သုတ္တံကျမ်း - ၃၀

အာဂုရ၏ဆုံးမစကားများ
1ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလကို ဆုံးမသောတရားစကားဟူမူကား၊ 2အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန်ဖြစ်၏။ လူဉာဏ်နှင့် မပြည့်စုံ။ 3ပညာတရားကို မသင်၊ သန့်ရှင်းသောအရာတို့ကို မလေ့ကျက်။ 4ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူ ဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏အမည်နှင့် သူ၏သားအမည်ကားအဘယ်သို့နည်း။ သင်ပြောနိုင်သလော။ 5ဘုရားသခင်၏စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင်သည် အကွယ်အကာ ဖြစ်တော်မူ၏။ 6စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသားသုံးသောသူ ဖြစ်လိမ့်မည်။
စကားပုံများအဆက်
7ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်းပါ၏။ အကျွန်ုပ်မသေမီတိုင်အောင် ငြင်းတော်မမူပါနှင့်။ 8အကျွန်ုပ်မှ အနတ္တနှင့် မုသားကိုပယ်တော်မူပါ။ ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောအစာကိုသာ ပေးတော်မူပါ။ 9သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ဘုရားသခင်နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာရှိပါ၏။
10ကျွန်၏အကျိုးကို ဖျက်ခြင်းငှာ သူ၏သခင်ကို မပြောနှင့်။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ 11အဘကိုကျိန်ဆဲ၍ အမိကိုလည်း ကောင်းချီးမပေးတတ်သော လူတစ်မျိုး၊ 12ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော်လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတစ်မျိုး၊ 13အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတစ်မျိုး၊ 14ဆင်းရဲသောသူတို့ကို မြေကြီးပေါ်ကလည်းကောင်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲကလည်းကောင်း၊ ကိုက်စားပယ်ရှင်းစရာဖို့ သန်လျက်နှင့်တူသော သွား၊ ဓားနှင့်တူသော အံနှင့် ပြည့်စုံသော လူတစ်မျိုးရှိ၏။ 15မျှော့ကောင်၌ ပေးပါနှင့် ပေးပါဟူသော သမီးနှစ်ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊ 16သင်္ချိုင်းတစ်ပါး၊ မြုံသောမိန်းမ ဝမ်းတစ်ပါး၊ ရေမဝနိုင်သော မြေတစ်ပါး၊ တန်တော့ဟု မဆိုတတ်သော မီးတစ်ပါးတည်း။ 17အဘကို ကျီစားသောသူ၊ အမိစကားကို နားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏မျက်စိကို ချိုင့်၌ကျင်လည်သော ကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတ သူငယ်တို့သည်လည်း စားကြလိမ့်မည်။ 18ငါ့ဉာဏ်မမီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သောအရာလေးပါးဟူမူကား၊ 19လေ၌ ရွှေလင်းတသွားရာ လမ်းတစ်ပါး၊ ကျောက်ပေါ်မှာ မြွေသွားရာ လမ်းတစ်ပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာ လမ်းတစ်ပါး၊ အပျိုမနှင့် ယောက်ျားသွားရာလမ်းတစ်ပါးတည်း။ 20မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူဖြစ်၏။ အစာစားပြီးမှ မိမိပါးစပ်ကို သုတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟု ဆိုတတ်၏။
21မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊ 22မင်းပြုသော ကျွန်တစ်ပါး၊ ဝစွာစားရသော လူမိုက်တစ်ပါး၊ 23လက်ထပ်သော မိန်းမဆိုးတစ်ပါး၊ သခင်မဥစ္စာကို အမွေခံရသော ကျွန်မတစ်ပါးတည်း။ 24မြေကြီးပေါ်မှာ သေးနုပ်သော်လည်း၊ အထူးသဖြင့် ပညာရှိသော အရာလေးပါးဟူမူကား၊ 25ခွန်အားမရှိသော အမျိုးဖြစ်သော်လည်း၊ နွေကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပုရွက်ဆိတ်တစ်ပါး၊ 26မသန်စွမ်းသောအမျိုးဖြစ်သော်လည်း၊ ကျောက်တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တစ်ပါး၊ 27မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်းသွားတတ်သော ကျိုင်းတစ်ပါး၊ 28လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင်နေတတ်သော အိမ်မြှောင်တစ်ပါးတည်း။ 29ကောင်းစွာသွားတတ်သော အရာသုံးပါးမက၊ အသွားလှသော အရာလေးပါးဟူမူကား၊ 30တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တစ်ပါး၊ 31စစ်မြင်းတစ်ပါး၊ ဆိတ်ထီးတစ်ပါး၊ အဘယ်သူမျှမဆီးတားနိုင်သော ရှင်ဘုရင်တစ်ပါးတည်း။ 32သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှုကို ပြုမိသော်လည်းကောင်း၊ မကောင်းသောအကြံကို ကြံမိသော်လည်းကောင်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။ 33အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်ထွက်တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။

သုတ္တံကျမ်း - ၃၀ (အနက်ဖွင့်)

၆။ အာဂုရ၏သုတ္တံစကား (အခန်း ၃၀)

          ၃၀: သိရှိကြသည့်အတိုင်း ဤအခန်းတွင် အာဂုရက သူသည် ယာကေ၏သားဖြစ်သည်ဟု ဆိုထားသည်။

သူ၏ သုတ္တံစကား (ဗျာဒိတ် NIV)ကို Massa (RSV) ဘာသာစကားမှ ပြန်ဆိုခြင်း ဖြစ်နိုင်သည်။ အာဂုရသည် ဣသရေလအမျိုး၏ ဖခင်ကြီး ဖြစ်သည်။ (က ၂၅:၁၄)ဟု ယူဆရသည်။

ဒုတိယအကြောင်းမှာ “လူသည် စင်စစ် လူမဟုတ်ပါ။ ဘုရားသခင် အကျွန်ုပ်သည် အချည်းနှီး   သတ္တဝါ ဖြစ်ပါသည်”(ASV Margin) ဟုဆိုထားသည်။ ဆိုလိုသည်မှာ လူသည် အသိဉာဏ်ပညာ ပြည့်စုံကြွယ်ဝသူမဟုတ်ဟု ဝန်ခံခြင်း ဖြစ်သည်။

၃၀:  အာဂုရက သူသည် ဉာဏ်ပညာ ပြည့်စုံသူမဟုတ်ကြောင်း အတိအလင်း ဖွင့်ဟဝန်ခံထားသည်။ ဘုရားသခင်၏ အမှုတော်ထမ်းဆောင်ရန် အရည်အချင်းပြည့်မှီသူမဟုတ်ဟု ရိုကျိုးနှိမ့်ချစွာ ဝန်ခံခြင်း ဖြစ်သည်။ လူသည် ပင်ကိုယ်ဗီဇအားဖြင့် ပြည့်စုံသူများမဟုတ်ပါ။ ထိန်းကျောင်းပဲ့ပြင်မှု အစဉ်လိုအပ်သည်။

၃၀: သူသည် လူ့ကြိုးစားအားထုတ်မှုဖြင့် ဘုရားသခင်ကို ရှာဖွေသူမဟုတ်သကဲ့သို့ ဉာဏ်ပညာကိုလည်း ကျောင်းတော်ကြီးများတွင် လေ့လာဆည်းပူးသူမဟုတ်။ သူသည် ပညာတရားကိုမသင်၊ သန့်ရှင်းသောအရာကို မလေ့ကျက်ကြောင်း ဝန်ခံထားသည်။

၃၀: မေးခွန်းတသီတတန်းမေးထားသည်။ ဘုရားသခင်အံ့ဖွယ်ကြီးမြတ်ခြင်းကို မေးခွန်းပုံစံဖြင့် ဖော်ကျူးခြင်း ဖြစ်သည်။

ပထမဦးစွာ ဘုရားသခင်၏ ဉာဏ်ပညာမြင့်မားပုံနှင့် ဖန်ဆင်းထားသော စကြဝဠာ၏နက်နဲပုံ ဖော်ထုတ်သည်။ ဒုတိယအချက်တွင် လူတို့မစွမ်းနိုင်သော ဘုန်းတန်ခိုးဖြင့် လေနိုင်စားပုံကို တင်ပြထားသည်။ တတိယအချက်မှာ ရေကို အုပ်စိုးနိုင်ပုံ ဖြစ်သည်။ ပင်လယ်ရေကို အခိုးငွေ့တက်စေ၍ တိမ်တောင်တိမ်လိပ် ဖြစ်စေသည်။ လေနှင့်ပူးပေါင်းစေပြီးသောအခါ မိုးသီးမိုးပေါက်များအဖြစ် မြေကြီးပေါ်သို့ တဖန်ပြန်လည် ရွာသွန်းစေသည်။ နောက်ဆုံးအချက်မှာ မြေကြီးစွန်းအဆုံးသတ်ခြင်း ဖြစ်သည်။

ထိုသို့သောသူ၏အမည်နှင့် သူ၏သားအမည်သည် မည်သူနည်း။ ထိုမျှလောက် ဘုန်းတန်ခိုးကြီးမားသူ အံ့ဩဖွယ်အစွမ်းရှိသူ၊ နေရာတိုင်းမှာရှိသူ၊ အလုံးစုံကို သိတော်မူသော သဗ္ဗညုတဉာဏ်တော်ရှင်သည် အဘယ်သူနည်း။ သူ့အကြောင်း အစုံအလင်မည်သူ သိနိုင်သနည်း။ တစုံတဦးကမှ အစုံအလင် မသိရှိနိုင်ပါ။ သို့သော် ထိုဘုရားရှင်၏ သားတော်သည် သခင်ယေရှုခရစ်တော် ဖြစ်ကြောင်း သိရပါသည်။

အံ့ဩဖွယ်ရာ အကောင်းဆုံးတခုမှာ ယုဒလူမျိုးများက ယေဟောဝါဘုရားသခင်တွင် သားတော်ရှိကြောင်း လက်မခံကြ။ ဤကျမ်းစကား သက်သေအရ ဘုရားသခင်တွင် သားတော်ရှိကြောင်း ဓမ္မဟောင်းယုံကြည်သူများ၏ ခံယူချက်ကို နားလည်ရပါသည်။

၃၀:  ဘုရားသခင်ဇာတိတော်အကြောင်းမှ နှုတ်ကပတ်အကြောင်းကို သင်ခန်းစာပြောင်းလိုက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိသမျှတိုင်းသည် စင်ကြယ်၏ဟု သမ္မာစကားဆိုထားသည်။ ဘုရားသခင်ကို ခိုလှုံသောသူတိုင်းသည် ဘဝလုံခြုံကြသည့် အကြောင်းကို ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင်သည် အကွယ်အကာဖြစ်တော်မူ၏ဟု ထပ်ဆိုထားသည်။

၃၀: သမ္မာကျမ်းစာ၏ ပြည့်စုံပုံကို အတည်ပြုထားသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သောကြောင့် လူ့အတွေးအခေါ် အကြံအစည်ဖြင့် ထပ်မံဖြည့်သွင်းခြင်း မပြုရ။

ဤကျမ်းပိုဒ်ကို အချို့ဘာသာရေးသမားများက သဘောမတူ၊ ကန့်ကွက်ကြသည်။ အတွေးအခေါ် ထပ်ထည့်ချင်ကြသည်။ ပြင်ဆင်ကြသည်။ ဖြည့်စွက်ကြသည်။ လိုရာဆွဲတွေးကြသည်။ သူတို့ကို သမ္မာကျမ်းစာပိုင်ရှင် သမ္မာကျမ်းစာ စီရင်ရေးသားသူဟု ထင်မှတ်ကြသည်။

၃၀: ဤကျမ်းချက်သည် သုတ္တံကျမ်း၏ တခုတည်းသော ဆုတောင်းခန်း ဖြစ်သည်။ ဆုတောင်းချက်သည် လိုရင်းတိုရှင်းဖြစ်၍ ထိမိလှသည်။ အကြောင်းအရာ(၂)ချက် တွေ့ရှိရသည်။ ဝိညာဉ်ရေးရာအသက်တာနှင့် ရုပ်ခန္ဓာကိုယ်အတွက် ပါဝင်သည်။

ပထမဦးစွာ အဓိပ္ပါယ်ရှိသောဘဝနှင့် ရိုးသားဖြောင့်မတ်ခြင်းကို ဆုတောင်းသည်။ လူ့ဘဝကို အချည်းနှီးဖြတ်သန်း မကုန်ဆုံးလို။ ကြီးမြတ်ခြင်းကို မလိုချင်သကဲ့သို့ သေးနုတ်နုံချာခြင်းကိုလည်း မကြိုက်။ သူတပါးကို လိမ်ညာလှည့်စား မုသာမဆိုချင်သကဲ့သို့ သူကိုယ်တိုင်လည်း လိမ်လည်ညာစားခြင်း မခံလို။

ရုပ်ဝတ္ထုပစ္စည်းများကိုလည်း အလျှံပယ် မကြွယ်ဝချင်သကဲ့သို့ ကုန်းကောက်စရာမရှိအောင် မမွဲတေလို။ အသက်ရှင်ဖို့ နေ့စဉ်လုံလောက်သော အစာရလျှင် ကျေနပ်တင်းတိမ်သည်။ ထို့ကြောင့် နေ့ရက်စဉ်တိုင်း လုံလောက်သော အစာပေးသနားတော်မူပါဟု ဆုတောင်းသည်။

ချမ်းသာလွန်းခြင်း၊ ဆင်းရဲလွန်းခြင်း အစွန်း(၂)ပါးကို ရှောင်သည်။ ချမ်းသာလွန်းလျှင် မိမိကိုယ်ကို ကိုးစားမာန်မာနတက်ပြီး ဘုရားသခင်အား မေ့လျှော့မှာ စိုးရိမ်သည်။ “ဘုရားသခင်ဆိုတာ အဘယ်သူလဲဟု မေးခွန်းထုတ်မိမှာစိုးသည်။ ထို့ကြောင့် ဘုရားသခင်ကို လိုအပ်သောအရာ တောင်းရမည်လား၊ လိုချင်သောအရာ တောင်းရမည်လား။

ဆင်းရဲလွန်းပြန်လျှင်လည်း မတော်တရော်လုပ်မိမည်စိုးသည်။ ငတ်မရှက်သူများ ပစ္စည်းခိုးစားမိလျှင် ဘုရားသခင်၏ ပညတ်စကား လွန်ကျူးဖောက်ဖျက်မိမည်။

၃၀:၁၀ တပည့်ဆိုးညံ့ကြောင်းကို သူ့ဖခင်အား သွားမပြောရန် တားမြစ်ထားသည်။ အကယ်၍ လျှာရှည်သွားမိလျှင် ကျိန်ဆဲခြင်းခံရမည်။ ထိုအစေခံ၏ ကျိန်ဆဲခြင်းခံရသကဲ့သို့ သူ့သခင်ကလည်း သင့်အဆင့်အတန်းကို မှတ်ချက်ချမည်။ ဘုရားသခင်သည်လည်း အဖိနှိပ်ခံ လူတန်းစားဘက်မှ ရပ်တည်သည်။

၃၀:၁၁ ယနေ့ခေတ်ကာလနှင့် နောက်ဆုံးခေတ်ကာလတြွင် ဖြစ်ပေါ်နေသော မျိုးရိုးစဉ်ဆက် ဆက်ဆံပုံကို ပုံဖော်သတိပေးထားသည်။ (၂တိ ၃:၁-၇ ကိုလည်း ကြည့်ပါ)။ အောက်ပါ အဖြစ်အပျက်ကို လေ့လာကြည့်ကြရအောင်။

မိဘကိုမရိုသေခြင်း။ ဖခင်ကို ကျိန်ဆဲ၍ မိခင်ကိုလည်း မထီလေးစား အထင်အမြင်ပေးခြင်းသည် ပညတ်တော်ဆယ်ပါးမှ ပဉ္စမအချက်ကို ဖောက်ဖျက်ခြင်း ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် လူငယ်လူရွယ်များ၏ အဆိုးဝါးဆုံးသော အကျင့်စရိုက်ဆိုး ဖြစ်သည်။

၃၀:၁၂  တကိုယ်ကောင်းဆန်ခြင်း။ ထိုသူများသည် ဂုဏ်သိက္ခာမရှိ။ အကျင့်စရိုက် မစင်ကြယ်သူများ ဖြစ်သည်။ အရှက်အကြောက် ဟီရိဩတပ္ပစိတ်ကင်းမဲ့သူများ ဖြစ်သည်။ အပြင်းပန်းသဏ္ဌာန်အားဖြင့် ရုပ်ရည်သနားကမားရှိ၍ ကြည့်ကောင်းရှုပျော် ဝတ်စားဆင်ယင်ကြသော်လည်း စိတ်နှလုံးမှာမူ ခွေးသေကောင်ကဲ့သို့ ပုပ်ပွသည်။

၃၀:၁၃  ဘဝင်မြင့်ထောင်လွှားခြင်း။ Rabbi Simeon Ben Jochai က ‘ကမ္ဘာကြီးမှာ သူတော်စင် နှစ်ယောက်တည်းရှိလျှင် ငါတို့သားအဖ နှစ်ယောက်ဖြစ်မည်။ တယောက်တည်းရှိလျှင် ငါဘဲဖြစ်မည်”ဟု မိမိကိုယ်ကို စိတ်ကြီးဝင်သူများ ဖြစ်သည်။

၃၀:၁၄  ရက်စက်ကြမ်းကြုတ်သူခြင်း။ မိမိတို့၏ ကြွယ်ဝချမ်းသာမှုကို အရင်းပြု၍ မရှိဆင်းရဲသားများ မတရားခိုင်းစားခြင်းမျိုး ဖြစ်သည်။ မတန်တဆ အလုပ်ပမာဏဖြင့်၎င်း၊ အချိန်ပိုဖြင့်၎င်း ခိုင်းစား၍ လုပ်အားခလည်း လျှော့ပေးထားသည်။ မစာနာမညှာတာ ခေါင်းပုံဖြတ်စားကြသည်။

၃၀:၁၅၁၆ ရလေအိုလေအိုတစ္ဆေ၊ ရမက်မပြေနိုင်သော လောကအကြောင်းကို ပုံဥပမာပေး ခိုင်းနှိုင်းထားသည်။

၁။ မျှော့ကောင် သို့မဟုတ် သွေးစုတ်ဖုတ်ကောင် (ASV Margin)တွင် သမီးနှစ်ယောက်ရှိသည်။ ထိုသမီးနှစ်ယောက်သည် လူ့သွေးစုတ်ယူရာတွင် ဝသည်ဟူ၍မရှိ။ သူတို့ညီမနှစ်ယောက်စလုံး၏ နာမည်ကိုလည်း ပေးဦးနှင့် ပေးပါဖြစ်သည်။

၂။ နောက်တခုမှာ သင်္ချိုင်းကုန်း ဖြစ်သည်။ သင်္ချိုင်းကုန်းတွင် ရုံပြည့်ပြီဟူ၍မရှိ။ အလုပ်ပိတ်ရက်ဟူ၍မရှိ။ သင်္ချိုင်းကုန်းကို ဖျက်ဆီးပိတ်သိမ်းသည်ဟူ၍မရှိ။

၃။ မြုံသောမိန်းမဝမ်း။ ကလေးမိခင်ဖြစ်ဖို့ အမြဲမျှော်လင့်ချက်ထားရှိသော်လည်း သန္ဓေတည်ကိုယ်ဝန် ရသည်ဟူ၍ မရှိ။

၄။ ရေမဝနိုင်သောပတ်ကြမ်းအက်မြေ။ အဘယ်မျှ မိုးရွာသွန်းသည်ဖြစ်စေ၊ ရေဖြည့်သွင်းသည်ဖြစ်စေ၊ လယ်ကွင်းပြင်တွင် ရေတစက်မှ မကျန်အောင် စုတ်ယူသည်။

၅။ တန်တော့ဟု မဆိုတတ်သောမီး။ မီးသည်လည်း လောင်စာရှိသမျှ လောင်စာထည့်သမျှ မကုန်မခြင်းလောင်နေသည်။ တန်တော့ဟု မနားတတ်။

အလိုဆန္ဒမပြည့်နိုင်သော အရာသုံးပါးဟု ဖော်ပြလျက် လေးမျိုး ဖော်ထားကြောင်း တွေ့ရမည်။ ထိုသဘောကပင် ဆန္ဒသည် ပြည့်ခြင်းမရှိနိုင်။ ရလေလိုလေဟု သရုပ်ဖော်သည်။ Grant က ဂဏာန်းနံပါတ် “လေး”သည် ကမ္ဘာမြေ၏ပြည့်စုံသော ဂဏာန်းသင်္ကေတ သို့မဟုတ် စကြဝဠာနှင့်ဆိုင်သောဂဏာန်း (အရပ်လေးမျက်နှာ) သို့မဟုတ် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံသတ္တဝါများ၏ အားပြိုင်မှုသင်္ကေတ ဖြစ်သည်၄၃ ဟုဆိုသည်။

၃၀:၁၇ ဤကျမ်းပိုဒ်သည် အပေါ်ကောက်ကျမ်းပိုဒ်များနှင့် ချိန်ဆက်မမိ၊ အပိုဒ်ငယ် ၁၁ နှင့်သာ ဆက်စပ်သည်။ မွေးသဖခင်ကို စော်ကား၍ မိခင်ကို မထီမဲ့မြင်ပြုသော သားသည် အသေဆိုးဖြင့် သေရသည်။ သင်္ဂြိုဟ်မြုပ်နှံသူမရှိ၊ လမ်းခုလတ်တွင် သေရသည်။ ယုဒများ ထုံးတမ်းစဉ်လာ အယူအဆအရ သင်္ဂြိုဟ်မြုပ်နှံခြင်းမရှိသော အလောင်းကောင်သည် အဆိုးရွားဆုံးသော အနိဋ္ဌာရုံဖြစ်သည်။ ထိုအလောင်းကို ကျီးကန်းများက မျက်လုံးဖောက်စား၍ အစားကို လင်းတများက ထိုးဆိတ်စားကြမည်။

၃၀:၁၈၁၉ အာဂုရက သူနားမလည်နိုင်သော အရာလေးပါးကို တအံ့တဩတင်ပြထားသည်။ စာဖတ်ပရိသတ်များသည်လည်း ဝိညာဉ်အတွေးအမြင်ဖြင့် ခွဲခြမ်းစိတ်ဖြာ လေ့လာဆန်းစစ်ကြည့်ကြပါစို့။ လူ့အတွေးအမြင်နှင့် မစွမ်းသာအောင် လျှို့ဝှက်ထားသော အကြောင်းအချက်များ ရှိသေးသလား။ ကျမ်းစာပညာရှင်အများစုကမူ သွယ်ဝိုက်သော အဓိပ္ပါယ်မရှိဟု ယူဆကြသည်။ စာကြောင်းပါစကားလုံးများ အရင်းအတိုင်းဖြစ်သည်ဟု ဆိုကြသည်။ အပိုဒ်ငယ် (၂၀)တွင် ပါရှိသည့် မိန်းမပျက်က သူ့အပြစ်ကို လျှို့ဝှက် ဖုံးကွယ်ထားသည့်အတိုင်း ဟုတ်ပါသလား။ Kedner က “လေ၊ ကျောက်၊ ပင်လယ်နှင့်မိန်းမပျို”ဟု အလွယ်တကူ မှတ်သားခိုင်းထားသည်။

၁။ လေ၍ရွှေလင်းတသွားရာလမ်း။ ရွှေလင်းတသည် အလွန်မြင့်မားသော လေထဲတွင် အရှိန်ပြင်းစွာ ပျံသန်းသောငှက် ဖြစ်သည်။ စံနမူနာပြလေ့ရှိသောငှက် ဖြစ်သည်။

၂။ ကျောက်ပေါ်မှာ မြွေသွားရာလမ်း။ ခြေထောက်မပါ၊ လက်မရှိ၊ တောင်ပံမပါရှိဘဲလျက် တွားသွားတတ်သော တိရစ္ဆာန် ဖြစ်သည်။

၃။ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်း။ သင်္ဘောဆိုသည်မှာ ကဗျာရသဆန်ဆန် ငါးကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ (ဆာ ၁၀၄:၂၆ ကိုလည်း ယှဉ်ဖတ်ပါ)။ အာဂုရက ရေကြောင်းပညာနှင့် ရေကြောင်းလမ်းထိန်းသိမ်းမှုပညာကို ဆိုလိုဟန်ရှိသည်။

၄။ လူပျိုနှင့်အပျိုတို့ သွားရာလမ်း။ ထင်သာမြင်သာရှိသော အလွယ်ကူဆုံး ပုံဥပမာဖြစ်သည်။ မည်ကဲ့သို့ပင် ထိန်းသိမ်းစောင့်ရှောက်စေကာမူ အကျင့်မကောင်းသော မိန်းမပျိုသည် ဖမ်းရခက်သည်ဟု ဆိုလိုသည်။

၃၀:၂၀ ပဉ္စမြောက် အံ့ဖွယ်အမှုတော် တင်ပြထားသည်။ အကျင့်ပျက်ခြံခုန်လေ့ရှိသောမိန်းမ သွားရာလမ်းဖြစ်သည်။ တဏှာရမ္မက်ပြင်းထန် ဖောက်ပြန်သောမိန်းမသည် ဗိုက်ဝအောင် စားသောက်ပြီးသောအခါ အပြစ်ဒုစရိုက် တစုံတလေမပြုလေဟန်ဖြင့် ဣန္ဒြေတခွဲသား နေတတ်သည်။ ပါးစပ်ခြောက်အောင်သုတ်၍ မဟုတ်လေဟန်ဖြင့် လေချွန်သွေးလိုက်သေးသည်။

၃၀:၂၁၂၃ မခံနိုင်စရာအရာ (၄)ပါး ထပ်မံတင်ပြထားသည်။ ကမ္ဘာမြေကြီးကို ဒုက္ခပေးသူများ ဖြစ်သည်။

၁။ မင်းဖြစ်သောကျွန်။ စိုင်ကော်၍ခြုံပုံတင်၊ မမျှော်လင့်ဘဲစော်ကဲမင်း ဖြစ်ပေါ်လည်း အကျင့်စရိုက်ကမပျက်။ လူက ရှင်ဘုရင်ဖြစ်သော်လည်း ပြုမူလှုပ်ရှားပုံမှာကျွန်အတိုင်း ရှိနေသည်။ ရာထူးနှင့် မထိုက်တန်သူ ဖြစ်သည်။

၂။ ဗိုက်ဝသောသူတောင်းစား။ အငတ်ပြေစားရသော ပုံမှန်အနေအထားရှိသော်လည်း ဗိုက်ပြည့်ဝသောအခါ လူမှုပြဿနာတခုခု ရှာကြံဖန်တီးသည်။

၃။ လက်ထက်သောမိန်းမဆိုး။ သူ၏ မုန်းတီးစိတ်၊ နှုတ်သီးကောင်းမှုကြောင့် ပိုးပန်းသူမရှိသော်လည်း ကြက်ကန်းဆန်အိုးတိုး၍ ယောက်ျားရ ဖြစ်သည်။ ယောက်ျားရသော်လည်း အကျင့်မပြင်။ ပိုဆိုးလာသည်။ မြင်းကို ဦးချိုတပ်ပေးသကဲ့သို့ ကိုက်လည်း ကိုက်သည်။ ဝှေ့လည်းဝှေ့သည်။ ကန်လည်း ကန်သည်။ လင်သားကို ရိုသေရမှန်းမသိ။ ကြိမ်းမောင်းဆဲဆိုသည်။ အခြားမိန်းမငယ်များကိုလည်း ကဲ့ရဲ့သည်။

၄။ သခင်မဥစ္စာကို အမွေခံရသောကျွန်မ။ မထင်မှတ်ဘဲအမွေရ၍ နေ့ချင်းညချင်း သူဌေးမ ဖြစ်လာသော်လည်း မနေတတ်၊ မထိုင်တတ်၊ စီမံခန့်ခွဲခြင်း မလုပ်တတ်။ အနေအထိုင် ကြမ်းတမ်းခက်ထန်သည်။

၃၀:၂၄ အာဂုရက တဖန် အတုယူ အတတ်သင်အပ်သော သင်ခန်းစာ()ပါးကို      ဘာသာရပ်ခေါင်းစဉ်ပြောင်း၍ ရှင်းပြထားသည်။ ဉာဏ်ပညာအရာမှယ လေးစားထိုက်သူများ ဖြစ်သည်။

၃၀:၂၅ (၁) ပုရွက်ဆိတ်များသည် ခွန်အားဗလအလွန်သေးငယ်သော်လည်း ကူဖော်လောင်ဖက် အားကိုးစရာမလို။ မိမိကိုယ်ကို အားကိုးလျက် တနွေလုံး ပင်ပန်းစွာ လုပ်ကိုင်ကြသည်။ များသောအားဖြင့် ဆောင်းကာလတွင် ပုရွက်ဆိတ်များသည် အပြင်ထွက် အစာရှာဖွေလေ့မရှိ။ The World Book ၏ အဆိုအရ “ပုရွက်ဆိတ်များသည် ဆောင်းကာလတွင် ပုရွက်ဆိတ်သိုက်မြုံယံ၌ အနားယူအိပ်မောကျလျက် ရှိကြသည်” ဟုသိရသည်။ ကင်းသမားမှလွဲ၍ အနားယူအိပ်ကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ဆောင်းရာသီကတည်းက စုဆောင်းရှာဖွေသိမ်းဆည်းထားသည်မှာ သေချာသည်။ ဤကျမ်းပိုဒ်၏ အဓိက သင်ခန်းစာမှာ ပုရွက်ဆိတ်တို့၏ တက်ကြွစွာ ပြုမူလှုပ်ရှားပုံနှင့် အစာသိုလှောင်ပြင်ဆင်ပုံ ဖြစ်သည်။

၃၀:၂၆ (၂) ကျောက်တွင်း၌ နေရာချတတ်သောခွေးတူဝက်တူသည်  ခွန်အားမရှိ၊ ရန်သူအား ခုခံကာကွယ်နိုင်စွမ်းအားမရှိ၊ လျင်မြန်စွာ မပြေးလွှားနိုင်။ ထို့ကြောင့် ရန်သူ့ဘေးဒဏ်မှ ကင်းဝေးရန် ကျောက်ဆောင်ကြားတွင် နေရာယူ ခိုအောင်းလေ့ရှိသည်။ ကျောက်ဆောင်ကျောက်ပြားရှိ ကျောက်တွင်းများသည် ခွေးတူဝက်တူများအတွက် အကောင်းဆုံးလုံခြုံရာ နေရာဖြစ်သည်။ ထိုလုံခြုံမှုကို သင်ခန်းစာယူ၍ ဝိညာဉ်ရေးရာ သီချင်းများတွင် “ငါခိုလှုံရာ ကျောက်ဆောင် ဖြစ်တော်မူ၏”ဟု စပ်ဆိုထားသည်။

၃၀:၂၇ (၃) ခေါင်းဆောင်မရှိသော်လည်း တပ်ဖွဲ့၍ အစဉ်အတိုင်းသွားတတ်သော ကျိုင်းကောင်အုပ်စု၏ လှုပ်ရှားသွားလာပုံသည် သင်ခန်းစာ နမူနာယူဘွယ် ဖြစ်သည်။

၃၀:၂၈ (၄) ပင့်ကူ သို့မဟုတ် အိမ်မြောင် (NASB) သည် သေးငယ်သော အကောင်ဖြစ်သော်လည်း နန်းတော်ထဲတွင် အုံဖွဲ့နိုင်သည်။ ယနေ့ခရစ်ယာန်များသည် အညှာအရင်း၊ အရေးကြီးသောနေရာသို့ မချဉ်းကပ်ဘဲ တောခြုံအုံကြား ဦးစားပေးနေကြသည်ကို သတိပြုရမည်။ ဘုရားသခင်သည် ဟော်နန်းတော်နှင့် ရင်ပြင်တော်များကို ချန်မထားခိုင်းပါ။ သက်သေခံခိုင်းပါသည်။

၃၀:၂၉၃၁ နောက်ဆုံးတွင် ခန့်ညားထယ်ဝါစွာ လှုပ်ရှားသွားလာတတ်သော အရာ (၄)ပါးကို ပုံဥပမာယူဖို့ သင်ပြထားသည်။

၁။ ကေသရာဇာခြင်္သေ့။ မည်သည့်သားရဲတိရစ္ဆာန်ကိုမှမရှောင် အမှုမထား၊ တည်ငြိမ်စွာ သွားလာတတ်သော တောမင်းဘုရင် ဖြစ်သည်။

၂။ ဒုတိယပုံဥပမာသည် အဓိပ္ပါယ်မရှင်းလှပါ။ ဝင့်ထယ်စွာ လျှောက်လှမ်းတတ်သော ကြက်ဖကြီး ဆိုလိုဟန်ရှိသည် (NIV)။ အောင်ပွဲခံစစ်သူရဲကောင်း (JND Margin) သို့မဟုတ် ခွေးသမင် ဖြစ်သည်။ ဖော်ပြပါအချက်များသည် အပူအပင်မရှိ၊ ပတ်ဝန်းကျင်ကိုမမှု ဝင့်တယ်စွာ သွားလာတတ်သော သတ္တဝါချည်းဖြစ်၍ အားလုံးအကျုံးဝင်သည်။ သို့သော် ခွေးသမင်ကို ရွေးချယ်အပ်သည်ဟု သဘောရပါသည်။

၃။ ဆိတ်ထီး သို့မဟုတ် ဆိတ်မကြီး။ ဆိတ်အုပ်တခုလုံးကို ဦးစီးဦးဆောင်လျက် သွားလာတတ်သော ခေါင်းဆောင်မှုပညာကို ဆိုလိုသည်။

၄။ အချို့က စတုတ္ထပုံဥပမာကို သံသယရှိကြသည်။ “ဘုရင်ဟုဆိုရာတွင် အခုအခံ အတိုက်အခိုက် ပြိုင်ဘက်မရှိခြင်း (KJV)၊ လူအများကို ဦးစီးခေါင်းဆောင်သော ခေါင်းဆောင်ကောင်း (RSV) စစ်မတ်ဗိုလ်ပါခြံရံသော ဘုရင်(NKJV) ဟု အမျိုးမျိုး အနက်ဖွင့်ဆိုကြသည်။ မည်သို့ဖြစ်စေ ကျမ်းချက်၏ ဆိုလိုရင်းသည် ဂုဏ်သိက္ခာခန့်ညားထယ်ဝါစွာ သွားလာတတ်သူကို ဆိုလိုပါသည်။

၃၀:၃၂၃၃ အထက်ကကျမ်းပိုဒ်များနှင့် အဆက်အစပမရှိသော ကျမ်းပိုဒ်(၂)ခုဖြင့် ဤအခန်းကြီးကို အဆုံးသတ်ထားသည်။ Williams က ဤသို့ဖွင့်ဆိုထားသည်။

လူသည် အားနည်းသူဖြစ်ပါလျက် ဘုရားသခင်ရှေ့တွင် ဂုဏ်ယူမော်ကြွားလျှင် ဘုရားသခင်အား မကြည်ညိုမလေးစားရာ ရောက်ပါသည်။ ဘုရားရှင်အား မကောင်းကြံစည် ပြစ်မှားရာလည်း ရောက်သည်။ ထို့ထက်စာလျှင် ပါးစပ်ပိတ်၍ ပညာစကားကို သင်အံ့နားထောင်ပါစေ။ လူကြားတွင် မိမိထုံအမှုကို အထုတ်မဖြေပါစေနှင့်။ နို့မွှေလှင် ထောပတ်ထွက်၍၊ နှာခေါင်းဆွဲလိမ်လျှင် သွေးထွက်သည်။ ဒေါသနှိုးဆော်လျှင် အမျက်ထွေသည်ကို သတိပြုပါ။၄၅

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။