ယေရမိအနာဂတ္တိကျမ်း - ၁၀
ယေရမိအနာဂတ္တိကျမ်း - ၁၀ (အနက်ဖွင့်)
( ၄)ရုပ်တုဆင်းတု ကိုးကွယ်မှု ပြက်ယယ်ပြုခြင်း(၁၀:၁–၁၈)
၁၀:၁–၅ ဤအခန်းတွင် ရုပ်တုဆင်းတု၏ ယုတ်နိမ့်ပုံနှင့် ဘုရားသခင်ကြီးမြတ်ပုံကို နှိုင်းယှဉ်ပြသထားသည်။ ဘုရားသခင်၏ လူများသည် တပါးအမျိုးသားများ၏ ယုံကြည်မှု၊ သက်မဲ့ ရုပ်ဝတ္ထုပစ္စည်း ကိုးကွယ်ခြင်း နောက်သို့မလိုက်ကြပါ။ ရုပ်တုဆင်းတုကိုးကွယ်ခြင်း၏ယုတ်နိမ့်ပုံကို Yatesက ဤသို့ ထောက်ခံထားသည်။
သူ့လူများက ဘုရားသခင်အစား ရုပ်တုဆင်းတု ကိုးကွယ်ကြခြင်းကြောင့် ယေရမိသည် ရင်မှာ မချိအောင် နာကျင်ခံစားသည်။ ထိုရုပ်တုဆင်းတုသစ် သားရုပ်နှင့် ကျောက်တုံးရွံ့ရုပ်များက မည်သည့်အစွမ်းအစ တန်ခိုးမပေးနိုင်ပါ။ အသေကောင်များသာ ဖြစ်သည်။ ကိုးကွယ်ခံသော ဘုရားက ကိုးကွယ်သူများကို ကယ်မရမည့်အစား ကိုးကွယ်သူများက ကိုးကွယ်ခံသော အရုပ်များကို ထမ်းသယ်နေရသည်။ ဘုရားသခင်ကို တန်ဆာဆင်ရမည့် အစား မိမိကိုယ်ကို တန်ဆာဆင် ပွဲထုတ်ကြသည်။ စကားမပြောတတ်၊ တန်ခိုးမရှိ၊ အသက်မရှု၊ အသိဉာဏ်နတ္တိ၊ အစွမ်းအစဗလာ၊ တည်မြဲခြင်းမရှိ၊ ပျက်စီးပြောင်းလဲတတ်သော သင်္ခါရ ရုပ်တုပစ္စည်းကို အရူးသဖွယ်ကိုးကွယ်ကြသည်။ ထိုသူများ၏ ဘုရားသည် နိစ္စထာဝရတည်မြဲ၍ ဘုန်းတခိုးပြည့်ဝသော ယေဟောဝါဘုရားသခင်နှင့် တခြားစီဖြစ်သည်။၁၂
၁၀:၆–၉ ဘုရားသခင်သည် တိုင်းနိုင်ငံသားများ ချစ်ကြောက်ရှိခိုး ထိုက်သော ဘုရားရှင်တော်မြတ် ဖြစ်သည်။ လူ့လက်ဖြင့် ထုလုပ်ထားသော ရုပ်တု၊ စေတီပုထိုးများကို ရှိခိုးကိုးကွယ်ခြင်းသည် လူမိုက်လူ့ဗာလတို့၏ ခံ ယူချက်၊ အသိဉာဏ်ပညာမဲ့မှုဖြစ်သည်။
၁၀:၁၀–၁၆ ဘုရားသခင်သည် ဘုရားစစ်ဘုရားမှန် နိစ္စထာဝရအသက်ရှင်တော်မူသော ရှင်မြတ်ချစ်ဖြစ်သည်။ လူ့လက်ဖြင့်ပြုလုပ်သော စက်ရုံအလုပ်ရုံထုတ် ဘုရားများသည် သင်္ခါရပစ္စည်းများသာ ဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် နိစ္စထာဝရဘုရား၊ ဖန်ဆင်းရှင်သခင်၊ ဖန်ဆင်းသောအရာများကို ကျွေးမွေးစောင့်ရှောက်သောဘုရား ဖြစ်သည်။ ရုပ်တုဆင်းတု ကိုးကွယ်သူများသည် စိတ်နှလုံးမိုက်မဲသူများ၊ စိတ်ကူးဉာဏ်သုံးစားမရသူများ ဖြစ်သည်။ ယာကုပ်၏ ဘုရားသခင်သည်ဖန်ဆင်းရှင် ထာဝရဘုရားသခင် ဖြစ်သည်။
၁၀:၁၇–၁၈ မြေပေါ်မှာရှိသော တိုင်းသူပြည်သား လူအများတို့အားမိမိတို့ ပစ္စည်းဥစ္စာရတနာများကို စုသိမ်းကြလော့။ အဘယ်ကြောင့်ဆို သော်ထိုပြည်သူများ အားတခြားတိုင်း နိုင်ငံသားများ လက်အောက်သို့ ကျရောက်စေမည့်အချိန် ရောက်လာပြီ။
(၅) ပရောဖက်ငိုကြီး၏ဆုတောင်း(၁၀:၁၉–၂၅)
သူ့လူများ၏မိုက်မဲမှု ဆိုးပြစ်ကြောင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးကျွန် ပြုခံရမည့်အကြောင်းကြောင့် ပရောဖက်ယေရမိ ဝမ်းနည်းသည်။ တိုင်းသူ ပြည်သားများအား ဆုံးမသော်လည်း မနာခံကြ။ ထိုအမှုအရာအတွက် ဘုရားသခင်က အပြစ်တရားစီရင်လျှင် အမျက်ဒေါသနှင့် ယှဉ်၍ တရားမစီရင်ဖို့၊ ယာကုပ်အမျိုးကို အကုန်အစင် ကိုက်စားသော တပါးအမျိုးသားများကိုသာ ပြင်းထန်စွာ အရေးယူဖို့ ငိုမဲ့ငိုမဲ့ဖြင့် ယေရမိဆုတောင်းသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။