ယောရှုမှတ်စာ - ၈
ယောရှုမှတ်စာ - ၈ (အနက်ဖွင့်)
၈:၁–၂၉ ဒုတိယအခေါက်တွင်မူ ယောရှုတို့အဖွဲ့သည် ယောင်ပြစစ်နည်းဗျူဟာဖြင့် အာဣစစ်တပ်ကို နှိမ်နင်းချေမှုန်းပစ်နိုင်သည်။ စစ်နည်းဗျူဟာ အသေးစိတ်ရှင်းပြရန် ဝေါဟာရအသုံးအနှုန်းခက်ခဲသောကြောင့် လွယ်လင့်တကူ နားလည်နိုင်အောင် အောက်ပါအတိုင်းရှင်းပြပါမည်။ ဣသရေလ စစ်သားအုပ်အချို့သည် အာဣသားမမြင်၊ မထင်မှတ်သည့်အမှောင်ရိပ်တွင် ပုန်းအောင်းနေကြသည်။ နံနက်မိုးလင်းလျှင် အခြားဣသရေလစစ်သား အနည်းငယ်က အာဣမြို့အား မြောက်ဘက်အရပ်မှ ဝင်စီးသည်။ ထိုအခါ အာဣမြို့သားများက အလုံးအရင်းဖြင့် လိုက်လံတိုက်ခိုက်သည်။ ထွက်ပြေးဟန်ဆောင်သော ဣသရေလတပ်နောက်သို့ အာဣသားများက သဲကြီးမဲကြီး လိုက်လံတိုက်ခိုက်သောအခါ စောစောက အမှောင်ရိပ်တွင် ပုန်းနေကြသော ဣသရေလတပ်အုပ်ကြီးအား နောက်ပိုင်းမှနေ၍ အာဣမြို့ကို သိမ်းပိုက်မီးရှို့ပစ်သည်။ အာဣမြို့တစ်ခုလုံး မီးခိုးတလူလူ အူနေသည်။ ဣသရေလယောင်ပြတပ်နောက်သို့ အလုံးအရင်းဖြင့် လိုက်သွားသော အာဣသားတို့သည် မျောက်သစ်ကိုင်းလွတ်ဖြစ်သွားကြသည်။ မြို့သူမြို့သားများ မြို့နှင့်တကွပျက်စီးရသကဲ့သို့ ကြားခုလပ်ရှိအာဣသားများသည်လည်း စကောထဲ ဆီးဖြူသီး လှိမ့်သကဲ့သို့ လှိမ့်ခံနေရသည်။
အပိုဒ်ငယ်(၃)တွင် လူပေါင်းသုံးသောင်း ပုန်းအောင်း၍ ခြုံခိုကြသည်ဟု ဆို၍ အပိုဒ်ငယ်၁၂တွင် ငါးထောင်အုပ်ဟုဆိုသည်။ သို့ကြောင့် ခြုံခိုပုန်းအောင်းသောအဖွဲ့နှစ်ဖွဲ့ဖြစ်သည်ဟု နားလည်ရသည်။ သို့သော် ခြုံခိုပုန်းအောင်းရန် လူပေါင်းသုံးသောင်းသည် လိုအပ်သောစစ်အင်အားထက် ပိုများနေသည်။ အချို့က လူပေါင်းသုံးသောင်းမဟုတ်ဘဲ တပ်မှုးသုံးဆယ်ဦးဆောင်သောတပ်ဟု ယူဆကြသည်။ ဟေဗြဲစကားတွင် တစ်ထောင်နှင့် တပ်မှူးသည် စကားလုံးတစ်လုံးတည်းဖြစ်သည်။ အချို့က သုံးသောင်းသည် ငါးထောင်ဟူသော စကားလုံးကို မှားယွင်း၍ ဖော်ပြခြင်းဖြစ်မည်ဟု ထင်မြင်ကြသည်။ အပိုဒ်ငယ် ၁၂မှ လူပေါင်းငါးထောင်သည် အာဣမြို့အနောက်ဘက်(၂)မိုင်အကွာရှိ ဗေသလမြို့အား တချိန်တည်းတပြိုင်တည်း တိုက်ခိုက်ဖြင်းဖြစ်သည်ဟု အချို့က ယူဆကြသည်။
တိုက်ပွဲမှ ဖမ်းဆီးရသော တိရိစ္ဆာန်များနှင့် လက်ရဥစ္စာများကို ဣသရေလတို့အား ကိုယ်ပိုင်ပစ္စည်းအဖြစ် ယူခွင့်ပြုသည်။ အကယ်၍ ထိုအခွင့်အခါကို စောင့်ကြည့်လျှင် အာခန်သည်လည်း ဘဝပျက်စီးဆုံးရှုံးမည်မဟုတ်။ အခွင့်အခါမစောင့်မျှောနိုင်ဘဲ ဆန္ဒစောခြင်းသည် ပျက်စီးခြင်းသို့ ရောက်နိုင်သည်။
ပထမတိုက်ပွဲတွင် ဣသရေလတို့ လူ(၃၆)ယောက် တိမ်းပါးခဲ့ကြသည်။ သမ္မာကျမ်းစာမှတ်တမ်းအရ ဒုတိယတိုက်ပွဲတွင် အပျောက်အရှမရှိ။ တစ်ခါသေဖူး ပျဉ်ဘိုးနားလည်ကြသည်။ ခရစ်ယာန်တို့၏ အောင်မြင်ခြင်းသည် အပြစ်ဒုစရိုက်ကင်းရှင်းရုံမျှသာမဟုတ်ပါ။ ဘုရားသခင်နှင့်အတူပါရှိ၍ ဘုရားသခင်၏ ကွယ်ကာစောင်မမှု ဖြစ်သည်။
(ဆ) ရှေခင်အရပ်တွင် ကတိတော်အားထပ်မံအတည်ပြုခြင်း (၈:၃၀–၃၅)
၈:၃၀–၃၅ ဘုရားသခင်၏ စကားတော်ကို နာခံသောအားဖြင့် (တရား၂၇:၂-၆) ယောရှု ဧဇလတောင်ပေါ်တွင် ယဇ်ပလ္လင်တည်သည်။ ထို့အပြင် မော်ကွန်းကျောက်ပြားပေါ်မှာလည်း မောရှေပညတ်တော်ကို မိတ္တူကူးရေးထားသည်။ လူမျိုးကိုယ်စားလှယ်တစ်ဝက်ကို ဂေရဇိမ်တောင်ပေါ်တွင်၎င်း အခြားတစ်ဝက်သည် ဧဗလတောင်ပေါ်တွင်ရပ်၍၎င်း ယောရှုသည် တောင်နှစ်လုံးအကြားတွင်း၎င်း မတ်တပ်ရပ်လျက် မောရှေလက်ထက် မိန့်မှာခဲ့သည့် အတိုင်း ကောင်းကြီးမင်္ဂလာနှင့် ကျိန်ခြင်းအမင်္ဂလာ အသီးသီးရွတ်ဆိုကြသည် (တရား၂၇:၁၄)။ “လူများသည် သမ္မာကျမ်းစာပါအတိုင်း လုပ်ဆောင်ကြရမည့် အကြောင်းနှင့် လုပ်ဆောင်ရခြင်း၏ ကံတူအကျိုးပေးပါစေ” ဟုပြသည်။၇
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။