သုတ္တံကျမ်း - ၁၆

1စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့် ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော်မူ၏။ 2လူသည် မိမိကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်သဘောတို့ကို ချိန်တော်မူ၏။ 3ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ်လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။ 4ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို ကိုယ်တော်အဖို့၊ မတရားသောသူတို့ကိုလည်း ဘေးဒဏ်ခံရသောနေ့အဖို့ ဖန်ဆင်းတော်မူ၏။ 5မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည်အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။ 6ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် အပြစ်ပြေတတ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောအားဖြင့် ဒုစရိုက်ကို ရှောင်တတ်၏။ 7လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့် သင့်တင့်စေတော်မူ၏။ 8ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သော ဥစ္စာအနည်းငယ်သည်၊ မတရားသဖြင့်ရသော ဥစ္စာအများထက်သာ၍ကောင်း၏။ 9လူသည် မိမိသွားရာလမ်းကို စိတ်ထဲမှာ ကြံစည်၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏။ 10ရှင်ဘုရင်၏နှုတ်ခမ်းတို့၌ ဗျာဒိတ်တော်ရှိသည်ဖြစ်၍၊ တရားဆုံးဖြတ်ရာအမှု၌ နှုတ်တော်သည် မမှားစေနှင့်။ 11မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ ပါသမျှသောအလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။ 12ရှင်ဘုရင်ပြုသောဒုစရိုက်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ အကြောင်းမူကား၊ ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့်သာ တည်တတ်၏။ 13ဖြောင့်မတ်သောနှုတ်ခမ်းတို့သည် ရှင်ဘုရင် နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင် ချစ်တတ်၏။ 14ရှင်ဘုရင်၏အမျက်သည် သေမင်းတမန်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း၊ ပညာရှိသောသူသည် အမျက်တော်ကို ဖြေတတ်၏။ 15ရှင်ဘုရင်မျက်နှာပွင့်လန်းသောအားဖြင့် အသက်ချမ်းသာရ၏။ ကျေးဇူးတော်သည် နောက်ရွာသောမိုးတိမ်ကဲ့သို့ ဖြစ်၏။
16ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာအလွန်ကောင်း၏။ 17ဖြောင့်မတ်သောသူလိုက်သောလမ်းမူကား၊ ဒုစရိုက်ကို ရှောင်ခြင်းတည်း။ ထိုလမ်းမှမလွှဲဘဲ အမြဲလိုက်သောသူသည် မိမိအသက်ဝိညာဉ်ကို စောင့်တတ်၏။ 18မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။ 19စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဖော်၍ စိတ်နှိမ့်ချခြင်းသည်၊ မာနကြီးသောသူတို့နှင့် ဆက်ဆံ၍ လုယူသောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။ 20ပညာနှင့် အမှုစောင့်သောသူသည် အကျိုးကိုရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။ 21လိမ္မာသော စိတ်သဘောရှိသောသူသည် ပညာသတိရှိသည်ဟု ကျော်စောရာသို့ ရောက်တတ်၏။ ချိုသောစကားကို ပြောတတ်သော နှုတ်သတ္တိသည်လည်း ပညာအတတ်ကို တိုးပွားစေတတ်၏။ 22ဉာဏ်ပညာကိုရသောသူသည် အသက်စမ်းရေတွင်းကို ရ၏။ မိုက်သောသူတို့၏ သွန်သင်ခြင်းမူကား၊ မိုက်ခြင်းဖြစ်၏။ 23ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။ 24သာယာသောစကားတို့သည် ပျားလပို့ကဲ့သို့ဖြစ်၍၊ စိတ်ဝိညာဉ်၌ ချိုမြိန်လျက်၊ ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။ 25လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။ 26အလုပ်လုပ်သောသူသည်၊ မိမိပါးစပ်တောင်းသောကြောင့်၊ မိမိအဖို့ လုပ်တတ်၏။ 27အဓမ္မလူသည် မကောင်းသောအမှုကို ကြိုးစား၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။ 28သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သောသူသည်လည်း၊ မိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။ 29ကြမ်းကြုတ်သောသူသည် အိမ်နီးချင်းကိုချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင်တတ်၏။ 30ကောက်သောအကြံကို ကြံစည်ခြင်းငှာမျက်စိမှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။ 31ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏။ 32စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်လည်းကောင်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကိုတိုက်ယူသော သူထက်လည်းကောင်း သာ၍ကောင်း၏။ 33စာရေးတံတို့ကို အိတ်ထဲ၌လောင်းလျက်ရှိရာတွင်၊ ခွဲဝေစီရင်ခြင်းအမှုကို ထာဝရဘုရားပိုင်တော်မူ၏။

သုတ္တံကျမ်း - ၁၆ (အနက်ဖွင့်)

(ဖြောင့်မတ်သောဘဝကောင်းစားခြင်း (၁၆:၂၂:၁၆)

          ၁၆: ပထမပိုင်း  အပိုဒ်ငယ် (၁၁)ခုတွင် ထာဝရဘုရား၊ (ယေယောဝါဘုရား)၏ နာမတော်ကို (၉)ကြိမ် သုံးနှုန်းထားသည်။ အလုပ်တစ်ခုကိုလုပ်ကိုင်ရန် စိတ်ကူးအကြံအစည် ရှိခြင်းသည် လူ့ဝတ္တရား ဖြစ်သည်။ သို့သော် လူ့အကြံအစည်နှင့် စကားများကို အုပ်စိုးသူသည် ဘုရားသခင် ဖြစ်သည်။ လူကကြံစည်တွေးဆ၍ ပြီးမြောက်အောင် ဘုရားသခင်က ပံ့ပိုးပေးသည်။

ဗာလမ်သည် ဣသရေလလူမျိုးကို ကျိန်ဆဲချင်သည်။ သို့သော် ဘုရားသခင်က ထိုစကားကို ဣသရေလများသို့ မင်္ဂလာစကား ဖြစ်စေသည် (တော ၂၂:၃၈၊ ၂၃:၇-၁၀)။

၁၆:  လူသည် မိမိလုပ်ဆောင်ချက်များကို အားရကျေနပ်တတ်သည်။ အပြင်ပန်းသဏ္ဍာန်ဖြင့် စီရင်ဆုံးဖြတ်တတ်သည်။ သူလုပ်ဆောင်ချက်များကို မှန်ကန်ပြည့်စုံသည်၊ စင်ကြယ်သည် ဟု ယူဆသည်။ ဘုရားသခင်မူကား စိတ်နှလုံးကြံရွယ်ချက်၊ စိတ်သဘောထားကို ကြည့်သည်။ “မိမိမှားယွင်းခြင်းကို အဘယ်သူ နားလည်နိုင်သနည်း။ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့” (ဆာ ၁၉:၁၂)။

၁၆: မိမိကြံစည်ချက်နှင့် ဘဝပန်းတိုင်အောင်မြင်နိုင်ရန် အကောင်းဆုံးသော နည်းလမ်းမှာ ဘုရားသခင်ထံသို့ ဆက်ကပ်အပ်နှံခြင်း ဖြစ်သည်။ J.Allen Blair က ဤသို့အကြံပြုထားသည်။

ဘုရားသခင်၏ အမှုတော်အား မိမိအသိဉာဏ်ခွန်အားဖြင့် လုပ်ဆောင်သောအခါ   အခက်အခဲ ပြဿနာများနှင့် စိတ်ဖိစီးမှုများ ကြုံတွေ့ရတတ်သည်။ ထို့ထက် ကောင်းမွန်သောအလုပ် ဘုရားသခင်က ပြုလုပ်စေချင်သည် မဖြစ်နိုင်ဘူးလား။ ဘုရားသခင်သည် သူ့လူများအား စိတ်ဒုက္ခ မရောက်စေလိုပါ။ အကယ်၍ ထိုအခြေအနေမျိုး ကြုံတွေ့လျှင် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပါ။ “ဘယ်သူ့အတွက် အလုပ်လုပ်နေသလဲ အကယ်၍ ဘုရားသခင်၏ အမှုတော်မှန်လျှင် ဝန်ထုတ်ဝန်ပိုးဟု မခံယူနှင့်။ သင်သည် အရေးကြီးသော ပုဂ္ဂိုလ်မဟုတ်ပါ။ အရေးကြီးသည်မှာ ခရစ်တော်ဖြစ်သည်။ ယေရှုခရစ်တော်သည် ယုံကြည်သူများကို အသုံးပြုချက် အလုပ်လုပ်ပါသည်။ ထိုခံယူချက်ရှိလျှင် လုပ်ငန်းမအောင်မြင်နိုင်စရာအကြောင်းမရှိ။ ခရစ်တော်နှင့်အတူ လျှောက်သွားပါ။ လုပ်ပါ။ နာခံခြင်းမရှိသောအသက်တာထက် ဆိုးသောဘဝမရှိ။၂၄

 

ဆုတောင်းပါ။ ဘုရားသခင်၏အလိုတော်ကို မြင်နိုင်သောအလင်း ပေးသနားတော်မူပါ။ ပြုမူသမျှတိုင်း လက်တော်ဆန့်တန်းတော်မူပါ။ စိတ်နှလုံးခွန်အား မစတော်မူပါ။ ဘုရားသခင် (Daily Notes)။

၁၆: ဤကျမ်းပိုဒ်သည် ဘုရားသခင်က မတရားသောသူများ ဘေးဒဏ်ပေးဖို့ ဖန်ဆင်းသည်ဟု ဆိုလိုခြင်းမဟုတ်။ ပြစ်တင်ရှုတ်ချခြင်း အယူဝါဒသွန်သင်ချက် မည်သည့်ကျမ်းပိုဒ်တွင်မှမရှိ။ လူသည် မိမိရွေးချယ်သော လမ်းမှားကြောင့် အပြစ်စီရင်ခြင်း ခံရသည်။ ဘုရားသခင်၏ အရေးယူအပြစ်ပေးခြင်း ခံရသည်။

သုတ္တံကျမ်းစကား၏ အာဘော်မှာ အမှုအရာတိုင်းတွင် ရည်ရွယ်ချက်နှင့် ပန်းတိုင် ရှိသည်။ ဘုရားသခင်၌ အဆုံးသတ်ကြသည်။ ထို့ကြောင့် မိမိတို့ပြုမူကြသည့်အတိုင်း ဆုလက်ဆောင် သို့မဟုတ် အပြစ်ပေးအရေးယူခြင်း ခံကြရမည်။ ဘုရားသခင်ကို ချစ်ခင်နှစ်သက်သူများအတွက် ကောင်းကင်နိုင်ငံ၊ မတရားဆိုးညစ်သူများအတွက် ပျက်စီးခြင်း စီစဉ်ထားပါသည်။ “အရာခပ်သိမ်းတို့သည် မိမိတို့ သဘောသဘာဝအတိုင်း ရှိကြရမည်။ ဆိုးညစ်သူများသည် ပျက်စီးခြင်းသို့ ရောက်ကြရမည်” (TEV)

၁၆:  မာနကြီးခြင်းကို ဘုရားသခင်မုန်းတီးရွံရှာသည်။ ယခင်ကျမ်းပိုဒ်များတွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း တဆင့်ပြီးတဆင့်၊ တပူပေါ်နှစ်ပူ ဆင့်ကဲဆင့်ကဲ မိုက်မှားကြသည်။ ဤကျမ်းချက်၏  အနှစ်သာရမှာ ဆိုးညစ်သူများသည် ဘုရားသခင်၏  အပြစ်ပေးအရေးယူခြင်း ခံရမည့်အကြောင်း ဖြစ်သည်။

၁၆:  ဤကျမ်းချက်၏အလင်းကို ကျမ်းပိုဒ်အများအပြားတွင် တွေ့ရှိနိုင်သည်။ လူသည် ကရုဏာတရားနှင့် သစ္စာတရားအားဖြင့် ကယ်တင်ခြင်းမရနိုင်။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်း ရရှိနိုင်သည်။ ကရုဏာတရားနှင့် သစ္စာတရားသည် ကယ်တင်ခြင်း ရရှိကြောင်းအမှတ်လက္ခဏာများ ဖြစ်သည်။

ဒုတိယပိုင်းသည် ရှင်းလင်းလွယ်ကူပါသည်။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူသည် ဘေးဆိုးကြမ္မာဆိုးနှင့် ကင်းဝေးသည်။ အကုသိုလ် မကြုံတတ်။

၁၆:  အခြားသုတ္တံစကားများကဲ့သို့ပင် ယေဘူယျသဘောဖြင့် မိန့်ဆိုခြင်း ဖြစ်သည်။ သို့သော် ချို့ယွင်းချက်ထားစရာရှိသည်။ “ဖြောင့်မတ်သူသည် တဘက်လူကို အနိုင်ပေးသည်” သို့မဟုတ် “ကောင်းမြတ်ခြင်းသည် ရန်သူများနှင့်လည်း သင့်တင့်ပေါင်းဖက် နိုင်သည်”ဟု နားလည်ရသည်။

တခါတွင် Stanton က Lincoln အား “အောက်တန်းစား ကလေကချေသမား တကယ့်လူဝံရုပ်ကြီးအတိုင်း”ဟု ဆိုသည်။ လူဝံကို မြင်ဖူးချင်လျှင် အာဖရိကတောကြီး မြက်မည်းထဲသို့ သွားစရာ မလို။ အီလီန္တိုက်ပြည်နယ်သို့ သွား၍ လင်ကွန်းကို သွားကြည့်လျှင် လုံလောက်သည်ဟု သရော်သည်။ လင်ကွန်းသည် ထိုစကားကို အမှတ်အတေးမထား။ လင်ကွန်းသမ္မတဖြစ်လာသောအခါ Stanton  အား စစ်ဝန်ကြီးအဖြစ် ခန့်အပ်သည်။ စစ်ဝန်ကြီးအတွက် အကောင်းဆုံး အရည်အချင်းရှိသူအဖြစ် အသိအမှတ်ပြုသည်။

သမ္မတလင်ကွန်း လုပ်ကြံခံရသောအခါ Stanton သည် လင်ကွန်း၏ ရုပ်ကလာဘ်ကို ကြည့်ပြီး” ကမ္ဘာ့အကြီးမြတ်ဆုံး အုပ်စိုးသောမင်းကို လက်လွန်ခဲ့ကြပြီ”ဟုပြောပြီး မျက်ရည်တပေါက်ပေါက်ကျခဲ့သည်။

၁၆: လိမ်လည်လှည့်ဖျား၍ မတရားသဖြင့် ရယူသောဥစ္စာများထက် သမာအာဇီဝဖြင့် ရယူသော ထမင်းတဆုတ်ဟင်းတလုတ်သည် ပိုမိုမြိန်ရှက်သည်။ မတရားဝင်ငွေ ဥစ္စာပုံထက် ချွေးနဲစာ  အနည်းငယ်က ပိုမို တန်ဖိုးရှိသည်။

၁၆:  အပိုဒ်ငယ်(၁)ကို ပြန်ကြည့်လျှင် လူသည် မိမိတို့အကြံအစည်အတိုင်း လုပ်ဆောင်ကြသော်လည်း ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ဖို့အရေးသည် ဘုရားသခင်လက်ထဲတွင် ရှိသည်။ အလိုတော်ရှိမှသာလျှင် အောင်မြင်ပြီးမြောက် နိုင်သည်။ တာရှုသား ရှောလုသည် ဒမာသက်သန့်ရှင်းသူများကို ညှင်းပန်းနှိပ်စက်ဖို့သွားသော်လည်း အဆုံးတွင် သူကိုယ်တိုင် ခရစ်ယာန်ဖြစ်လာသည်။ ဩနေသိမ်သည် သခင်ဖိလေမုန်ထံမှ ထွက်ပြေးသော်လည်း ဘုရားသခင်က သူ့ဘဝကို ပြုပြင်ပေးပြီး ဖိလေမုန်ထံသို့ ပြန်ပို့သည်။

၁၆:၁၀ အုပ်စိုးသူမင်းသည် ဘုရားသခင်က ခန့်အပ်သူများ (ရော ၁၃) သောကြောင့် အုပ်စိုးသူမင်း၏ စီရင်ချက်ဆုံးဖြတ်ချက်များသည် အတည်ဖြစ်သည်။ သက်ဆိုင်ရာဒေသ၏ အချုပ်အချာအာဏာပိုင်ရှင် ဖြစ်သည်။ ထို့ကြောင့် ရှင်ဘုရင်၏ ဆုံးဖြတ်ချက်ကို အမှန်ဟု ဝန်ခံရမည်။

၁၆:၁၁ ဘုရားသခင်က မှန်ကန်သော စံချိန်စံညွှန်း သတ်မှတ်ချက်များကို အသိအမှတ်ပြုသည်။ မှန်သောအလေးတင်းတောင်းနှင့် ချိန်ခွင်ကို နှစ်သက်သည်။ အလေးမှန်၊ ကိုက်မှန် ရောင်းဝယ် ဖောက်ကားသူများကို ကောင်းကြီးပေးပါသည်။

၁၆:၁၂  ဒုစရိုက်ပြုသောသူများကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ အထူးသဖြင့် ရှင်ဘုရင်တို့၏ ပြုမူမှားမှုများကို ရွံရှာသည်။ အဘယ်ကြောင့်ဆိုသော် ရှင်ဘုရင်များသည် ဘုရားသခင်က ဘုရင်စံရာ ခန့်အပ်သူများဖြစ်၍ သာမန်လူများထက် ဝတ္တရားကြီးမားသူများ ဖြစ်သည်။ ဘုရင်စံရာ ရာဇပလ္လင်သည် ဖြောင့်မတ်တည်ကြည်ခြင်း၏ စံပြသခင် ဖြစ်သည်။

အုပ်စိုးသူ ရှင်ဘုရင်မင်းများအား ပြစ်မှားခြင်းသည် ကြီးလေးသော ဒုစရိုက်ဖြစ်သည်ဟုလည်း ဤကျမ်းချက်ကို နားလည်နိုင်သည်။ ရှင်ဘုရင်သည် တရားဥပဒေထုံးတမ်းစဉ်လာ ဓမ္မသတ်နှင့်အညီ ဖြောင့်မတ်စွာ စီရင်အုပ်ချုပ်ရသည်။ ရှင်ဘုရင်တွင် မင်းကျင့်တရားပျက်ပြား၍ အာဏာရှင်စနစ် ကျင့်သုံးလျှင် တတိုင်းပြည်လုံး ပျက်စီးကြမည်မှတ်။

၁၆:၁၃ ကောင်းသောဘုရင်များသည် ဖော်လံဖားများ၊ လေထွားသူများကို မနှစ်သက်။ မှန်သောသစ္စာစကား၊ ဖြောင့်မတ်သောစကားများကို နှစ်သက်၏။

၁၆:၁၄ သေဒဏ်အမိန့်ချမှတ်နိုင်သည်။ ထို့ကြောင့် လူလိမ္မာများသည် အုပ်စိုးသူ အစိုးရကို မလိုလားသောအပြစ်ရှာခြင်းမပြု။ အမျက်တော်ပြေဖို့ ရှာကြံရသည်။

၁၆:၁၅ ရှင်ဘုရင် စိတ်ချမ်းသာ၍  မျက်နှာပွင့်လန်းလျှင် တနိုင်ငံလုံး၌ ဝမ်းမြောက်ချမ်းသာကြသည်။ ရွှေမိုးငွေမိုးရွာစေသော တိမ်မိုးညိုကဲ့သို့ ဖြစ်သည်။

၁၆:၁၆ အသိတရားနှင့် ဉာဏ်ပညာကို လောကဥစ္စာစည်းစိမ်ချမ်းသာခြင်းနှင့် မနှိုင်းယှဉ်အပ်။ လောကချမ်းသာခြင်းသည် အမှောင်ရိပ်ကဲ့သို့ ဖြစ်၍ ခဏတဖြုတ်တွင် ပျောက်ကွယ်နိုင်သည်။ ဉာဏ်ပညာသည် အသက်ရှင်သရွေ့ ကိုယ်နှင့်အတူပါရှိသည်။

၁၆:၁၇ ဖြောင့်မတ်သူများသည် ဒုစရိုက်နှင့် ဝေးဝေးရှောင်ကြသည်။ အပြစ်ဒုစရိုက်နှင့် ကင်းဝေးစွာ ကျင့်ဆောင်သူများသည် ဘေးဆိုးကြမ္မာဆိုးမကြုံရ။ ပျက်စီးခြင်းနှင့် ကင်းစင်၍ သွားရာလမ်းခရီး ဖြောင့်ဖြူးကြသည်။

၁၆:၁၈ သစ်ပင်ကြီးများသည် မြင့်မားသောကြောင့် အလင်းရောင်ပိုရသည်။ အပင်ငယ်များကို ဖုံးကွယ်သည်။ ထို့ကြောင့် ဘုရားရှင်က အပင်ငယ်များကိုလည်း အလင်းရအောင် မျှတစွာပေးသည်။ ထိုကဲ့သို့ပင် အညတြလူများသည်လည်း လူကုံတန်လူချမ်းသာများကဲ့သို့ မိမိအတိုင်းအတာနှင့် သူမာနရှိကြသည်။ သတိပြုရန်မှာ သေးငယ်သောအပ်တချောင်းက ကြီးမားသောသူ ဖောင်းကိုဖောက်နိုင်သည်။

ကောင်းကင်ပြည်မှ လူစီဖါပြုတ်ကျခြင်းသည်လည်း မာနကြောင့် ဖြစ်သည်။ “မာနထောင်လွှား၍ ဂုဏ်ပြိုင်သောကြောင့် ကောင်းကင်ပြည်မှ ဘုရားသခင်က ဖြုတ်ချသည်”ဟု Marlowe ကရှင်းပြသည်။

၁၆:၁၉  စိတ်နှိမ့်ချသူများနှင့် ပေါင်းဖက်နှင့် မိမိသည်လည်း စိတ်နှိမ့်ချသော အကျင့်သီလရရှိနိုင်သည်။ ထိုသူများနှင့် ပေါင်းဖော်ခြင်းသည် မာနကြီးသူများနှင့် ပေါင်းသင်း၍ လုယူသောပစ္စည်းဝေစုရရှိခြင်းထက်သာ၍ ကောင်းမြတ်၏။

မာန်မာနမကြီး      –    အောက်ကျို့စွာနေလော့။

မာန်မာနမထွား     –    နှိမ့်ချစွာပြုလော့။

အနိမ့်ဆုံးနေရာသို့  –  ရိုကျိုးစွာနေပါ။

အမြင့်ဆုံးသောဘုရားရှင်ပင်လျှင် အနိမ့်ဆုံးနေရာဖို့ ဆင်းသက်လာခဲ့သည်။

ရှေးစာဆိုတဦး

၁၆:၂၀ ပညာနှင်းအမှုစောင့်သောသူသည် အကျိုးရလိမ့်မည်။ ထာဝရဘုရားကို ခိုလှုံသောသူသည်လည်း မင်္ဂလာရှိ၏။ ထို့ကြောင့် “သမ္မာကျမ်းစာကိုဖတ်ပါ။ ယုံကြည်ပါ။ ထိုကျမ်းစာကို ရေးသားသော အရှင်သခင်ကို ယုံကြည်ကိုးစားပါ”ဟု ဤကျမ်းချက်က သွန်သင်ပါသည်။

၁၆:၂၁ အမှန်တကယ် အသိပညာကြွယ်ဝသူသည် စိတ်သဘောထားပြည့်ဝသည်။ အပြုအမူ အပြောအဆိုပြေပြစ်သည်။ မျက်နှာရွှင်ပြစွာ ပြောဆိုတတ်သည်။ လိမ္မာရေးခြားပြောဆိုသောကြောင့် အခြားသူများကို ပျော်ရွှင်စေသည်။ ထို့ကြောင့် လူအများက ချစ်ခင်လေးစားကြသည်။ “ချိုသာသောစကားသည် ဆွဲဆောင်အားကောင်းသည် (NASB)။

၁၆:၂၂ ဉာဏ်ပညာသည် အသက်စမ်းရေတွင်း ဖြစ်၏။ ကာယကံရှင်အား အကျိုးဖြစ်ထွန်းစေသည့်အပြင် သောက်သုံးမှီဝဲသူများလည်း အကျိုးပြုသည်။ လူမိုက်များမှာ မိုက်ကန်းခြင်းသာ ပြုကြသည်။ ထိုလူမိုက်ကို သွန်သင်ခြင်းသည် အချိန်ဖြုန်းတီးခြင်း၊ ကျွဲပါးစောင်းတီးခြင်း ဖြစ်သည်။ မိမိမိုက်မှားခြင်းနှင့်ညီသော အကျိုးရရှိသည်။ “လူမိုက်များသည် မိုက်မဲခြင်း လမ်းစဉ်လိုက်ကြသည်” (Berkeley)

၁၆:၂၃  အသိဉာဏ်ရှိသူသည် ဆင်ခြင်တတ်သည်။ စကားမပြောမီ တွက်ချက်ချင့်ချိန်သည်။ အသိဉာဏ်ပညာနှင့် ယှဉ်၍ စကားခင်းကျင်း ပြောဆိုလေ့ရှိသည်။ စေ့စပ်သေချာစွာ ပြောဆိုသောကြောင့် အမှားနည်းသည်။ ဩဇာသံပါရှိသည်။ နာခံသူအား လွှမ်းမိုးသည်။

၁၆:၂၄ မေတ္တာနှင့်ယှဉ်သောစကားသည် နားဝင်ချိုသည်။ ပျားရည်ကဲ့သို့ ချိုဆိမ့်၍ ရိုးတွင်းချင်ဆီ ပြည့်ဝစေသဖြင့် ခွန်အားဖြိုးမောက်စေသည်။ Kidney က “ချိုမြိန်သောစကားများသည် တဖက်လူအား အကျိုးဖြစ်စေသည်။ စိတ်နှလုံးပျော်ရွှင်စေသာမက ရုပ်ခန္ဓာကိုယ်လည်း ကျန်းမာစေသည်”ဟု ဆိုသည်။

လင်ယောက်ျား၏ အသိအမှတ်ပြု ချီးမွမ်းခြင်း မခံရဖူးသော အိမ်ထောင်ရှင်မအကြောင်းကို Watch Man က ဤသို့ ပြောပြဖူးသည်။ ခင်ပွန်းသည်က တခါမှ မချီးမွမ်းသဖြင့် မိခင်နှင့်မယားဝတ် မကျေပြွန်ရော့လေသလားဟု စိုးရိမ်မိသည်။ ထိုစိုးရိမ်စိတ်သည် အဆုတ်ရောဂါအဖြစ် ကြီးထွားလာသည်။ တနေ့နာမကျန်းဖြစ်၍ သေခါနီးသောအခါ ယောက်ျားက “ဘာတွေဖြစ်ကုန်ပြီလဲ၊ သင်ဟာ မိန်းမကောင်းတယောက်အဖြစ် တသက်လုံး လုပ်ကျွေးနေတာပဲ”ဟုဆိုရာ “အဘယ်ကြောင့် ထိုစကား စောစောစီးစီး မပြောခဲ့တာလဲ”ဟု ပြန်ပြောလိုက်သည်။ “အဲ့ဒီစကား မပြောဖြစ်မိသောကြောင့် ငါ့ကိုငါလည်း ကာလရှည်ကြာ အပြစ်တင်မိပါတယ်” မိန်းမကလည်း “ရှင့်အတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်လို့ တခါမှမပြောဘဲကိုး”ဟု ဆိုသည်။၂၅

၁၆:၂၅ ဤကျမ်းပိုဒ်သည် ၁၄:၁၂ ကို ထပ်မံရှင်းပြသည်။ ယုတ္တိဗေဒကျကျ စဉ်းစားလျှင် ကောင်းမှုကုသိုလ်နှင့် အကျင့်သီလကောင်းလျှင် ကောင်းကင်နိုင်ငံ ရောက်နိုင်သည်ဟု ဆင်ခြင်အောက်မေ့စရာအကြောင်း ရှိပါသည်။ သို့သော်လည်း သမ္မာကျမ်းစာ၏ သွန်သင်ချက်မှာ ထိုသို့မဟုတ်။ လူ့ကြိုးစားမှုဖြင့် မရနိုင်။ ကျေးဇူးတော်အားဖြင့်သာ ရောက်ရှိနိုင်သည်။

၁၆:၂၆ အလုပ်လုပ်သောသူသည် မိမိပါးစပ်က တောင်းသောကြောင့် မိမိအလုပ်ကို လုပ်တတ်၏။ အလုပ်မလုပ်လျှင် ဝင်ငွေမရှိ၊ ပိုက်ဆံမရှိသောကြောင့် စားဝတ်နေရေး အဆင်မပြေ။ အလုပ်လက်မဲ့ဖြစ်နေလျှင် ဝမ်းဟောင်းလောင်း ဖြစ်သွားမည်။

ထိုကဲ့သို့ပင် ဝိညာဉ်ရေးရာနယ်ပယ်တွင်လည်း ဝိညာဉ်အာဟာရ ဖြည့်ဆည်းရသည်။ ဝိညာဉ်အာဟာရမရှိလျှင် ဝိညာဉ်အသက်တာ မရှင်သန်နိုင်။ နှုတ်ကပတ်တော်သင်အံ့လေ့ကျက်ဖို့ ဆုတောင်းဖို့ အစဉ်လိုအပ်သည်။

၁၆:၂၇  အပိုဒ်ငယ် ၂၇-၃၀ တွင် မတရားသူများ၏ ပုံရိပ်တမျိုး ရှင်းပြထားသည်။ အဓမ္မလူငယ်သည် ဒုစရိုက်အမှုကို တူးဆွလှန်လှောသည်။ နှုတ်ထွက်စကားများသည်လည်း မီးလှုံကဲ့သို့ တောက်လောင်သည်။ သူများကို ထိခိုက်နာကျင်စေသည်။ အနာတရ ဖြစ်စေသည်။

၁၆:၂၈ စိတ်ကောက်တတ်သူများက သမ္မာတရားကို မှောက်မှားစေကြသူများ ဖြစ်သည်။ သမ္မာတရား၏ အရိပ်ကိုသာမြင် အကောင်မတွေ့သူများ ဖြစ်သည်။ ရန်မျိုးစေ့ပျံ့လွင့်စေသူများ ဖြစ်သည်။ ကုန်းချောစကား ပြောသူများသည် ရင်းနှီးသောသူငယ်ချင်းများကို သွေးကွဲစေသည်။

၁၆:၂၉ နှုတ်ကြမ်းအာကြမ်း အပြုအမူရိုင်းသူများသည် မိမိအိမ်နီးနားချင်းများကို မိုက်ရိုင်းရန် နှိုးဆွသူများ ဖြစ်သည်။ မိတ်ဆွေများကို ရာဇဝတ်မှု သင့်စေသူများ ဖြစ်သည် (ရော ၁:၃၂ ကိုလည်း ကြည့်)။

၁၆:၃၀ သူတပါး၏ စိတ်သဘောထားကို မျက်နှာရိပ် မျက်နှာကဲ့ပေါ်တွင် ကြည့်ရသည်။ မျက်စိမှိတ်ပြ၊ ပြုံးပြခြင်းများသည် လျှို့ဝှက်ချက်ရှိသည်။ မမှန်ကန်၊ မရိုးဖြောင့်သောကိစ္စ ဖြစ်သည်။ ပါးစပ်မေးစေ့အမူအရာများဖြင့်လည်း မရိုးမသားသောအမှုကိစ္စ ညွှန်ပြကြသည်။

၁၆:၃၁ ဖြူသောဆံပင်သည် အသက်တာရှည်ခြင်း လက္ခဏာ ဖြစ်သည်။ ဖြောင့်မတ်ခြင်း၌ ဘုန်းကြီးသောသရဖူ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အတွေ့အကြုံ၊ အသိအမြင်ရင့်ကျက်၍ တရားတော်ကို ရှာဖွေလိုက်စားသူ ဖြစ်သည်။ ဤကျမ်းပိုဒ်သည် ဆာ ၅၅:၂၃ “လူ့အသက်ကို သတ်သောသူနှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာတဝက်ခန့်မျှ မရှင်းရ”ဟူသော ကျမ်းပိုဒ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

၁၆:၃၂ မိမိစိတ်ဒေါသကို ထိန်းချုပ်နိုင်သူသည် တိုက်ပွဲတရာအောင်မြင်သော သူရဲကောင်းထက် ကြီးမြတ်သည်။ အရပ်ဒေသတခုအား တိုက်ခိုက်သိမ်းပိုက်ခြင်းထက် အကြင်အရပ်ဒေသအား ပိုင်စိုးရန် ပိုမိုခက်ခဲသည်။ မယုံမရှိနှင့်။ မှန်သောစကားဖြစ်သည်။

ရှရှားပြည်၏ မဟာဧရာဇ် ပေတရုသည် တနေ့သောအခါ စိတ်ဆိုးဆိုးဖြင့် ခြံစောင့် မာလီအား ရိုက်နှက်သည်။ ထိုဒဏ်ရာကြောင့် မကြာမီ ထိုမာလီ သေဆုံးသည်။ သို့နှင့် ပေတရုက “အလိုလေး၊ စစ်ပွဲတရာအောင်ပွဲတရာ ဆင်နွဲနိုင်ခဲ့ပေမယ့်၊ ငါ့ဒေါသကို မနိုင်ပါလားဟု ဆိုသည်။၂၆

၁၆:၃၃ ဓမ္မဟောင်းကာလ၌ ဘုရားသခင်၏ အလိုတော်နှင့်အညီ မဲခွဲဆုံးဖြတ်စရာရှိလျှင် မဲခွဲဆုံးဖြတ်လေ့ရှိခဲ့ကြသည်။ ထိုသို့ မဲခွဲဆုံးဖြတ်ခြင်းသည် အမျိုးမျိုးရလာဒ် ဖြစ်ပေါ်စေနိုင်သော်လည်း အဆုံးအဖြတ်ပေးသူသည် ဘုရားသခင် ဖြစ်ပါသည်။

ယနေ့ခေတ်ကာလတွင် ဘုရားခင်၏ နှုတ်ကပတ်တော်က အလိုတော်အား လမ်းကြောင်းပြသထားပါသည်။ ဘုရားသခင်၏ စစ်မှန်သောလမ်းပြမှု လိုအပ်လျှင် နှုတ်ကပတ်တော်ကို လေးစားရမည်။ ကျမ်းစာအတိုင်း လုပ်ရမည်။ ဆုတောင်းခြင်းဖြင့် အဖြေရှာကြရမည်။ အရာရာကို ဘုရားသခင်က စီရင်ဆုံးဖြတ်နိုင်ကြောင်း ခံယူကြရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။