ယောလအနာဂတ္တိကျမ်း - ၃

လူမျိုးတကာတို့အပေါ်စီရင်မည်
1ထိုနေ့ရက်ကာလ၌ အထက်က သိမ်းသွားခြင်းကိုခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ 2ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေးစေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည်ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေသော ငါ၏အမွေလူဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။ 3သူတို့သည် ငါ၏လူတို့အဖို့ စာရေးတံချကြပြီ။ လူကလေးကို ပြည်တန်ဆာနှင့်လည်းကောင်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်လည်းကောင်း ဖလှယ်ကြပြီတကား။ 4အိုတုရုမြို့၊ ဇိဒုန်မြို့၊ ပါလေတ္တိနပြည်နှင့် နီးစပ်သောအရပ်ရှိသမျှတို့၊ သင်တို့သည် ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ကို ရန်တုံ့ပြုကြမည်လော။ ငါ့ကို ရန်တုံ့ပြုကြလျှင်၊ ထိုရန်ကို သင်တို့ခေါင်းပေါ်သို့ အလျင်အမြန် ငါပြန်ရောက်စေမည်။ 5သင်တို့သည် ငါ့ရွှေငွေကိုယူ၍၊ ငါနှစ်သက်ဖွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့်လည်းကောင်း၊ 6ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကိုနေရင်းပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှာ၊ ဟေလသအမျိုးသားတို့အား ရောင်းလိုက်သောကြောင့်လည်းကောင်း၊ 7သင်တို့ ရောင်းလိုက်ရာအရပ်မှ ငါသည်ထမြောက်၍၊ သင်တို့ ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။ 8သင်တို့ သားသမီးများကိုလည်း ယုဒအမျိုးသားတို့၌ငါရောင်း၍၊ သူတို့သည် တစ်ဖန်ဝေးသောအမျိုး၊ ရှေဘပြည်သားတို့၌ ရောင်းလိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့်တော်မူပြီ။
9ဤအမှုကို တစ်ပါးအမျိုးသားတို့အား ကြားပြောကြလော့။ စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။ 10သံထွန်သွားများကို ဓားဖြစ်စေခြင်းငှာလည်းကောင်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလော့။ အားနည်းသောသူက၊ ငါအားကြီးသည်ဟု ပြောဆိုစေ။ 11ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့၊ စုဝေး၍ လာကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအရပ်၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူမည်။ 12တစ်ပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့်သို့ တက်လာကြစေ။ ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါထိုင်မည်။ 13ရိတ်စရာစပါး မှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့်၍၊ စပျစ်ရည်ကျင်းတို့သည် လျှံသောကြောင့် လာကြ။ ဆင်းကြလော့။ အကြောင်းမူကား၊ သူတို့ပြုသော ဒုစရိုက်အပြစ်သည် ကြီးလှ၏။ 14ကွပ်မျက်ရာချိုင့်၌ လူများစည်းဝေးလျက်၊ လူများစည်းဝေးလျက် ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ 15နေနှင့် လသည် မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။
ယုဒပြည်လွတ်မြောက်ခြင်း
16ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသဖြင့်၊ မိုးကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့်မည်။ သို့ရာတွင်၊ ထာဝရဘုရားသည် မိမိလူတို့၏ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိ ဖြစ်တော်မူလိမ့်မည်။ 17ငါသည်လည်း ငါ၏သန့်ရှင်းသော ဇိအုန်တောင်ပေါ်မှာ နေသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း သန့်ရှင်းလိမ့်မည်။ နောက်တစ်ဖန် ထိုမြို့ကို တစ်ပါးအမျိုးသား မနင်းရ။
18ထိုကာလ၌ ချိုသော စပျစ်ရည်သည် တောင်တို့မှ ယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။ 19ယုဒပြည်၌ အပြစ်မရှိသောသူတို့ကို သတ်၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်၊ အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည်။ 20ယုဒပြည်မူကား၊ ထာဝရပြည်၊ ယေရုရှလင်မြို့မူကား၊ ကာလအစဉ်အဆက်တည်သော မြို့ဖြစ်လိမ့်မည်။ 21ထိုမြို့သားတို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့်၊ ငါသည် မပေးသေးသောဒဏ်ကို တစ်ဖန်ပေးဦးမည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း။
ပရောဖက်ယောလ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။

ယောလအနာဂတ္တိကျမ်း - ၃ (အနက်ဖွင့်)

(တပါးအမျိုးသားများကို တရားစီရင်မည့်အကြောင်း(:၁၆)

: ဘုရားသခင်က တပါးအမျိုးသားအပေါင်းအား ယောရှဖတ်ချိုင့်ဝှမ်းသို့ စုစည်းပြီး ယုဒလူမျိုးများသို့ ဆက်ဆံခဲ့ကြသည့်အတိုင်း တရားစီရင်မည်။ တုရု၊ ဇိဒုန်၊ ပါလေတိနပြည်များသည် ဘုရားသခင်၏လူမျိုးကို ဖမ်းဆီးကျွန်ပြုသည့် အပြစ်အတွက်ဝဋ်လည်ကြမည်။ ကျွန်အဖြစ် ပြန်လည်ရောင်းစားခံရသကဲ့သို့ ရာဇဝတ်ဒဏ်ထိုက်ကြမည်။

          :၁၆ တပါးအမျိုးသားများအား စစ်ပြင်ဆင်ခိုင်းထားသည်။ ထိုအချိုင့်အဝှမ်းတွင် အဆုံးအဖြတ်တိုင်းပွဲရင်ဆိုင်ကြရမည်။ ယောရှုဖတ်ချိုင့်ဝှမ်းတွင် ဘုရားသခင်သည်လူမျိုးအပေါင်းအား တရားစီရင်တော်မူမည်။

ဘုန်းတန်ခိုးပြည့်စုံသော ထာဝရဘုရားသခင်သည် လူတိုင်း၊ လူမျိုးတိုင်းအား မနေမနားကြည့်ရှုစစ်ဆေးနေပါသည်။ ထိုအကြောင်းကို Stevensonက ဤသို့မှတ်ချက်ပြုသည်။

သမ္မာကျမ်းစာပါ တစ်ဦးတစ်ယောက်ခြင်းဖြစ်စေ၊ နိုင်ငံအလိုက်ဖြစ်စေ တရားစီရင်ခံမည့်အကြောင်းကို လူတို့က လက်မခံလိုကြ။ ဘုရားသခင်၏ လူများကမူ “သခင်ဘုရားနေ့ရက်ရောက်လာမည် ကမ္ဘာသူကမ္ဘာသားများကို တရားစီရင်မည်ဟု ခံယူကြ၏။ ထိုခံယူချက်သည် သမ္မာကျမ်းစာလာ ကျောက်ဆောင်စကားဖြစ်သတည်း။

()  ယုဒလူများကောင်းကြီးမင်္ဂလာခံစားရမည့်အကြောင်း (:၁၇၂၁)

ဘုရားသခင်သည် သူ့လူများကို ပြန်လည်ရွေးနှုတ်လျက် သူတပါးကျူးကျော်နှိပ်စက်ခြင်းမပြုနိုင်သော လုံခြုံရေးအာမခံချက်ပေးမည်။ ဣသရေလမြေသည်လည်း မြေဆီသြဇာပြည့်ဝ၍ စည်ပင်ဝပြောမည်။ “တောင်ကုန်းမှ စပျစ်ရည်ချိုယိုဆင်းမည်။ ကုန်းမြေများမှ နို့ရည်ထွက်မည်။ မြစ်ချောင်းရှိသမျှရေပြည့်၍ အိမ်တော်ထဲက စမ်းရေထွက်မည်။ ယုဒများကို ရန်ပြုခဲ့သော အဲဂုတ္တုပြည်နှင့် ဧဒုံပြည်တို့သည် လူခြေတိတ်မည်။ ယေရုရှလင်မြို့မူက ထာဝရစဉ် တည်တံ့မည်။ ယုဒအတွက် ဘုရားသခင်က လက်တုန့်ပြန်ပေးမည်။

ဇိအုန်တောင်ပေါ်တွင် ဘုရားသခင်စိုးစံသည့်အကြောင်းဖြင့် ကျမ်းစာနိဂုံးချုပ်ထားသည်။

မှတ်စု

(နိဒါန်း) W. H. Graham Scroggie, Know Your Bible, Vol  1, p.155.

(၂:၁-၄) KJV ကျမ်းတွင် “Palmerworm, Locust, Cankerworm and Caterpillar”ဟုဆိုပါသည်။ အကောင်နာမည် ကွဲပြားသော်လည်း အဓိက အကြောင်းအရာ ထိခိုက်မှုမရှိပါ။

(၃:၁-၈) ဟေဗြဲကျမ်းမူတွင် ၂:၂၈-၃၂ ကို ဤကျမ်းတွင် အခန်း(၃)သို့၎င်း၊ အခန်း(၃)သည် အခန်း(၄) အဖြစ်သို့၎င်း ပြောင်းသွားသည်။

(၃:၉-၁၆) Herbert F. Stevenson, Three Prophctic Voices. Studies in Joel, Amos and Hosea, p.40.

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။