ဆာလံကျမ်း - ၁၁၃

လိုအပ်သူကိုမစသောဘုရား
1ထာဝရဘုရား၏ကျွန်တော်တို့၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလော့။ ချီးမွမ်းကြလော့။ 2ထာဝရဘုရား၏နာမတော်သည် ယခုမှစ၍၊ အစဉ်အဆက် မင်္ဂလာရှိစေသတည်း။ 3နေထွက်ရာမှသည် နေဝင်ရာတိုင်အောင်၊ ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဖွယ်ဖြစ်၏။ 4ထာဝရဘုရားသည် လူမျိုးတကာတို့အပေါ်၌လည်းကောင်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌လည်းကောင်း မြင့်တော်မူ၏။ 5ကိုယ်ကိုချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း၊ 6ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီးအရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။ 7ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက်၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကချီးမြှောက်လျက်၊ 8မင်းသားတို့တွင်လည်းကောင်း၊ မိမိလူတို့ကို အုပ်စိုးသောမင်းတို့တွင်လည်းကောင်း နေရာပေးတော်မူ၏။ 9မြုံသောမိန်းမသည် အိမ်၌နေ၍၊ ဝမ်းမြောက်သောစိတ်နှင့် သားဖွားရသောအခွင့်ကို ပေးတော်မူ၏။ ဟာလေလုယ။

ဆာလံကျမ်း - ၁၁၃ (အနက်ဖွင့်)

ကြီးမြတ်ပေ၊ ကရုဏာတော်ကြီးမြတ်ပါပေ

၁၁၃: ပထမအပိုဒ်ငယ် ၅ခုသည် ကြီးမြတ်သူ၏ ဂုဏ်ပကာသနကိုအမွှမ်းတင်၍နောက်ဆုံးအပိုဒ်ငယ် ၄ခု သည်ရင်းနှီးနီးစပ်သည့်အကြောင်းသီကုံးထားသည်။

ထာ၀ရဘုရားသည်ကြီးမြတ်တော်မူ၍ ချီးမွမ်းကိုးကွယ်ထိုက်သောအရှင်ဖြစ်သည်-

မည်သူက          ။ကိုယ်တော်အစေခံကျွန်များအားလုံး (ငယ်၁)။

မည်သို့              ။နာမတော်ချီးမွမ်းကြမည်။ ကျေးဇူးစကားဆိုကြမည်။ (ငယ် ၂က)

မည်မျှကြာ         ။စဉ်ဆက်မပြတ်။ယခုမှစ၍ထာ၀ရကာလပတ်လုံး (ငယ် ၂ခ)။

နေရာ                ။နေရာတိုင်း၊နေ၀င်ရာမှနေထွက်ရာ၊ နေထွက်ရာမှနေ၀င်ရာအရပ်တိုင်အောင် (၃က)။

ဘာကြောင့်        ။ကိုယ်တော်သည် ကြီးမြတ်သည်။ တိုင်းနိုင်ငံသားအားလုံးထက်မြင့်မားသည်။ ကောင်းကင်အရာများထက် ဘုန်းတန်ခိုးတင်သည် (ငယ်၄) အတုအပ ပြိုင်ဘက် မရှိ။ နှိုင်းစရာမရှိ။ မြင့်သောအရပ်မှာ ရာဇပလ္လင်တော်တည်သည်။ အမြင်ရူပါရုံသည် ကန့်သတ်ချက်မရှိ။ ကောင်းကင်နှင့်မြေကြီးတွင် ကိုယ်တော် မတွေ့မမြင်သော အရာမရှိ။ ကောင်းကင်ထက်မြင့်သော်လည်း အောက်ကျို့ရိုကျိုး သည်။

ထိုသို့ ကောင်းကင်ထက်မြင့်သော်လည်း လောကသားများနှင့် ရင်းနှီးနီးကပ်စွာနေသည်။

၁၁၃: ဖုံမှုန့်ဘ၀မှ ချီးမြောက်သောကြောင့် ဆင်းရဲသားများက ကိုယ်တော်ကို သိရှိကြသည်။ ဆင်းရဲချို့တဲ့သူများကလည်း သိရှိကြသည်။ ကံနိမ့်အနိမ်ခံဘဝမှ မင်းညီမင်းသားများသို့ စံမြန်းခွင့်ရသည်။

ကလေးမမွေးသောအမြုံမကလည်း သိသည်။ ပျော်ရွှင်သော ကလေးများ၏မိခင် ဖြစ်စေသည်။ ယုဒလူမှုရေးအသိုင်းအဝိုင်းတွင် အမြုံမကို ဝိုင်းကြဉ်ကြသည်။ လူရာမသွင်းကြ။ ကျိန်ခြင်းမင်္ဂလာမှ လွတ်မြောက်ခြင်းသည် ၀ဋ်ကျွတ်ပေစွ။ အနက်ဖွင့်ကျမ်း၏ဆန္ဒမွန်ပေတည်း။

လက်တွေ့ကျင့်သုံးခြင်း

အကျွန်ုပ်သည် မရှိဆင်းရဲသား နုံချာသူဖြစ်သော်လည်း ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းကြောင့် ဝိညာဉ်ရေးရာတွင် ကြွယ်ဝချမ်းမြေ့သည်။

အကျွန်ုပ်သည်ချို့တဲ့သည်။ ဆွေမရှိမျိုးမရှိ၊ တကောင်ကြွက်ဘ၀ဖြင့်သူဖုန်းစားဖြစ်ရသော်လည်း ခရစ်တော်ကိုယုံကြည်ခြင်းကြောင့် ယုံကြည်သူညီအစ်ကိုမောင်နှမများရရှိသည်။ မိတ်သဟာယဖွဲ့ခြင်းဖြင့် တကမ္ဘာလုံးနှင့်သိခွင့်ရသည်။

အကျွန်ုပ်သည် မြုံသည်။ ဘုရားသခင်အတွက် မသီးပွင့်နိုင်။ သို့သော်လည်း ကိုယ်တော်က အခွံဘဝ အချည်းနှီးဘဝမှ ရွေးထုတ်လာသောကြောင့် ဘဝအဓိပ္ပါယ်ရှိလာသည်။ သီးပွင့်ဝေဆာလာသည်။

သို့ကြောင့် ဘုရားသခင်ကိုချီးမွမ်းလော့ဟု ဆာလံသီချင်းကျူးဧနိုင်သည်။

ကိုယ်တော်ချီးမြှောက်ပလ္လင်တော်ထက်နားမှာ

 အမှားအယွင်းမရှိပြုတော်မူပြီ

ကိုယ်တော်၏ချစ်ခြင်းမေတ္တာတော်ပြည့်၀

ချီးမွမ်းသီချင်းကျူးဧမည်။

ကိုယ်တော်မြင့်မြတ်သည့်အတိုင်းချီးမွမ်းမည်

ကိုယ်တော်၏လူများစုရုံးကြ

ရှိသမျှအသံဖြင့်အော်ဟစ်လို့

ကိုယ်တော်ကြားအောင်ချီးမွမ်းကြစို့။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။