ဟေရှာယအနာဂတ္တိကျမ်း - ၆၅

ပုန်ကန်သူတို့ကိုဒဏ်ခတ်ခြင်း
1ငါ့ကို မမေးမလျှောက်သော သူတို့၏စကားကို ငါနားထောင်ပြီ။ ငါ့ကို မရှာသောသူတို့သည် ငါ့ကိုတွေ့ရကြပြီ။ ငါ့ကို ကြည့်ကြလော့။ ကြည့်ကြလော့ဟု ငါ့နာမကို ပတ္ထနာမပြုသော လူမျိုးအား ငါပြောဆိုပြီ။ 2မိမိအလိုအတိုင်း မကောင်းသောလမ်းကိုလိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တစ်နေ့လုံး ငါသည် ကိုယ်လက်ဝါးကို ဖြန့်ရပြီ။ 3ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍၊ အုတ်ပေါ်မှာ လောဗန်ကိုမီးရှို့သဖြင့်၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ၊ ငါ့မျက်မှောက်၌ အစဉ်ပြုတတ်၏။ 4သင်္ချိုင်းမှာနေ၍၊ သင်္ချိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကိုစား၍၊ ရွံရှာဖွယ်သော အမဲသားပြုတ်ရည်ကိုသောက်တတ်၏။ 5သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည် သင့်ထက်သာ၍ သန့်ရှင်းသည်ဟု ဆိုတတ်၏။ ထိုသို့သောသူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့လည်းကောင်း၊ အစဉ်လောင်သော မီးကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ 6ငါ့ရှေ့မှာ စာရင်းမှတ်လျက် ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။ 7သင်တို့၏ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ဘိုးဘေး၏ ဒုစရိုက်အပြစ်ကိုလည်းကောင်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ် သူတို့ပြုဖူးသော အကျင့်တို့၏အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ပေးမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
8တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကိုတွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့ကျွန်တို့၏အကျိုးအလိုငှာ ငါပြုမည်။ အကုန်အစင် မဖျက်။ 9ယာကုပ်အမျိုးထဲက မျိုးစေ့ကိုလည်းကောင်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကိုလည်းကောင်း ငါထုတ်ဖော်မည်။ ငါရွေးကောက်သောသူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။ 10ငါ့ကိုရှာသော ငါ၏လူတို့အဖို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ် ဖြစ်လိမ့်မည်။
11သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသောတောင်ကို မေ့လျော့သောသူ၊ ဂါဒဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သကာကို ပြင်သောသူဖြစ်ကြ၏။ 12သင်တို့ကို ငါရေတွက်၍၊ ဓား၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ငါခေါ်သောအခါ မထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။ 13ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက်ကြောက်ကြလိမ့်မည်။ 14ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊ ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသောနှလုံးနှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။ 15သင်တို့သည် ကိုယ်နာမကို၊ ငါရွေးကောက်သောသူတို့၌ ကျိန်ဆဲဖို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍၊ ကိုယ်တော်၏ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည်။ 16မြေကြီးပေါ်မှာ မိမိကိုမိမိ ကောင်းချီးပေးသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊ အရင်အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ်ပျောက်လျက်ရှိကြ၏။
ကောင်းကင်သစ်နှင့်မြေကြီးသစ်
17ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။ 18ငါဖန်ဆင်းလတ္တံ့သောအရာကြောင့်၊ သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။ 19ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တစ်ဖန် မကြားရ။ 20ထိုမြို့၌ အသက်ငယ်သောသူငယ် မရှိရ။ အသက်မပြည့်စုံသော လူအိုလည်း မရှိရ။ အသက်တစ်ရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တစ်ရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကိုခံရသောသူဟူ၍ မှတ်ရ၏။ 21ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ 22သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။ 23ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။ 24ငါသည် သူတို့မခေါ်မီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။ 25တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။

ဟေရှာယအနာဂတ္တိကျမ်း - ၆၅ (အနက်ဖွင့်)

၈။ ရွေးနှုတ်ထားသူများ၏ဆုတောင်းချက်အပေါ်ဘုရားသခင်၏အဖြေစကား   (အခန်း၆၅)

          ၆၅:  ၆၃:၁၅-၆၄:၁၂  မှ ဆုတောင်းချက်များကိုယေဟောဝါဘုရားသ ခင်ကအဖြေစကားပြန်သည်။ ဆက်လက်လေ့လာသိကြပါစို့။

အပိုဒ်ငယ်(၁)တွင်ဣသရေလတို့ကဘုရားသခင်မရှာသောကြောင့်ထိုသူ များ၏ဆုတောင်းသံ၊ဘုရားသခင်ကအဖြေမပေးပုံရှင်းပြထားသည်။ ဤကျမ်း ပိုဒ်ကိုပေါလုက(ရော၁၀:၁၂)တွင်”ငါ့ကိုမရှာသောသူသည်ငါ့ကိုတွေ့ကြရ၏။  ငါ့အကြောင်းကိုမမေးမြန်းသောသူတို့၌ငါထင်ရှား၏”ဟုတပါးအမျိုးသားများ ခေါ်ယူရာ၌ပြန်လည်ကိုးကားဖေါ်ပြထားသည်။

၆၅:၂-၇  ဤကျမ်းပိုဒ်များသည်ဣသရေလလူမျိုးကိုရည်ညွှန်းသည်။ မိမိ တို့ဘဝကိုရုပ်တုဆင်းတုဘုရားတုကိုးကွယ်ခြင်း၌နစ်မြုပ်ကြ၍စိတ်နှလုံးမာ ကြောရိုင်းစိုင်းသူများအားဘုရားရှင်ကဆုံးမသည်။ ထိုသူများသည်ဘာသာရေး ထုံးတမ်းစဉ်လာ၌ကိုင်းရှိုင်းကြသည်။ အခြားမိတ်သင်္ဂဟများထက်မိမိကိုယ်ကို သီလစင်ကြယ်သည်ဟုထင်မှတ်ကြသည်။ မိမိကိုယ်ကိုအထင်ကြီးမှုများအ တွက်ဘုရားသခင်ကပေးဆပ်ခိုင်းဦးမည်။

၆၅:၈-၁၂  ရွေးကောက်ထားသောသစ္စာရှင်များ(စပျစ်သီ:ပြွတ်)ကိုချန် ထား၍ကျန်သောအပင်များ(လူမျိုးရေးဝါဒီများ)ကိုအကုန်အစင်ဖယ်ရှားသုတ် သင်မည်။ ရွေးနှုတ်ထားသူများသည်ဘူမိနက်သန်အမှန်တွင်နေထိုင်ကြမည်။ ဘု ရားသခင်ကိုရှာသောသူများသည်ရှာရန်အရပ်၌သိုးခြံဖြစ်ကြမည်။ အာခေါ်ချိုင့် သည်နွားစားကျက်ဖြစ်သွားမည်။ သန့်ရှင်းသူများကိုအကျိုးပြုကြရမည်။  မယုံ ကြည်သူများမူကားဆန့်ကျင်ဘက်အကျိုးရရှိကြမည်။ ထိုသူများသည်ဘုရားသခင်၏သန့်ရှင်းသောတောင်ကိုမေ့လျှော့သူများဖြစ်၍ဂါဒဘုရားရှေ့မှာစားပွဲခင်း၊ မေနိဘုရားအားပူဇော်သက္ကာပြုသူများဖြစ်သည်။ ထို့ကြောင့်ထိုသူများ၏ကံ ကြမ္မာသည်ငှက်ကြီးတောင်ဓါးဖြစ်သည်။ ဘုရားသခင်၏ခေါ်သံကိုမထူးကြ။ ဘု ရားသခင်၏ပြုစုစောင့်ရှောက်မှုအစားဒုစရိုက်မှုရွေးချယ်ကြသောကြောင့်ခါး သီးသောအရသာမြည်းစမ်းကြရမည်။

၆၅:၁၃-၁၆  စစ်မှန်သောယုံကြည်သူများနှင့်မယုံကြည်သူများ၏ကွဲပြား ခြားနားပုံကိုဤကျမ်းပိုဒ်တွင်ရှင်းပြထားသည်။ ဝလင်စွာစားသောက်ခြင်းနှင့် ငတ်မွတ်ခြင်း၊အာသာပြေအောင်သောက်ခြင်းနှင့်ဆာငတ်ခြင်း၊ပျော်ရွှင်ခြင်းနှင့် အရှက်ကွဲခြင်း၊သီချင်းဆိုခြင်းနှင့်အံကြိတ်ငိုကြွေးခြင်း၊မျောက်မထားသူ၏ ကျိန်ခြင်းအမင်္ဂလာ(တော ၅:၂၁-၂၄)နှင့်ကောင်းကြီးမင်္ဂလာကဲ့သို့ကွဲပြားခြား နားသည်။ ထို့နေ့ရက်တွင်လောကသားများထင်မှတ်ခဲ့ကြသည့်အမှားသည်အ မှန်ဖြစ်လာမည်။ ကောင်းကြီးမင်္ဂလာကိုယ်တိုင်ခံစားကြသောအခါ”စစ်မှန် သောဘုရား”ကိုသိရှိချီးမွမ်းကြမည်။ တနည်းအားဖြင့်ဘုရားသခင်သည် အတိတ်ကပြုခဲ့သည့်အတိုင်းအနာဂတ်တွင်လည်းပြည့်စုံသူ၊ကတိတော်အတိုင်း လက်တွေ့ပြည့်စုံသူဖြစ်ကြောင်းသိရှိကြမည်။

၆၅:၁၇ အခန်းကြီး၆၅၏နိဂုံးပိုင်းသည်အနှစ်တစ်ထောင်နိုင်ငံတော်အ ကြောင်းဖြစ်သည်။ ကောင်းကင်သစ်နှင့်မြေကြီးသစ်ဆိုသည်မှ ာဗျာ၂၁တွင်ပါရှိ သည့်အစဉ်အမြဲတည်မြဲမည့်ခရစ်တော်၏နိုင်ငံတော်ဖြစ်သည်။ ဟေရှာယကျမ်း တွင်ပါရှိသည့်ကောင်းကင်သစ်နှင့်မြေကြီးသစ်သည်အပြစ်ဒုစရိုက်နယ်မြေ၊မရ ဏာနိုင်ငံရနံ့မပျောက်သေး။ ဗျာ၂၁တွင်ပါရှိသည့်ခရစ်တော်နိုင်ငံတော်သည်ဒုစ ရိုက်၊၊မရဏာနှင့်ကင်းစင်သည်။

၆၅:၁၈-၂၃ နိုင်ငံတော်တည်ထောင်သောအခါကိုယ်တော်ဘုရားသည်ဣ သရေလလူမျိုးနှင့်အတူယေရုရှလင်တွင်ပျော်ရွှင်စွာအောင်ပွဲခံမည်။ ဝမ်းနည်းငို ကြွေးသံ၊အံကြိတ်သံများကြားရတော့မည်မဟုတ်။ သေခြင်းတရားနှင့်မရဏာ နိုင်ငံလည်းဝေးလွင့်ကုန်မည်။ နှစ်ပေါင်းတစ်ရာခန့်ကကွယ်လွန်ခဲ့သူသည် လည်းမွေးကင်းစကလေးသူငယ်အဖြစ်ပေါ်ထွန်းလာမည်။ အပေါ်ယံပကာသန များမရှိ။ မိမိတို့အသီးအပွင့်သီးပွင့်ခဲ့ကြသည့်အတိုင်းအကျိုးခံစားပျော်ရွှင်ကြ မည်။ အဘယ်ကြောင့်ဆိုသော်အနှစ်တစ်ထောင်နိုင်ငံတော်သည်ရွေးကောက်ထား သူများ၏စံပျော်ရာဖြစ်သည်။ ပင်းပန်းကြီးစွာလုပ်ဆောင်ရသောအလုပ်လုပ် သည့်နေရာမဟုတ်။ အလုပ်သမားများမလိုတော့ပါ။ လူငယ်လူရွယ်များလည်း အနာဂတ်ကာလဘေးဥပါဒ်များတွေးပူစရာမရှိ။ မိဘများနှင့်သားသမီးများ သည်ဘုရားသခင်၏ကောင်းကြီးမင်္ဂလာအတူတကွခံစားကြမည်။

၆၅:၂၄-၂၅ ဆုတောင်းချက်အဟန့်အတားပြုနှောင့်ယှက်မည့်သူမရှိ။  တောရိုင်းတိရစ္ဆာန် များသည်လည်း အိမ်မွေးတိရစ္ဆာန်များအဖြစ်ယဉ်ပါးကြမည်။ အဆိပ်မြွေများသည်လည်း ကျိုးနွံစွာမြေမှုန့်စား မည်။ ဘုရားသခင်၏ဇိ အုန်တောင်ပေါ်၌စိုးရိမ်ကြောက်လန့်စရာတစုံတစ်ခုမျှရှိတော့မည်မဟုတ်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။