နေဟမိမှတ်စာ - ၉

အပြစ်ကိုဖော်ပြတောင်းပန်ခြင်း
1ထိုလ နှစ်ဆယ်လေးရက်နေ့တွင်၊ ဣသရေလ အမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ကိုယ်၌ မြေမှုန့်ကိုတင်လျက် စည်းဝေးကြ၏။ 2ထိုအခါ ဣသရေလအမျိုးစစ်ဖြစ်သော သူတို့သည် တစ်ပါးအမျိုးသားရှိသမျှတို့နှင့် ကွာ၍၊ ကိုယ်အပြစ်နှင့် ဘိုးဘေးတို့၏အပြစ်များကို ဖော်ပြတောင်းပန်ကြ၏။ 3မိမိတို့နေရာ၌ ရပ်နေ၍၊ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ္တိကျမ်းစာကို နေ့လေးစုတစ်စု ဖတ်ကြ၏။ အပြစ်ကို ဖော်ပြတောင်းပန်၍၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို နေ့လေးစုတစ်စုကို ကိုးကွယ်ကြ၏။
4ထိုအခါ လေဝိသားယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် ပလ္လင်ပေါ်မှာရပ်၍၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြီးစွာသောအသံနှင့် ကြွေးကြော်ကြ၏။ 5တစ်ဖန် လေဝိသား ယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်းချီးပေးကြလော့။ ကောင်းချီးပေးခြင်း၊ ချီးမွမ်းခြင်းအမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏နာမသည် မင်္ဂလာရှိပါစေသတည်း။
အပြစ်ဝန်ခံသည့်ဆုတောင်း
6ကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင်ဗိုလ်ခြေ အပေါင်းတို့ကိုလည်းကောင်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ပင်လယ်နှင့် ပင်လယ်၌ပါသမျှတို့ကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။ 7အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် အာဗြံကိုရွေးချယ်၍ ခါလဒဲပြည်၊ ဥရမြို့မှခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော်မူ၏။ 8ရှေ့တော်၌ သူ့သဘောဖြောင့်သည်ကို တွေ့သောကြောင့်၊ ခါနနိပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည်အတိုင်း သစ္စာတော်မပျက် ပြုတော်မူ၏။ 9အဲဂုတ္တုပြည်၌ အကျွန်ုပ်တို့၏ ဘိုးဘေးများခံရသော ညှဉ်းဆဲခြင်းကိုမြင်၍၊ ဧဒုံပင်လယ်နားမှာ သူတို့ အော်ဟစ်သောအသံကို ကြားတော်မူ၏။ 10ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ ပြည်သူပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့်၊ ကိုယ်တော်သည် ကြည့်ရှု၍နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို ပြတော်မူ၍၊ သတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။ 11သူတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကိုခွဲတော်မူ၏။ ညှဉ်းဆဲသော သူတို့ကိုကား၊ နက်သောရေထဲသို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ၏။ 12ထိုမှတစ်ပါး၊ နေ့အချိန်၌ မိုးတိမ်တိုင်အားဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်အားဖြင့်လည်းကောင်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။ 13ကိုယ်တော်တိုင်လည်း၊ သိနာတောင်ပေါ်သို့ ဆင်းသက်၍ မိုးကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ်သဖြင့်၊ ဟုတ်မှန်ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက် ပညတ်တရားတို့ကို အပ်ပေးတော်မူ၏။ 14သန့်ရှင်းသော ဥပုသ်နေ့ရက်တော်ကို ဖော်ပြ၍၊ ကိုယ်တော်ကျွန် မောရှေအားဖြင့် နည်းနာဥပဒေသ ပညတ်တရားတို့ကိုလည်း ထားတော်မူ၏။ 15သူတို့မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းကို ပြေစေခြင်းငှာ၊ မိုးကောင်းကင်မုန့်နှင့် ကျောက်ထဲကထုတ်သောရေကို ပေးတော်မူ၏။ သူတို့ပိုင်ဖို့ ကျိန်ဆိုတော်မူသောပြည်ထဲသို့ ဝင်၍ သိမ်းယူမည်အကြောင်း မိန့်တော်မူ၏။ 16သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာနထောင်လွှား၍၊ ခိုင်မာသောလည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ။ 17သူတို့တွင် ပြုတော်မူသော အံ့ဖွယ်သောအမှုတို့ကို မအောက်မေ့။ အာဏာတော်ကိုငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှာ၊ လူကြီးတစ်ဦးကို ချီးမြှောက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသောဘုရား ဖြစ်တော်မူသောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ။ 18ထိုမျှမက သူတို့သည် နွားသငယ်အရုပ်ကို သွန်း၍၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော သင်၏ဘုရား ဖြစ်တော်မူ၏ဟုဆိုလျက်၊ အလွန်ပြစ်မှားသော်လည်း၊ 19ကိုယ်တော်သည် အထူးသဖြင့် သနားတတ်သော ဘုရားဖြစ်တော်မူ၍၊ တော၌သူတို့ကို စွန့်ပစ်တော်မမူ။ နေ့အချိန်၌ လမ်းပြသော မိုးတိမ်တိုင်မပျောက်၊ ညအချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်လည်း မကွယ်။ 20သူတို့အား သွန်သင်စရာဖို့ ကောင်းသောဝိညာဉ်တော်ကို ပေးတော်မူ၏။ သူတို့စားရသော ကိုယ်တော်၏မန္နကို ရုပ်သိမ်းတော်မမူ။ သူတို့ အငတ်ပြေစေခြင်းငှာ၊ ရေကိုလည်း ပေးတော်မူ၏။ 21အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်းမဆင်းရဲစေခြင်းငှာ ကျွေးမွေးတော်မူ၏။ သူတို့အဝတ် မဟောင်းမနွမ်းရ။ သူတို့ခြေသည်လည်း မပွန်းမရောင်ရ။ 22နောက်မှတစ်ပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင်ဩဃ အစိုးရသောပြည်တို့ကို သိမ်းယူကြ၏။ 23သူတို့သားမြေးတို့ကို မိုးကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ဝင်၍ သိမ်းယူမည်အကြောင်း၊ သူတို့၏ ဘိုးဘေးတို့အား ကတိထားတော်မူ၏။ ထိုပြည်ထဲသို့ သွင်းတော်မူသဖြင့်၊ 24သားမြေးတို့သည်ဝင်၍ သိမ်းယူကြ၏။ သူတို့ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။ 25ထိုသို့ သူတို့သည် ခိုင်ခံ့သောမြို့များ၊ မြေကောင်းသောပြည်၊ ဥစ္စာနှင့်ပြည့်သောအိမ်၊ တူးပြီးသောရေတွင်း၊ များပြားသော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အသီးသီးသော အပင်တို့ကို သိမ်းယူ၍၊ ဝစွာစားသောက်လျက် အသားဆူဖြိုး၍ ကျေးဇူးတော်ကြွယ်ဝခြင်း၌ မွေ့လျော်ကြ၏။ 26သို့ရာတွင် အမိန့်တော်ကို နားမထောင်၊ ပုန်ကန်လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ၏။ အထံတော်သို့ ပြန်လာစေခြင်းငှာ၊ ဆုံးမသော ကိုယ်တော်၏ပရောဖက်တို့ကို သတ်၍ အလွန်ပြစ်မှားခြင်းကို ပြုကြ၏။ 27ထိုကြောင့်၊ သူတို့ကိုနှောင့်ယှက်သော ရန်သူလက်သို့ အပ်လိုက်တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကိုအော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံက နားထောင်၍၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက်မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။ 28တစ်ဖန် ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တစ်ဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံက နားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင်တော်မူ၏။ 29တရားတော်ကို ကျင့်ပြန်စေခြင်းငှာ ဆုံးမတော်မူသော်လည်း၊ သူတို့သည် နားမထောင်၊ မာနထောင်လွှားကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ၏။ ခိုင်မာသောလည်ပင်းနှင့် ရုန်းလျက် နားမထောင်ဘဲ နေကြ၏။ 30နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ၍၊ ကိုယ်တော်၏ ပရောဖက်တို့၌ရှိသော ကိုယ်တော်၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သောကြောင့်၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ၏။ 31သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံသောဘုရားဖြစ်၍၊ ကရုဏာတော် ကြွယ်ဝသောကြောင့်၊ သူတို့ကို ရှင်းရှင်းဖျက်ဆီးတော်မမူ။ စွန့်ပစ်တော်မမူ။ 32သို့ဖြစ်၍၊ အို အကျွန်ုပ်တို့၏ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဖွယ်သောဘုရား၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသောဘုရား၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အကျွန်ုပ်တို့ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူအပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။ 33ကိုယ်တော်မူကား အကျွန်ုပ်တို့အပေါ်သို့ ရောက်စေသမျှသောအမှု၌ တရားတော်မူ၏။ အကျွန်ုပ်တို့သည် မတရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရားသဖြင့်သာ စီရင်တော်မူပြီ။ 34အကျွန်ုပ်တို့ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ အဆွေအမျိုးသူကြီးတို့သည် တရားတော်ကိုမစောင့်။ ပေးထားတော်မူသော ပညတ်များနှင့် သက်သေခံချက်များတို့ကို နားမထောင်ကြ။ 35ကြီးသောကျေးဇူးကို ပြုလျက် အပ်ပေးတော်မူ၍၊ သူတို့ပိုင်သောနိုင်ငံ၊ သနားတော်မူသောပြည်ကြီး၊ ပြည်ကောင်း၌ နေရသော်လည်း၊ အမှုတော်ကိုမဆောင်မရွက်၊ မိမိတို့ပြုသော ဒုစရိုက်ကို မရှောင်ဘဲနေကြပါ၏။ 36ဘိုးဘေးတို့သည် အလွန်မြတ်သော အသီးအနှံကို စားရသောအခွင့်နှင့် သူတို့အား ပေးသနားတော်မူသောပြည်၌ အကျွန်ုပ်တို့သည် ယနေ့ အစေခံကျွန် ဖြစ်ကြပါ၏။ သူ့ကျွန် ခံရကြပါ၏။ 37အကျွန်ုပ်တို့အပြစ်ကြောင့်၊ အကျွန်ုပ်တို့အပေါ်မှာ ခန့်ထားတော်မူသော ရှင်ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝစွာဖြစ်သော အသီးအနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ်တို့၏ကိုယ်နှင့် တိရစ္ဆာန်များကို သူတို့သည် ကိုယ်အလိုအလျောက် အစိုးပိုင်၍၊ အကျွန်ုပ်တို့သည် အလွန်ဆင်းရဲခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။
ကတိဝန်ခံချက်ကိုတံဆိပ်ခတ်ခြင်း
38ထိုအကြောင်းအရာများကို ငါတို့သည် ဆင်ခြင်ပြီးမှ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေးထားလျက်၊ ငါတို့အကြီးအကဲ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် တံဆိပ်ခတ်ကြ၏။

နေဟမိမှတ်စာ - ၉ (အနက်ဖွင့်)

: ပွဲတော်ကျင်းပပြီးစီးသောအခါ တမျိုးသားလုံးနှင့်ဆိုင်သော အပြစ်ဖြေရာပွဲတော် ဆင်ယင်ကြသည်။ သူစိမ်းသရံများ မပါစေရ။ ဣသရေလ အမျိုးစစ်စစ်များ ဖြစ်ရသည်။ ဘုရားသခင်ရှေ့တွင် အပြစ်ဝန်ချတောင်းပန်ကြသည်။ ()နာရီလုံးလုံး ကျမ်းစာရွတ်ဖတ်၍ အစာရှောင် ဥပုသ်စောင့်ကြသည်။ ထို့နောက် ()နာရီလုံးလုံး အပြစ်ဖော်ပြ တောင်းပန်၍ပျပ်ဝပ်ကိုးကွယ်ကြသည်။

 :၃၈ ထို့နောက် လေဝိသားများမှစ၍ ပရိသတ်ကြီးသည် အပြစ်ဝန်ချ ဆုတောင်းကြသည် (ငယ် ၆-၃၇)။ ဘိသိက်ပေးကြသည် (ငယ် ၃၈)။ ဧဇရ၏ နာမည်မပါသော်လည်း ဧဇရက ဦးဆောင်ဆုတောင်းသည်ဟု အချို့ကယူဆကြသည်။ ဤကျမ်းပိုဒ်သည် သမ္မာကျမ်းစာထဲမှ ဆုတောင်းချက်အရှည်ဆုံးများထဲတွင် တခုအဖြစ်ပါဝင်သည်။

ဆုတောင်းချက်များကို ခြုံငုံလေ့လာလျှင် ဣသရေလလူမျိုးအပေါ် ဘုရားသခင်၏ ကွယ်ကာစောင့်ရှောက်မှု၊ ကတိတော် ပြည့်စုံမှုအကြောင်းဖြစ်သည်။  အချက်အလက်များကို ဤသို့ထုတ်နှုတ် နိုင်သည်။ ဖန်ဆင်းခြင်း (ငယ် ၆)၊ အာဗြဟံ အား ခေါ်ယူပဋိညာဉ်ဖွဲ့ခြင်း (ငယ် ၇၊၈)၊ အဲဂုတ္တုပြည်မှ ကယ်ထုတ်ခြင်း (ငယ် ၉-၁၂)၊ သိနာတောင်ပေါ်တွင် ပညတ်တော်ပေးခြင်း (ငယ် ၁၃၊၁၄)၊ ကန္တရခရီးတလျှောက်တွင် ဘုရားသခင် ကျွေးမွေးစောင့်ရှောက်ခြင်း (ငယ် ၁၅)၊ ခရီးတလျှောက် ပုန်ကန်သောင်းကျန်းခဲ့ကြသော်လည်း ကရုဏာတော်မပျက် စိတ်ရှည်သည်းခံတော်မှုခြင်း (ငယ် ၁၆-၂၁)၊ ခါနာန်မြေကို ပိုက်နိုင်ခြင်း (ငယ် ၂၂-၂၅)၊ တရားသူကြီးများ ခေတ်စောင့်ရှောက်ခြင်း (ငယ် ၂၆-၂၈)၊ ဖမ်းဆီးခြင်းခံရမည့် နိမိတ်ဆိုး သတိပေးခဲ့ခြင်း (ငယ် ၂၉-၃၁)၊ဖမ်းဆီးခံဘဝတွင်လည်း မျက်ကွယ်မပြု၊ အစဉ်ကြည့်ရှု၍ တဖန် ရွေးထုတ်တော်မှုခြင်း (ငယ် ၃၂-၃၇)၊ ဘုရားသခင်နှင့်ပဋိညာဉ်ဖွဲ့လိုခြင်း (ငယ် ၃၈)တို့တွင် တွေ့မြင်နိုင်သည်။

ထိုဆုတောင်းချက်များကို သမ္မာကျမ်းပိုဒ်နှင့်ယှဉ်၍ တမျိုးအချက်အလက် ပေးနိုင်သည်။ ငယ် ၆-၈ သည် ကမ္ဘာဦးကျမ်း၊ ငယ် ၉-၁၃ သည် ထွက်မြောက်ရာကျမ်း၊ ငယ် ၁၄သည် ဝတ်ပြုရာကျမ်း၊ ငယ် ၁၅-၂၀သည် တောလည်ရာကျမ်း၊ (ငယ် ၁၈ မှအပ)၊ ငယ်၂၁-၂၃သည် တောလည်ရာကျမ်းနှင့် တရားဟောရာကျမ်း၊ ငယ် ၂၄-၂၅သည် ယောရှုမှတ်စာ၊ ငယ်၃၀-၃၇သည် ဓမ္မာရာဇဝင် ပထမစာစောင်မှ ရာဇဝင်ချုပ် ဒုတိယစောင်ထိဖြစ်သည်။ ထိုဆုတောင်းချက်သည် သမ္မာကျမ်းစာနှင့်ဆိုင်သော ဆုတောင်းခန်းဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကရုဏာတော်အား ဣသရေလလူမျိုးအပေါ် သက်ရောက်မှု ဝန်ခံခြင်းဖြစ်သည်။

အငယ်(၃၈)ကိုတမျိုးရှုမြင်နိုင်သည်။ ယုဒလူမျိုးများက ပြဿနာသည် ဘုရားသခင်ထံမှ လာခြင်းမဟုတ်။ ယုဒလူမျိုး၌ ပေါ်ထွန်းခြင်းဖြစ်သည်ဟု ခံယူသည်။ သို့ကြောင့် ယုဒလူများအပေါ်၌ မူတည်သည် (အခန်း ၁၀၌ အသေးစိတ်ဖော်ပြထားသည်)။ ဆုတောင်းခြင်းနှင့် အပြစ်ဝန်ချခြင်းသည် အရေးကြီးသည်။ ဘုရားစကားဖြစ်၍ ဘုရားစကားတော် နာခံခြင်းကို မည်သည့်အရာနှင့်မျှ အစားမထိုးနိုင်ပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။