ဟေရှာယအနာဂတ္တိကျမ်း - ၄

1သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့်မည်။ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျားတစ်ယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည်။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်။ ကျွန်မတို့ကိုမောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည်။
ယေရုရှလင်မြို့ဘုန်းအသရေ
2ထိုကာလ၌ ထာဝရဘုရား၏အညွန့်သည် ဘုန်းအသရေ ပွင့်လန်းလိမ့်မည်။ လွတ်သော ဣသရေလအမျိုးသားတို့အဖို့၊ မြေအသီးအနှံသည် ကောင်းမြတ်လျောက်ပတ်လိမ့်မည်။ 3ထာဝရဘုရားသည် တရားစီရင်သောဝိညာဉ်၊ မီးလောင်သော ဝိညာဉ်တော်အားဖြင့်၊ 4ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကိုဆေးကြော၍၊ ယေရုရှလင်မြို့၏အသွေးကို မြို့ထဲက ပယ်ရှားတော်မူပြီးလျှင်၊ ဇိအုန် တောင်မှာကျန်ကြွင်း၍၊ ယေရုရှလင်မြို့၌ နေရစ်သောသူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့သည် သန့်ရှင်းခြင်းရှိကြလိမ့်မည်။ 5ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာ ရှိသမျှသောအိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ်တွင်၊ နေ့အချိန်၌ မိုးတိမ်နှင့် မီးခိုးကိုလည်းကောင်း၊ ညအချိန်၌ မီးလျှံအလင်းကိုလည်းကောင်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။ 6နေ့အချိန်၌လည်း နေပူကို ကွယ်ကာသောတဲ၊ မိုးသက်မုန်တိုင်းရောက်မှ လုံခြုံသောခိုလှုံရာ ဖြစ်လိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း - ၄ (အနက်ဖွင့်)

: အခန်းကြီး(၄)သည် ခရစ်တော်၏ နိုင်ငံတော် ဘုန်းတန်ခိုး ထွန်းတောက်မည့်အကြောင်း ဖြစ်သည်။ အငယ်(၂)တွင် ခရစ်တော်ကို ထာဝရဘုရား၏ အညွန့်ဟု ဆိုထားသည်။

ထိုအကြောင်းကို Matthew Henry က ဤသို့ ထောက်ခံရှင်းပြထားသည်။

ခရစ်တော်သည် ထာဝရဘုရားသခင်၏ အညွန့် ဖြစ်သည်။ အခက်အဖြစ်ဖြင့် လူ့ဘဝကို ခံယူသည်။ အညွန့်ဟူသော ဝေါဟာရသည် ပရောဖက်ပြုချက်ပါ ခရစ်တော်၏နာမတော်တစ်ခု ဖြစ်သည်(ဇာ၃:၈၊၆:၁၂)။ ဖြောင့်မတ်စင်ကြယ်ခြင်း၏ အညွန့် (ယေ၂၃:၅၊၃၃:၁၅) ဟေရှဲအညွန့်အတက်ဖြစ်၍၊ အမြစ်စွဲတည်ရာလည်း ဖြစ်သည် (ယေ၁၁:၁)။ ဤကျမ်းစကားကိုယူ၍ အချို့က နာဇရက်သား ပေါ်ထွန်းလာခြင်း ဖြစ်သည် (မ၂:၂၃)ဟု တွေးယူကြသည်။ ဤကျမ်းပိုဒ်တွင် ဘုရားသခင်၏ အညွန့်ဟု သုံးသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဘုန်းတန်ခိုးနှင့် စောင့်မထောက်ပံ့ ချီးမြှောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည်။ ရှေးခါလဒဲကျမ်းစာတွင် ဤကျမ်းချက်ကို ခရစ်တော် သို့မဟုတ် မေရှိယဘုရားသခင်ဟု ရေးသားသည်။

အဦးသီးလည်း ဖြစ်သည်။ ဣသရေလတို့ ပြန်လည်စုစည်းခြင်း၏ အကြောင်းရင်း ဂုဏ်ယူစရာလည်း ဖြစ်သည်။ သခင်ခရစ်တော် ဒုတိယအကြိမ် ကြွလာသောအခါ မယုံကြည်သူများကို ရှင်းလင်းမည်။ ကယ်တင်ခြင်း ရရှိသော ဂျူးများကို ယေရုရှလင်တွင် သိမ်းဆည်းမည်။ သန့်ရှင်းစင်ကြယ်သူများဟု သမုတ်မည်။ အပိုဒ်ငယ်(၉၄)တွင် ပါရှိသည့်သန့်ရှင်းခြင်းသည် ဧဝံဂေလိတရားဖြင့် မဟုတ်။ တရားစီရင်ခြင်းဖြင့် စင်ကြယ်စေခြင်း ဖြစ်သည်။ ထိုကာလတွင် ဘုရားသခင်သည် ဇိအုန်တောင်အား နေ့အချိန်တွင် တိမ်ရိပ်ဖြင့်၎င်း၊ ညအချိန်တွင် မီးလျှံများဖြင့်၎င်း၊ မြင့်မြတ်စွာ လွှမ်းမိုးတော်မူသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။