ရှင်ယုဒဩဝါဒစာ - ၁

1ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မတော်မူသော သူတို့ကို ကြားလိုက်ပါ၏။- 2သင်တို့၌ ကရုဏာရှိပါစေသော။ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်း များပြားပါစေသော။
မိစ္ဆာဆရာများ
3ချစ်သူတို့၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး၍ ပေးလိုက်ခြင်းငှာ ငါသည် အလွန်ကြိုးစားသည်တွင်၊ သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရားဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်စေခြင်းငှာ နှိုးဆော်သွေးဆောင်၍ ရေးလိုက်ရသောအကြောင်း ရှိ၏။- 4အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်းအလိုငှာ မှောက်လှန်လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှာ ရှေးက စီရင်မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။- 5ထိုကြောင့် သင်တို့သည် သိနှင့်သော်လည်း ငါသည် သတိပေး၍ ပြောချင်သော အကြောင်းအရာဟူမူကား၊ ထာဝရဘုရားသည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူပြီးလျှင်၊ မယုံကြည်သော သူတို့ကို တစ်ဖန် ဖျက်ဆီးတော်မူ၏။- 6ထိုမှတစ်ပါး၊ မိမိတို့အခွင့်အရာကို မစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှာ၊ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏။- 7ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့် ကျွမ်းလောင်ခြင်းဒဏ်ကို ခံရ၍ ပုံသက်သေထင်ရှားလျက် ရှိကြ၏။
8ယခု ယောင်ယမ်းသောအဓမ္မလူတို့သည်၊ ရှေးနည်းတူ မိမိတို့ကိုယ်ကို ညစ်ညူးစေ၍၊ အာဏာစက်ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။- 9ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူစေသတည်းဟူ၍ သာပြောဆို၏။- 10ထိုသူတို့မူကား၊ မိမိတို့နားမလည်သော အရာများကို ကဲ့ရဲ့တတ်ကြ၏။ တိရစ္ဆာန်ကဲ့သို့ ပကတိအတိုင်း မိမိတို့နားလည်သော အရာများဖြင့် မိမိတို့ကို ပုပ်ပျက်စေတတ်ကြ၏။- 11သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣနနောက်သို့ လိုက်ကြ၏။ အခကိုရခြင်းငှာ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွင်းခြင်း ရှိကြ၏။ ကောရ၏ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ ရောက်ကြ၏။- 12မေတ္တာပွဲလုပ်၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ၊ မိမိတို့ကိုဝစွာကျွေး၍ ပွဲ၌ အစွန်းအကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍လွင့်သော မိုးတိမ်ကဲ့သို့လည်းကောင်း၊ ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ်သေ၍ နုတ်ပစ်သော သစ်ပင်ကဲ့သို့လည်းကောင်း၊- 13မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့လည်းကောင်း၊ ကြယ်ပျံကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ ထိုကြယ်ပျံတို့အဖို့ တစ်ခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။
14-15အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသော အဓမ္မအမှုရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ပြောသော ကြမ်းတမ်းသော စကားရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း ဖော်ပြခြင်းငှာ၊ အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွ ကြွလာတော်မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။- 16ထိုသူတို့သည် မြည်တမ်း၍ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသော စကားကို ပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သောသူ ဖြစ်ကြ၏။
သတိပေးချက်နှင့်ညွှန်ကြားချက်
17-18ချစ်သူတို့၊ နောက်ဆုံးသောကာလ၌၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ ပြက်ရယ်ပြုတတ်သော သူတို့သည် ပေါ်ကြလိမ့်မည်ဟု ငါတို့သခင်ယေရှုခရစ်၏ တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက်မေ့ကြလော့။- 19ထိုသူတို့သည် သင်းခွဲသောသူ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူ ဖြစ်ကြ၏။
20ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း ပတ္ထနာပြုလျက်၊- 21ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလိုငှာ၊ ငါတို့သခင်ယေရှုခရစ်၏ ကရုဏာတော်ကို မျှော်လင့်၍ နေကြလော့။- 22ပိုင်းခြား၍သိတတ်သော ဉာဏ်ရှိ၍ အချို့တို့ကို သနားကြလော့။- 23ကိုယ်ကာယနှင့် ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့တို့ကို မီးထဲမှ ဆယ်နုတ်ကယ်တင်ကြလော့။
ကောင်းချီးပေးခြင်း
24ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာလည်းကောင်း တတ်နိုင်တော်မူသော သူတည်းဟူသော၊- 25ငါတို့ကို ကယ်တင်တော်မူသောအရှင်၊ တစ်ဆူတည်းသောဘုရားသခင်သည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်၊ ယခုမှစ၍ ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုးအာနုဘော်နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း။ အာမင်။
ရှင်ယုဒဩဝါဒစာပြီး၏။

ရှင်ယုဒဩဝါဒစာ - ၁ (အနက်ဖွင့်)

၁။  နှုတ်ခွန်းဆက်သခြင်း( :)

          : အခြား Judas,Jude နှင့် Judas Iscariot တို့ကြားထဲမှာ ဤဩဝါဒစာ ရေးသားသော Jude ကို မိစ္ဆာဒိဋ္ဌိမျက်နှာဖုံးချွတ်ဖို့ ဘုရားရှင်က ရွေးကောက်ထားပါသည်။ သိကြပြီးသည့်အတိုင်း ဖြောင့်မတ်သော ယုဒသည် ယေရှုခရစ်၏ ငယ်ကျွန်နှင့် ညီတော်မောင်ဖြစ်သည်။

ကျမ်းစာအဖွင့်တွင် ဘုရားရှင်တော် ရွေးကောက်သူများ အဘဘုရားသခင်၌ သန့်ရှင်းစေတော်မူသူများ၊ ယေရှု ခရစ်ခေါ်ထား စောင့်မတော်မူသူများ ဟု လိပ်မူ၍ နှုတ်ဆက်ထားသည်။ ဘုရားသခင်ကဧဝံဂေလိတရား အလို့ငှာ လူ့ဇာတိသားဘဝမှ ခေါ်ထုတ်ထားသည်။ သခင်ဘုရားက အထူးစင်ကြယ်စေပါသည်။ ဘုရားသခင်၏ ကလျာယုဏ သပ္ပါယ်ခြင်းကို မဖူးတွေ့မှီတိုင်အောင် ပျက်စီးခြင်း၊ ဖျက်ဆီးခြင်းနှင့် ရှုတ်ချခြင်းအန္တာရယ်ဆိုးများကို ခုခံတွန်းလှန်ပါသည။

:     အသင်စာရှုသူအား ကိုယ်ချင်းစာနာမှု၊ငြိမ်သက်ခြင်းနှင့်ချစ်ခြင်းမေတ္တာရှိစေချင်သည်။ ပြင်းထန်စွာ တိုက်ခိုက်ခြင်းခံရ၍ ယုံကြည်ခြင်း၌ ပျက်စီးယိုင်လဲ တော့မည့်သူများအား သီးခြား နှုတ်ဆက်အားပေးထားသည်။  ကိုယ်ချင်းစာနာခြင်း ဆိုသည်မှာ ကိုယ်တော်၏ လူယုံတော်သန့်ရှင်းသူများ စိတ်ဓာတ်ထွေပြားချိန်၊ စိတ်ဖိစီးမှု ဒဏ်ခံနေရစဉ်တွင် ဘုရားသခင်၏ သနားကြင်နာသော နှစ်သိမ့်ခြင်းကို ဆိုသည်။ ငြိမ်သက်ခြင်း ဆိုသည်မှာ ဘုရားသခင်ကအထက်မိုးကောင်းကင်မှ ကြည့်ပြီး ပြည့်စုံအောင် လုပ်ဆောင်ပေးထားသည်ဆိုသော စကားတော်၌ ယုံကြည်စိတ်ချစွာ တင်းတိမ်ရောင့်ရဲခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ ဘုရားသခင်က သူ့လူများအား ရင်းနှီးစွာဆက်ဆံခြင်းနှင့် အချင်းချင်းခင်မင်ရင်းနှီးစွာ ဆက်ဆံခြင်းဖြစ်သည်။

ဤကောင်းကြီးမင်္ဂလာသုံးဖြာကို ကြွယ်ဝချမ်းသာစေချင်သည်။ အတိုင်းအဆမရှိ၊အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကား ဖြစ်စေချင်သည်။

၂။  မိစ္ဆာဒိဋ္ဌိအားမျက်နှာဖုံးခွာခြင်း (:၁၆)

          : ကျမ်းစာ၏ မူရင်းရည်ရွယ်ချက်မှာ ယုံကြည်သူအားလုံး ကယ်တင်ခြင်း ဆုကျေးဇူး ခံစားပိုင်ဆိုင် စေလိုသည်။ သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော် မြှားဦးရွေ့သွားသည်။ တိုက်တွန်းအားပေးချက်သည် တိုတောင်းသော်လည်း စာဖတ်ပရိသတ်အား အမှန်တကယ် ခွန်အားရရှိစေမည်။ ယုံကြည်ခြင်း၌ နိုးထလျှက် တိုက်လှန်မည်ဟု ယုံကြည်သည်။ ခရစ်ယာန် များ၏ ယုံကြည်ခြင်းကို တိုက်ခိုက်ခြင်း၊ မူလအယူဝါဒများ ခြိမ်းခြောက် မောင်းထုတ်သည့် ကာလဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ လူများသည် အမှားအယွင်းမရှိ၊ အမိန့်အာဏာ အပြည့် တန်ခိုးမှုတ်သွင်းထား၍ ပြီးပြည့်စုံသော နှုတ်ကပတ်တော်၌ တည်မှီနေသောကြောင့် ထွေပြားယိမ်းယိုင်ခြင်း မရှိကြ။

ယုံကြည်ခြင်းခိုင်မာကြသောကြောင့် ထိုယုံကြည်သူများသည် ခရစ်ယာန်ပီပီ ပြောဆိုကြ၍ ပြောဆိုသည့် အတိုင်းလည်း ပြုမူကျင့်ကြံကြသည်။ ရှင်ပေါလုပြောသည့်” သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသော သူတို့အားဖြည်းညှင်းစွာပြုသောသူ ဆုံးမဩဝါဒပေးခြင်း၌ လိမ္မာသောသူ၊သည်းခံနိုင်သောသူဖြစ်ရမည်။ ” (၂ တိ(၂:၂၄)ကျမ်းချက်အတိုင်းဖြစ်ကြသည်။ စစ်ကြောခြင်း၊ ပျက်စီးခြင်း သို့ မရောက်စေလိုပါ။

အညီအမျှဆက်ဆံသော ကယ်တင်ခြင်း အကြောင်းအရာကို သင်တို့ထံသို့ ရေး၍ပေးလိုက်ခြင်းငှာ ငါသည်အလွန်ကြိုးစားသည်တွင်” ဟုဆိုရာတွင် ”တစ်ကြိမ်တစ်ခါက” မဟုတ်ပါ။ တချိန်တည်းတွင် လူအားလုံး အတွက်ဖြစ်သည်။ တရားသဘောဖြင့် ပြည့်စုံသည်။ အတိုင်းအဆလုံလောက်သည်။ ထပ်မံဖြည့်စရာ အကြောင်း မရှိပါ။  ”အကယ်၍ အသစ်ထပ်ရောက်လာလျှင် ထိုအရာသည် သမ္မာတရားမဟုတ်။ အကယ်၍ သမ္မာတရားမှန်လျှင် အသစ်မဖြစ်နိုင်။ ”အချို့ဆရာများက ရှုပါရုံဖွင့်ပြချက်ဟုဆိုပြီး သမ္မာကျမ်းစာတွင် မပါရှိသော အကြောင်းအရာများ ဟောပြောတတ်သည်။ ထိုသွန်သင်ခြင်းမျိုး လက်မခံနိုင်။ ယုံကြည်ခြင်း၊ ကယ်တင်ခြင်း အကြောင်းဖြစ်၍ ပြီးပြည့်စုံသွားပြီ။ အပိုအလိုမရှိပါ။ မှားယွင်းသော ဆရာများ၏ သွန်သင်ချက်များ လွဲမှားကြောင်း သမ္မာကျမ်းစာ၏ ချေပချက်ဖြစ်ပါသည်။

:    မကောင်းမှုဒုစရိုက်၏ သွင်ပြင်လက္ခဏာကို ရုပ်လုံးပြဖွင့်လှစ်ပေးသည်။ ခရစ်ယာန်များ၏ မိဿဟာယကို အဖျက်အမှောင့်က ချဉ်းနင်းဝင်ရောက် ဖျက်ဆီးတတ်ပါသည်။ တော်ရုံတန်ရုံလူက သတိမထားမိကြ။ အဘယ်ကြောင့် ဆိုသော် ထိုအဖျက်အမှောက်သည် ကောက်ကျစ်စဉ်းလဲစွာ မြေအောက် သတ္တဝါကဲ့သို့ မသိမသာ ဝင်ရောက်လာသော ကြောင့်တည်း။

အပြစ်စီရင်ခြင်းငှာ ရှေးကစီရင်မှတ်သားနှင့်သော အဓ္ဓမလူအချို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ ဝင်ကြပြီ။ ဤအတိုင်းကြည့်လိုက်လျှင် ထိုသူများကို ဘုရားသခင်က အမှတ်တမဲ့ဝင်စေသည်ဟု ဆိုနိုင်သည်။ သို့သော် ထိုသို့မဟုတ်ပါ။ လူများအားပြစ်တင်ရှုတ်ချရန် ကျမ်းစာကဘယ်သောအခါမှ မသွန်သင်ပါ။ လူကိုကယ်တင်စဉ်တွင် ဘုရားသခင်က ကျေးဇူးတော်နှင့်ကယ်တင်ခြင်းဖြစ်သည်။ သို့သော်လည်း သူတို့အပြစ်နှင့်နာခံခြင်း မရှိသောကြောင့် ပျောက်ဆုံးခဲ့ရသည်။

မိစ္ဆာဒိဋ္ဌိများပြစ်တင်ရှုတ်ချခြင်းသည် ရှေးယခင်ကတည်းက ရှိခဲ့ကြောင်း ဤကျမ်းချက်အားဖြင့် နားလည်ရသည်။ အကယ်၍လူသည် ခရစ်ယာန်ယုံကြည်ခြင်းနှင့် ကင်းကွာလျှင် မယုံကြည်သူ ဣသရေလများ၊ ကန္တာရ ခရီးနှင်သူများ၊ စာတန်နှင့် အပေါင်းအပါများသည် သောဒုံမြို့သားများကဲ့သို့ ဖြစ်သွားမည်။ အမှန်စင်စစ်လူများအား အထံတော်ပါးမှ ဝေးကွာစေလိုသည်မဟုတ်။ သို့သော်လည်းလူများက မိစ္ဆာဒိဋ္ဌိကို အယူမှားကြသောကြောင့် အပြစ်ဒဏ် သင့်ကြရမည်။

ထိုဘုရားမဲ့လူသားများသည် သူတို့အပြုအမူနှင့် အယူဝါဒအားဖြင့် သိသာထင်ရှားသည်။ သူတို့အပြုအမူသည် ဘုရားသခင် ကျေးဇူးတော်အတွင်းမှ ပျော်မွေ့ရာ ကာမဂုဏ်ဘက်သို့ ခြေဦးလှည့်ကြသည်။ ခရစ်ယာန်လွတ်လပ်ခြင်းမှ လိုင်စင်ရ လွတ်လပ်ခြင်းသို့၎င်း၊ လွတ်လပ်ခြင်းမှ အပြစ်ရောက်သော အလွန်အကျွံ လွတ်လပ်ရေးသို့၎င်း ရောက်သွားကြသည်။ သူတို့အယူဝါဒခံယူချက်မှာ သခင်ဘုရားနှင့် ယေရှုခရစ်တော်အားငြင်းပယ်ခြင်း ဖြစ်သည်။ ကိုယ်တော်၏ အကြွင်းမဲ့အုပ်စိုးမှု အခွင့်အရေး၊ ဇာတိတော်၊ ရက်စက်စွာ အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအပြင် ကိုယ်တော်၏ လူဇာတိဘဝနှင့် အမှုတော်များကို ခါးသီးစွာ ငြင်းပယ်ကြသည်။ သူတို့၏ ခံယူချက်နှင့် လွတ်လပ်မှုက ဧဝံဂေလိတရားအား ဆိုးသွမ်းညစ်ညမ်းစွာ ဖိနှိပ်သည်။ ခရစ်တော်၏ အသွေးတော်တန်ဖိုးနှင့် ခရစ်တော်ဘုရား တပါးတည်းသာ ကယ်တင်ခြင်း ဖြစ်သည့်အကြောင်းကို ခေါင်းမာမာဖြင့် ငြင်းဆန်ကြသည်။

မည်သူတွေနည်း။ ဧဝံဂေလိဆရာလည်း ဖြစ်နိုင်သည်။ အသင်းတော်တွင် ခေါင်းဆောင်နေရာ ယူထားသူများလည်း ဖြစ်နိုင်သည်။ ဘုန်းတော်ကြီး၊ အသင်းတော်ကောင်စီနှင့် အလားတူ အသင်းတော်တွင် ပြောရေးဆိုခွင့် ရှိသူများလည်း ဖြစ်နိုင်သည်။  အားလုံးခြုံငုံ၍ ပြောခြင်း ဖြစ်သည်။ သမ္မာကျမ်းစာပါ ခရစ်တော်ကို ဆန့်ကျင်၍ သူတို့ကိုသူတို့ လွတ်ငြိမ်းသူ(Neo Orthodox) အံဩဖွယ် အမိန့်အာဏာနှင့် နိုင်ငံတော်သစ်ပိုင်သူ အဖြစ်တီထွင် ဆန်းသစ်ကြသည်။

:    ထိုမိစ္ဆာဒိဋ္ဌိ အယူမှားသူများအား ဘုရားသခင်က မည်သို့ ပြုမူဆက်ဆံရမည့်အကြောင်း စဉ်းစားပေးစရာ မလိုပါ။ ဓမ္မဟောင်းကျမ်းတွင် ကြိမ်ဖန်များစွာ ရှင်းပြထားပါသည်။ ရှင်ယုဒက သုံးကြိမ် ထပ်မံ သတိပေးထားပါသည်။  မယုံကြည်သူ ဣသရေလများ၊ အပြစ်ရှိ ကောင်းကင်တမန်များ၊ သောဒုံနှင့် ဂေါမောရသားဟု သတိပေးထားပါသည်။

ပထမဥပမာပေးချက်မှာ သဲကန္တရခရီးကြမ်းထဲ ကဣသရေလများဖြစ်သည်။ ဘုရားသခင်သည် ဣသရေလများအား အဲဂုတ္တုတို့ လက်အောက်ကျွန်ဘဝမှ ရွေးနှုတ်ပေးသော်လည်း မယုံကြည်သူများကိုမူ ပျက်စီးခြင်း ရောက်စေသည်။ (တော ၁၃၊ ၁၄၊ ၁ကော ၁ဝ:၅-၁ဝ)။ ဘုရားသခင်က ထိုဣသရေလလူမျိုးအား ခါနာန်ပြည်ကို ပေးမည်ဟု ကတိတော်ပြုခဲ့သည်။ ထိုကတိတော်အတိုင်း ပြည့်စုံလာမည်။ သို့သော်လည်း ညံဖျင်းသော ကာဒေရှ် သူလျှိုများ၏ အစီရင်ခံစာဆိုးကို ဆင်ခြင်စူးစမ်းခြင်းမပြုဘဲ၊ ဘုရားသခင်အား ဆန့်ကျင်ပုန်ကန် လာကြသည်။ ထိုဖြစ်ရပ်ဆိုးကြောင့် ကာလက်နှင့် ယေရှုအပါအဝင် လူနှစ်ဆယ်ခန့်သာ လွတ်ငြိမ်းချမ်းသာရ၍ ကျန်လူများက ကန္တာရခရီးကြမ်းတွင် ဆုံးပါးသွားခဲ့ကြသည်။ (ဟေဗြဲ ၃:၁၆-၁၉ကို ကြည့်ပါ)။

:    ဒုတိယဥပမာပေးချက် အပြစ်ကျူးလွန်သော ကောင်းကင်တမန်များ ဖြစ်သည်။ သိရှိကြပြီးသည့် အတိုင်းသတ်မှတ်ထားသော မိမိနယ်မြေကိုကျော်လွန်၍ လှုပ်ရှားသွားလာကြသောကြောင့် နောက်ဆုံးတွင် ထာဝရ အမှောင်အောက်၌ ထိပ်တုံးခတ်ခြင်း ဒဏ်ခံရသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ သမ္မာကျမ်းစာက အကြောင်းနှစ်ရပ်ရေးထားသည်။ ပထမအချက်မှာ နှင်ချခြင်း ခံရသောအခါ လူစီဖာသည် အပေါင်းပါများအား ပုန်ကန်ကြရန် လှုံဆော်သွေးဆောင်သည်။ ထိုအမြီးပြတ်မြေခွေး (ကောင်းကင်နတ်ဆိုး)များသည် ယခုခေတ်တွင် ချုပ်နှောင်ခြင်း မပြုထားပါ။ ထိုနတ်ဆိုးများသည် ဘုရားသခင်နှင့် ဘုရားသခင်၏လူများအား ဆန့်ကျင်ပုန်ကန်ရန် ပိုမိုလုပ်ဆောင်လျှက် ရှိနေသည်။

ကောင်းကင်တမန်၏အခြားဖောက်ပြန်မှုမှာ ယုဒနှင့်ပေတရုတို့ သွန်သင်သည့် (၂ပေ ၂:၄) အကြောင်းအရာပါ ဖြစ်သည်။ ကျမ်းစာ သင်တန်းသားများအနေနှင့် စဉ်းစားထိုက်သော အချက် ဖြစ်သည်။ ဘာသာရေး ယုံကြည်ချက် မဟုတ်ဘဲ၊ ကိုယ်ပိုင်အတွေးအမြင်ဖြင့် ခံယူချက်ဖြစ်သည်။

(က ၆:၁-၇) ကိုရည်ညွှန်းသည်ဟု ထင်ရသည်။ ဘုရားသားသမီးများ ဖြစ်သော ကောင်းကင်တမန်များသည် သူတို့ အရှိန်အဝါကို ချွတ်ချထားပြီး လူ့လောကီသို့ ဆင်းကြသည်။ လူ့သားသမီးများနှင့် ထိမ်းမြားလက်ထပ် ကြသည်။ ထိုထိမ်းမြားလက်ထပ်ခြင်းသည် ဘုရားသခင်၏အလိုတော်နှင့်မညီသော ညစ်ညမ်းခြင်းဖြစ်သည်။  ဘုရားသခင်၏ကျေးဇူးတော်ကို ကိလောသာညစ်ညူးခြင်းအလို့ငှာ ဟူသောကျမ်းချက်သည် အထက်ပါအထက်ပါ အကြောင်းအရာကို ရည်ညွှန်းခြင်း ဖြစ်တန်ရာသည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ထိုခေတ်ထိုအခါက ညစ်ညူးခြင်းကို စိတ်တော်နှင့် မထိတွေ့သောကြောင့် ကမ္ဘာကြီးအား ရေလွှမ်းမိုးစေ၍ သန့်စင်ခြင်းဖြစ်ပေမည်။

ဤအချက်နှင့်ပတ်သက်၍စဉ်းစားစရာ(၃)ခုရှိပါသည်။

(၁) ကမ္ဘာဦးတွင် ကောင်းကင်တမန်များဟု မပါပါ။ ” ဘုရားသားများ” ဟုဆိုသည်။

(၂) ကောင်းကင်တမန်များတွင် လိင်မခွဲခြားပါ။

(၃) ကောင်းကင်တမန်များသည် လက်ထပ်ထိမ်းမြားခြင်းမပြုပါ။

ထိုစကားသည် ကောင်းကင်တမန်များကို ဆိုခြင်းမဟုတ်ဘဲ ဘုရားသား များကို ဆိုလိုခြင်းမှန်လျှင် ထိုဘုရားသားများသည်လည်း ကောင်းကင်တမန်များ ကို အခြားဝေါဟာရအသုံးပြု၍ ရည်ညွှန်းခြင်းဖြစ်သည်။ (ယော ၁:၆၊ ၂:၁ကိုကြည့်ပါ)

သမ္မကျမ်းစာတွင် ကောင်းကင်တမန်များ၌ လိင်မရှိဟု မဆိုလိုပါ။ တစ်ခါတရံ လူ့လောကသို့ ဆင်းသက်သော အခါလူ့သရုပ်သကန် လူ့သဏ္ဌာန်ဆောင်ကြသည်။ (က၁၈:၂-၂၂ နှင့် ၁၉:၁၊၃-၅  တို့ကို ယှဉ်ဖတ်ပါ။

ကောင်းကင်တမန်များသည် လက်ထပ်ထိမ်းမြားခြင်း မရှိဟု ကျမ်းစာတွင် မဆိုပါ။ ကောင်းကင်တွင် လက်ထပ်ခြင်း၊ ထိမ်းမြားမင်္ဂလာဆောင်ခြင်းမရှိဟု ဆိုထားပါသည်။ (မ ၂၂:၃ဝ)။

မည်သို့ပင်ဖြစ်စေ အခန်းငယ်(၆)၏ အရေးကြီးသောသွန်သင်ချက်မှာ ထိုကောင်းကင်တမန်များသည် နောက်ဆုံးစီရင်ခြင်းရောက်သည့်ကာလတိုင်အောင် အမှော်ထဲ၌ ခြေချင်းခတ်ထားသည်ဆိုသော အချက်ဖြစ်သည်။

:    တတိယသတိပေးချက်မှာ ဓမ္မဟောင်းကျမ်းမှ သောဒုံနှင့်ဂေါမောရတို့မှစ၍ ပတ်ဝန်းကျင်ရှိမြို့တို့ ကဲ့သို့ မိစ္ဆာ”ဒိဋ္ဌိအယူရှိသူများဖြစ်သည်။ (က ၁၈:၁၆-၁၉:၂၉)။ ဤကျမ်းစာနိဒါန်းတွင် သောဒုံမြို့ သားများနှင့် ကောင်းကင်တမန်ဆိုးများဖြင့် မိတ်ဆက်ပေးထားသည်။ ထိုအကျင့်ဓလေ့များသည် လူ့စရိုက်၏ ကြမ်းတမ်းဆိုးယုတ်မှု များနှင့်ဘုရားသခင်၏ရွံရှာရာ ဖြစ်သည်။

ဖောက်ပြန်ခြင်းအပြစ်ကို ရှင်ပေါလုက ရောမသားများသို့ ” မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍ ပကတိနှင့် ဆန့်ကျင်ဘက်ထုံးစံကို လိုက်ကြ၏။ ထို့အတူယောက်က်ျားတို့သည်လည်း မိန်းမနှင့်ဆက်ဆံခြင်း ပကတိထုံးစံကို စွန့်၍အချင်းချင်း၊ကိလေသာစိတ်ပူလောင်သဖြင့် ရှက်ကြောက်ဖွယ်သောအမှုကို ယောက်က်ျားခြင်းပြုလျှက် မိမိတို့ မှားယွင်းခြင်းနှင့် အလျောက်မိမိတို့အပြစ်ဒဏ်ကို ခံကြရ၏။ ”(ရော ၁:၂၆-၂၇)ဟု သီးသန့်ပေးထားသည်။ သောဒုံ၊ ဂေါမောရအမ္မနှင့်ဇေဗုန်မြို့သားများ အချင်းချင်းသံဝါသပြုခဲ့ကြသည်။ ထိုအပြစ်သည် မတရားညစ်ညမ်းသော အပြစ်ဖြစ်၍ သဘာဝတရားနှင့်ဆန့်ကျင်သည့် ဘုရားသခင်ရွံရှာရာ ဖြစ်သည်။

ယနေ့ခေတ်ကာလတွင် လူငယ်လူရွယ်များအကြား၌ ထိုမိစ္ဆာဒိဋ္ဌိခေတ်ကာလနှင့်အညီ ဖြစ်သည်ဟု ယုံမှတ်ကြသည်။ မဆင်ခြင်သင့်ပေဘူးလား။

ထိုကိလေသာလွန်ကျူးသော သောဒုံ၊ဂေါမောရများက ထာဝရမီးအပြစ်ဒဏ်ခံပြခဲ့ကြပြီ မဟုတ်လား။  ထိုထာဝရမီးဆိုသည်မှာ ထိုမြို့များအား ထာဝရဖျက်ဆီးစေသည်ဟု ဆိုလိုသည်မဟုတ်။ ထို့ထက်အဓိပ္ပါယ် လေးနက်သည်ကား ထိုမီးသည် အဆုံးအစမရှိ၊အလွန်အမင်းပြင်းထန်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားရှင်က ထိုမီးဒဏ်သင့် မည့်အကြောင်းပြသသည်။

:    ယနေ့ခေတ်ကာလတွင် မိစ္ဆာဒိဌိအယူမှားကြပုံ၊၊ အပေလျာကံ ပြုမူပုံ၊ မှေးမှိန်ပုံနှင့် တရားမဆန်သော စကားသုံးနှုန်းပုံတို့ကို သတိပေးခြောက်လှန့်ထားသည်။ (ငယလ ၈-၁၆)

ထိုအပြစ်များထဲမှ ပထမဦးဆုံးအပြစ်မှာ ဇာတိသွေးသား၌ပျက်စီးရန် စိတ်ကူးယဉ်ခြင်းဖြစ်သည်။ အတွေးအခေါ် ညစ်ညမ်းသည်။ ညစ်ညမ်းသောလောကတွင် ကျင်လည်လျှက် အတွေးအခေါ်မှစ၍ အကျင့်သီလအားလုံးသည် သောဒုံမြို့ကဲ့သို့ ညစ်ညူးဆိုးပေနေသည်။

ဘုရားသခင်၏အမိန့်အာဏာကို ဖီဆန်ကြသည်။ ဘုရားသခင်အားပုန်ကန်တော်လှန်လျှက် အုပ်စိုးခြင်း ကိုလည်းပုန်ကန် ခြားနားကြသည်။ မင်းမဲ့စရိုက်နှင့် တကိုယ်တော်ဝါဒကို ကိုးကွယ်ကြသည်။ အဖွဲ့အစည်းစာရင်းတွင် နာမည်ပါဝင်ထားသော်လည်း အုပ်စိုးခြင်းအာဏာကို ပစ်ပယ်ထားကြသည်။

ကောင်းကင်သားဆိုးများ၏ စကားအသုံးအနှုန်းပြောဆိုတတ်ကြသည်။ ဘုရားသခင်၏အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ၊ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။ ”( ၁၃:၁)ဟုဆိုသော ကျမ်းစကားသည် ထိုသူတို့အတွက် ဘာမှအဓိပ္ပါယ်မရှိ။ ”ဘုရားသခင်ကို လွန်ကြူးစွာ မပြောရ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို မကျိန်ဆဲရ။ ”(ထွ၂၂:၂၈)ဟူသောကျမ်းပိုဒ်သည်လည်း ထိုသူတို့အတွက် အချည်းနှီးဖြစ်သည်။  ဘုရားသခင်ဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ စက်ဆုပ်ရွံရှာစွာ မစ္ဆိယစိတ်ဖြင့်ငြင်းဆိုပြောဆိုတတ်ကြသည်။

:    ကောင်းကင်တမန်မင်း မိက္ခေလက ကဲ့ရဲ့စွာပြစ်တင်ခြင်း မပြုသော အရာကိုလည်း ငြင်းပယ်ကြသည်။ မိက္ခေလက ” မောရှေ၏ ကိုယ်ကိုအကြောင်းပြု၍ မာရ်နတ်နှင့်ငြင်းခုံသောအခါ ၊ကဲ့ရဲ့စွာသောပြစ်တင်ခြင်းကို မပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူစေသတည်းဟုသာ ယဉ်ကျေးစွာဆိုခဲ့သည်။ အခြားကျမ်းစာများတွင် မတွေ့ရသည့်ကျမ်းစာ သွန်သင်ချက်ဖြစ်သည်။ ဤသတင်းစကားမျိုးကို ရှင်ယုဒကဘယ်ကနေ ရရှိပါသနည်း။

အချို့က ထုံးတမ်းစဉ်လာစကားဟုဆိုသည်။ ဟုတ်ချင်ဟုတ်မည်။ မဟုတ်ချင်လည်း မဟုတ်နိုင်ပါ။ အကောင်းဆုံး အဖြေပေးချင်သည်ကားသန့်ရှင်းသောဝိညာဉ်တော်၏သတိပေးခြင်းဖြစ်သည်ဟု ယုံကြည်ပါသည်။

မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ မိက္ဓေလနှင့်စာတန်တို့ အငြင်းပွားရသည့်အကြောင်းကို အသေအချာ မတွေ့ရပါ။  မောရှေ၏ရုပ်ကလာပ်ကို မောဘချိုင့်ဝှမ်းတွင် ဘုရားသခင်က သဂြိုလ်သည်ဟု သိရသည်။  ထိုအကြောင်းကိုစာတန်က တမျိုးတဖုံ တရွာတစဉ်ထောင်လျှက်ဣသရေလလူမျိုးများအား မောရှေ၏အရိုး များကို ရုပ်ထုဆင်းတုအဖြစ် ကိုးကွယ်အောင်လှည့်စားသည်။ ကောင်းကင်တမန်များက ဣသရေလ များသို့ပြောသော စကားဟူမူအား ”ဤအမှုတို့တွင် သင်တို့၏မင်းမိက္ခေလမှတပါး ငါဘက်မှာနေသောသူမရှိ””” (ဒံ ထွ၁ဝ:၂၁) ဟူ၍တည်း။ မိက္ခေလသည် ဣသရေလလူမျိုးများအား ရုပ်ထုကိုးကွယ်ခြင်းမပြုသောငှာ ထိုသို့လျှို့ဝှက်ကူညီခဲ့သည်။

ဤနေရာတွင် အရေးကြီးသော အချက်တစ်ခုရှိသည်မှာ မိက္ခေလသည် ကောင်းကင်တမန်မင်းဖြစ်လျှင် ဘုရားသခင်ကစာတန်အား ကောင်းကင်မှကန်ချစေခဲ့သည်သူ (ဗျာ ထွ၁၂:၇-၉)ဖြစ်သည်။ ထိုသူကမကောင်းဆိုးဝါး စာတန်အား ရဲရဲတင်းတင်း မပြောဝံ့ဘူးလား။ ထိုသို့မဟုတ်ပါ။ ဘုရားသခင်အပြစ်ဖို့စရာ စကားလုံးများ မသုံးလိုခြင်း ဖြစ်သည်။

:၁ဝ  အသိဉာဏ်ခေါင်းပါးသူများနှင့် တကယ်မသိသူများသည် သူများပြောစကားကို မလေးစားတတ်ပါ။  သူတို့သိသလောက်ကိုသာ အမှန်ဟု တွေးထင်တတ်ကြသည်။ လူမှုဆက်ဆံရေးကိုလည်း နားမလည်၊ သူတို့ဆန္ဒသာ အမှန်ဟုထင်မှတ်၍ သူတို့ပြောသည့်အတိုင်းသာ ဖြစ်စေချင်ကြသည်။ ထိုသို့ဖြင့် ရှေ့တက်လမ်းတွင် ဘုကလန့်ခံနေကာ၊ ပတ်ဝန်းကျင်တွင်လည်း ခိုးဆိုး တိုက်ရာပါပစ္စည်းများနှင့် သူပုန်သူကန်များက ဝိုင်းရံသည်။

ပတ်ဝန်းကျင်တွင် လူ့သဘာဝ အသိတရားသာရှိ၍  ထိုအသိတရားကပင် ပုပ်ပျက်စေသည်။ ”ဆင်ခြင်တုံတရား ကင်းမဲ့သော အဟိတ်တိရစ္ဆာန်ကဲ့သို့စားမည်၊ အိပ်မည်၊ မေထုန်မှီဝဲမည်” ဟူသော ကိလေသာစိတ်မျှသာ ရှိကြသည်။

:၁၁  အဆိပ်မြှားလူးထားသော စွပ်စွဲချက်ဖြစ်သည်။ အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ” စိတ်ခိုင်မာ၍ နောင်တမရသည်နှင့်အညီ ဒေါသနေ့တည်းဟူသော ဘုရားသခင်၏တရားတော် ထင်ရှားရာနေ့၌ ကိုယ်ခံစရာအဘို့ အမျက်ဒေါသကို ဆည်းပူးကြ၏”( ရော၂:၅)။

သူတို့အသက်တာသည် ချိန်သီးနှင့်ယှဉ်ကြည့်လျှင် များစွာလွဲမှားသည်။ ဣသရေလနောက်သို့ လိုက်ကြ၏။  အခကိုရခြင်းငှာ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွင်းကြ၏။ နောက်ဆုံးတွင် ကောရ၏ငြင်းခုံခြင်း အပြစ်နှင့်ဖျက်ဆီးတတ်ကြ၏။

          အမှားနှင့်မိစ္ဆာအယူဝါဒသည် ငြိမ်ငြိမ်မနေတတ်၊လူများအားအစဉ်သဖြင့် သွေးထိုးဖြားယောင်းလျက် ဖျက်စီးစေ၏။

ကာဣနလမ်း ဆိုသည်မှာ အသွေးတော်ဖြင့် ဝယ်ယူသော ကယ်တင်ခြင်းကိုငြင်းပယ်ခြင်းဖြစ်သည်။ (က ၄)။  လူအစွမ်းအစဖြင့် ငြိမ်သက်ခြင်းရှာဖွေသော နည်းလမ်းကျင့်စဉ်ဖြစ်သည်။  C.H Mackintosh က ” ကာဣန၏ လမ်းစဉ်သည် ဘုရားသခင်၏စင်ကြယ်စေခြင်းကို ငြင်းပယ်လျှက် ၊လူ့အစွမ်းအစဖြင့် ကြိုးစားသည့် အတ္တဟိ အတ္တနော နာထောဝါဒ”ဟုဆိုထားသည်။ ”မိမိသာလျှင် မိမိသခင်” ဟူသောအယူအဆဖြစ်သည်။ ကျေးဇူးတော်ကို မုန်းတီးဆန့်ကျင်သည်။ ထိုမုန်းတီးခြင်းသည် စုံစမ်းနှောင့်ယှက်ခြင်းနှင့် သေဒဏ် ဖြစ်စေတတ်၏။ (၁ ယော ၃:၅ ကိုကြည့်)

ဗာလမ်၏မှားယွင်းခြင်း ဆိုသည်မှာ ဘုရားသခင်အမှုတော်အား မိမိကောင်းစားရေးအတွက် အလွဲ သုံးစားခြင်းဖြစ်သည်။ ဗာလမ်သည် ဘုရားသခင်၏ပရောဖက်ဖြစ်သော်လည်း အလွန်တပ်မက်သည်။ သူ၏ ပရောဖက်ပြုချက်များသည် အခစား မိန်းမကဲ့သို့ဖြစ်သည်။ (တော ၂၂-၂၄) ။ ဣသရေလများအား ကျိန်ဆိုရန်ငါးကြိမ် တိုင်တိုင်အခယူသော်လည်း တစ်ခါမှမပြု။ နောက်ဆုံးတွင် ဘုရားသခင်က အတင်းစေခိုင်းရသည်။ ပရောဖက်ပြုသမျှသည် အမှန်တကယ်တင့်တယ်လှပလာကြသော်လည်း သူသည် ကြေးစားပရောဖက်ဖြစ်သည်။ ဣသရေလလူများကို မကျိန်ဆဲ၍ယာယီကောင်းစားကြသော်လည်း မောဘသမီးများနှင့် ထိမ်းမြားလက်ထပ်ကြရသည်။ (တော ၂၅:၁-၅)

ဗာလမ်ကဲ့သို့သော ဓမ္မဆရာများ ယနေ့ခေတ်ကာလတွင်လည်း ထကြွသောင်းကျန်းနေကြသည်။ ဗြောင်ကျကျ နှုတ်ဖြင့် မဖွင့်ဟသော်လည်း သူတို့ဝင်ငွေတိုးလာဖို့ တရားဖြင့် သွန်သင်ဖိအားပေးကြသည်။ ဆိုလိုရင်းမှာ လောဘကြီးလျှက် ဘုရားသခင်၏အိမ်တော်ကို ကုန်သည်ပွဲစားရုံအဖြစ် ပြောင်းလဲကြသည်။


”           လူသည် ဘုရားသခင်ပေးသော အရာများထက်ပင် ရယူလိုချင်ကြသည်။ လိုအပ်သည်ထက် လိုချင် သည်က ပိုများနေသည်။ ထိုအမူအရာအတွက် ဘုရားသခင်က စီရင်ခွဲခန့်ပြီးဖြစ်ပါသည်။ ခရစ်ယာန်လောကတွင်ပင် ခံစားရသောအရာကို နည်းသည်ဟု ထင်မှတ်နေသူများ ရှိကြသေးသည်။ ”

အမင်္ဂလာရှိကြသည့် တတိယအချက်မှာ ကောရ၏ငြင်းခုံခြင်းအပြစ်မျိုးဖြစ်သည်။ ဒသန်၊အဘိရံနှင့် ဩနတို့သည် မောရှေ နှင့်အာရုန်၏ခေါင်းဆောင်မှုကို တောက်လျှောက် ဆန့်ကျင်ပုန်ကန်လျှက် ယဇ်ပရောဟိတ်အမှုကိုလည်း အာဏာသိမ်းချင်ကြသည်။ (တော ၁၆)။ ဘုရားသခင်ကို မိုက်ရိုင်းစွာ ဆက်ဆံကြသည်။  ထိုမိုက်ရိုင်းမှုကြောင့် အရှင်လတ်လတ် မြေမျိုခံကြရသည်။ ထိုပုန်ကန်သူများအား ထိုကဲ့သို့ စီရင်ခြင်းအတွက်လည်း ဘုရားသခင်သည် စိတ်တော်မသာမယာဖြစ်ခဲ့သည်။

:၁၂   လူလောက၏သရုပ်သဏ္ဌာန်ကို ငါးမျိုးဖြင့် သရော်ခဲ့သည်။  Moffatt ကမူ” မိုးကောင်းကင်၊မြေကြီး၊ပင်လယ်ကို လူ့အကျင့်စရိုက်များနှင့်လှန်လှောနှိုင်းယှဉ်ခဲ့သည်။ ”

ကနဦးခရစ်ယာန်များသည် ပွဲတော် မင်္ဂလာအတူတကွ ဝင်ကြခြင်းဖြင့် ချစ်ခြင်းမေတ္တာပွဲ လုပ်ကြသည်။ ဘုရားကိုလည်း မကြောက်၊ လူကိုလည်းအမှုမထား ၊ ပရိသတ်ကိုလည်း အလေးမမူ၊ အခြားသူများ၏ ယုံကြည်ခြင်းကိုလည်း ထိပါးပေကျံစေသည်။

ရေမရှိသော တိမ်တိုက်ကဲ့သို့နေရာအနှံအပြားမှာ ကတိတော်လန်းဆန်းစေကြသည်။ သို့သော် လေတိုက်ရာသို့ ပါသွားကြ၏။  (NKJV) Margin အထင်အမြင် မှောက်မှားခြင်းနှင့် စိတ်အားငယ်ဖွယ်ရာ များဖြစ်စေတတ်သည်။

ဆောင်နှောင်းဝင်ပင်ကဲ့သို့ အရွက်ကြွေခ၊ အသီးမတင်၍ နှစ်ကြိမ်သောသောကြောင့် နှုတ်ပယ်သော သစ်ပင်ကဲ့သို့ဖြစ်၏။ နှစ်ကြိမ်သေခြင်းဆိုသည်မှာ အကိုင်းအခတ်များ သေရုံသာမက ရေသောက်မြစ်မှ စ၍ သေခြင်းကိုဆိုလိုသည်။ အနာဂတ်တွင် ရှင်သန်စရာ မျှော်လင့်ချက်မရှိတော့သဖြင့်အမြစ်မှဆွဲနှုတ်ပစ်ရသည်။

:၁၃ လှိုင်းတံပိုးများကဲ့သို့ အစိုးမရ၊အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။ ဆူညံအော်ဟစ်သံများသည် ရည်ရွယ်ချက်မရှိဘဲ၊ အရှက်ရဖွယ်သာဖြစ်သည်။ ကောင်းကြီးမင်္ဂလာ တစုံတရာမရှိ၊ ဗလာနတ္ထိအချည်းနှီးဖြစ်သည်။

နောက်ဆုံးတွင် ကြယ်ပျံကဲ့သို့ တခဲနက်သောမှောင်မိုက်ကို သိုထားလျှက်ရှိ၏။ ကြယ်ပျံများသည် ဂြိုလ်သိမ်ဂြိုလ်မွှားဖြင့် နေကိုလှည့်ပတ်ခြင်း မပြုနိုင်ပါ။ ကူဖော်လောင်ဖက် အထောက်အမ မရှိ အချည်းနှီးဖြစ်သွားကြ၏။  မှားယွင်းသော သင်ဆရာများနှင့် အဘယ်မျှလောက် ချွတ်စွတ်တူပါသနည်း။ ခဏတဖြုတ်သာဖျက်ကနဲလင်းလက်ပြီး ပျောက်ကွယ်တတ်သော ထိုကြယ်ပျံ။ ဂြိုလ်ပဲ့၊ဥက္ကာပျံကဲ့သို့သော အယူမှားဆရာများထံမှ မည်သည့်အဘိုးတန် ဝိညာဉ်ရေးရာများ ရရှိနိုင်မည်နည်း။

:၁၄  အာဒံမှ မျိုးရိုးစဉ်ဆက်(၇)ဆက်မြောက်ဖြစ်သော ဧနောက်က ကြိုတင်ဟောထားခဲ့ပါသည်။ ထို ပရောဖက်ပြုချက်ကို ယုဒစာစောင်တစ်ခုတည်းတွင်သာ တွေ့နိုင်သည်။ အချို့က ဧနောက်ကျမ်းပယ် စာအုပ်မှ ကောက်ယူခြင်းဖြစ်နိုင်သည် ဆိုကြသော်ငြားလည်း၊ယုဒဩဝါဒစာရေးသားချိန်တွင် ထိုစာအုပ်ရှိနေကြောင်း အထောက်အထား ဘယ်သူမျှမပြနိုင်ပါ။ ထိုအကြောင်းနှင့် ပတ်သက်၍ Kelly ကဤသို့ရေးထားသည်။

ဧနောက်သည် ယေရှုရှလင်ပျက်စီးခြင်းမှ စ၍ စီစဉ်တကျ ရေးမှတ်ထားရကား(ထို့ကြောင့်ယုဒဩဝါဒစာသည် ထို့နောက်မှရေးသားသည်ဟု ယူဆသည်။ ယုဒတစ်ဦးအနေဖြင့် ဘုရားသခင်သည် ယုဒလူမျိုးဘက်၌ ရပ်တည်သည်ဟု မျှော်လင့်ချက်ထားရှိခြင်းဖြစ်သည်။

ယုဒသည်ရှေးကျလှသော ဤပရောဖက်ပြုချက်ကို မည်ကဲ့သို့ နားလည်သိရှိကြောင်း မသိရသော်လည်း ရိုးရိုးစင်းစင်းလေးပြောရလျှင် ဘုရားသခင်၏ဝိညာဉ်တော်က ဖွင့်ပြပေးခြင်းဖြစ်သည်ဟု ခံယူရပါသည်။

ပရောဖက်ပြုချက်ကား”သတိရှိကြလော့၊သခင်ဘုရားသည် အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့ နှင့်တကွကြွလာတော်မူလိမ့်မည်” ဟူ၍ဖြစ်၏။ ထိုစကားသည်ဘေးဒဏ်ကြီးကာလနောက်တွင် ယေရှုခရစ်တော် ဤလောကသို့ကြွရောက်ကာ သူ့ရန်သူများအားချေမှုန်းပြီး ကိုယ်တော်တိုင်အုပ်ချုပ်စိုးစံမည့် အကြောင်းဖြစ်သည်။  ဆိုးညစ်သူများအတွက် ပလ္လင်ဖြူတရားစီရင်ခြင်း ပြီးဆုံးသွားသောအခါ အနှစ်တစ်ထောင် အုပ်စိုးခြင်း ပြည့်စုံပါမည်။

:၁၅  ခရစ်တော်သည် မတရားသူများအားအပြစ်စီရင်မည်။ ဤကျမ်းပိုဒ်မှ ထိုမတရားသူများဆိုသည်မှာ မယုံကြည်သူများကို ဆိုလိုသည်။ တကယ်ယုံကြည်သူများ မပါပါ။ ခရစ်တော်ကို ယုံကြည်လက်ခံသူများသည် အပြစ်စီရင်ခြင်းမှ ကင်းလွတ်မည့်အကြောင်း ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင် ဤကဲ့သို့ ကတိတော်ထားရှိခဲ့ပါသည်။  ”ငါစကားကို နားထောင်၍ ငါကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍အပြစ်စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းသောသူ ဖြစ်၏။ ”(ယော၅:၂၄)။  ထိုဘုရားသားတော်သည် လူတိုင်းအား အပြစ်စီရင်ခွင့်ရှိသည်။ တရားစီရင်သော အခွင့်ရှိသမျှကို သားတော်အားအပ် ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား သားတော်ကိုစေလွှတ်တော်မူသော ဖခမည်းတော်ကို မရိုသေရာရောက်၏ဟု ခရစ်တော်ကပြောထားသည်။ ဤကျမ်းပိုဒ်တစ်ခုတည်းတွင် မတရားသော ဆိုသည့်စကားလုံးကို မတရားသောသူ၊ မတရားသောလူဆိုး၊ မတရားသော အဓ္ဓမမှု၊ မတရားသောစကားဟူ၍ (၄)ကြိမ်တိုင်တိုင် သုံးထားပါသည်။ ထိုသို့ မတရားမှုဖြင့် ဘုရားသခင်ကိုဆန့်ကျင်ရာ ရောက်ပါသည်။ သူ့တို့၏အပြစ်ဖော်ပြပေးရုံ သာမကထိုမတရားမင်း၏အပြစ်ဒဏ်များ ခံရမည့်အကြောင်းကိုလည်း ဖော်ပြထားသည်။

:၁၆  မတရားသော စကားနှင့် မတရားသောအမှုကို အသေး စိတ်ရှင်းပြထား သည်။ ဘုရားသခင်၏ ဂရုဏာတော်အား ချီးမွမ်းစကားဆိုမည့်အစား ဆင်ခြေဆင်လက်ပေးကြသည်။ ဣသရေလတို့၏ ကန္တာရခရီးရှည်အား မမှတ်မိတော့ကြသေးဟန်တူသည်။

ဘုရားသခင်အား ဗြစ်တောက်ဗြစ်တောက် အပြစ်ရှာကြသည်။ စစ်ဘေးဒဏ်နှင့် ဆင်းရဲဒုက္ခ အဘယ်ကြောင့် ခံစားရသနည်း။ အဘယ်ကြောင့် လူမှုရေးတရားမျှတမှု အဆုံးမသတ်ပေးသနည်း။ အကယ်၍ အရာခပ်သိမ်း၏ ဘုန်းတန်ခိုးရှင်မှန်ကန်လျှင် လူတို့၏မီးဖိုချောင်ကိစ္စ အဘယ်ကြောင့်အစဉ်ပြေအောင် မထောက်ပံ့သနည်းဟု ကြောင်းမြီးမီတပူပူ လုပ်တတ်ကြသည်။ စကောလောက်မှ စောက်မနက်သည့်အကြံဉာဏ် ၊ကျဉ်းမြောင်းသောအမြင်ဖြင့် ဘုရားသခင်အားအပြစ်ရှာဖွေကြသည်။

အဓမ္မမှုနယ်မြေမှာဇာတိအသွေးအသားရမက်၌ကျင်လည်တက်မက်ပြင်းပြစွာမြည်တမ်းကြသည်။             သူတို့နှုတ်ထွက်စကားလေသံဖြင့်ပိုမိုသိသာသည်။ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၌တုန်လှုပ်ဖွယ်ကောင်း လောက်အာင် တစ်ဖက်စွန်းရောက်ကြသည်။ ခေါင်းမာစွာ ခရစ်ယာန်အယူဝါဒအား ငြင်းပယ်ခြင်းကြောင့် ဘုရားသခင်နှင့် ထိုသူတို့၏ဆက်စပ်ပတ်သက်မှုသည် အသေဖြစ်သည်။ မကောင်းမှုဖြင့်ကျော်ကြားသော ဓမ္မဝါဒီများဖြစ်ကြသည်။

နောက်ဆုံးတွင်မူ ပရိသတ်အားမြှောက်ထိုးပင့်ကော်လုပ်ခြင်းဖြင့်တပည့်သားမြေးရှာ၍  မဖြစ်လောက်ဝင်ငွေနှင့် အသက်ဆက်ကြသည်။

ဤမြင်ကွင်းကားချပ်က တကယ့်ဖြစ်ရပ်မှန်ဖြစ်ပါသည်။ နေ့စဉ် လူထုဆက်သွယ်ရေး ကဏ္ဍမှ တွေ့မြင်နေရသော သတင်းစကားများဖြစ်သည်။

၃။  မိစ္ဆာဒိဋ္ဌိများကြား၌ ရှိသော ယုံကြည်သူများ၏အခန်းကဏ္ဍ(:၁၇၂၃)

          :၁၇  ဤကျမ်းပိုဒ်သည် ယုံကြည်သူများအား အငှားသိုးထိန်းလက်အောက်မှ ကင်းကွာ၍ဘေးအန္တရာယ်မှ ရှောင်တိမ်းသတိထားရမည့်အကြောင်း သတိပေးခြင်းဖြစ်သည်။ လူတိုင်းအားဝိညာဉ်ရေးရာ သန်မာထွားကျိုင်းကြရန် တွန်းအားပေးထားသည်။ မိစ္ဆာဒိဋ္ဌိ၏သားကောင်မဖြစ်စေရန် ဝေဖန်ပိုင်းခြား တတ်မည့်အကြောင်း တိုင်ပင်နှီးနှော ထားသည်။  

          တမန်တော်က မှားယွင်းသောဆရာများအကြောင်းကို ဖော်ပြခဲ့ပြီးပါပြီ။ ရှင်ပေါလုပြောသော (တ၂ဝ:၂၉-၃ဝ၊ ၁တိ        ၄: ၁-၅၊ ၂ တိ၃: ၁-၉)ပေတရု၏ ၂ပေ ၂:၁-၁၁၊ ၃: ၁-၄၊နှင့်ယောဟန်၏ ၁ ယော၂: ၁၈-၁၉၊တို့ကို တိုက်ဆိုင်စစ်ဆေးကြည့်ပါ။

          :၁၈၁၉ အဓိကသွန်သင်ချက်မှာ နောက်ဆုံးသောလောက၌ မိမိတို့မတရားသော တပ်မက်ခြင်း အတိုင်းကျင့်နေ၍ ပြယ်ယယ်ပြုတတ်သော သူတို့ပေါ်လာမည် အကြောင်းဖြစ်သည်။

လောဘရမ္မက်သားများ၌ မိုက်မဲခြင်း (၃)မျိုး ရှင်းပြထားသည်။ လောကအရသာကိုသာ တွေးတောကြံစည်၍ ပြုမူကြသည့် ကာမတဏှာသမားများ၊တမန်တော်များနှင့်နီးစပ်ခဲ့ပြီးမှ သူတို့ကိုယ်တိုင်က ခွဲခွာကင်းဝေးပြီး မိစ္ဆာဒိဋ္ဌိအယူစွဲသော သီးသန့်အုပ်စု အမှန်တကယ်ပြောင်းလဲခြင်း မရှိသဖြင့် အထက်ကောင်းကင်မှလာသော ဘုရားသခင်ကို အသေအချာနားမလည်သော ဝိညာဉ်မဲ့များဖြစ်သည်။

:၂ဝ   ယုံကြည်သူများ၏အသက်ရှင်ခြင်းအရင်းအမြစ်သည် ကြေမွသောနှလုံးသားဖြင့် ဘုရားသခင်အား ရင်းနှီးစွာချဉ်းကပ်ခြင်းဖြစ်သည်။ သို့သော် ထိုအမှုကို မည်သို့ပြုလုပ်မည်နည်း။ အဆင့်(၄)ဆင့်ရှိပါသည်။

ပထမဦးစွာ ယုံကြည်ချက်အားအမြင့်ဆုံးနေရာသို့ ဆောက်တည်ပါ။ ထိုယုံကြည်ခြင်းသည် ခရစ်ယာန်များ ၏ယုံကြည်ခြင်းဖြစ်သည်။ သင်ယူခြင်းနှင့် နာခံခြင်းဖြင့်ယုံကြည်ခြင်းကို ဆောက်တည်ရသည်။ ထိုသို့ပြုလျှင် ဘုရားသခင်က အစဉ်အမြဲ လက်တွဲလျက် သမ္မာလမ်းသို့ ပို့ဆောင်မည်။ လမ်းလွဲ လမ်းမှားသို့ ခြေမချမိဖို့ သတိပေးလိမ့်မည်။ “လူသည်  အဘူဝါဒကို ပြစ်တင်ရှုတ်ချကောင်း ရှုတ်ချမည်” ထိုစကားနှင့် ပတ်သက်၍ H Pickering က “ဘာသာ တရားသည် ကောင်းသောအကျင့်ကို မွေးထုတ်စေ၍ ကောင်းသော အကျင့် မမွေးထုတ်လျှင် ဘာသာရေးမဟုတ်” ဟု ဆိုထားသည်။

ဒုတိယအဆင့်မှာ သန့်ရှင်းသော ဝိညာဉ်တော်၌ တောင်းပါ။ ဘုရားသခင်အလိုတော်နှင့် အညီဖြင့် ဆုတောင်းရန် သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ယုံကြည်သူ တစ်ဦးချင်းကိုလည်း သွန်သင်နေပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်မပါရှိဘဲ၊ စက်ယန္တရားကဲ့သို့ အချိန်မှန်ဆုတောင်းခြင်း၊ တကျီကျီဆုတောင်းခြင်းမျိုးသည် အကျိုးမရှိ။

:၂၁ နောက်တစ်ချက်မှာ ယုံကြည်သူများသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော် ခံယူကြရမည်။ ဤနေရာတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နေရောင်ခြင်နှင့် ဥပမာပေးချင်ပါသည်။ နေရောင်ခြသည်သည် အမြဲတမ်းတောက်ပသည်။ သို့သော် နှစ်ခုအကြားတွေင် တစ်ခုခုခံနေပါက နေရောင်ခြည် ကောင်းကောင်း မရတော့ပါ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ခံယူရာတွင်လည်း ထိုကဲ့သို့ဖြစ်သည်။ အမြဲတမ်းကျရောက်နေပါသည်။ သို့သော်လည်း ထိုအကြားတွင် အပြစ်ဝင်ရောက်ကြားခံလာလျှင် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာထဲ၌ မပျော်ရွှင်တော့ပါ။ သို့သော် မေတ္တာခံယူနိုင်သည်။ အကယ်၍ အြစ်မှောင်ရိပ် ကျရောက်လာလျှင် ချက်ချင်းအပြစ်ဝန်ချ တောင်းပန်ရသည်။ ဘုရားသခင်နှင့် ယုံကြည်သူအကြားတွင် ပုန်းလျှိုး ကွယ်လျှိုးမလုပ်အပ်။

သခင်နှင့် ငါ့အကြားအဆီးအတားမရှိစေရ။

လောကအညစ်အကြေး မထင်စေရ

ကိုယ်တော်၏ မေတ္တာ မဟန့်တားစေရ

လမ်းရှင်းလျက်၊ ကြည်လင်စေရ၏။

Charles A Tindley

            နောက်ဆုံးတွင် သခင်ယေရှုခရစ်တော်ထံမှ ထာဝရအသက် ရရှိဖို့ရန် ကရုဏာတော်ရှာဖွေရမည်။ ခရစ်တော်၏ ကရုဏာတော် ဆိုသည်မှာ ကိုယ်တော်၏ လူများကောင်းကင်နိုင်ငံသို့ ချီဆောင်ခြင်းကို ဆိုလိုပါသည်။ မိစ္ဆာဒိဋ္ဌိများနှင့် အမှောင်ထုကြားတွင် ကျွန်ုပ်တို့နှလုံးသားသည် ကောင်းကြီးမင်္ဂလာ မျှော်လင့်ချက် အလင်းရောင် တောက်ပနေပေမည်။ ထိုမျှော်လင့်ချက်က လုံခြုံခြင်းနှင့် သန့်ရှင်းသော မျှော်လင့်ချက် ရှိစေပါသည်။ (၁သက် ၄:၁၈၊ ၁ယော ၃:၃)

:၂၂ ဝိညာဉ်ရေးရာ သီးသန့်ရှင်သန်နိုင်ဖို့ရန် မိစ္ဆာဒိဋ္ဌိများနှင့် ဆက်ဆံရေးမပြုရပါ။ အချို့လူများသည် မှားယွင်းသော ဆရာများ၏ နိုးကြားတက်ကြွစာ ဝါဒစစ်ဆင်ရေး နောက်သို့ ရောယောင်ပါသွား၍ အချို့ကမူ မိမိတို့ကိုယ်တိုင် ဘုမသိ ဘမသိ ပါဝင်ပတ်သက်သည်ဟု ကျမ်းစာက သွန်သင်ထားပါသည်။ ခေါင်းဆောင်များနှင့် ဝါဒဖြန့်ချီရေးသမားများအား ဆက်ဆံရမည့် နည်းနာကို (၂ယော ၁၀၊ ၁၁)တွင် “ထိုဒေသနာ မပါသောသူသည် သင်တို့ထံသို့ လာလျှင် သူ့ကို သင့်အိမ်၌ လက်မခံနှင့်၊ မင်္ဂလာရှိစေသော်ဟု နှုတ်မဆက်နှင့်၊ မင်္ဂလာရှိစေသောဟု ထိုသူကို နှုတ်ဆက်လျှင် သူ၏ ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောင်၏” ဟု သွန်သင်ထားပါသည်။ ထိုမှားယွင်းသော ဆရာများကို ဆက်ဆံရန် ၌ကျမ်းစာက ထူးခြားစွာ၁၀ နှစ်မျိုး သွန်သင်ထားသည်။

အချို့ကို သနားလော့ ဟု ဆိုထားသည်။ ဆိုလိုသည်မှာ လမ်းမှားကို လမ်းမှန်ထင်၍ ရေလိုက်လွဲခြင်းအား သနားကြင်နာသော စိတ်ထား၍ သမ္မာတရားသို့ ရောက်စေခြင်းငှါ ချော့မော့သွန်သင်ရန် ဖြစ်သည်။

:၂၃ ထိုသူများသည် အသူရာ ချောက်ကမ်းပါး ထိပ်မှ လိမ့်ကျတော့မည့်သူများ ဖြစ်သောကြောင့် အားကောင်းမောင်းသန်စွာ ကယ်မရမည်။ ကိုယ်ကာယနှင့် ညစ်ညူးစွန်းထွက်သော အဝတ်ကို စက်ဆုပ်ရွံရှာရသော်လည်း သတိပေး၍ ညွှန်ကြားရပေမည်။ ဓမ္မဟောင်းကာလတွင်မူ နူနာသည်၏ အဝတ်အစားကို မီးရှို့ပြာချပစ်ရသည်။ (ဝတ် ၁၃:၄၇-၅၂) ယနေ့ခေတ်ကာလတွင်မူ ကိလေသာညစ်နွမ်းခြင်း ရှိသူများအား ဆက်ဆံရာတွင် ရုပ်ဝတ္ထုပစ္စည်းများကို အလေးမထား။ (ဥပမာအားဖြင့် အဝတ်အစားများ) အကယ်၍ ထိုအရာများကို မသတီလျှင် မနောကံပြစ်မှားရာ ရောက်ပါသည်။ ထို့ကြောင့် ထိုကိလေသာ အပြစ်သားများအား ဆက်ဆံရာတွင် ဂရုစိုက်ရသည်။ ရှေးစာဆိုတစ်ဦးက ထိုကိစ္စအား ဤသို့စာဖွဲ့ဆိုခဲ့သည်။

အဝတ်အစားသည် လူ့အဆုံးအဆောင်ဖြစ်သောကြောင့် ထိုအသုံးအဆောင် အဝတ်အစားအားဖြင့် နတ်ဆိုးများ ကူးစက်ပျံ့ပွားစေနိုင်သည်။ မည်သို့ပင် ဒုစရိုက်နတ်ဆိုးများနှင့် ပတ်သက်စေကာမူ၊ ထိုဝိညာဉ်ရေးရာထိ ကူးစက်ပြန့်ပွားတတ်သော ရောဂါဆိုးမှ မိမိကိုယ်ကို ကာကွယ်နိုင်လျှင် ထိုနတ်ဆိုးအား နှင်ထုတ်ရာ ရောက်ပါသည်။

JB Mayor က “အပြစ်ဒုစရိုက်သမားအား သနားကြင်နာ၍ ဆုတောင်းပေးရန် တာဝန်ရှိသည်ဆိုလျှင် ထိုခရစ်ယာန်သည် အပြစ်များကို မုန်းတီးရွံရှာသော အကြည့်ဖြင့် ကြည့်ရမည်” ဟု သတိပေးထားပါသည်။၁၁

၄။ ကျက်သရေတင့်တယ် ကောင်းကြီးမင်္ဂလာ (:၂၄၂၅)

          :၂၄ ဤကျမ်းစာကို ကျက်သရေမင်္ဂလာ အဖြာဖြာပြည့်ဝစွာ နိဂုံးချုပ်ထားပါသည်။ အထံတော်ပါးသို့ ချီးမွမ်းကိုးကွယ်ရမည့်အကြောင်း ရှင်းပြထားသည်။ ကိုယ်တော်သည် ကယ်တင်ခြင်း တတ်စွမ်းနိုင်သည် (ဟေဗြဲ ၇:၂၅)။ ဆောက်တည်ရာဖြစ်သည် (ရော ၁၆:၂၅)။ ကူညီမစနိုင်သည် (ဟေဗြဲ ၂:၁၈)။ နှိမ်နှင်းနိုင်သည် (ဖိ ၃:၂၁)။ အခုတဖန် ထိန်းသိမ်းစောင့်ရှောက်နိုင်သည်။ ပြည့်စုံသော ငြိမ်သက်ခြင်းပေးနိုင်သည်။ (ဟေရှာ ၂၆:၃)။ သူ၌ အပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် စောင့်ရှောက်တော်မူသည်။ (၂တိ ၁:၁၂)။ ငါတို့ တောင်းပန် ကြံစည်သမျှထက် အလွန်ထူးခြားစွာပြုခြင်းငှါ တတ်နိုင်တော်မူသည် (ဧ ၃:၂၀)။ ကျွန်ုပ်တို့ကိုလည်း ခြေချော်လဲခြင်းမရှိရန် စောင့်ထိန်းနိုင်သည်။၁၂ ထိုစကားသည် မိစ္ဆာဒိဋ္ဌိ အယူဝါဒမှောင်မိုက်ထဲ၌ ချော်လဲခြင်း မရှိရန် ဆိုလိုပါသည်။

သို့သော် ကတိတော်သည် ထိုမျှနှင့် မရပ်သေး။ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှါ တတ်နိုင်တော်မူသည်။ တကယ်အံ့ဩဖွယ်ရာ ကောင်းပါသည်။ စဉ်းစားရလျှင် ကျွန်ုပ်တို့သည် စုံစမ်းနှောင့်ယှက်ခြင်း အပြစ်နွံထဲမှသော်၎င်း၊ ဆင်းရဲအားနည်းလျက် အစေခံဘဝမှ သော်၎င်း၊ ကယ်နှုတ်လျက် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံသည့် သရဖူဆောင်းရမည့်အကြောင်းသည် အဘယ်မျှလောက် ကျေးဇူးတော်ကြီးမားလှပါသနည်း။

:၂၅ ကိုယ်တော်သည် စောင့်မျှော်သူနှင့်ပြည့်စုံစေသူဖြစ်သည်သာမက၊ ကယ်တင်ရှင် ဘုရားသခင်လည်း၁၃ ဖြစ်သည်။ အံ့ချီးဖွယ်ရာ ဘုရားသခင်ဖြစ်သည်။ ကျွန်ုပ်တို့ကို အစဉ်စိတ်ဝင်စားသောကြောင့် လာရောက်ကယ်တင်ခြင်းဖြစ်သည်။ ထိုသို့ ကယ်တင်ဖို့ရန် အပြစ်မဲ့သားတော်အား ယဇ်ပလ္လင်တွင် ယဇ်ကောင်အြဖစ် တင်လှူပူဇော်ခဲ့သည်။ သဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံသည့် တစ်ပါးတည်းသော ဘုရားရှင်တော်မြတ်ပါတကား (ယာ ၁:၅)။ ကျွန်ုပ်တို့၏ အသိဉာဏ်သည် လွင့်ပါးပျောက်ကွယ်တတ်သော ဉာဏ်ပညာသာဖြစ်သည်။ ဉာဏ်ပညာက အစစ်မှန်မှာ ဘုရားသခင် တစ်ပါးတည်းသာ ရှိသည်။

ကိုးကွယ်ခြင်း (ရှေးအင်္ဂလိပ်စာလုံးတွင် “worth-ship” ဟုရေးသည်) ဆိုသည်မှာ ဘုရားသခင်သည် ချမ်းသာကြွယ်ဝသူ၊ ဂုဏ်ကျက်သရေအဖြာဖြာ၊ ကောင်းကြီးမင်္ဂလာ၊ နိုင်ငံတော်၊ တန်ခိုးနှင့် ပြည့်စုံသည်။ ကျွန်ုပ်တို့အတွက် လိုလေသေးမရှိအောင် ပြုလုပ်ပေးသေကြောင့် လေးစားကြည်ညိုကြရမည်ဟု အနက်အဓိပ္ပယ်ရသည်။ ဂုဏ်ကျက်သရေဆိုသည်မှာ စကြဝဠာခွင် တပြင်လုံးတွင် ဂုဏ်သိက္ခာ၊ မင်္ဂလာဟု ဆိုလိုပါသည်။ နိုင်ငံတော်ဆိုသည်မှာ ပြောင်းလဲခြင်းမရှိ၊ သူ့အမိန့်အာဏာ သက်ရောက်ရာဖြစ်သည်။ တန်ခိုး သို့မဟုတ် အာဏာဆိုသည်မှာ လက်တော်ရာနှင့် ဖန်တီးသောအရာ ခပ်သိမ်းပေါ်သို့ အုပ်စိုးခြင်းဖြစ်သည်။

ဘုရားရှင်သည် အတိတ်ကာလတွင် ချီးမွမ်းစရာအပြည့် ဖြစ်သကဲ့သို့ ပစ္စုပ္ပန်ကာလတွင်လည်း ချီးမွမ်းစရာဖြစ်သည်။ ထာဝရကာလချီးမွမ်းရမည်။ မိစ္ဆာန်ဒိဋ္ဌိများနှင့် မှားယွင်းသော ဆရာများက ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာအား ညစ်နွမ်းစေ၊ နိုင်ငံတော်၏ ကျက်သရေ မင်္ဂလာအား တုန်လှုပ်စေ၊ တန်ခိုးတော်အား စိန်ခေါ်ကြသော်လည်း၊ စစ်မှန်သော ယုံကြည်သူများသည် ထိုသူများနောကိသို့ ရောယောင်မလိုက်ဘဲ ယခုနှင့် ထာဝရကာလ တလျှောက်လုံးတွင် အမြင့်ဆုံးသော ကောင်းကြီးမင်္ဂလာ၌ ပျော်ရွှင်စိုးစံကြရမည်။ အာမင်။

မှတ်စု

(V.1) “Sanctified” (hègiasmenois) အစား NU ကျမ်းစာက “beloved” (ègapèmenois)ဟု သုံးထားသည်။ အကျင့်သီလကြောင်များအား ရှုတ်ချသည့် ဤပေးစားတွင် ဆန့်ကျင်ဘက်ဝေါဟာရ “Sanctified” ဖြင့် ပဋိသန္ဓာရစကား အစပြုထားသည်။

(V.4) NU ကျမ်းစာက God ဟူသော စကားလုံးကို ချန်ထားသည်။ သခင်နှစ်ပါး The two “Lords” ဟူသော စကားသည် မူရင်းနှင့်မတူပါ။ သခင်ယေရှုအတွက် Kurios ဟူသော စကားလုံးကို သုံးလေ့သုံးထ ရှိသည်။ “Lord God” ဟူသော ဆင်တူရိုးမှား စကားလုံးကို Despote ရှိသည်။ (despot ဟူသော ဆင့်ပွား အင်္ဂလိပ်စကားလု့းမှာမူ မကောင်းသည့် ဘက်၌သာ သုံးသည့်အတွက် မသင့်တော်ပါ။) ထိုစကားလုံး နှစ်ခုစလုး၏ အဓိပ္ပါယ်မှာ “Lord” “Master” or “Owner” ဟု အနက်ရသည်။

(V.4) “Liberal” ဟူသော စကားလုံးသည် လွတ်လပ်ခြင်းဟု အဓိပ္ပါယ်ရသော်လည်း ဘာသာရေး အသုံးအနှုန်းတွင်မူ လှေနံဓါးထစ်ယုံကြည်ခြင်း မဟုတ်သည်ကို ဆိုလိုသည်။ သူတို့က ဝိညာဉ်တော်မှုတ်သွင်းခြင်း အပျိုကညာမှမွေးဖွားခြင်း၊ ယေရှုခရစ်၏ ဘုရားဇာတိ အသွေးဖြင့် အပြစ်ဖြေခြင်း စသည်တို့အား ငြင်းပယ်ကြသည်။ မည်သည့် ဘာသာရေး အယူဝါဒ သွန်သင်မှုမဆို လက်သင့်ခံခြင်းဖြင့် ရှေးရိုး Orthodox သွန်သင်ချက်မှ ရွေ့လျော့ကုန်ကြပြီ။

(V.4) Neo-(“New”) Orthodox ဆိုသည်မှာ Orthodox စစ်စစ် မဟုတ်တော့ပါ။ သမ္မာကျမ်းစာ သွန်သင်ချက်အချို့ကို လက်သင့်ခံထားကြသော်လည်း Orthodox ဝေါဟာရများကို သမ္မာကျမ်းစာယုံကြည်ချက်မှ သွေဖယ်သည့် သူတို့အယူဝါဒကို ကွယ်ဝှက်ဖို့ မျက်နှဖုံးအဖြစ် အသုံးပြုကြခြင်း မျှသာဖြစ်သည်။ ဥပမာ အားဖြင့်- သမ္မာကျမ်းစာက သူ့ကိုစကားပြောလာမှသာ သမ္မာကျမ်းစာသည် Neo-Orthodox တို့ ဘုရားသခင်၏ နှုတ်ထွက်စကား ဖြစ်လာမည် သာမန် Orthodox ယုံကြည်သူများအတွက်မူ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။

(V.11) C.A.Coates, An Outline of Mark’s Gospel and Other Ministry, p.125.

(V.12) ပွဲတော် မင်္ဂလာကို agape ဟု သုံသည်။ အတိကျပြန်ဆိုသော် ချစ်ခြင်းမေတ္တာဖြစ်သည်။

(V.12) ရှေးအျက်ဆုံး NU နှင့် အဓိက mss ကျမ်း “carried away” သို့မဟုတ် “along” ဟု သုံးခြင်းက သင့်လျော်သည်။ TR, KJV နှင့် “Carried about” ဟု ခပ်ဖွဖွလေးသုံးထားသည်။

(V.14) “Comes” ဆိုသောစကားလုံးသည် arorist (elthe)ကို ဘာသာပြန်ခြင်းဖြစ်သည်။ အနာဂတ်ကာလသေချာပေါက်ဖြစ်မည့် အကြောင်းချင်းရာကို အတိတ်ကာလ တင်ကူးပရောဖက်ပြုခြင်း ဖြစ်သည်။

၁၀(V.22) ဂရိစကား (diakrinomai)မှာ “သံသယရှိနေသည်” သို့မဟုတ် “ထူးခြားပေါ်လွင်နေသည်”ဟု နှစ်မျိုးအနက်ရသည်။ NKJV foothmote vv.22,23 ကိုကြည့်ပါ။

၁၁(V.23) J.B.Mayor, The Epistle of St.Jude and the second Epistel of St.Peter, p.51.

၁၂(V.24) အဓိကကျမ်း M ၌ “you” အစား “them” ဟု သုံးသည်။ အစောပိုင်း ကျမ်းပိုဒ်များမှ ဒုစရိုက် ခရစ်ယာန်များအား ဝိညာဉ်ခရစ်ယာန်များက ကယ်တင်ရန် ကြိုးပမ်းမှုကို ဖော်ပြသည်။

၁၃(V.25) NKJV NT က NT ကျမ်းသည် အခြားကျမ်းများထက် တိုတိုလေး ဖော်ပြထားသည်ဟု ဆိုသည်။ ထို့ကြောင့် အချို့ ထပ်ဖြည့်ထားသည်။ ကျမ်းပိုဒ် ၂၅တွင် သုံးချက်ထပ်ဖြည့်ထားသည်မှာ –

” အတူမရှိ ဘုရားသခင် ကျွန်ုပ်ကယ်တင်ရှင်

ခရစ်တော် သခင်အားဖြင့်သာ ဂုဏ်ကျက်သရေ ဘုန်းဝေဖြာ

နိုင်ငံတော်နှင့် တန်ခိုးအာဏာ

ထာဝရ ကာလတည်တံ့ပါစေသား” ဟူ၍ ဖြစ်သသည်။

“Wise” ဆိုသော စကားလုံချန်လှပ်ထားသော်လည်း ရှင်ယုဒသည် အဲဂုတ္တုအသင်းတော်အား ကောင်းကြီးထောပနာ လှပစွာပြုခဲ့ပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။