ဟေရှာယအနာဂတ္တိကျမ်း - ၅

စပျစ်ဥယျာဉ်သီချင်း
1ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကိုအကြောင်းပြု၍၊ မေတ္တာသီချင်းကို ရှေ့တော်၌ဆိုပေအံ့။ မြေကောင်းသောတောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော် တစ်ဆူရှိ၏။ 2မြေကိုတူး၍ ကျောက်ခဲတို့ကိုရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော်မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်းဆောက်၍၊ စပျစ်သီးနယ်ရာ ကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည်ရှိသော်၊ ဗောရှသီးကို သီးပါသည်တကား။ 3ယခုမှာ အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၊ ငါနှင့် ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့။ 4ငါ့စပျစ်ဥယျာဉ်၌ ငါကျေးဇူးပြုနိုင်လျက်၊ မပြုသေးသောအရာ တစ်စုံတစ်ခုရှိသလော။ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ်ကြောင့် သီးသနည်း။ 5ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြုရမည်အမှုကို သင်တို့အား ငါဖော်ပြမည်။ စောင်ရန်းကိုငါပယ်ရှင်းသဖြင့်၊ သူတစ်ပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုးကို ငါဖြိုသဖြင့်၊ သူတစ်ပါးတို့သည် ကျော်နင်းကြလိမ့်မည်။ 6ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုးမရွာစေခြင်းငှာ ငါပညတ်မည်။ 7ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက်တော်မူသောပျိုးပင်ကား၊ ယုဒလူတည်း။ တရားစီရင်ခြင်းကို မျှော်လင့်တော်မူသည်ရှိသော်၊ အသေသတ်ခြင်းကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းအရာ၌လည်း ငိုကြွေးခြင်းကိုလည်းကောင်း တွေ့မြင်တော်မူ၏။
လူတို့ပြုသောမကောင်းမှု
8မိမိတို့သည် မြေ၏အလယ်၌ တစ်စုတည်းနေရာကျ၍၊ လပ်သောအရပ်မရှိစေခြင်းငှာ၊ အိမ်တစ်ဆောင်နှင့် တစ်ဆောင်ကိုလည်းကောင်း၊ လယ်တစ်ကွက်နှင့် တစ်ကွက်ကိုလည်းကောင်း၊ ဆက်တတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ 9ငါ၏နားအပါး၌ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ကြီးကျယ်တင့်တယ်သော အိမ်အများတို့သည် နေသောသူမရှိ။ လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။ 10အကြောင်းမူကား၊ စပျစ်ဥယျာဉ်တစ်ပယ်သည် စပျစ်ရည်တစ်ဗတ်ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ကိုလည်း ကြဲသောအခါ၊ ဆယ်ဖို့တွင် တစ်ဖို့ကိုမျှသာရကြလိမ့်မည်။
11သေရည်သေရက်ကို သောက်အံ့သောငှာ၊ နံနက် စောစောထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှာ၊ ညကိုလည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။ 12သူတို့၏ပွဲ၌ စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည် ပါတတ်၏။ ထာဝရဘုရား၏အမှုတော်ကိုကား၊ ပမာဏမပြုကြ။ လက်တော်နှင့် ပြုပြင်တော်မူရာကို မရိပ်မိကြ။ 13ထိုကြောင့် ငါ၏လူတို့သည် ပညာမရှိ၊ ဖမ်းဆီးသိမ်းသွားခြင်းကို ခံရကြ၏။ မှူးမတ်တို့သည် မွတ်သိပ်၍ သေကြ၏။ ဆင်းရဲသားတို့သည် ရေငတ်၍ ပူဆွေးလျက်ရှိကြ၏။ 14ထိုကြောင့်၊ မရဏနိုင်ငံသည် မိမိလောဘကို ကျယ်စေ၍ မိမိပါးစပ်ကို အတိုင်းအရှည်မရှိဘဲ ဖွင့်ဟသဖြင့်၊ သူတို့၏ ဂုဏ်အသရေ အလုံးအရင်း၊ အသံဗလံပြုခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏။ 15ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကိုခံရ၍၊ မာနကြီးသော သူတို့၏မျက်နှာလည်း ပျက်ရ၏။ 16ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။ သန့်ရှင်းတော်မူသော ဘုရားသခင်သည် ဖြောင့်မတ်ခြင်းအားဖြင့်၊ သန့်ရှင်းခြင်းရှိတော်မူလိမ့်မည်။ 17ထိုအခါ သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်။ သူဌေးသူကြွယ်ပိုင်ဖူး၍ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြလိမ့်မည်။
18ဒုက္ခကို ဒုစရိုက်ဖြင့်ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကို ဆွဲငင်သောသူတို့သည် အမင်္ဂလာရှိကြ၏။ 19သူတို့ကလည်း၊ ဘုရားသခင်၏အမှုကို ငါတို့သည် မြင်ရမည်အကြောင်း၊ အလျင်အမြန်ကြိုးစားတော်မူပါစေ။ ငါတို့သည် သိနားလည်ရမည်အကြောင်း၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏အကြံတော်သည်၊ အနီးသို့ချဉ်း၍ပြည့်စုံပါစေဟု ဆိုတတ်ကြ၏။ 20မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်းဟု ခေါ်တတ်သောသူ၊ အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကိုလည်းကောင်း၊ အချိုအရာ၌ အခါး၊ အခါးအရာ၌ အချိုကိုလည်းကောင်း၊ အလွဲယူတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။ 21ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ 22စပျစ်ရည်ကို များစွာသောက်နိုင်သောသူ၊ ဆေးနှင့်ရောသော သေရည်သေရက်ကိုသောက်ခြင်းအမှု၌၊ အားကြီးသောသူတို့သည် အမင်္ဂလာရှိကြ၏။ 23ထိုသူတို့သည် တံစိုးကိုစားခြင်းငှာ၊ မတရားသောသူတို့ကို အပြစ်မပေးဘဲလွှတ်၍၊ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏။ 24ထိုကြောင့်၊ မီးလျှာသည် ကောက်ရိုးကိုလျက်၊ မီးလျှံသည် မြက်ခြောက်ကို ကျွမ်းစေသည်နည်းတူ၊ သူတို့၏အမြစ်သည် ဆွေးမြေ့သော သစ်သားကဲ့သို့ ဖြစ်၍၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တက်လိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏တရားတော်ကို ကယ်ကြပြီ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရား၏ ဗျာဒိတ်တော်ကို မထီမဲ့မြင်ပြုကြပြီ။
25ထိုကြောင့်၊ ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်လျက်၊ သူတို့၌လက်တော်ကိုဆန့်၍ ဒဏ်ခတ်တော်မူသဖြင့်၊ တောင်တို့သည် တုန်လှုပ်၍၊ သူတို့၏အသေကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏။ သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ 26ဝေးသောအရပ်မှာနေသော လူမျိုးတို့အဖို့ အလံကိုထူ၍၊ မြေကြီးစွန်းသားတို့ကို နှိုးဆော်တော်မူသဖြင့်၊ သူတို့သည် အလျင်အမြန်လာကြလိမ့်မည်။ 27သူတို့တွင် မောသောသူမရှိ။ ထိမိ၍ လဲသောသူ မရှိ။ ငိုက်မျဉ်းသောသူ၊ အိပ်ပျော်သောသူလည်းမရှိ။ သူတို့ခါးစည်း မပြေ။ ခြေနင်းကြိုးလည်းမကျွတ်။ 28သူတို့မြားတို့သည် ထက်ကြ၏။ လေးတို့သည်လည်း တင်းလျက်ရှိကြ၏။ မြင်းခွာတို့သည် မီးကျောက်ကဲ့သို့လည်းကောင်း၊ ရထားဘီးတို့သည်လည်း၊ လေပွေကဲ့သို့လည်းကောင်း ထင်ကြ၏။ 29သူတို့အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ၍၊ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည်။ ဟောက်လျက် အကောင်ကိုဖမ်း၍ ဆောင်သွားကြလိမ့်မည်။ အဘယ်သူမျှ မကယ်မနုတ်ရ။ 30ထိုကာလ၌ သူတို့သည် သမုဒ္ဒရာ အသံဗလံကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည်။ ထိုပြည်ကို ကြည့်ရှုလျှင်၊ မှောင်မိုက်အတိ၊ ဒုက္ခဆင်းရဲသက်သက် ရှိ၍၊ မိုးကောင်းကင်အလင်းသည် ကွယ်ပျောက်လိမ့်သတည်း။

ဟေရှာယအနာဂတ္တိကျမ်း - ၅ (အနက်ဖွင့်)

၃။ အပြစ်ဒုစရိုက်ကြောင့်ဣသရေလများအရေးယူခြင်း(အခန်း၅)

: ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော် (ယေဟောဝါ သို့မဟုတ် အရှင်ဘုရား NKJV)ဟု ဟေရှာယက ချီးမွမ်းသီချင်းဖြင့် ဂုဏ်ပြုသည်။ ဘုရားသခင်ကို ကွယ်ကာစောင်မမှုကို ထောက်ရှု၍ စပျစ်ဥယျာဉ်တော်ပိုင်ရှင်အဖြစ် တင်စားဖွဲ့ဆိုခြင်း ဖြစ်သည်။ ဘုရားသခင်က အကောင်းဆုံးမြေကို ရွေးချယ်ထွန်ယက်၍ လက်ရွေးစင် စပျစ်မျိုးကို စိုက်သည်။ ပြုစုပျိုးထောင်၍ စောင့်ရှောက်ယုယသည်။ အကောင်းဆုံး အသီးအနှံများ သီးဖို့ မျှေ်လင့်သည်။ သို့သော် မျှော်လင့်ချက် (နာခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ချစ်ခြင်းမေတ္တာ၊ ဝတ်ပြုကိုးကွယ်ခြင်း၊ အမှုတော်ထမ်းရွက်ခြင်း) ဖြစ်လာမည့်အစား၊ စပျစ်သီးရိုင်း (မနာခံမှု၊ ပုန်ကန်မှု၊ ရုပ်တုကိုးကွယ်မှုများ) ဟူသောအနံ့ဆိုး၊ ရနံ့ပျယ်သာ တွေ့ရသည်။

: ယုဒပြည်သို့ ပြုသင့်ပြုအပ်သည်များကို အိတ်သွန်ဖာမှောက် ပေးအပ်ခဲ့သည်။ ပျက်ကွက်မေ့ကျန်သော အရာတစ်ခုမှ မရှိ။ သို့သော် ယုဒများသည် ကျေးဇူးတရား နားမလည်။ ကျေးဇူးဆပ်မည့်အစား ကျေးဇူးစွပ်ကြပြီတကား။  ထို့ကြောင့် နားမထောင်သူများသည် အရေးယူအပြစ်ပေးခြင်း ခံရမည်။ ယုဒများသို့ ကူညီစောင့်ရှောင့်ခဲ့မူ အခွင့်အရေးများ ပြန်လည်ရုတ်သိမ်းမည် ယုဒပြည်အား သူတပါးလက်ထဲသို့ ရောက်စေမည်။ အထီးကျန် ဖုန်းဆိုးတောမြေ ဖြစ်စေမည်။ စောင်ရန်းပင်နှင့် ဆူးမြုံတောများ ပေါက်စေမည်။  ဆင်းရဲငတ်ပြတ်စေမည်။ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံကြရမည်။

: ထိုသို့ တရားစီရင်မည့်အကြောင်းသည် ရှင်းပါသည်။ ဘုရားသခင်သည် ဣသရေလနှင့် ယုဒများကို တရားသဖြင့် ဂရုတစိုက် စောင့်ရှောက် ယုယသော်လည်း ကျေးဇူးတုံ့ပြန်ခြင်း မရှိ။ အလိုက်ကမ်းဆိုးမသိကြ၊ လူသတ်မှု၊ တစ်မြို့လုံး နာကျင်ငိုယိုစေမှု ပြုရက်ကြသည်။

:၁၀ အပိုဒ်ငယ်၈-၂၃တွင် အခန်း(၃)၌ ဖော်ပြထားသော အမင်္ဂလာများအကြောင်း ဆက်ထားသည်။ ထိုအမင်္ဂလာတရားများကို ဆက်လက်လေ့လာကြပါစို့။

ပထမအချက်မှာ လောဘကြီးသော မြေပိုင်ရှင်များသည် မရှိဆင်းရဲသားများ တဲထိုးလုပ်ကိုင်စားသောက်စရာ မရှိအောင် လယ်မြေဧကများစွာ သိမ်းယူပိုင်ဆိုင်ကြသည်။ မြေပိုင်ရှင်၊ ယာပိုင်ရှင်ကြီးများအဖြစ် စိုးစံကြသည်။ အိမ်ကြီးရှင်သခင်များ ဖြစ်ကြသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းကာလ၌ ထိုအိမ်ကြီးဂေဟာများသည် လူနေသူမရှိ၊ ဟောင်းလောင်းကြီး ကျန်ရှိမည်။ လယ်(၅) ဧက အပြည့်စိုက်ထားသော စပျစ်ရည်(၅)ဂါလံသာ သိမ်းဆည်းရမည်။ မျိုးစေ့(၁၀)တင်း ကြဲသူလည်း မျိုးစေ့တစ်တင်းသာလျှင် ပြန်ရိတ်ရမည်။

:၁၁၁၇ ဒုတိယအမင်္ဂလာမှာ မိုးလင်းယံမှ မွန်းတည့်ချိန် အလယ် ညဉ့်သန်းခေါင်ယံတိုင်အောင် မူးယစ်သောက်စားခြင်း ဖြစ်သည်။ ထိုသို့ အချိန်အလဟဿ ဖြုန်းတီးခြင်းသည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်အား မခန့် လေးစား ပစ်ပယ်ခြင်း ဖြစ်သည်။

ထိုသို့ မေးငေါ့မသတီစရာ ရုပ်ပျက်ဆင်းပျက်မှုများကြောင့် သန့်ရှင်းသောပြည်မှ မောင်းထုတ်ခြင်း ခံရမည့်အချိန် နီးကပ်လာပါသည်။ ထိုသို့ အလုပ်မလုပ် လက်ကြောမတင်းကြသောကြောင့် ဂုဏ်သရေရှိ မှူးမတ်များနှင့် ပြည်သူအများလည်း အစာရေစာခေါင်းပါး၍၊ ငတ်မွတ်သေကြေကြသည်။ မည်သည့် လူတန်းစားမှ အပြစ်တရားစီရင်ခြင်းက မလွတ်။ သို့သော် ဘုရားသခင်သည် ဖြောင့်မတ်စင်ကြယ်သူ ဖြစ်သည့်အတိုင်း တစ်နယ်တစ်ကျေးသားများက လာရောက်နှိပ်စက် ကြသော်လည်း ဣသရေလသိုးထိန်းများသည် သိုးများကို အငတ်မထား၊ ကျွေးမွေးစေပါမည်။

၅:၁၈-၁၉ တတိယအမင်္ဂလာမှာရေနစ်သူဝါးကူထိုးသူများ၊အပြစ်သား များကိုဒုစရိုက်ရေနက်ရာသို့တွန်းပို့သူများဖြစ်သည်။ ထိုသူများကိုပြင်းထန်စွာ အရေးယူပေးမည်။ ထိုသူများသည်ဣသရေလတို့၏ဘုရားကိုးကွယ်ထိုက် ကြောင်းနှုတ်ဖျားမှတဖွဖွပြောကြသော်လည်း၊လက်တွေ့နည်းလမ်းမပါ၊ ကျေးဇူးတော်အကြောင်းမပါ၊ ခြိမ်းခြောက်ခြင်း တရားသောဟောပြောသူများဖြစ်သည်။ တနည်းအားဖြင့်ဘုရားသခင်ကိုအလွဲသုံးစားပြုသူများဖြစ်သည်။ ထိုကြောင့်အရေးယူတရားစီရင်ခြင်းခံ ရမည်။

၅:၂၀ စတုတ္ထအမင်္ဂလာမှာတရားစစ်တရားမှန်ကိုဝေဖန်ပိုင်းခြားတက် ခြင်းမပြုနိုင်သောမောဟတရားအယူမှားခြင်းဖြစ်သည်။ အကောင်းနှင့်အဆိုးကိုဝေဖန်ပိုင်းခြားခြင်းမပြုနိုင်။ အကောင်းနှင့်အဆိုး(၂)ခုသာရှိပါသည်။ အဆိုး နှင့်အကောင်းအကြား(ကြားနေ)ဟူ၍မရှိပါ။

၅:၂၁ ပဉ္စမအမင်္ဂလာမှာမိမိကိုယ်ကိုလိမ်ညာလှည့်စားခြင်း၊မိမိကိုယ်ကိုအ ဟုတ်ထင်ခြင်းဖြစ်သည်။ မိမိကိုယ်ကိုဘာမှမစွမ်းဆောင်နိုင်မှန်းမသိသူသည်လူညံ့ဖြစ်၍၊ မိမိအရည်အသွေးကိုမသိသူသည်လူပျော့ဖြစ်သည်။

၅:၂၂-၂၃ ဆဌမအမင်္ဂလာမှာအပျော်အပါးအစားအသောက်ကြူးခြင်းဖြင့် မိမိလုပ်ငန်းတွင်အဂတိလိုက်စားသူများဖြစ်သည်။ အဂတိလိုက်စားမှုဖြင့်သမ္မာ တရားနှင့်ဖြောင့်မတ်ခြင်းတရားများကိုပျက်စီးစေကြသည်။

၅:၂၄-၂၅ ဘုရားသခင်၏နှုတ်ကပတ်တော်တရားများကိုမလေးစားသော ထိုလူဆိုးလူသွမ်းများကိုမြက်ခြောက်ပုံမီးရှို့သကဲ့သို့မျက်စိတမှိတ်တွင်ပျောက် ကွယ်စေမည်။ ဘုရားသခင်ကသူ့လူများကိုတရားစီရင်သောအခါတောင်များ တုန်လှုပ်ကြမည်။ မြို့လယ်လမ်းမများပေါ်တွင်အလောင်းများထပ်နေမည်။  ထို့ထက်လည်းဆိုးဝါးဦးမည်။

၅:၂၆-၃၀ ဗာဗုလုန်သားများယုဒပြည်ထဲသို့ချဉ်းနင်းဝင်ရောက်ဖို့အချက် ပေးခရာဘုရားရှင်မှုတ်ပေးမည်။ ဗာဗုလုန်ကျူးကျော်ရေးသမားများသည်စစ် ချပ်ဝတ်တန်ဆာအပြည့်အစုံ၊လက်နက်အစုံအလင်ကိုင်ဆောင်၍စစ်ကြောင်း အသွယ်သွယ်ဖြင့်ချီတက်လာမည်။ မြင်းစစ်သည်တော်များနှင့်စစ်ရထားများ သည်လေ၏အဟုန်ကဲ့သို့ တမဟုတ်ခြင်းရောက်ရှိလာကြမည်။ မြင်းခွာသံတ ဖျောင်းဖျောင်းမြည်ဟီး၍ခြင်္သေ့ကဲ့သို့ဟိန်းဟောက်ကြမည်။ ယုဒလူများအား ကျွန်ပြုဖို့ဖမ်းဆီးခေါ်ဆောင်သွားကြမည်။ ထိုနေ့ရက်သည်ယုဒပြည်မှောင်မိုက် ကျသောနေ့ရက်ပေတည်း။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။