နာဟုံအနာဂတ္တိကျမ်း - ၃

1လူအသက်ကို သတ်တတ်သော မြို့၌ အမင်္ဂလာဖြစ်စေသော၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်းနှင့် ပြည့်ဝ၏။ ဖမ်းမိသောအရာကို မလွှတ်တတ်။ 2နှင်တံနှင့် ရိုက်သံ၊ လှည်းဘီးလိမ့်သံ၊ မြင်းခုန်သံ၊ ရထားပြေးသံကို ကြားရ၏။ 3မြင်းစီးသူရဲသည် မီးတောက်သောဓား၊ လျှပ်စစ်ပြက်သော လှံကိုချီလျက်၊ တိုက်သောသူရဲအများနှင့် သေသောသူ အပုံပုံရှိကြ၏။ အသေကောင်တို့ကို ရေတွက်၍ မကုန်နိုင်။ လူသေကောင်များကို ထိမိ၍ လဲတတ်ကြ၏။ 4အဆင်းလှ၍ ပြုစားတတ်လျက်၊ မတရားသော မေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့်၊ လူအမျိုးမျိုး အနွယ်နွယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည့်တန်ဆာမိန်းမသည် မတရားသော မေထုန်ကို ပြုဖန်များပြားသောကြောင့်၊ 5ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်အဝတ်ကို သင်၏မျက်နှာပေါ်မှာလှန်၍ အတိုင်းတိုင်းအပြည်ပြည်ရှေ့မှာ သင်၌ အချည်းစည်းရှိခြင်း၊ အရှက်ကွဲခြင်းကို ငါပြမည်။ 6သင်၌ မစင်ကိုပစ်၍ ညစ်ညူးစေပြီးမှ၊ သူတစ်ပါးတို့ကြည့်စရာ ထားမည်။ 7သင့်ကို မြင်သမျှသော သူတို့က၊ နိနေဝေမြို့ ပျက်စီးပြီ။ အဘယ်သူ မြည်တမ်းမည်နည်းဟု ဆိုလျက်၊ သင့်ထံမှ ပြေးကြလိမ့်မည်။ နှစ်သိမ့်စေသောသူတို့ကို သင့်အဖို့ အဘယ်မှာ ငါရှာ၍ ရနိုင်သနည်း။
8သင်သည် မြစ်ကြားမှာ တည်သော နောမုန်မြို့ထက် ကြီးမြတ်သလော။ ထိုမြို့ကို ရေဝိုင်းလျက်၊ ပင်လယ်သည် မြို့ကျုံးဖြစ်၏။ မြို့ရိုးလည်း ပင်လယ်နှင့် စပ်သတည်း။ 9အဲသယောပိပြည် နှင့် အဲဂုတ္တုပြည်သည် သူ၏လက်နက်ဖြစ်၏။ ရေတွက်၍ မကုန်နိုင်။ ဖုတပြည်နှင့် လိဗုပြည်လည်း သူ၏လက်နက်အဝင် ဖြစ်၏။ 10သို့သော်လည်း၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်းသွားကြပြီ။ မြို့သားငယ်တို့ကို လမ်းဦးရှိသမျှတို့၌ ချိုးဖဲ့လျက်၊ ဂုဏ်အသရေရှိသော မြို့သားတို့ကို စာရေးတံချလျက်၊ အားကြီးသော မြို့သားအပေါင်းတို့ကို သံကြိုးဖြင့် ချည်နှောင်လျက် ပြုကြပြီ။ 11သင်သည်လည်း မိန်းမောတွေဝေလျက် ပုန်းရှောင်၍ နေရလိမ့်မည်။ ရန်သူ၏လက်နှင့် လွတ်အောင် ခိုင်ခံ့သောအရပ်ကို ရှာရလိမ့်မည်။ 12သင်၏ရဲတိုက်ရှိသမျှတို့သည် ရှေ့ဦးစွာ မှည့်သောအသီးကို သီးသော သင်္ဘောသဖန်းပင်နှင့် တူကြလိမ့်မည်။ လှုပ်လျှင် စားချင်သောသူ၏ ပါးစပ်ထဲသို့ ကျလိမ့်မည်။ 13သင်၏လူတို့သည် သင့်အလယ်၌ မိန်းမကဲ့သို့ဖြစ်၍၊ ပြည်တံခါးတို့သည် ရန်သူတို့အား ကျယ်ကျယ်ပွင့်လျက်၊ ကန့်လန့်ကျင်တို့သည် မီးလောင်လိမ့်မည်။ 14ရန်သူဝိုင်းထားသော ကာလဖို့ ရေကို ခပ်ထားလော့။ ရဲတိုက်တို့ကို ခိုင်ခံ့စေလော့။ ရွှံ့ထဲသို့ ဝင်၍ အုတ်မြေကို နင်းနယ်လော့။ အုတ်ဖိုကို ပြင်ဆင်လော့။ 15ထိုအရပ်၌ပင် သင့်ကို မီးလောင်လိမ့်မည်။ ဓားနှင့် ခုတ်ဖြတ်လိမ့်မည်။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည်။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်းကောင်တို့သည် များသကဲ့သို့ သင်၏လူတို့ကို များပြားစေခြင်းငှာ ကြိုးစားလော့။ 16မိုးကောင်းကင်ကြယ်များသည်ထက်၊ သင်၏ကုန်သည်တို့ကို များပြားစေသော်လည်း၊ ယာလက်ကျိုင်းတို့သည် နှံ့ပြား၍ ပျံသွားတတ်ကြ၏။ 17သင်၏မင်းသားတို့သည် အရာဘကျိုင်းကဲ့သို့လည်းကောင်း၊ ဗိုလ်တို့သည် ဂေါဘကျိုင်းကဲ့သို့လည်းကောင်း ဖြစ်၍၊ ချမ်းသောအခါ စောင်ရန်းနားမှာ ဝပ်တတ်ကြ၏။ နေထွက်သောအခါ ပျံသွား၍ အဘယ်အရပ်သို့ ရောက်သည်ကို မသိရ။ 18အို အာရှုရိရှင်ဘုရင်၊ သင်၏သိုးထိန်းတို့သည် အိပ်ပျော်လျက်၊ သင်၏မှူးမတ်တို့သည် ကျိန်းဝပ်လျက်၊ သင်၏လူအပေါင်းတို့သည် တောင်ရိုးပေါ်မှာ အရပ်ရပ်သို့ ကွဲပြားလျက်ရှိ၍၊ အဘယ်သူမျှ မစုဝေးစေ။ 19သင်၏အနာမပျောက်နိုင်။ ပြင်းစွာခံရ၏။ သင်၏သတင်းကို ကြားသမျှသော သူတို့သည် သင့်အပေါ်မှာ လက်ခုပ်တီးကြလိမ့်မည်။ အကြောင်းမူကား၊ သင်ပြုသော အဓမ္မအမှုကိုမခံဘဲ လွတ်သောသူကား အဘယ်သူနည်း။
ပရောဖက်နာဟုံ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။

နာဟုံအနာဂတ္တိကျမ်း - ၃ (အနက်ဖွင့်)

: နိနေဝေမြို့ကြီ: ပျက်သုဉ်းရခြင်း၏ အကြောင်းအရင်းများကို ဤအခန်းတွင်ရှင်းပြထားသည်။ လူ့အသက်သတ်ဖြတ်ခြင်း၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်း၊ အိမ်နီးနားချင်းများကိုဖမ်းဆီး၍ ကျွန်ပြုခြင်း အစရှိသော အမင်္ဂလာအမှုများ ကျူးလွန်ကြသည်။ ယခုဗာဗုလုန်မြင်းစီးသူရဲကောင်းများသည် ဓါးလှံတလက်လက်ဝင့်ချီလျက် မြို့တော်လမ်းမအနှံ့ မြင်းခွာသံတဖြောင်းဖြောင်း ပြေးလွှားနေကြပြီ။ လမ်းဘေးလမ်းလယ်ခေါင် တလျှောက် အသေကောင်များပုံနေကြပြီ။

          : နိနေဝေမြို့သားများသည် ပြည့်တန်ဆာမအကျင့်ရှိလျက် စုန်းအတတ်ပညာဖြင့်လူများကိုပြုစား ဒုက္ခပေးကြသည်။ အချို့က ကုန်သွယ်နှင့်ငွေကြေးကို ဘုရားအဖြစ်ကိုးကွယ်ကြသည်။ ယေဟောဝါဘုရားသည် ထိုအပြစ်ဒုစရိုက်များကို မရှုမမြင်နိုင်သောကြောင့် ပြည့်တန်ဆာမအကျင့်ရှိသူများသည် အရှက်တကွဲ အကျိုးနည်းအောင် ဆုံးမတရားစီရင်တော်မူခြင်း ဖြစ်သည်။

          :၁၀ နိနေဝေမြို့သည်လည်း နောမုန်(Thebes မြို့ဟုလည်းမှတ်သား)ထက် လွတ်ငြိမ်းချမ်းခွင့် ပိုရစရာ အကြောင်းမရှိ။ ခွန်အားကြီးမားသော အဲသယောပိပြည်နှင့် အဲဂုတ္တုပြည်၏ အမှတ်သင်္ကေတနှင့် ဂုဏ်ဆောင်မြို့လည်းဖြစ်၏။

နောမုန်မြို့သည် ဖုတပြည်နှင့် လိဗုပြည်ပိုင်ဆိုင်ခဲ့သည်။ လိဗုသည်လစ်ဗျာနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည်။ ဖုတပြည်ပြည်မှာ တောင်ဖက်ယွန်းယွန်း ယခုခေတ်ဆိုမာလီနိုင်ငံဖြစ်သည်။

:၁၁၁၃ ဘုရားသခင်အမျက်ဒေါသဖလားသည် နိနေဝေမြို့သို့လည်း လောင်းချတော်မှုပြီ။ ကြွေကျတော့မည့် သင်္ဘောသဖန်းပင်မှည့်နှင့် တူသည်။ နိနေဝေစစ်သားတို့သညိ သူရဲဘောကြောင်စွာ မိန်းမကဲ့သို့ရန်သူတို့အား ပြည်တံခါးကျယ်ပြန့်စွာ ဖွင့်ပေးကြပြီ။

          :၁၄၁၇ ရောက်လာမည့်စ်ဘေးအတွက် သောက်သုံးရေကို ကြိုတင်စုဆောင်းလော့၊ ရဲတိုက်ကို ခိုင်ခံ့စေ၍ ခိုင်မာသော အုတ်ဖုတ်ထားသော်လည်း အကုန်အစင်ပျက်စီးရမည်။ မိုးယံကြည်များအလား ကုန်သည်မြောက်များစွာ ဝင်ထွက်သွားလာ၍ စစ်သည်ဗိုလ်ပါများခန့်ညားစွာ သွားလာခဲ့ကြသော်လည်း နေရောင်ခြည်ထိုးလာသောအခါ အဝေးသို့ပျံပြေးကြသော ကျိုင်းကောင်များကဲ့သို့ ပျောက်လွင့်ကုန်မည်။

          :၁၈၁၉ အာရှုရိ၏သိုးထိန်းများ (နိုင်ငံခေါင်းဆောင်များ) များ ကျဆုံးကုန်ပြီ။ တိုင်းသူပြည်သားများလည်း ဒဏ်ရာပြင်းစွာရရှိကြပြီ။ ထိုသတင်းစကားကြားသိသူများက ဝမ်းသာအားရ လက်ခုပ်သြဘာ တီးကြသည်။ အကြောင်းဆိုသော် နိနေဝေလက်ချက် မရှုမလှခံစားခဲ့ကြသည်ကိုး။ သို့ဖြင့်နိနေဝေမြို့သည် ဘီစီ­-၆၁၂ တွင် ပျက်သုဉ်းသွားသည်။

နာဟုံ၏ ပရောဖက်ပြုချက်များသည် မျက်ဝါးထင်ထင်ပြည့်စုံလာသည်။ Xenophon နှင့်  Alexander the Great ၏ စစ်တပ်များသည် မဟာနိနေဝေမြို့တော် အနီးရောက်ရှိခဲ့သော်လည်း မည်သည့်မြို့ပြ အကြွင်းအကျန်အမှတ်အသားကိုမျှ မတွေ့မြင်ကြ။

၁၉-ရာစုနှစ်တိုင်အောင် နိနေဝေမြို့ဟောင်း၏ တည်နေရာအတိအကျကို မဖော်ထုတ်နိုင်ကြချေ။

မှတ်စု

(နိဒါန်း) R. K. Harrison, Introduction to the Old Testament, p.930.

(၂:၂) Walter A. Maier, The Book of Nahum, A Commentary, p. 228.

(၃:၈-၁၀) The Targum and Vulgate ကျမ်း၌ လူဦးရေထူထပ်သည့် အလက်ဇန္ဒရီးယားမြို့ဟုဆိုထားသည်။

(၃:၈-၁၀) Libyan ဟူသောစကားသည် Lubim နှင့်ဆက်စပ်မှုရှိနိုင်ပေသည်။

(၃:၈-၁၀) Put ပုတဟူသောစကားသည် အဲဂုတ္တုနိုင်ငံ “Punt” ဖြစ်နိုင်သည်။ တောင်ပိုင်းပင်လယ်နီကမ်းခြေရှိ ဆိုမာလီဒေသဝန်းကျင်ဖြစ်သည်။ Maier, Nahum,pp.321-322 ကိုကြည်ပါ။

(၃:၈-၁၉)Paul Emiel Botta, Austen Henry Layard နှင့် George Smithတို့က ၁၈၄၀-ခုနှစ်တွင် နိနေဝေမြို့ဟောင်းကို ဦးစွာဖော်ထုတ်နိုင်၍ ၁၈၇၀ တိုင်တူးဖော်ခဲ့သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။