တရားသူကြီးမှတ်စာ - ၁၉

လေဝိအမျိုးသားနှင့်မယားငယ်
1ဣသရေလရှင်ဘုရင် မရှိသည်ကာလ၊ ဧဖရိမ်တောင်ခါးပန်း၌ တည်းခိုသော လေဝိလူတစ်ယောက်သည်၊ ယုဒခရိုင် ဗက်လင်မြို့သူ မိန်းမတစ်ယောက်ကို သိမ်းယူ၏။ 2ထိုမိန်းမသည် လင်ကိုပြစ်မှား၍ ဗက်လင်မြို့ မိမိအဘအိမ်သို့သွားသဖြင့် လေးလနေလေ၏။ 3လင်သည် သူ့ကိုချော့မော့၍ ဆောင်ခဲ့ခြင်းငှာ ငယ်သားတစ်ယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား၍ ရောက်သောအခါ၊ မယားငယ်သည် မိမိအဘအိမ်ထဲသို့ ခေါ်သွင်း၍၊ အဘသည် သမက်ကိုတွေ့မြင်လျှင် ဝမ်းမြောက်သောစိတ်ရှိ၍ သိမ်းဆည်းလေ၏။ 4ထိုကြောင့် သမက်သည် စားသောက်လျက်၊ အိပ်လျက်၊ သုံးရက်ပတ်လုံး ယောက္ခမအိမ်၌နေ၏။ 5စတုတ္တနေ့ရက် နံနက်စောစောထ၍ ထွက်သွားအံ့သောငှာ ပြင်ဆင်သောအခါ၊ ယောက္ခမက၊ မုန့်အနည်းငယ်ကိုစား၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည်အတိုင်း၊ 6နှစ်ယောက်လုံးထိုင်၍ စားသောက်လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျပါတော့။ ယနေ့ညကိုလည်း လွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟု သမက်အားဆိုပြန်၍၊ 7သမက်သည် သွားအံ့သောငှာ ထသော်လည်း၊ ယောက္ခမသွေးဆောင်သဖြင့် သမက်သည် ထိုအရပ်၌ အိပ်ပြန်လေ၏။ 8ပဉ်စမနေ့ရကျ နံနကျစောစောသှားအံ့သောငှာ ထသောအခါ၊ ယောက်ခမက၊ အားဖွညျ့ပါဦးတော့ဟုဆို၍ မှနျးလှဲသညျတိုငျအောငျ နှစျယောကျလုံး စားသောကျလကြျနကွေ၏။ 9ထိုသူသည် မယားငယ်နှင့် ငယ်သားကိုခေါ်၍ သွားအံ့သောငှာ ထပြန်သောအခါ၊ သူ၏ယောက္ခမဖြစ်သော ထိုမိန်းမ၏အဘက၊ ကြည့်ပါ၊ မိုးချုပ်လုပြီ။ ယနေ့ညကိုလည်း လွန်စေပါတော့။ နေ့အချိန် ကုန်လုပြီ။ ဤအရပ်၌ အိပ်၍ ပျော်မွေ့လျက်နေပါတော့။ နက်ဖြန်နံနက် စောစောထ၍ ကိုယ်နေရာအရပ်သို့ သွားတော့ဟု ဆိုသော်လည်း၊ 10သမက်သည် ထိုညကိုမလွန်စေဘဲ ထသွား၍ ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့် မယားငယ်လည်းပါလျက် ယေရုရှလင်မြို့တည်းဟူသော ယေဗုတ်မြို့အနီးသို့ ရောက်လေ၏။ 11ထိုမြို့အနီးသို့ ရောက်သောအခါ၊ မိုးချုပ်သောကြောင့် ငယ်သားက၊ နားထောင်ပါတော့။ ယေဗုသိလူနေရာ ဤမြို့သို့ဝင်၍ အိပ်ကြကုန်အံ့ဟု သခင်အားဆိုသော်၊ 12သခင်က၊ ဣသရေလအမျိုးမဟုတ်၊ တစ်ပါးအမျိုးသားနေသော မြို့သို့မဝင်၊ ဂိဗာမြို့သို့သွားဦးမည်။ 13ဂိဗာမြို့၊ ရာမမြို့ အစရှိသော တစ်စုံတစ်ခုသောအရပ်၌ ညကိုလွန်စေခြင်းငှာ သွားကြကုန်အံ့ဟု ငယ်သားအားဆိုလျက်၊ 14ခရီးသွားပြန်၍ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့အနီးသို့ ရောက်သောအခါ၊ နေဝင်လေ၏။ 15ဂိဗာမြို့မှာ ညကိုလွန်စေမည်အကြံနှင့် မြို့ထဲသို့ဝင်၍ အဘယ်သူမျှ ဧည့်မခံသေးသောကြောင့် လမ်းမှာထိုင်နေ၏။
16ဂိဗာမြို့သားတို့သည် ဗင်္ယာမိန်အမျိုးသား ဖြစ်ကြ၏။ သို့ရာတွင် တည်းခိုသော ဧဖရိမ်တောင်သား လူအိုတစ်ယောက်ရှိသည်ဖြစ်၍၊ ထိုသူသည် ညဉ့်ဦးယံ၌ လယ်လုပ်ရာမှလာစဉ်၊ 17မျှော်ကြည့်၍၊ မြို့လမ်းမှာ ဧည့်သည်တစ်ယောက်ရှိသည်ကို မြင်လျှင်၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း၊ အဘယ်အရပ်က လာသနည်းဟု မေးသော်၊ 18ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား၏။ ကျွန်ုပ်သည် ဧဖရိမ်တောင်သား ဖြစ်၏။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခု ထာဝရဘုရား၏အိမ်တော်သို့သွား၏။ အဘယ်သူမျှ ဧည့်မခံသေး။ 19သို့ရာတွင် မြည်းဖို့ မြက်ခြောက်နှင့် အခြားကျွေးစရာရှိ၏။ ကိုယ်နှင့် ကိုယ်တော်ကျွန်မ လိုက်လာသော ငယ်သားဖို့ မုန့်နှင့်စပျစ်ရည်ရှိ၏။ တစ်စုံတစ်ခုမျှ မလိုပါဟု ပြောဆို၏။ 20လူအိုကလည်း၊ သင်၌ ချမ်းသာရှိပါစေသော။ သင်လိုသမျှသည် ငါ့တာရှိစေတော့။ လမ်းမှာညကို မလွန်စေနှင့်ဟုဆိုလျက်၊ 21မိမိအိမ်သို့ ခေါ်သွင်း၍ မြည်းတို့ကိုကျွေးလေ၏။ သူတို့သည် ခြေကိုဆေး၍ စားသောက်ကြ၏။
22ထိုသို့ ပျော်မွေ့လျက်နေကြသောအခါ၊ ထိုမြို့သား အဓမ္မလူအချို့တို့သည် အိမ်ကိုဝိုင်း၍ တံခါးကိုရိုက်ကြ၏။ အိမ်ရှင် လူအိုကိုလည်းခေါ်၍၊ သင့်အိမ်သို့ ဝင်သောယောက်ျားနှင့် ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍၊ ထုတ်ခဲ့လော့ဟု ဆိုကြ၏။ 23အိမ်ရှင်သည်လည်း ထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကို မပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌ တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။ 24အကျွန်ုပ်၌ သမီးကညာရှိပါ၏။ သူ၏ မယားငယ်လည်းရှိပါ၏။ သူတို့ကို ထုတ်၍ပေးပါမည်။ သူတို့ကို ရှုတ်ချကြပါ။ အလိုရှိသည်အတိုင်း ပြုကြပါ။ ဤယောက်ျား၌ ဤမျှလောက်ဆိုးသောအမှုကို မပြုပါနှင့်ဟု တောင်းပန်သော်လည်း၊ 25သူတို့သည် နားမထောင်သောကြောင့်၊ လေဝိလူသည် မိမိမယားငယ်ကို ထုတ်၍အပ်သဖြင့်၊ သူတို့သည် တစ်ညလုံးအဓမ္မပြု၍ နံနက်တိုင်အောင်ရှုတ်ချပြီးမှ အရုဏ်တက်မှ လွှတ်လိုက်ကြ၏။ 26အာရုဏ်တက်သောအခါ၊ မိန်းမသည်လာ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုးလင်းသည်တိုင်အောင် လဲနေ၏။ 27နံနက်အချိန်ရောက်မှ သူ၏သခင်သည်ထ၍ အိမ်တံခါးကို ဖွင့်သဖြင့်၊ ခရီးသွားအံ့သောငှာ ထွက်သောအခါ၊ မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ၍ တံခါးခုံကိုလက်တင်လျက်ရှိသည် မြင်သော်၊ 28ထလော့။ သွားကြကုန်အံ့ဟု ဆိုသော်လည်း သူသည် ပြန်မပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ကိုမြည်းပေါ်မှာ တင်သဖြင့် မိမိနေရာသို့ သွားလေ၏။ 29မိမိအိမ်သို့ ရောက်သောအခါ ဓားကိုယူ၍ မယားငယ်အကောင်ကို အရိုးနှင့်တကွ ဆယ်နှစ်ပိုင်းပိုင်း၍ ဣသရေလပြည်တစ်လျှောက်လုံးသို့ ပေးလိုက်လေ၏။ 30သိမြင်သောသူ အပေါင်းတို့က၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအမှုကို အဘယ်သူမျှမပြု၊ တစ်ခါမျှ မဖြစ်စဖူး။ ဆင်ခြင်၍ တိုင်ပင်စီရင်ကြလော့ဟု ပြောဆိုကြ၏။

တရားသူကြီးမှတ်စာ - ၁၉ (အနက်ဖွင့်)

(လေဝိအမျိုးနှင့်မယားမြှောင်များ (အခန်း၁၉)

          ၁၉:၁၂ လေဝိအမျိုးသားများနှင့် မယားမြှောင်ထားရှိခြင်း စိတ်ညစ်ဖွယ်ရာ ဇာတ်လမ်းတွေ့ရပြန်သည်။ ထိုလေဝိသည် ယုဒပြည် ဗက်သလင်လူဖြစ်၍ ဧဖရိမ်တောင်ခြေတွင် နေသည်။ သူ့မိန်းမသည် ဖောက်ပြန်ပြီး လမ်းဘေးလေလွင့်နေသည်။ တစ်နေ့တွင် ထိုလေဝိသားသည် ယောက္ခမအိမ်သို့ ရောက်လာ၍ သူ့မယားအား လာခေါ်သည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်ရက်ပြီးတစ်ရက် အချိန်ကုန်လွန်သည်။ သူ့မယားငယ်အား ပြန်ခေါ်ရန် ကြိုးစားတိုင်း၊ ယောက္ခမက ချော့မော့ဆွဲထားကြသည်။ ပဉ္စမမြောက်နေ့တွင်မူ သူ့ကျွန်၊ စီးတော်မြင်းနှစ်ကောင်၊ မယားငယ်နှင့်အတူ မရမက ထွက်သွားသည်။ လေဗုမြို့မနီး ယေရုရှလင်သို့ ညနေစောင်းတွင် ရောက်ရှိကြသည်။ သို့သော် ထိုအရပ်ဒေသသည် ယေဗုသိသလူမျိုးများမြို့ဖြစ်သောကြောင့် မတည်းခိုရသည့်အကြောင်းကို George William က ဤသို့ဆိုသည်။

လေဝိအမျိုးသားအတွက် မဆက်ဆံမပတ်သက်အပ်သော အိမ်အမိုးအောက်တွင် ညဉ့်အိပ်တည်းခိုခြင်းထက် လမ်းမပေါ်တွင် သွားနေခြင်းက ပိုကောင်းသည်။ အတိတ်က အဖြစ်ဟောင်းထက် ရှေ့ကိုမျှော်မှန်းခြင်းက ပိုသင့်သည်။၁၅

၁၉:၁၃၂၁ နေဝင်မိုးချုပ်ချိန်မှာ ဗင်္ယာမိန်နယ်စပ်ရှိဂိဗာမြို့သို့ ရောက်ရှိကြသည်။ တည်းခိုစရာမရှိသဖြင့် လမ်းမပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေကြသည်။ ကံကောင်းထောက်မစွာ လမ်းသွားလမ်းလာ ဧဖရိမ်အဘိုးအိုက ညဉ့်အိပ်ခေါ်ဖိတ်သဖြင့်   ထိုနေ့ည ကျောခင်းဖို့နေရာရှိသွားကြသည်။

၁၉:၂၂၂၄ ထိုအရပ်ဒေသရှိ ကာမသောင်းကျန်းဖောက်ပြန်နေသော ကာလသား တစ်သိုက်သည် ထိုအိမ်ကို လာဝိုင်းပြီး၊ လေဝိသားအား ထုတ်ပေးရန်တောင်းဆိုကြသည်။ ထိုအဖြစ်စနစ်ဆိုးမျိုး လောတလက်ထက်တွင် တစ်ကြိမ်ရှိဖူးသည် (က၁၉)။ ကံအကြောင်းမလှသဖြင့် လေဝိအမျိုးသား၏ မယားငယ်သည် ထိုနေ့ညဉ့်တွင် တစ်ညဉ့်လုံးဒုက္ခရောက်သည်။ ဘုရားသခင်သည် လိင်တူဆက်ဆံခြင်းကို မုန်းတီးရွံရှာသည်။ လူ့အတွေးအာရုံသည် နိမ့်ကျသထက်နိမ့်ကျသည်။ အိမ်ရှင်အဖိုးအိုသည် ထိုလေဝိသား ဘေးကင်းလုံခြုံဖို့ လေဝိသား၏ မယားငယ်နှင့် သူ့သမီးပျိုဖြင့် ကမ်းလှမ်းခဲ့သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ Arthur Cundall က ဤသို့ဆိုခဲ့သည်။

ဤနေရာတွင် အဖိုးအို၏ စိတ်ရင်းစေတနာသည် ဧည့်ဝတ်ပျူငှါကျေပြွန်ခြင်းအဓိက ဖြစ်သည်။မိမိအိမ်တွင် တည်းခိုသူဧည့်သည်များ၏ လုံခြုံရေးသည် အရေးကြီးပါသည်။ အားနည်းသူနှင့် ခိုကိုးရာမဲ့များ လုံခြုံစေဖို့ ပဓါနကျပါသည်။ ထိုခေတ်ကာလတွင် မိန်းမသားများအပေါ် သဘောထားသည် ယနေ့ခေတ်ကာလ ယုံကြည်သူများခံယူချက်နှင့်လည်း မတူညီပါ။ မိန်းမများကလည်း သူတို့ဘဝကို ကျေနပ်နေကြသည်။ အဖိုးအိုသည် သူ့သမီး၏ အပျိုကညာတန်ဖိုးကို ထိန်းသိမ်းစေချင်သည်။ ထို့ကြောင့် ဧည့်ဝတ်တာဝန်ကို တပိုင်းလျှော့ပေါ့လျက် အတွေ့အကြုံရှိသော လေဝိ၏မယားငယ်အား ခွင့်ပြုခြင်းဖြစ်ပေမည်။၁၆

၁၉:၂၅၃၀ နောက်ဆုံးတွင် သူရဲဘောကြောင်သော ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် လေဝိသားသည် သူ့မယားငယ်အား ထုတ်ပေးလိုက်သည်။ ထိုအမျိုးသမီးသည် တစ်ညဉ့်နက်လုံး ဆင်းရဲဒုက္ခရောက်ခဲ့ပြီး မိုးလင်းယံတွင် တံခါးလှေခါးရင်း၌ လာချထားကြသည်။ ဗင်္ယာမိန်သားများ၏ ရက်စက်မှုမပါလျှင်လည်း ထိုအမျိုးသမီးသည် လမ်းဘေးလေလွင့်သူ မဖြစ်ကြောင်း အပိုဒ်ငယ်(၂)အရ သိရသည်။ နောက်တစ်ခါ ပြည့်တန်ဆာမ၏ သေခြင်းဆိုးအဖြစ်မျိုးကြုံစရာမရှိ။ အပြစ်ဒုစရိုက်သည် ကိုယ့်အကြောင်းနှင့် ကိုယ်ဖြစ်သည်။ မိမိလုပ်သည့်အတိုင်း ပြန်ခံစားရသည်။ နေရပ်အိမ်ပြန်ရောက်သောအခါ ဣသရေလ လူမျိုး(၁၂)မျိုး အမှတ်လက္ခဏာယူ၍ (၁၂)ပိုင်း ခုတ်ပိုင်းခြင်းခံရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။