ဆာလံကျမ်း - ၁၂

ကူမတော်မူရန်ဆုတောင်း
1အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော်ကောင်းမျိုးသည်ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။ 2အိမ်နီးချင်းတို့သည် တစ်ဦးကိုတစ်ဦး မုသားသုံး၍ ချော့မော့သောနှုတ်ခမ်း၊ နှစ်ခွသောစိတ်နှင့် ပြောတတ်ကြပါ၏။ 3-4ငါတို့သည် ကိုယ်လျှာအားဖြင့်နိုင်မည်။ ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကိုစောင့်လိမ့်မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆိုသောသူတို့၏ ချော့မော့သောနှုတ်ခမ်းနှင့် ဝါကြွားသောလျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။ 5ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကို ခံရသောသူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
6ထာဝရဘုရားမိန့်တော်မူချက်တို့သည် သန့်ရှင်းခြင်းရှိ၍ မြေနှင့်ကင်းစင်စေခြင်းငှာ၊ မိုက်၌ခုနစ်ကြိမ်စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။ 7အိုထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ် စောင့်မတော်မူမည်။ 8ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ရောက်သည်ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသောအခွင့်ရှိကြ၏။

ဆာလံကျမ်း - ၁၂ (အနက်ဖွင့်)

ဆာ ၁၂၊ ဘုရားစကားနှင့် လူစကား

၁၂း၁ ယုံကြည်သူများ၏ ဆိုစကားကို အပိုဒ်ငယ် ၁ တွင် တွေ့ရသည်။“ကိုယ်တော်ဘုရား၊ အကယ်အမကြွတော်မူပါ။လူ့လောကမှာ သနားစာနာမှုသေလွန်၍ နှလုံးသားရင်းဖြင့်ယုံကြည်မှုလည်း လွန်မြောက်ကုန်ပြီ” (Knox ကျမ်းမှု)

၁၂း၂ ယုံကြည်ခြင်းနှင့် ဖီလာဆန့်ကျင် သည့်အကြောင်းအရာ(၃)ချက် ပေးထားသည်။မုသာစကား။ အရှက်သိက္ခာမရှိ ဗြောင်ကျကျလိမ်ညာကြသည့်အပြင် အဖြူရောင်မုသာ၊ အထက်တဝက် အောက်တဝက်၊ ပုံကြီးချဲ့ခြင်းနှင့် ကတိကဝတ်ပျက်ကွက်ခြင်းများ ကျူးလွန်ကြသည်။မြောက်လုံးပင့်ချီစကား။ သူများကို မြှောက်ပင့်ကြသည်။ ချွန်တွန်းကြသည်။ မြောက်ပင့်ခြင်းနှင့်ချီးမွမ်းခြင်းမတူပါ။ မြှောက်ပင့်ခြင်းဆိုသည်မှာ အမှန်အကန်မဟုတ်သော အခြေအနေကို ဟုတ်လေသယောင်ပြောဆိုခြင်းဖြစ်သည်။ တစုံတဦးသို့မဟုတ် မိမိကိုယ်ကျိုးကိုကြည့်၍ ကြိုတင်လမ်းခင်းခြင်းဖြစ်သည်။နှစ်ဘက်မျက်နှာ။ အတွေးတမျိုး၊ အပြောတမျိုးလုပ်ကြသည်။ အပြောတမျိုးအလုပ်တမျိုး ပြုလုပ်တတ်သော ဗလောင်းဗလဲသမားများ ဖြစ်သည်။ မြွေကဲ့သို့လျှာနှစ်ခွရှိကြသည်။

၁၂း၃-၄ ဘုရားတရားမသိသော မတရားသူများက လျှာအရိုးမရှိတိုင်း စကားအမျိုးမျိုးပြောတတ်ကြသော်လည်း ဘုရားသခင်၏ သန့်ရှင်းသူများ၊သည် ထိုသူများနှင့် ရောနှောမနေ။ ဝါကြွားလေထွားသူများက မိမိတို့ထင်ရာမြင်ရာ ပြောကြသော်လည်းထိုအတိုင်းပြည့်စုံကြသည်မဟုတ်။ မဟုတ်မမှန်ပြောဆိုကြသည့်အတိုင်း ကံတူအကျိုးပေးကြလိမ့်မည်။

၁၂:၅-၆ မရှိဆင်းရဲသားများနှင့် ချို့တဲ့မွဲတေနေသူများကို ဘုရားရှင်က ထမြောက်စေမည်ဟု ကတိတော်ပေးထားပါသည်။ “ကယ်တင်ခြင်းငတ်မွတ်သူများကိုချီးမြှင့်မည်” (Gelineau)။ ကတိတော်ပေးထားသည့်အတိုင်းလည်း ပြီးပြည့်စုံစေမည်။ကတိတော်သည် သန့်ရှင်းခြင်းရှိ၍ မြေနှင့်ကင်းစင်စေခြင်းငှါ မိုက်၌ ခုနစ်ကြိမ်စစ်သောငွေကဲ့သို့ဖြစ်ကြ၏။ တနည်းအားဖြင့် စင်ကြယ်ဆုံးသော ငွေသို့နှယ်ဖြစ်၏။ ထိုစကားသည် ဘုရားရှင်တော်မြတ်စကားတော်ဖြစ်၍ လှည့်စားခြင်း၊ လိမ်လည်ခြင်း၊အဓိပ္ပါယ်နှစ်ခွ၊ အမှားအယွင်းကင်းစင်သည်။ ယုံကြည်စိတ်ချနိုင်ပါသည်။

၁၂း၇ ဘုရားရှင်က ယုံကြည်သူများက ခေတ်ကာလလူ့ယဉ်ကျေးမှုမှ စောင့်ထိန်းတော်မူမည်။စောင့်ထိန်းရုံသာမက အမှောက်မှောက် အမှားမှား၊အုတ်ရောရောကျောက်ရောရော မဖြစ်အောင် လည်းထိန်းသိမ်းစောင့်ရှောင်မည်။

၁၂း၈ နောက်ဆုံးကျမ်းပိုဒ်ပါ မတရားသောသူဆိုသည်မှာ ခေတ်ကာလအဆက်ဆက်တွင် လှည့်လည်ချောင်းမြောင်းသူ၊ ယုတ်မာသူ၊ လူ့ဘဝတန်ဘိုးမထားသူများဖြစ်သည်။ သု ၃း၁၁-၁၄ ပါအကျင့်ရှိသူများဖြစ်သည်။အဘကိုလည်း ကျိန်ဆဲ၍၊ အမိကိုလည်း ကောင်းကြီးမပေးတတ် သောလူ တမျိုး၊ ငါသည်စင်ကြယ်၏ဟု မိမိကိုယ်ကိုထင်သော်လည်း မိမိသည်အညစ်အကြေးကို မဆေးကြောသူတမျိုး၊အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သောသူတမျိုး၊ ဆင်းရဲသောသူတို့ကို မြေကြီးပေါ် က၎င်း၊ငတ်မွတ်သောသူကို လူစုထဲက၎င်း၊ ကိုက်စားပယ်စရာသို့ သန်လျှက်နှင့်တူသောသူ၊ဓါးနှင့်တူသောအံနှင့် ပြည့်စုံသောလူတမျိုးရှိ၏။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။