ယောလအနာဂတ္တိကျမ်း - ၂
ယောလအနာဂတ္တိကျမ်း - ၂ (အနက်ဖွင့်)
၂။ ရန်သူများကျူးကျော်ဝင်ရောက်လာခြင်း (၂:၁–၁၁)
၂:၁–၃ စစ်ခရာတပ်လှန့်နှိုးဆော်သံသည် တိုက်ပွဲဝင်ရန် အချက်ပေးသံဖြစ်၍ အသင့်စောင့်နေကြသကဲ့သို့ ဘုရားသခင်၏ နေ့ရက်သည်လည်း ရောက်လာခါနီးပြီ။ လတ်တလောတွင် ဗာဗုလုန်ကျူးကျော်သူများ ဝင်ရောက်ဖျက်ဆီးခြင်းဖြင့် ပရောဖက်ပြုချက် တစိတ်တပိုင်းပြည့်စုံသကဲ့သို့ နောင်တွင် ပြည့်စုံလည်မည့် အချက်များလည်းရှိသည်။ ဗာဗုလုန်ကျူးကျော်သူများ ချဉ်းနင်းမဝင်ရောက်မီကာလတွင် ယုဒပြည်သည် ဧဒင်ဥယျာဉ်ကဲ့သို့ သာယာခဲ့သည်။ ရန်သူများဝင်ရောက်သည့်နောက်ပိုင်းတွင်မူ သုဿန်တစပြင်မြေကဲ့သို့ ခြောက်သွေ့ခဲ့သည်။
၂:၄–၁၁ ကျိုင်းကောင်များသည် မြင်းစီးသရဲများသဖွယ် အားကောင်းမောင်းသန်ပြေးလွှားနေကသည်။ တိုက်ပွဲဝင်စစ်သည်များကဲ့သို့ အုတ်တံတိုင်ပေါ်သို့ ကျော်တက်ကြသည်။ သူခိုးများကဲ့သို့ နေရာအနှံ့ဝင်ရောက်ကြသည်။ ကျိုင်းကောင်အရေအတွက်များပြားလွန်းလှသဖြင့် နေကိုမမြင်ရလောက်အောင် ကောင်းကင်တပြင်လုံး၌ မဲမှောင်ပြည့်နှက်နေကြသည်။ ကျမ်းစကားအသုံးအနှုန်းများမှာ ကဗျာလင်္ကာဟန် တင်စားရေးဖွဲ့ထားသည်။
ထိုမျှ ဧရာမကြီးမားလှသော ပမာဏဖြင့် လာရောက်ကျူးကျော်ကြခြင်းသည် ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။
၃။ ယုဒလူများနောင်တရကြမည့် အကြောင်း(၂:၁၂–၁၄)
ဘုရားသခင်က သူ့လူများအား နောင်တရကြရန်လက်ကမ်းဖိတ်ခေါ်သည်။ ဘုရားသခင်ထံတော်သို့ ပြန်လည်တိုးဝင်ချဉ်းကပ်ရန် အချိန်နောက်မကျသေးပါ။ သို့သော်သူများယာင်၍ လိုက်ယောင်ခြင်းမဟုတ်ဘဲ၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့်နောင်တရခြင်းဖြစ်ရမည်။ စိတ်ပါလက်ပါဖြင့် ဘုရားရှင်ထံသို့ ပြန်လည်တိုးဝင်ချဉ်းကပ်ခြင်း ဖြစ်ရမည်။ နောင်တမျက်ရည်၊အစာရှောင်ဥပုသ်စောင့်ခြင်းနှင့် တရားသံဝေဂရ၍ ပြန်လာခြင်းဖြစ်ရမည်။
၄။ အစာရှောင်ခြင်းအကြောင်း(၂:၁၅–၁၇)
ပြည်သူအားလုံးလှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဝတ်ပြုကိုးကွယ်ရာသို့ စုဝေးကြ၍ အစာရှောင်ဆုတောင်းကြရမည်။ ယဇ်ပုရောဟိတ်များသည် အိမ်နှင့်ယဇ်ပလ္လင်အကြား လမ်းသွားရင် ငိုကြွေးလိမ့်မည်။ တပါးအမျိုးသားတို့၏ ဖိနှိပ်မှုမှ လွတ်ရန်ကရုဏာတော်ကို တောင်းကြဦးမည်။
၅။ ကယ်နှုတ်တော်မူမည့်အကြောင်း ကတိတော် (၂:၁၈–၃:၂၁)
(က) ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝချမ်းသာခြင်း(၂:၁၈၊၁၉၊၂၁–၂၇)
ထာဝရဘုရားသခင်သည် ပြည်တော်ကို မစချင်စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနားတော်မူမည်။ စပါးဆန်ရေ၊ ဝိုင်သစ်၊ ဆီသစ်များလုံလောက်ရုံမက ဘုံးဘောလအော ပေးသနားမည်။ အထံတော်မှထွက်ပြေးခဲ့သူများကိုလည်း ပြန်လည်ခေါ်ဆောင်မည်။ လယ်မြေများသည် မြေသြဇာ ကြွယ်ဝလျက် ဆန်ရေစပါး အထွက်ကောင်းစေမည်။ ရွှေမိုးငွေမိုးရွာသွန်းစေတော်မူသဖြင့် သီးနှံအထွက်တိုးမည်။ထည့်စရာကျီ၊ ပုတ်များတွင် ဆန်စပါး ပြည့်လျှံစေမည်။ ဘုရားသခင်၏လူများသည်လည်း အားသစ်ခွန်သစ် ပြန်လည်ရရှိကြသဖြင့် နောက်တခါ အရှက်တကွဲ မကြုံစေရတော့ပါ။ ကျိုင်းကောင်များကိုက်စားခဲ့သော သီးနှံများကိုလည်း ဆထက်ထမ်းပိုးအလျှော်ပြန်ရမည် (၂:၂၅)။
(ခ) ရန်သူများကို ဖျက်ဆီးချေမှုန့်ပစ်မည်(၂:၂၀)
ယုဒလူမျိုးများအပေါ် ဘုရားသခင်ကရုစိုက်သည့်အကြောင်းကိုလည်း ပရောဖက်ယောလက ထပ်မံသတိပေးသည်။ မြောက်ပိုင်းအရပ်ရှိ ရန်သူ(အာရှိုရိ)ကို၎င်း၊ အရှေ့ဖက်ကမ်း(ပင်လယ်ဒေသ)နှင့် အနောက်ဖက်ကမ်းခြေ(မြေထဲပင်လယ်) ရှိရန်သူများကို၎င်း သုတ်သင်ပယ်ရှားမည်။
(ဂ) ဘုရားသခင်ဝိညာဉ်တော်သွန်းလောင်းမည့်အကြောင်း (၂:၂၈–၂၉)
ထိုနေ့ရက်တွင် လူအပေါင်းအပေါ်သို့ ဘုရားသခင်၏ဝိညာဉ်တော်သွန်းလောင်းမည်။ ငယ်ရွယ်နုပျိုသူများက ပရောဖက်ဉာဏ်ရရှိကြ၍ အသက်ကြီးသူများက ရှေ့ဖြစ်နိမိတ်မြင်မက်ကြမည်။ ဤကျမ်းချက်ပြည့်စုံလာကြောင်း (တ၊ ၂:၁၆-၂၁)တွင်တွေ့ရသည်။ သို့သော်ပင်တေကုတ္တေနေ့နှင့် မသက်ဆိုင်။ ခရစ်တော်ဘုရားအနှစ်တထောင်နိုင်ငံတော် ကာလတွင် အကုန်အစင်ပြည့်စုံမည်။
(ဃ) ခရစ်တော်ဘုရားဒုတရားကြွလာမည့် နိမိတ်လက္ခဏာ(၂:၃၀–၃၂)
ဘုရားသခင်၏ ဝိညာဉ်တော်သွန်းလောင်းခြင်းသည် ကောင်ကင်သားများကို အံ့အားသင့်စေမည်။ ကောင်းကင်နှင့်မြေကြီး၌ အံ့သြဖွယ်ဖြစ်စေသော အရာများမှာသွေး၊ မီးလျှံ၊ မီးခိုးတိုင် ၊ မှောင်မိုက်ကျသောနေနှင့် သွေးဖြစ်သွားသောလတို့ ဖြစ်၏။ သခင်ယေရှုအားမေရှိယအဖြစ်အသိမှတ်ခံယူ၍ နာမတော်၌ မှီခိုသူဟူသမျှသည် ကယ်တင်ခြင်းရရှိကြမည်။ ခရစ်တော်ဘုရား၏ အနှစ်တထောင်နိုင်ငံတော်ထဲသို့ ဝင်ရောက်စံမြန်းကြရမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။