူများသည် ပျက်စီးချို့ယွင်းသူများဖြစ်သည်။ လူနှင့်သူနှင့် မတူသူများဖြစ်သည်ဆိုသည်။ သူ့အပြုအမူသည် ဘာသာရေးနှင့် ခံယူချက်တွင်တည်သည်။ ဘုရားတရားခံယူချက်နှိမ့်ကျလျှင် အပြုအမူသည်လည်း နိမ့်ကျရိုင်းစိုင်းသည်။ ဘုရားတရားကို သံသယရှိနေသူနှင့် အကောင်းမြင်မှသာ ယုံတတ်သောလူပြိန်းများသည်လည်းထိုလူမိုက်စာရင်းတွင် ပါဝင်ကြသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ Barnes က ဤသို့ဆို ထားသည်။ဘုရားမရှိဟု ယုံကြည်သူများသည် မိုက်မဲဆိုးသွမ်းခြင်းကို ထူထောင်သူများဖြစ်သည်။ လတ်တလောဘဝတွင် ရရစားစားနေထိုင်ကြသည်။အနာဂတ်ဘေးရန်များကိုလည်း ကြောက်ရမှန်းမသိသော ဆင်ကန်းတော်တိုးသူများ သရဲတစ္ဆေမကြောက်သော မျက်ကန်းများဖြစ်သည်။

၁၄း၂-၃ အာဒံ၏သားစဉ်မြေးဆက်တွင် ပညာရှိရှိဖြင့် ဘုရားသခင်ကို လိုလားရှာဖွေသူရှိကြသလားဟု ကောင်းကင်ဘုံမှဘုရားရှင်က ငုံ့ကြည့်သော အခါကြောင်တကောင်ကြွက်တမြီးမှမတွေ့။ လူသည် သူ့သဘောသဘာဝနှင့် ပင်ကိုယ်သဘောအရအပြစ်သားဖြစ်သည်။ သူ့သဘောအတိုင်းသာထားလျှင် ဘုရားသခင်ကို ရှာရကောင်းမှန်းလည်းမသိ။ သို့ကြောင့်ဘုရားရှင်သည် ဘုရားသခင်နှင့် ကယ်တင်ခြင်းလိုအပ်ကြကြောင်း သိရှိနားလည်ကြစေရန် သန့်ရှင်းဝိညာဉ်တော်စေလွှတ်သည်။

ဤအပိုဒ်ငယ် ၃ ခုကို ရှင်ပေါလုက ရော ၃း၁၀-၁၂ တွင် ပြန်လည်ကိုးကားရေးသားထားသည်။ လူတိုင်း၊လူ့ပြုမူလုပ်ဆောင်ချက် တိုင်းသည် အပြစ်နှင့်မကင်းဟုဆိုသည်။ ဒါဝိဒ်ကမူ လူသားမျိုးနွယ်ဆက်အားလုံးနှင့် ခြုံ၍စဉ်းစားဟန်မရှိသော်လည်း သူ့စကားသည် မှန်ကန်သည်။ ဘုရားသခင်ကို ငြင်းပယ်သူများသည် ဖြောင့်မတ်ခြင်းကို ဆန့်ကျင်ပုန်ကန်သူများဖြစ်သည်။ ထိုသူများသည် ဘုရားရှင်တော်နှင့်ဖီလာဆန့်ကျင်သူများဖြစ်သည်။ စိတ်ဓါတ်ရေးရာချို့ယွင်းသူများဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင်ကောင်းသောအကျင့်ကို ကျင့်သူတယောက်မှမရှိ။

၁၄း၄ ဘုရားသခင်၏ လူများကို တမင်တကာကိုက်စားဖျက်ဆီးကြသည်။ ဘုရားသခင်က မရှိဆင်းရဲသားများကိုထူမ၍ အပြစ်များကို အရေးယူကြောင်းသိကြသော်လည်း ယုံကြည်သူများကို ကြည်ညိုအသိအမှတ်မပြုကြ။ မုန့်ကဲ့ သို့ ဖဲ့စားချင်ကြသည်။ဘုရားသခင်၏ ကောင်းမြတ်ခြင်း သိရှိမြင်ကြသော်လည်း ဆည်းကပ်ခြင်းမပြုကြ။ ဆုတောင်းလေ့လာခြင်းမရှိကြ။

၁၄း၅-၆ ဘုရားသခင်သည် အပြစ်မဲ့သူများဘက်တွင် ရပ်တည် သော အခါ မတရားသောသူများသည် ဒူးတုန်ကြောက်ရွံ့ကြသည်။ မရှိဆင်းရဲသားများ၏ ရိုးရိုးသားသားယုံကြည်မှုကို စော်ကားလာခဲ့သမျှယခုမူကိုယ်တိုင်ကိုယ်ကျ ခိုလှုံရာမဲ့ဒုက္ခသည်တွေဖြစ်ကုန်ပြီ။

၁၄း၇ ရွေးကောက်ထားသော လူမျိုးတော်အားသိမ်းဆည်းဖို့ မေရှိယသခင်သည် ဇိအုန်တောင်ပေါ်သို့ တဖန်ကြွလာဦးမည်။ ထိုနေ့ရက်သည်အောင်ပွဲ ခံရာနေ့ရက်တည်း။ တပါးတည်းသောဘုရားသခင်ကို ငြင်းပယ်ကြသော တပါးအမျိုးသားတို့အကြားမှ ခရစ်တော်၏ ကယ်နှုတ်ခြင်းခံရသော ယုဒသန့်ရှင်းသူများသည် အချုပ်အနှောင်မှလွတ်မြောက်ကြသောကြောင့် အလွန်တရာဝမ်းသာပျော်ရွှင် ကြပေမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။