ဟေရှာယအနာဂတ္တိကျမ်း - ၅၄

ထာဝရဘုရား၏မေတ္တာတော်
1သားမဖွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသောမိန်းမထက် သာ၍များသောသားတို့ကို ဖွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ 2သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာ မျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသော စိတ်မရှိနှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာစိုက်လော့။ 3အကြောင်းမူကား၊ သင်သည် လက်ယာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ်သည် တစ်ပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ ဆိတ်ညံသောမြို့တို့၌ နေကြလိမ့်မည်။ 4မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်းသို့ မရောက်ရ။ မျက်နှာ မပျက်နှင့်။ အရှက်ကွဲခြင်းကို မခံရ။ အသက်ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့လိမ့်မည်။ မုဆိုးမဖြစ်၍ ခံရသောကဲ့ရဲ့ခြင်းကို နောက်တစ်ဖန် မအောက်မေ့ရ။ 5အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသောသူသည် သင်၏လင် ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်း။ သင့်ကိုရွေးနုတ်သောသူသည် ဣသရေလအမျိုး၌ သန့်ရှင်းသောဘုရား ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင်လုံးကို အစိုးရသောဘုရားဟူ၍ ခေါ်ရကြ၏။ 6စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ၊ ငယ်စဉ်တွင် မယားဖြစ်၍၊ နောက်မှ ငြင်းပယ်သောမိန်းမကို တစ်ဖန်ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင်၏ဘုရားသခင်မိန့်တော်မူ၏။ 7သင့်ကို ခဏသာငါစွန့်သည်ဖြစ်၍၊ များစွာသော ကရုဏာနှင့် တစ်ဖန်သိမ်းဆည်းဦးမည်။ 8ပြင်းစွာသောအမျက်ထွက်၍ ခဏမျှ ငါမျက်နှာလွှဲသော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနားဦးမည်ဟု သင့်ကို ရွေးနုတ်သော ထာဝရဘုရားမိန့်တော်မူ၏။ 9နောဧလက်ထက်၌ လွှမ်းမိုးသောရေကို ငါသည်မှတ်၍၊ ထိုရေသည် မြေကြီးကို နောက်တစ်ဖန် မလွှမ်းမိုးရဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကို အမျက်မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ။ 10တောင်ကြီးတို့သည်ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။
ယေရုရှလင်မြို့သစ်
11အို ညှဉ်းဆဲခြင်းနှင့် မိုးသက်မုန်တိုင်းတိုက်ခြင်းကိုခံရ၍၊ သက်သာမရနိုင်သောသူ၊ သင်၏တိုက်ကို ဟင်္သာပဒါးသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်လည်းကောင်း၊ 12ပြအိုးတို့ကို ကျောက်နီဖြင့်လည်းကောင်း၊ တံခါးတို့ကို ပတ္တမြားဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်တန်ဆာများကို ကျောက်မြတ် အမျိုးမျိုးဖြင့်လည်းကောင်း ငါပြီးစေမည်။ 13သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား ဆုံးမသွန်သင်တော်မူသောသူ ဖြစ်၍၊ များစွာသော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကြလိမ့်မည်။ 14သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည်လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့် ဝေးသည်ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်း ဝေး၍၊ သင့်အနီးသို့မရောက်ရ။ 15ငါ၏အခွင့်မရှိဘဲ သင့်တစ်ဖက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဖူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။ 16မီးကိုမှုတ်၍၊ မိမိအလုပ်တည်းဟူသော လက်နက်ကိုလုပ်တတ်သော ပန်းပဲကိုလည်းကောင်း၊ ဖျက်ဆီးစေခြင်းငှာ ဖျက်ဆီးသောသူကိုလည်းကောင်း ငါဖန်ဆင်း၏။ 17သင့်တစ်ဖက်၌ လုပ်သောလက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကို တရားတွေ့သောသူ မည်သည်ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် ထိုသို့သော အမွေကိုခံရ၍၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

ဟေရှာယအနာဂတ္တိကျမ်း - ၅၄ (အနက်ဖွင့်)

၅။  ရွေးနှုတ်သူနှင့် အားဖြည့်သူမေရှိယသခင် (အခန်း ၅၄)

၅၄:၁-၃ အခန်း ၅၄ ကိုဝမ်းမြောက်ခြင်းဖြင့် အစပြုခြင်းသည် ထန်းသီးကြွေခိုက် ကျီးနင်းခိုက်တိုက်ဆိုင်ခြင်းမဟုတ်ပါ။  အခန်းကြီး ၅၃ကို ခရစ်တော်အသေခံခြင်း၊သင်္ဂြိုဟ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းဖြင့် အဆုံးသတ်ထားသည်။  နောက်ထပ် တခွန်းတလေမှမဟတော့ပါ။

ပထမအပိုဒ်ငယ်မရှိ ဣသရေလတို့ဖမ်းဆီးခံရခြင်း၊ ဝန်ပိခြင်း၊ ခြေတိတ်ခြင်းနှင့် ဣသရေလတို့ ပြန်လည်စုစည်းခြင်း၊ ဘုရားသခင်ပြန်လည်ရွေးနှုတ်ခြင်း လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းများသည် ဆန့်ကျင်နေသည်။  ဤကျမ်းပိုဒ်ကို (ဂလာ ၄: ၂၁-၃၁)တွင် ကောင်းကင်ယေရုရှလင်နှင့် ကမ္ဘာမြေမြို့တော်အဖြစ် ပြန်လည် ရည်ညွှန်းထားသည်။  နယ်နမိတ်လည်း ကန့်သတ်ချက်မရှိ။  လူဦးရေကျယ်ပြန့်သလောက် ချဲ့ကားနိုင်သည်။  ထိုပြည်တွင် ဣသရေလတို့သည် လူမျိုးများ၏ ဦးစီး ဦးဆောင်ဖြစ်မည်။  ဘုရားသခင်၏ လူများကထိုမြို့တော်တွင် အနှံ့အပြားနေထိုင်ကြမည်။

၅၄:၄-၈ အဲဂုတ္တုပြည်သို့ အရှက်တကွဲ အကျိုးနည်းခြင်းမျိုး၊ ဗာဗုလုန်သို့ ဖမ်းဆီးခံရသည် မုဆိုးမ ဘဝမျိုး နောက်ထပ်ကြုံတွေ့ရမည်မဟုတ်။  အဘယ်ကြောင့်ဆိုသော် ယေဟောဝါဘုရားသခင်ကိုယ်တိုင် ယုံကြည်သူများနှင့်အတူတကွ စိုးစံနေမည်။  ဖမ်းဆီးချုပ်နှောင်မှု ခံရခြင်းသည် ဘုရားသခင်၏အမျက်ဒေါသအကြောင်း ပြန်လည်စုစည်းရမည့်အကြောင်း ရင်းဖြစ်သည်။

၅၄:၉-၁ဝ နောဧကို ကတိတော်ပြုထားသကဲ့သို့ ဣသရေလလူများကိုလည်း အနှစ်တစ်ထောင် နိုင်ငံတော် ဝင်ရောက်ကြမည်ဟု ကတိပြုထားပါသည်။  ဘုရားသခင်၏ အမျက်တော် တဖန်သင့်ရောက်ခြင်းမရှိရ။

၅၄:၁၁-၁၂ ယေရုရှလင်သည် စုံစမ်းနှောင့် ယှက်ခြင်းဖြင့် ဒုက္ခပင်လယ်ဝေခဲ့သော်လည်းဘုရားသခင်က ပြန်လည်နလံထူစေမည်။  လှပကြော့ရှင်းအောင် တန်ဆာဆင်ပေးမည်။  တိုက်အက်ရာများကို ဟင်းသပြတားသရွတ်နှင့် ပြန်ကိုင်ပေးမည်။  တိုက်မြစ်ကို နီလာဖြင့်၄င်း၊ ပြခန်းကိုကျောက်နီဖြင့်၄င်း၊ တံခါးကို ပတ္တမြားဖြင့်၄င်း၊ ပတ်ဝန်းကျင်ကို ကျောက်မြတ်အမျိုးမျိုးဖြင့်၄င်း တန်ဆာဆင်မည်။  အနာဂတ်ယေရုရှလင်၏ အလှအပကို Dean Alford က ဤသို့မွှမ်းချယ်ထားသည်။

မိုးကုတ်စက်ဝိုင်းပြာပြာအောက်တွင်

ထိုးထိုးထောင်ထောင် မျှော်စင်များနှင့်

စံတော်အိမ်ဂေဟာများ

ဘုရားရှင် ကျိန်းဝပ်နေရာအထင်အရှား။

လမ်းမကြီးများ လင်းလက်လျက်

တံခါးဂိတ်ဝရွှေရောင်ဖိတ်လျှံ

ရေစီးသံတသွင်သွင်နှင့်

သာယာလိုက်မည်ဖြစ်ခြင်း။

၅၄:၁၃-၁၅ လူတိုင်းသို့ ဘုရားသခင်ကို သိကျွမ်းခြင်း ဥာဏ်ပညာပေးထားပါသည်။  ကြွယ်ဝခြင်းကိုလည်း အလျှံပယ်ဝေငှထားသည်။  ဖြောင့်မတ်စင်ကြယ်ခြင်းကိုလည်း သရုပ်ပြထားသည်။  ထိုမင်္ဂလာ တရားများ၏ ပျောက်လွင့်ခြင်း၊ လုယူခြင်းဖိနှိပ်ခြင်းခံရတော့မည်မဟုတ် ဣသရေလလူမျိုးအား ထိပါးသူတိုင်း ဘုရားသခင်၏အရေးယူအပြစ်ပေးခြင်းခံရမည်။

၅၄:၁၆-၁၇ စစ်လက်နက် ပစ္စည်းကို ပြုလုပ်သော(ပန်းဘဲသမား) စစ်နိုင်သူ (အဖျက်သမား)များမှ စ၍ သတ္တဝါအားလုံးကို ဘုရားရှင်တော်က ထိန်းချုပ်ထားပါသည်။  မည်သည့်စစ်လက်နက်ကျည်ဆံတထောင့်မှ ဣသရေလမြေပေါ်သို့ တဖန်မကျရောက်စေရ။  စွပ်စွဲစော်ကားသူ ဟူသမျှကို ဣသရေလကိုယ်တိုင် ခုခံတွန်းလှန်မည်။  သူတပါးရှုတ်ချခြင်းမှကင်းလွတ်၍ ဘုရားသခင်၏ အမွေတော်ဆက်ဆံသူပီပီ အောင်ပန်းသရဖူအမြဲဆင်မြန်းမည်။  ဤကျမ်းပိုဒ်သည် ဣသရေလတို့ ငြိမ်သက်ချမ်းသာ၍ စည်းစိမ် ကြွယ်ဝမည့် ရွှေခေတ်အကြောင်းဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။