ဖိလေမုန်ဩဝါဒစာ - ၁

1ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ငါတို့ချစ်သော လုပ်ဖော်ဆောင်ဖက်ချင်း ဖိလေမုန်၊- 2ငါတို့ချစ်သောနှမ အပ္ပိ၊ ငါတို့စစ်သူရဲချင်း အာခိပ္ပုမှစ၍ သင်၏အိမ်၌ရှိသော အသင်းတော်ကို ကြားလိုက်ပါ၏။- 3ငါတို့သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ဖိလေမုန်၏မေတ္တာနှင့်ယုံကြည်ခြင်း
4-5သင်သည် သခင်ယေရှုခရစ်ကို ယုံကြည်၍ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟု ငါသည်ကြားလျှင်၊ ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဖို့အလိုငှာ ဆုတောင်းပတ္ထနာ ပြုလျက်နေ၏။- 6ဆုတောင်းသောအချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး၍၊ သူတစ်ပါးတို့သည် ယေရှုခရစ်အဖို့အလိုငှာ ငါတို့၌ ကောင်းသောအရာ ရှိသမျှ တို့ကို ဝန်ခံမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။- 7အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်း ရှိ၏။
သြနေသိမ်အတွက်တောင်းပန်
8ထိုကြောင့်၊ သင်သည် ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှာ၊ ငါသည် ခရစ်တော်အားဖြင့် အလွန်ရဲရင့်စရာ အခွင့်ရှိသော်လည်း၊- 9အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။- 10ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဖွားစေသော သားတည်းဟူသော၊- 11သင်သည် အထက်ကအသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဖို့ ငါတောင်းပန်ပါ၏။- 12ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ်၍၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့။- 13ဧဝံဂေလိတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင်၊ သူသည် သင်၏ကိုယ်စား ငါ့ကို ပြုစုစေမည်အကြောင်း၊ သူ့ကို ငါထားချင်သော်လည်း၊- 14သင်သည် ငါ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ်၊ အလိုအလျောက်ပြုစေချင်သော စိတ်ရှိသည်ဖြစ်၍၊ သင်၏အခွင့် မရှိလျှင် အလျှင်းမပြုလို။- 15ထိုမှတစ်ပါး၊ သင်သည် သူ့ကို အစဉ်ရစေခြင်းငှာ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ၏။- 16ထိုသို့ဆိုသော်၊ အစေခံကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်လည်းကောင်း၊ သခင်ဘုရားအားဖြင့်လည်းကောင်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။- 17သို့ဖြစ်၍ သင်သည် ငါ့ကို အပေါင်းအဖော်ကဲ့သို့ မှတ်လျှင်၊ သူ့ကိုငါကဲ့သို့ပင် လက်ခံလော့။- 18သူသည် သင်၌ပြစ်မှားခြင်း၊ ကြွေးတင်ခြင်း တစ်စုံတစ်ခုရှိလျှင်၊ ငါ့အတွက်အတာ မှတ်လော့။- 19ဆပ်ပေးမည်ဟု ငါပေါလုသည် ကိုယ်လက်နှင့် ရေးထား၏။ သို့ရာတွင် သင်၏ကိုယ်တည်းဟူသော ကြွေးကိုပင် ငါ့အားဆပ်ပေးရသောအကြောင်းရှိသည်ဟု ငါမဆို။- 20အချင်းငါ့ညီ၊ သခင်ဘုရား၌ ငါ့ကို ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့။- 21သင်သည်နားထောင်မည်ဟု ယုံမှားခြင်းမရှိသည် သာမက၊ ငါပြောသည်ထက် သာ၍ပြုမည်ဟု အမှန်သိလျက် ငါရေးလိုက်ပါ၏။- 22ထိုမှတစ်ပါး၊ ငါတည်းခိုစရာအရပ်ကိုလည်း ပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပတ္ထနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေးတော်မူမည်ဟု မျှော်လင့်ခြင်းရှိ၏။
နောက်ဆုံးနှုတ်ဆက်ခြင်း
23ယေရှုခရစ်ကြောင့် ငါနှင့်အတူ အကျဉ်းခံရသော ဧပဖြမှ စ၍၊- 24ငါ၏ လုပ်ဖော်ဆောင်ဖက် မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည် သင့်ကို နှုတ်ဆက်ကြ၏။- 25ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။ အာမင်။
ဖိလေမုန်ဩဝါဒစာပြီး၏။

ဖိလေမုန်ဩဝါဒစာ - ၁ (အနက်ဖွင့်)

သေးငယ်သော်လည်း မဟာပေဖူးလွှာဖြစ်သည်

Ernest Renan

ကျွန်ုပ်တို့သည် ဘုရားသခင်၌ မြူတမှုံ သဲတပွင့်မျှသာဖြစ်သည်

Martin Luther

၁။ စံတော်မီ ဝိသေသလက္ခဏာ

ဤနည်းပါးလှသော ရှင်ပေါလုပေးစာဩဝါဒကို အချို့ကမလိုအပ်လှဟု ထင်မှတ်ကြ သည်။ ထိုအယူအဆလုံးဝမှားသည်။ ပထမအချက်အနေဖြင့် ဤစာသည်ရှင်ပေါလု၏ ရင်တွင်းဖြစ် စကားဖြစ်သည်။ ထို့ကြောင့်အဖိုးတန်ကျောက်မြတ် စကားများဖြင့် စီထားသည်။ ရောမစာရေးဆရာ Pliny ၏ ‘ကျွန်ဘဝ’ အပါအဝင်လောကပညာ စာအုပ်များနှင့် မကြာခဏနှိုင်းယှဉ်ရသည်။ စာအဖွဲ့အနွဲ့မှလွဲ၍ ရှင်ပေါဘု၏လက်မွန်စာမူဖြစ်သည်။

ဤစာစောင်ငယ်က ယဉ်ကျေးပျူငှာခြင်း၊ ဖော်ရွေခြင်းနှင့် ချစ်ခြင်းမေတ္တာများကိုပြသသည်။ တရားတော်အတိုင်းဆိုလျှင် စွဲချက်အပြစ်တင်စရာရှိသည်။ သို့သော်လည်း ရှင်ပေါလု၏ မေတ္တာကြောင့် ဩနေသိမ်သည်လုရားသခင်၏ စာရင်းထဲတွင် နာမည်ရေးမှတ်ခြင်းခံရပြီ။ ထိုအကြောင်း ကိုမာတင် လူသာက ဤသို့ရေးထားသည်။ ရှင်ပေါလုသည်ဒုက္ခသည် ဩနေသိမ် အတွက် နှိမ့်ချအောက်ကျိူ့ပုံကို တွေ့ရသည်။ ဩနေသိမ်၏သခင်အား သူ့သခင်ကဲ့သို့သဘောထား၍ လျှောက်လဲပေးခဲ့သည်။ သူ့ကိုယ်သူအား ဩနေသိမ်နေရာတွင် ဝင်ရောက်၍ ဖိလေမုန်ထံ အသနားခံသည်။ သခင်ခရစ်တော်က ကျွန်ုပ်တို့အတွက် အဘဘုရားသခင်ထံလျှောက်လဲပေးသကဲ့သို့ ရှင်ပေါလုသည်ဩနေသိမ် အတွက်ဖိ လေမုန်ထံ လျှောက်လဲအသနားခံပေးသည်။ ကျွန်ုပ်အထင်တွင် ကျွန်ုပ်တို့သည်လည်း ခရစ်တော်၏ ဩနေသိမ်ဖြစ်ကြသည်။

၂။ ကျမ်းရေးသူ

မကောင်းမြင်ဝါဒရှိပြီး၊ လျှာရှည်သူမှလွဲ၍ လူတိုင်းကရှင်ပေါလုရေးသားသည်ဟု ခံယူကြသည်။ Ranon တဦးတည်းသာလျှင် ဤမျှချုင်လုံသောစာကို မေးခွန်းထုတ်ချင်ကြသည်။

ဤဖိလေမုန်ဩဝါဒစာကို Ignatius, Terllian နှင့် Origen တို့ကလည်း လက်ခံကြပါသည်။ Eusebius က ခရစ်ယာန်တိုင်း လက်ခံသောကျမ်းစာစောင်ဖြစ်သည်ဟု ဆိုသည်။ Muratorian နှင့် Marcion ကလည်းစံတော်မီကြောင်း ထောက်ခံကြသည်။

အပြင်ပလက္ခဏာ

ဖိလေမုန်ကျမ်းသည် တိုတောင်းသည့်အပြင် ပုဂ္ဂိုလ်ရေးစာဖြစ်သောကြောင့် အထောက် အထား အကိုးအကား အထူးပြစရာမလိုပါ။

အတွင်းသရုပ်

အလွန်တိုတောင်းသော်လည်း ရှင်ပေါလုကသုံးကြိမ်သုံးခါတိုင်အောင် သူ့နာမည်ဖော် ပြထားသည်။ (၁:၁၊ ၉၊ ၁၉)။ (၁:၊ ၂၃၊ ၂၄) တို့သည်(ကော၄:၁ဝ-၁၇)နှင့် ချိတ်ဆက်နေသည်။ ဖိလေမုန်နှင့်ကောလောသဲ ဩဝါဒတို့သည် အပြန်အလှန်အမှီသဟဲပြုနေကြသည်။ ထို့ကြောင့် အတွင်း သရုပ်နှင့်ပြင်ပလက္ခဏာသည်လည်း သဟဇာတဖြစ်နေသည်။

၃။အချိန်ကာလ

ကောလောသဲဩဝါဒစာစောင် ရေးသားသည့်အချိန်တွင် တပြိုင်တည်းရေးသားပေးပို့ သည့်စာဖြစ်သည်။ (AD 60) သို့မဟုတ် သခင်ဘုရားကောင်းကင်နိုင်ငံသို့ ပြန်ကြွပြီးနောက် နှစ်ပေါင်း (၃ဝ)ခန့်တွင်ဖြစ်သည်။

၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

ကောလောသဲဩဝါဒစာနှင့် ဖိလေမုန်ဩဝါဒပါအကြောင်းအရာများကို ယှသ်ဖတ်ကြည့်ကြပါ စို့။ ဖိလေမုန်သည် ကောလောသဲတွင်ရှိနေသည်ကို (ကော ၄:၁ရ နှင့် ဖိလေ ၁:၂ကိုယှဉ်ဖတ်)။ ထိုသူနှစ်ယောက်သည် ရှင်ပေါလု၏ သွန်သင်ချက်ဖြင့် အသက်တာပြောင်းလဲသူများဖြစ်သည် (၁:၉)။ ဖိလေမုန်၏ကျွန် ဩနေသိမ်ထွက်ပြေးသည် (၁:၁၅-၁၆)။ ထိုသို့ဩနေသိမ်ထွက်ပြေးခြင်းကို ရှင်ပေါလု၏အပြစ်ဟု မှတ်ယူစေသည်(၁:၁၈)။

ထိုအချိန်ကာလသည် ရောမလက်ထဲ၌ ရှင်ပေါလုထောင်နန်းစံချိန်ဖြစ်သည် (၁:၉)။ သံဇကာ ထဲတွင် ရှိနေကြောင်း တမန်တော်ဝတ္ထုအားဖြင့် သိရသည်(တ ၂၈:၃ဝ)။ ထိုအရေးအကြာင်းထဲတွင် ဩနေသိမ်နှင့် တွေ့ဆုံကြရာရှင်ပေါလု၏ သွန်သင်ခြင်းဖြင့်ဩနေသိမ်လည်း အသက်တာပြောင်လဲပြီး အမှုတော်ဆောင်ဖြစ်လာသည် (၁:၁ဝ)။ ချစ်ခြင်းမေတ္တာ ပိုမိုခိုင်မြဲသွားကြသည် (၁:၁၂)။ ဩနေသိမ် သည်ရှင်ပေါလု၏အဖိုးတန်ညာလက်ရုံးဖြစ်လာသည် (၁:၁၃)။ ရှင်ပေါလုနှင့် ဩနေသိမ်တို့ နှစ်ဦးစလုံး ကဩနေသိမ်အားဖိလေမုန်ထံ ပြန်သွားရန်သဘောတူကြသည်။ ထို့ကြောင့်ရှင်ပေါလုက ဖိလေမုန်ထံ သီးသန့်စာရေးလိုက်သည်။ အကျိုးအကြောင်းရှင်းပြပြီး ဩနေသိမ်နှင့်အတူတပါတည်း ထည့်ပေးလိုက်သည် (၁:၁၇)။ တချိန်တည်းတွင်ရှင်ပေါလုသည် ကောလောသဲအသင်းတော်သို့လည်း စာရေးလိုက်သည်။ 1Tychicus အားစာပို့လုလင်အဖြစ်သုံး၍ ဩနေသိမ်ကိုလည်း တခါတည်း ထည့်ပေးလိုက် သည် (ကော ၄:၇-၉)။

ပါဝင်သည့်အချက်များ

၁။ နှုတ်ခွန်းဆက်သခြင်း (၁:၁-၃)

၂။ ကျေးဇူးတင်ရှိခြင်းနျင့်ဖိလေမုန်အတွက် ဆုတောင်းခြင်း (၁:၄-၇)။

၃။ ဩနေသိမ်အတွက် ဆုတောင်းပေးခြင်း (၁:၈-၂ဝ)။

၄။ နိဂုံးချုပ် သိမှတ်ဖွယ်ရာများ (၁:၂၁-၂၅)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။