ယေရမိအနာဂတ္တိကျမ်း - ၄၃

အဲဂုတ္တုပြည်သို့ခေါ်ဆောင်သွားခြင်း
1ထိုလူများတို့၏ဘုရားသခင် ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့အား အကုန်အစင်ကြားပြောသည်ရှိသော်၊ 2ဟောရှဲသားအာဇရိနှင့် ကာရာသားယောဟနန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသားစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။ 3ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှာ၊ နေရိသားဗာရုတ်သည် သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊ 4ကာရာသားယောဟနန် အစရှိသောတပ်မှူးများနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည်ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊ 5အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှာ၊ 6ပြန်လာသော ယုဒအမျိုးသား အကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိ၌အပ်သော လူအပေါင်းတို့ကိုလည်းကောင်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကိုလည်းကောင်း၊ ကာရာသားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊ 7ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့သွား၍ တာပနက်မြို့သို့ ရောက်ကြ၏။
8တာပနက်မြို့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊ 9သင်သည် ကြီးသော ကျောက်တို့ကိုကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာရှိသော အုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။ 10သူတို့အားလည်း၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် လူကိုစေလွှတ်၍၊ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင်၊ ငါမြှုပ်ထားသော ဤကျောက်တို့အပေါ်မှာ၊ သူ၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း၊ မိမိတဲတော်ကို ဤကျောက်တို့အပေါ်မှာ ဖြန့်လိမ့်မည်။ 11ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တုပြည်ကိုလုပ်ကြံ၍၊ သေတန်သောသူတို့ကို သေခြင်းသို့လည်းကောင်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထားခြင်းသို့လည်းကောင်း၊ ကွပ်မျက်တန်သောသူတို့ကို ကွပ်မျက်ခြင်းသို့လည်းကောင်း အပ်လိမ့်မည်။ 12အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည်လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့်မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်းသည် အဲဂုတ္တုပြည်ကို ဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွားလိမ့်မည်။ 13အဲဂုတ္တုပြည် ဗက်ရှေမက်မြို့၌၊ ရုပ်တုဆင်းတုများကို ချိုးဖျက်၍၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း - ၄၃ (အနက်ဖွင့်)

()ယေရမိနှင့်အဲဂုတ္တုရှိလက်တဆုပ်စာကြွင်းကျန်သူများ(အခန်း၄၃၊၄၄)

၄၃: ဗာရုတ်နှင့် ယောဟနန်တို့က ယေရမိစကားကို မယုံ။ ပရောဖက်ပြုချက် မဟုတ် မုသာစကား ဖြစ်သည်ဟု စွပ်စွဲကာ လူများကို အဲဂုတ္တုပြည်သို့ ခေါ်ဆောင်သွားကြသည်။ ယေရမိသည်လည်း ပါသွားသည်။

၄၃:၁၃ အဲဂုတ္တုပြည် တာပနက်အရပ်ဒေသသို့ ရောက်ရှိကြသောအခါ ဘုရားသခင်က ယေရမိအား ဖာရော့ဘုရင်၏ အိမ်တော်ဝနားတွင် ကျောက်တစ်တုံး မြှုပ်ထားခိုင်းသည်။ ထို့နောက် ဗာဗုလုန်ရှင်ဘုရင် နေဗုပ်ခနေဇာအား အဲဂုတ္တုပြည်ကို တိုက်ခိုက်သိမ်းပိုက်စေပြီ။ မြှုပ်ထားသော ကျောက်ပေါ်တွင် ရာဇပလ္လင်တည်စေသည်။ ထိုသို့ ပြုလုပ်ရခြင်း၏ အတိတ်ကောင်း နိမိတ်ကောင်းကြောင့် ငတ်မွတ်ဆင်းရဲခြင်း၊ ရောဂါဘယဆိုး  ကပ်သင့်ခြင်း၊ ဓားဘေး၊ လှံဘေးသင့်ခြင်းမှ ကင်းဝေးကြသည်။ အဲဂုတ္တုတို့၏ ရုပ်တုဆင်းတု၊ ဘုရားကြီး၊ ဘုရားငယ်များမှာ မီးရှို့ဖျက်ဆီးခြင်း ခံကြရ သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။