သင်ခန်းစာ (၁၂)
လူမတတ်နိုင်
ယခင်သင်ခန်းစာများ၌ လူ၏အခြေအနေသည် အလွန်ဆိုးဝါး၍ မကောင်းကြောင်း တွေ့ရသည်။ အမျိုးလည်းမကောင်း၊ အကျင့်အားဖြင့်ကြည့်လျှင်လည်း မကောင်းပါ။ ထို့ကြောင့် အပြစ်ကင်းရန်၊ ဖြောင့်မတ်ဖို့ရန် ဘုရားသခင်၏ နိုင်ငံတော်ရောက်ဖို့ရန်၊ လူမတတ်နိုင်ပါ။ ထိုအရာများကို အတိုချုံး၍ လေ့လာကြစို့။
အပြစ်နှင့်ပတ်သက်၍
လူသည်အပြစ်ကင်းဘို့ရန် မတတ်နိုင်ပါ။ ကျမ်းစာက၊ “အဲသယောပိလူသည် မိမိအရေ၏အဆင်းကို၎င်း၊ ကျားသစ်သည် မိမိအကွက်အကျားကို၎င်း၊ ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်ဒုစရိုက်ကိုပြုလေ့ရှိသောသူတို့သည် သုစရိုက်ကို ပြုခြင်းငှါ တတ်နိုင်ကြလိမ့်မည်။” ဟုဆိုသည် (ယေရမိ ၁၃:၂၃)။ လူသည် အပြစ်မလုပ်ဘဲ မနေနိုင်ပါ။ အဲသယောပိလူ (လူမဲ) သည် အသားဖြူလာမှ ကျားသစ်သည် အကွက်အကျားပြောင်းလာမှ လူသည်အပြစ်မလုပ်ဘဲနေနိုင်မည်။
အပြစ်အခနှင့်ပတ်သက်၍
ကျမ်းစာက၊ “အပြစ်၏အခသည်သေခြင်းပေတည်း။” ဟုဆိုသည် (ရော ၆:၂၃)။ လူသည်အပြစ်၏အခအတွက် အသေခံပါက မည်ကဲ့သို့ ထာ၀ရအသက်ရနိုင်မည်နည်း။ လူသည် မိမိအပြစ်အတွက်အသေခံလျှင် ငရဲကျဘို့သာလျှင်ရှိသည်။ ထို့ကြောင့် လူသည် အပြစ်၏အခအတွက် မပေးဆပ်နိုင်ချေ။
အပြစ်ဆေးကြောခြင်းနှင့်ပတ်သက်၍
လူသည်နောင်တရ၍ နောက်ထပ်အပြစ်မကျူးလွန်ဘို့ရန် ကြိုးစားတတ်သည်။ သို့သော် အပြစ်မလုပ်ဘဲ မနေနိုင်ပါ။ ထိုမျှသာမက ကျူးလွန်ပြီးသော အပြစ်များ သန့်ရှင်းစင်ကြယ်စေဘို့ရန် မတတ်နိုင်ပါ။ ကျမ်းစာက၊ “လူ၏အပြစ်ကို ဖြေသောအရာကားအသွေးဖြစ်သတည်း။” ဟုဆိုသည် (၀တ်ပြုရာ ၁ရ:၁၁)။ တဖန်၊ “အသွေးမသွန်းလောင်းဘဲအပြစ်ဖြေလွှတ်ခြင်းမရှိ။” ဟုဆိုပြန်သည် (ဟေဗြဲ ၉:၂၂)။ လူသည် မိမိအပြစ်သန့်ရှင်းစေဘို့ရန် အသွေးသွန်းစရာမရှိပါ။ တိရစ္ဆာန်အသွေးအားဖြင့်လည်း ဘုရားသခင်က လက်မခံနိုင်တော့ပါ။ မိမိအသွေးသွန်းလျှင်လည်း အပြစ်သား၏အသွေးသည် မသန့်ရှင်းပါ။ ထို့ကြောင့် လူသည်အပြစ်ကင်းအောင် မတတ်နိုင်ပါ။
ကုသိုလ်ကောင်းမှုနှင့်ပတ်သက်၍
လူသည် ဘုရားသခင်ကလက်ခံလာအောင် ကုသိုလ်ကောင်းမှုကို အားကိုးတတ်သည်။ ဆယ်ဘို့တဘို့လှူခြင်း၊ အလှူငွေထည့်ခြင်း၊ ဆင်းရဲသားများကိုမစခြင်း၊ ဘာသာရေးလုပ်ငန်းများ၌ ပါ၀င်လှူဒါန်းခြင်းတို့ဖြင့် အပြစ်ပြဿနာပြေလည်မည်ဟု ထင်တတ်သည်။ သို့သော်ကျမ်းစာက၊ “အကျွန်ပ်တို့ ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသောကုသိုလ်ကောင်းမှုတို့ သည်လည်း ညစ်သောအ၀တ်နှင့်တူကြပါ၏။” ဟု ဆိုထားပါသည် (ဟေရှာယ ၆၄:၆)။ လူ၏ကုသိုလ်သည် လူ့အမြင်၌ကောင်းသော်လည်း ဘုရားအမြင်၌ ညစ်သောအ၀တ်နှင့် တူသည်။ ထိုမျှမက ကုသိုလ်ကောင်းမှုဖြင့် အပြစ်ပြဿနာကို မဖြေရှင်းနိုင်ပါ။ ဥပမာ လူသတ်သမားတဦးသည် ကုသိုလ်မည်မျှပင်ပြုသော်လည်း အပြစ်မပြေနိုင်ပါ။ လူသတ်မှုအတွက် ပြစ်ဒဏ်ခံရဦးမည်သာ ဖြစ်သည်။
ပညတ်တော်နှင့်ပတ်သက်၍
လူသည် ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် အပြစ်ကင်းမည်၊ ထာ၀ရအသက်ရမည်ဟု ထင်တတ်သည်။ သို့သော် ကျမ်းစာက၊ “ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင် တစုံတခု၌မှားမိလျှင် ပညတ်အလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။” ဟုဆိုပါသည် (ယာကုပ် ၂:၁၀)။ လူသည် ပညတ်တရားအလုံးစုံကို မလျှောက်နိုင်ပါ။ လိုက်လျှောက်မည်ဟုသာ ပြောတတ်ကြသည်။ လိုက်လျှောက်၍ကြိုးစားသူမများပါ။ ထိုမျှသာမက ပညတ်တော်မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်းနှင့်သေခြင်းကိုသာ ဖြစ်စေသည် (ဂလာ ၃:၁၀၊ ရောမ ရ:၁၁)။ ထိုကြောင့် လူသည် ပညတ်တရားနှင့်ပတ်သက်၍ ဘာမျှမလုပ်နိုင်ပါ။
ဒုတိယမွေးဘွားခြင်းနှင့်ပတ်သက်၍
လူသည် ပထမမွေးဘွားသောအခါ အာဒံ၏သားသမီးအဖြစ်မွေးဘွားသည်။ ပထမမွေးဘွားခြင်းသည် မိခင်၀မ်းထဲမှ ကိုယ်ခန္ဓာအားဖြင့် မွေးဘွားသည်။ ထိုမွေးဘွားခြင်းပင်လျှင် မိမိလုပ်ဆောင်ချက်မပါပါ။ ထိုမျှသာမက သခင်ယေရှုက၊ “ဒုတိယမွေးဘွားခြင်းမခံသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု မိန့်တော်မူ၏။” (ယော ၃:၃)။ ပထမမွေးဖွားခြင်းမခံသောသူသည် ဤလောကထဲသို့မရောက်ရုံသာမက ဤလောကကိုလည်း မမြင်ရပါ။ ထိုနည်းတူ ဒုတိယမွေးဖွားခြင်းမခံသောသူသည် ဘုရားသခင်၏နိုင်ငံတော်ကို မရောက်ရုံမက မြင်လည်းမမြင်ရပါ။ သခင်ယေရှုက ရေနှင့်ဝိညာဉ်တော်အာဖြင့် မွေးဖွားရမည်ဟုဆိုသည်။ မည်ကဲ့သို့ ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားရမည်နည်း။ ရေနှစ်ခြင်းခံခြင်ဖြင့် မွေးဖွားရမည်လော။ ရေနှစ်ခြင်းအားဖြင့်ဖြစ်လျှင် ရေနှစခြင်းခံသူတိုင်း ဘုရားသခင်၏နိုင်ငံတော်ရောက်မည်။ သိုသော် ရေနှစ်ခြင်းခံသူတိုင်း ဘုရားသခင်၏နိုင်ငတော်ရောက်မည်မဟုတ်။ ဝိညာဉ်တော်အားဖြင့် မည်သိုမွေးရမည်နည်း။ လူအားဖြင့် မဖြစ်နိုင်ပါ။ ထို့ကြောင့် ဒုတိမွေးဖွားခြင်းနှင့်ပတ်သက်၍ ဘာမျှမတတ်နိုင်ပါ။
ထာ၀ရအသက်နှင့်ပတ်သက်၍
လူသည် ထာ၀ရအသက်ရဘို့ အကျင့်ကောင်းခြင်း၊ ပညတ်တော်လိုက်လျှောက်ခြင်း၊ အလှူပေးခြင်း၊ ဘာသာရေးလိုက်စားခြင်း၊ စသည်ဖြင့်အမျိုးမျိုး ကြိုးစားတတ်ကြသည်။ သို့သော် ထာ၀ရအသက်သည် ထိုအရာများ၌ မရှိပါ။ ဘုရားသခင်က ထာ၀ရအသက်ကို ခရစ်တော်၌ထည့်ထားသည်။ ထို့ကြောင့် ခရစ်တော်ရမှသာ ထာ၀ရအသက်ရနိုင်ပေမည် (၁ ယော ၅:၁၁-၁၂)။ သို့ဖြစ်လျှင် ခရစ်တော်မပါဘဲ မည်ကဲ့သို့ထ ာ၀ရအသက်ရနိုင်မည်နည်း။ လူသည် ထာ၀ရအသက်ရဘို့ရန် မည်သို့ မျှ မရနိုင်ပါ။
စာတန်နှင့်ပတ်သက်၍
လူသည် စာတန်၏သားသမီးဖြစ်သည်။ သခင်ယေရှုက၊ “သင်တို့သည် သင်တို့အဘတည်းဟူသောမာရ်နတ်မှဆင်းသက်ကြ၏။” ဟုဆိုသည် (ယော ၈:၄၄)။ အဘစာတန်နှင့် မည်ကဲ့သို့အဆက်ဖြတ်မည်နည်း။ လူအားဖြင့် မည်သို့ မျှ မလုပ်ဆောင်နိုင်ပါ။
အာဒံနှင့်ပတ်သက်၍
လူသားတိုင်း အာဒံမှဆင်းသက်ကြသည်။ ထို့ကြောင့် အာဒံနည်းတူအပြစ်နှင့်ကျိန်ခြင်း ခံရသည်။ မွေးရာပါအပြစ်ရှိကြသည်။ ထိုကြောင့် အာဒံနှင့်အဆက်ပြတ်ဘို့လိုသည်။ ထိုသို့အာဒံနှင့်အဆက်ပြတ်ဘို့ရန် မည်သို့လုပ်ရမည်နည်း။ လူအားဖြင့်မတတ်နိုင်ပါ။
သို့ဖြစ်လျှင်မည်သို့လုပ်ရမည်နည်း
ဤမေးခွန်းသည် လူတိုင်းမေးသင့်သောမေးခွန်းဖြစ်သည်။ ဤမေးခွန်းမမေးသူများသည် မိမိတို့၏အခြေအနေကိုမသိ၊ ပြဿနာလည်းမရှိ။ ထို့ကြောင့်ကြောက်ရမှန်းလည်းမသိသောကြောင့် လွတ်လမ်းကိုလည်းမရှာ၊ မိမိတို့အပြစ်၌ ပျက်စီးမည်သာဖြစ်သည်။ ဤမေးခွန်းကို ဣသရေလလူမျိုးများကတမန်တော်များထံ မေးခဲ့ဖူးသည် (တမန် ၂:၃ရ)။ ဣသရေလလူများအနေဖြင့် မိမိတို့၌ဘာမျှမလို၊ ဘုရားဖက်၌စိတ်အားကြီး၍ ဘုရားတရားနှင့်နေသောသူများဟူ၍ ထင်မှတ်ကြသည်။ ဘုရားဖက်၌စိတ်အားကြီးသောကြောင့် သူတို့အမြင်၌ သခင်ယေရှုကို လမ်းလွှဲဦးဆောင်သူဟူ၍ သတ်လိုက်ကြသည်။ သို့သော် မိမိတို့လုပ်ဆောင်ချက်မှားယွင်းကြောင်းနှင့် ကယ်တင်ခြင်းနှင့် အပြစ်လွှတ်ခြင်းအဘို့အလို့ငှါ မတတ်နိုင်ကြောင်း သိရှိလာကြသောအခါ တမန်တော်များထံ အဘယ်သို့ ပြုရမည်နည်းဟု မေးကြသည်။ ထိုမေးခွန်းကို ဖိလိပ္ပိမြို့ထောင်မှူးကလည်း ရှင်ပေါလုနှင့်သိလတို့ထံ မေးခဲ့ဖူးသည်။ ပေါလုနှင့်သိလတို့သည် ထောင်ထဲ၌ ဘုရားသခင်ကိုချီးမွမ်းကြသောအခါ ဘုရားသခင်၏တန်ခိုးတော်ကြောင့် ထောင်တံခါးများ ပွင့်ကုန်သည်။ ထိုအခါ ထောင်သားများထွက်ကုန်ပြီဟုထင်မှတ်သဖြင့် ထောင်မှူးသည် ကိုယ်ကိုယ်ကိုသတ်သေဖို့ ကြံစည်သည်။ သို့သော် ပေါလုနှင့်သိလတို့က တားကြသည်။ ထိုအခါထောင်မှူးသည် ပေါလုနှင့်သိလတို့၏ခြေရင်း၌ တုန်လှုပ်ပြတ်၀ပ်လေ၏။ သူတို့ကိုပြင်သို့ထုတ်ပြီးလျှင်၊ “သခင်တို့အကျွန်ပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟုမေးလျှောက်လေ၏။” (တမန် ၁၆:၂၅-၃၀)။ ထိုသို့သောမေးခွန်းကို ဘေးကြပ်နံကြပ်တွေ့သူများ၊ လူ့အပိုင်း၌အခက်အခဲကြုံ၍ ဘာမှမလုပ်တတ်သောအခြေအနေမျိုးရှိသူများကသာလျှင် မေးလေ့ရှိသည်။ မိတ်ဆွေသည်ထိုမေးခွန်းကိုမေးပြီလော။ သို့မဟုတ် မေးစရာမလိုဟုထင်သလော။
==================